← Chapters

မုန်တိုင်းမျိုးနွယ်ခေါင်းဆောင်

Vol. 34 Ch. 469

မုန်တိုင်းမျိုးနွယ်ခေါင်းဆောင်

Vol. 34 Ch. 469

အဆုံးမဲ့၊ ထူးကဲနှင့် ကြီးမြတ်သူဟူသော အဆင့်ကြီးသုံးဆင့်တွင် သာမန်ကျင့်ကြံသူများ အဆင့်တက်ရန် အလွန်ခက်ခဲသော အဆင့်ငယ်ပေါင်း သုံးဆယ်ရှိသည်။ ကောင်းကင်သို့တက်ရသကဲ့သို့ပင် ခက်ခဲသည်ဟု ပြောစမှတ်ပြုကြသည်။ သို့သော် ယဲ့ချန်၊ ထန်တိုက်လင်၊ ပိုမေ့စသော အစွမ်းထက်ပါရမီရှင်များအတွက် ဤအလုပ်က အလွန်ကူနေသည်။ ထို့အပြင် ကြယ်အမြုတေကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်နေသော အရင်းအမြစ်များ၏ အထောက်အပံ့ကြောင့် ပို၍လွယ်ကူလာခဲ့သည်။ ကြီးမြတ်သူအဆင့်နှင့် ထူးကဲအဆင့်ကြား၊ အဆုံးမဲ့အဆင့်နှင့် ထူးကဲအဆင့်ကြား အတားအဆီးကို ကျော်ဖြတ်ခြင်းကသာလျှင် သူတို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နိုင်သည်။ ယဲ့ချန်က အဆုံးမဲ့အဆင့်ခုနစ်ကျင့်ကြံသူသာ ဖြစ်သော်လည်း လက်ရှိစွမ်းအားအရ အဆင့်တစ်ဆယ်ကို ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။ သို့သော်လည်း ပိုင်နက်အစွမ်းကိုထုတ်ဖော်နိုင်သော ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်ကို ယှဥ်နိုင်ရန်မူ အလှမ်းကွာဝေးနေခဲ့သည်။ သူက ပိုင်နက်၏စွမ်းအားကို နားလည်ထားသည်မှာ နက်ရှိုင်းစွာတည်ရှိနေသော ရေခဲတုံးကြီး၏ ထိပ်ဖျားပမာဖြစ်သည်။ သူက နားလည်မှုအသစ်များတိုးလာတိုင်း ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးကလည်း လိုက်ပါပြောင်းလဲနေသည်။ သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အဆင့်နှစ်ကို အောင်မြင်သွားလျှင် သာမန်ပိုင်နက်များထက် ပို၍အစွမ်းထက်သော ကြယ်ပိုင်နက်ကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ သူက အဆင့်နှစ်ကို အချိန်ကြာမြင့်စွာလေ့လာခဲ့သော်လည်း အပြည့်အဝနားလည်နိုင်ရန် ခက်ခဲနေခဲ့သည်။ သို့သော် တစ်ကြိမ်တွင် တစ်လှမ်းသာသွားခြင်းက အကောင်းဆုံးဖြစ်သောကြောင့် အဆုံးမဲ့အဆင့်တစ်ဆယ်သို့ အရင်ဆုံးတက်ရန် ဆုံးဖြတ်ထားသည်။

ယဲ့ချန် အဆင့်တက်သွားသည်ကို အာရုံခံမိသောအခါ စီကုန်းကျင်းမင်၏စိတ်ထဲတွင် လွန်စွာအံ့သြသွားခဲ့သည်။ သူက ဒဏ္ဍာရီလာပါရမီရှင်များဖြစ်သော ထန်တိုက်လင်နှင့် ယဲ့ချန်ကို တစ်လှည့်စီ ကြည့်လိုက်မိသည်။ အကယ်၍ ဤခေတ်၏ အင်အားစုများက အာဏာအတွက် အချင်းချင်းဆန့်ကျင်နေသော ခေတ်ဖြစ်လျှင် ဤပါရမီရှင်မျိုးကိုသတ်ရန်အတွက် ဆန့်ကျင်ဘက်အင်အားစုတိုင်းက ကြိုးစားပေလိမ့်မည်။ ကံကောင်းစွာဖြင့် လက်ရှိအချိန်တွင် ကျင့်ကြံသူတိုင်းက ဝိညာဥ်သားရဲကပ်ဘေးကို ကျော်ဖြတ်ရန် ရုန်းကန်နေကြရသည်။

ရေသင်္ချိုင်းက အလွန်အမင်းကျယ်ဝန်းသော နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားသဖြင့် သူတို့သုံးယောက်က နောက်ထပ်ဆယ်ရက်ကျော် ရှာဖွေခဲ့သည့်တိုင်အောင် မရှာဖွေရသေးသည့် နေရာများစွာ ကျန်ရစ်နေသည်။ အတွင်းပိုင်းသို့ရောက်လေလေ ဖိအားကပိုများလေလေဖြစ်ပြီး ပုန်းကွယ်နေသော အန္တရာယ်များလည်း ထွက်ပေါ်လာလေလေဖြစ်သည်။ အဖွဲ့တိုင်းတွင် ဆုံးရှုံးမှုများရှိလာပြီး ကျင့်ကြံသူများစွာ သေဆုံးနေသောကြောင့် အားလုံးက နောက်တစ်ကြိမ်မရှာဖွေခင် ယာယီဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ကြသည်။

"ငါတို့လည်း ပြန်ကြမယ်"

ထန်တိုက်လင်က ပြောလိုက်ခြင်းဖြစ်သည်။ သူတို့က ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်နေသော ရေသင်္ချိုင်းအတွင်းရောက်နေသည်မှာ ရက်ပေါင်းများစွာကြာနေပြီဖြစ်သောကြောင့် ရေခဲပြာမျိုးနွယ်ကို သူမက စိုးရိမ်နေခဲ့သည်။

"ကောင်းပြီ"

ယဲ့ချန်သည်လည်း ကြယ်ခန်းမ၏လုံခြုံရေးကို စိုးရိမ်နေသဖြင့် သဘောတူလိုက်သည်။ ထို့နောက် သုံးယောက်လုံးက ရေသင်္ချိုင်းအတွင်း ဝင်လာခဲ့သော လမ်းအတိုင်း ပြန်ထွက်လာခဲ့ကြသည်။ ဝင်ပေါက်အနီးတွင် အစွမ်းထက်အရှိန်အဝါများ တည်ရှိနေပြီး ထန်တိုက်လင်က ပင်လယ်နတ်ဘုရားလှံကို အသင့်ကိုင်ဆောင်၍ စစ်ဆေးလိုက်သောအခါ သွေးဆိုးမျိုးနွယ်၏ ကောင်းကင်ဘုရင်နှစ်ယောက်ကို မြင်လိုက်ရသည်။ သို့သော် ဟောရန်ပျောက်ကွယ်နေသဖြင့် သူမ၏တိုက်ကွက်မှဖြစ်ပေါ်လာသော ဒဏ်ရာမှ ကောင်းမွန်လာခြင်းမရှိသေးကြောင်း သိနိုင်သည်။ ကောင်းကင်ဘုရင်နှစ်ယောက်ကို ထန်တိုက်လင်အား သွားမရှုပ်ရန် ဟောရန်က သတိပေးထားသဖြင့် နှစ်ယောက်လုံး သတိကြီးကြီးထားနေကြသည်။ မူလတွင် သူတို့က ဟောရန်နှင့်ပူးပေါင်း၍ ထန်တိုက်လင်ကိုသတ်ရန် ကြံစည်ထားခြင်းဖြစ်သည်။ သို့သော် ထန်တိုက်လင်၏စွမ်းအားကို ဟောရန်က ရေသင်္ချိုင်းအတွင်း သိလိုက်ရသောအခါ ဤအကြံက အလိုလိုပျက်စီးသွား၍ သူတို့က လုံးဝမတိုက်ခိုက်ရဲချေ။ ပတ်ဝန်းကျင်က တင်းမာလာသောကြောင့် ကောင်းကင်ဘုရင်နှစ်ယောက်လုံးက ဝင်ပေါက်၏အဝေး လေးငါးမိုင်အကွာသို့ ချက်ချင်းနောက်ဆုတ်ပေးလိုက်သည်။

ယဲ့ချန်က တိုက်ပွဲတစ်ခုဖြစ်လာနိုင်သည်ဟု ထင်ထားသောကြောင့် ကောင်းကင်ဘုရင်နှစ်ယောက် နောက်ဆုတ်သွားသည်ကို မြင်သောအခါ တစ်ချက်ပြုံးလိုက်သည်။ ထိုနှစ်ယောက်က ကိုယ့်အစွမ်းကိုသိသောကြောင့် ထန်တိုက်လင်နှင့် မယှဥ်နိုင်ကြောင်း နားလည်ထားပုံရသည်။ ရေခဲပြာမျိုးနွယ်နှင့် သွေးဆိုးမျိုးနွယ်ကြားတွင် အဖုအထစ်များရှိသော်လည်း လက်ရှိအခြေအနေတွင် ထန်တိုက်လင်က ၎င်းတို့နှင့် စစ်မက်မဖြစ်ပွားလိုပေ။ သွေးဆိုးမျိုးနွယ်က အစွမ်းထက်သော်လည်း ရေခဲပြာမျိုးနွယ်က မဝေးသောအနာဂတ်တွင် သန်မာလာမည်ဖြစ်ကြောင်း သူမက ယုံကြည်ထားသည်။

သူတို့သုံးယောက်က ကောင်းကင်ဘုရင်နှစ်ယောက်ရှေ့မှ အေးအေးဆေးဆေးထွက်ခွာလာ၍ ရေခဲပြာမျိုးနွယ်၏နန်းတော်သို့ ပြန်ရောက်လာကြသည်။ ရတနာများကိုခွဲဝေလိုက်သောအခါ ယဲ့ချန်အတွက် လင်းမိုင်အမြှီးရိုး၏တစ်ဝက်၊ မီးတောက်ငါး အမြုတေ သုံးခု၊ တန်းစန်မြွေအကြေးခွံနှစ်ခု စသည်တို့ကို ရရှိခဲ့သည်။ ၎င်းတို့အားလုံးက ရှားပါးအဖိုးတန်သော ကုန်ကြမ်းများဖြစ်ကာ မြေအဆင့်၊ ကောင်းကင်အဆင့်စသော အစွမ်းထက်ရတနာများ လက်နက်များပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ အချို့ရတနာများက ပင်လယ်မိစ္ဆာများသာ အသုံးပြုနိုင်သောကြောင့် ယဲ့ချန်က ထန်တိုက်လင်ကို ကြည်ကြည်ဖြူဖြူပေးလိုက်သည်။ ဤခရီးတွင် ယဲ့ချန်အမြတ်အထွက်ဆုံးမှာ ကြယ်အမြုတေများ ဖြစ်ကြသည်။ ကုန်ကြမ်းများကို တိရှုံးပင် အသုံးချနိုင်စွမ်းရှိမရှိ မသေချာသော်လည်း တစ်နေ့တွင် သေချာပေါက် အရေးပါလာပေလိမ့်မည်။

"ကြယ်ခန်းမမှာ ပြဿနာတက်နေပြီ"

ရတနာများကိုခွဲဝေပြီးနောက် ထန်တိုက်လင်က တစ်ခုခုကို အာရုံခံမိဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သူမက ခဏတာတိတ်ဆိတ်သွားပြီး ယဲ့ချန်ကို အသိပေးလိုက်သည်။ သူမထံ ကျန်းရန်မှ သတင်းပေးပို့လာခြင်းဖြစ်သည်။ ကျန်းရန်က သူမထံ လျှို့ဝှက်ကျင့်စဥ်ဖြင့် အချိန်တိုင်းသတင်းပို့နိုင်သော်လည်း ရေသင်္ချိုင်းက ပြင်ပကမ္ဘာနှင့် သီးခြားဖြစ်နေခဲ့သည်။ ထို့ကြောင့် အပြင်ရောက်သောအခါတွင်မှ သတင်းစကားက ရောက်ရှိလာခဲ့သည်။

ထန်တိုက်လင်၏စကားကို ကြားသောအခါ ယဲ့ချန်က ရင်ထိတ်သွားခဲ့သည်။ လက်ရှိတွင် ကြယ်ခန်းမကို ကျန်းရန်မှ ကာကွယ်ပေးနေသောကြောင့် ပြဿနာက သမာဓိကောင်စီနှင့် မုန်တိုင်းမျိုးနွယ်သာ ဖြစ်နိုင်သည်။ သမာဓိကောင်စီက အင်အားစုများကိုဆင့်ခေါ်ရင်း အလုပ်ရှုပ်နေသောကြောင့် ရန်သူက မုန်တိုင်းမျိုးနွယ်သာ ဖြစ်နိုင်သည်။

"ဒါဆိုရင်.."

မုန်တိုင်းမျိုးနွယ်က လက်စားချေရန် လာရောက်ခြင်းဖြစ်နိုင်သောကြောင့် ယဲ့ချန် တည်ငြိမ်မနေတော့ဘဲ ချက်ချင်းထရပ်လိုက်သည်။

"ငါ နင်နဲ့ လိုက်ခဲ့ပေးမယ်"

ထန်တိုက်လင်က ယဲ့ချန်၏စကားကို ဖြတ်ပြောလိုက်ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်ကြားတွင် အားနာစရာမရှိသောကြောင့် ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ယဲ့ချန်နှင့်ထန်တိုက်လင်က မြောက်ပင်လယ်၏ရေမျက်နှာပြင်ပေါ်သို့ လျင်မြန်စွာ ထိုးတက်သွားကြလေသည်။

လင်းယွန်တောင်ခြေရှိ မြို့ရိုးများအထက်တွင် ဓားပျံများစွာက မြစ်ကြီးများကဲ့သို့ လှုပ်ရှားနေသည်။ ၎င်းတို့က ယဲ့ချန်ခင်းကျင်းထားသော ထောင်ချီဓားအစီအရင်များဖြစ်ကြပြီး ကြယ်ခန်းမ၏မြို့များကို အပြည့်အဝကာကွယ်ပေးထားသည်။ ကောင်းကင်ထက်တွင် ကျင့်ကြံသူတစ်စုကို မုတ်ဆိတ်မွေးရှည်ရှည်နှင့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ယောက်က ဦးဆောင်ကာ မတ်တပ်ရပ်နေသည်။ သူက အပြာရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ ရွှေရောင်သရဖူတစ်ခုကို ဆောင်းထားသည်။ သူ၏ကိုယ်တွင်းမှ ကြီးစိုးသော အရှိန်အဝါတစ်ခုထွက်ပေါ်နေကာ ဝတ်ရုံစလေအလွင့်တွင် လှုပ်ခတ်နေသည်။ ပိုင်နက်စွမ်းအားကို ထုတ်ဖော်ထားသော ထူးကဲအဆင့် အဘိုးအိုနောက်တွင် အဆုံးမဲ့ကျင့်ကြံသူခြောက်ယောက် ရှိနေသည်။ ထိုအုပ်စုထဲတွင် ယဲ့ချန်လက်မှထွက်ပြေးသွားခဲ့သော ကုန်းကျောက် ပါဝင်နေခဲ့သည်။ အစွမ်းထက်ကျင့်ကြံသူများ ရောက်ရှိလာသောအခါ ဖြစ်ပေါ်လာသောဖိအားက တောင်ကြီးတစ်လုံးကဲ့သို့ ကျဆင်းလာသည်။ ကြယ်ခန်းမ၏ကျင့်ကြံသူများက ချက်ချင်းလေးနက်သွားကြသည်။ ကုန်းကျောက်၏မျက်နှာထက်တွင် မောက်မာမှုတစ်ခု ထင်ဟပ်နေကာ ကြယ်ခန်းမနှင့် ယဲ့တောင်ကြားတွင် ယဲ့ချန်၏အရှိန်အဝါကို လိုက်လံရှာဖွေနေသည်။

"ဒီကောင်က ငါတို့ရောက်လာတာကိုသိလို့ ပုန်းနေတာလား။ မင်းက ထွက်ပြေးနိုင်ရင်တောင် ကြယ်ခန်းမက ထွက်မပြေးနိုင်ဘူး။ မင်းကိုယ်မင်း ကိုယ်ထင်မပြရဲရင် အကုန်လုံးကို သတ်ပစ်မယ်။ မုန်တိုင်းမျိုးနွယ်ခေါင်းဆောင်ရဲ့ရှေ့မှာ မင်းရဲ့လှည့်ကွက်တွေက အသုံးမဝင်ဘူး"

ကုန်းကျောက်က ယဲ့ချန်ကို ရှာမတွေ့သောအခါ နှာခေါင်းရှုံ့၍ စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

"မုန်တိုင်းမျိုးနွယ်ခေါင်းဆောင် ကုန်းပန် လာရောက်တယ်။ ကြယ်ခန်းမသခင် ချက်ချင်းထွက်လာတွေ့စမ်း"

ကုန်းပန်၏စကားသံက တည်ငြိမ်၍ နှေးကွေးသော်လည်း သူထုတ်ဖော်ထားသော အရှိန်အဝါက ပြင်းထန်လွန်းသဖြင့် ကြယ်ခန်းမတပည့်များမှာ အသက်ရှူရခက်ခဲနေကြသည်။

"ခန်းမသခင် ဒီမှာမရှိဘူး။ ခေါင်းဆောင်ကုန်းပန်က ပြောစရာရှိရ င်ကျုပ် ထုံတန်နဲ့ ပြောနိုင်ပါတယ်"

လင်းယွန်တောင်တန်းမှ ခြင်္သေ့ဘုရင်၏ ခပ်သြသြစကားသံက ပြန်လည်ထွက်ပေါ်လာသည်။ သူက အဆုံးမဲ့ကျင့်ကြံသူဖြစ်၍ ကြယ်ခန်းမကို စောင့်ရှောက်နေစဥ်အတွင်း ကျင့်ကြံဆင့် လျင်မြန်စွာတိုးတက်လာသော်လည်း ထူးကဲအဆင့်တစ်ယောက်ရှေ့တွင် အားနည်းနေဆဲပင်ဖြစ်သည်။

"ငါက တံခါးပိတ်ကျင့်စဥ်ဝင်တာ ဆယ်နှစ်လောက်ကြာသွားတယ်။ ဒါပေမယ့် ကမ္ဘာကြီးက ဒီလောက်ပြောင်းလဲသွားမယ်လို့ မထင်ထားဘူး။ ပိုင်နက်တစ်ခုရှိတဲ့ ခြင်္သေ့ဘုရင်က အခြားတစ်ယောက်ရဲ့ နောက်လိုက် ဖြစ်သွားပြီလား။ ခန်းမသခင်က ဘယ်လောက်အစွမ်းထက်လို့ မင်းက အညံ့ခံလိုက်တယ်ဆိုတာကို သိချင်စမ်းပါဘိ"

ကုန်းပန်က သူ၏မုတ်ဆိတ်ကို လက်ဖြင့်ပွတ်သပ်၍ လှောင်ပြုံးပြုံးကာ ပြောလိုက်ခြင်းဖြစ်သည်။ ထုံတန်က အလွန်အသက်ရှည်ပြီး သူက အသက်တစ်ရာ့ခုနစ်ဆယ်သာဖြစ်သည်။ သို့သော် သူ၏ကျင့်ကြံဆင့်က ထုံတန်ထက် ပို၍မြင့်မားသောကြောင့် အကြီးအကဲတစ်ယောက်၏လေသံမျိုးနှင့် ထုံတန်ကို အငယ်တစ်ယောက်ပမာ သဘောထား၍ ပြောလိုက်ခြင်းဖြစ်သည်။

"ကျင့်ကြံသူတစ်ယောက်ရဲ့ဘဝမှာ ဘာတွေ ပြောင်းလဲသွားမယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ဘူး။ အတိတ်တုန်းက မင်းဟာ မုန်တိုင်းမျိုးနွယ်ရဲ့ နှစ်ထောင်ချီမှ တစ်ယောက် ပေါ်လာခဲ့တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့တယ်။ အခုတော့ မင်းက ထူးကဲအဆင့်ကိုချိုးဖျက်ပြီး မျိုးနွယ်ခေါင်းဆောင် ဖြစ်လာပြီပေါ့။ မင်းရဲ့ဦးဆောင်မှုနဲ့ဆိုရင် မုန်တိုင်းမျိုးနွယ်က သေချာပေါက်မြင့်တက်လာမှာပါ"

ထုံတန်က တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည်။

"ငါ့ကို မြှောက်ပြောမနေပါနဲ့။ ကံကောင်းသွားတာသက်သက်ပါ။ ဒီနေရာမှာ မင်းရှိနေတယ်ဆိုတော့ ပွင့်ပွင့်လင်းလင်းပြောမယ်။ မုန်တိုင်းမျိုးနွယ်ရဲ့ကျင့်ကြံသူတွေကို ခန်းမသခင်က သတ်ဖြတ်ခဲ့တယ်။ ဒီနေ့ မင်းတို့ ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရမယ်။ ခန်းမသခင်က ငါ့ကိုထွက်တွေ့ဖို့ သတ္တိမရှိဘူးလား"

ကုန်းပန်က လေထဲတွင် မတ်တပ်ရပ်နေပြီး သူ၏လေသံက ကြီးစိုးမောက်မာကာ အေးစက်ပြင်းထန်နေသည်။ မုန်တိုင်းမျိုးနွယ်၏ကျင့်ကြံသူများကို ယဲ့ချန်က ဆက်တိုက်သတ်ဖြတ်ခဲ့သောကိစ္စကို သူက ရပ်ကြည့်မနေနိုင်ချေ။ လွန်ခဲ့သောရက်များအတွင်း သူက ဝိညာဥ်သားရဲများကို ဖြေရှင်းခဲ့ရပြီး မုန်တိုင်းမျိုးနွယ် အခြေကျချိန်တွင် နောက်လိုက်များကို စုစည်း၍ ကြယ်ခန်းမထံ လျော်ကြေးတောင်းရန် အပြေးရောက်လာခြင်းဖြစ်သည်။

"ခန်းမသခင်က မြောက်ပင်လယ်ဘုရင်မ ထန်တိုက်လင်နဲ့ ဆွေးနွေးစရာရှိလို့ လွန်ခဲ့တဲ့ရက်က ခရီးထွက်သွားတယ်။ သူ သိပ်မကြာခင် ပြန်လာမှာပါ။ မျိုးနွယ်ခေါင်းဆောင်က ရက်အနည်းငယ်လောက် စောင့်ပေးနိုင်မလား"

ထုံတန်သည် ကုန်းပန်က ကြယ်ခန်းမကိုလက်စားချေရန် လာခြင်းဖြစ်ကြောင်း သေချာစွာနားလည်ထားသည်။ ထို့ကြောင့် သူက အချိန်ဆွဲရုံသာ တတ်နိုင်သည်။ ဤနေရာတွင် မြောက်ပင်လယ်မှ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်လည်း ရှိနေသောကြောင့် ကုန်းပန် တန့်သွားစေရန် ကြိုးစားချင်ခဲ့သည်။

"မြောက်ပင်လယ်ဘုရင်မ"

ကုန်းပန်က မျက်မှောင်ကြုတ်၍ စဥ်းစားလိုက်သည်။ သူက ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ထန်တိုက်လင်ကိုဆန့်ကျင်ရန် ယုံကြည်မှုမရှိချေ။ အရှေ့ပိုင်းတိုက်ကြီး၏ ထိပ်တန်းကျင့်ကြံသူငါးယောက်တွင် သူမက ပါဝင်နေသည်။

"အရှင်မက ကြယ်ခန်းမကိုကာကွယ်ဖို့ ငါ့ကို အမိန့်ပေးထားတယ်"

ထိုအချိန်၌ ဧရာမမှိန်းကြီးတစ်လက်ကိုင်ထားသော ငါးလူသားကျန်းရန်က ကောင်းကင်သို့ပျံတက်လာကာ ကုန်းပန်တို့လူစုနှင့် မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ ကုန်းပန်သည် ယဲ့ချန်နှင့် ထန်တိုက်လင်ကြားရှိ ဆက်ဆံရေးကို မသိသောကြောင့် စိုးရိမ်စပြုလာသည်။ သို့သော် သူက နောက်လိုက်များ ခေါ်ဆောင်လာခဲ့ပြီး ထန်တိုက်လင်ကိုကြောက်သောကြောင့် လက်ဗလာနှင့်ပြန်သွားရလျှင် လူအများပြက်ရယ်ပြုစရာ ဖြစ်သွားနိုင်သည်။

"ထုံတန် ငါက မင်းကို အုပ်ချုပ်သူဘုရင်တစ်ယောက်အနေနဲ့ လေးစားပါတယ်။ ဒါပေမယ့် မင်းက မြောက်ပင်လယ်ဘုရင်မရဲ့နာမည်ကို အကာအကွယ်ယူနေတယ်။ မုန်တိုင်းမျိုးနွယ်က ဒါကိုကြောက်နေမယ် ထင်လို့လား။ ဘာဖြစ်ဖြစ် ဒီနေ့မှာ ကြယ်ခန်းမက ဖြေရှင်းချက်တစ်ခု သေချောပေါက်ပေးရမယ်"

ကုန်းပန်က နှာခေါင်းရှုံ့၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

All Chapters