ကြယ်များ၏အရှင်သခင်
Vol. 34 Ch. 470
"ဒါဆိုရင် မင်းက ဘယ်လိုဖြေရှင်းချက်မျိုး လိုချင်တာလဲ။ မုန်တိုင်းအိမ်တော်ဘက်ကသာ ရန်စမလာရင် ခန်းမသခင်က ကုန်းယွမ်ကို သတ်စရာအကြောင်း မရှိဘူး"
ထုံတန်က အေးစက်စက် တုံ့ပြန်လိုက်သည်။ သူက ကုန်းပန်၏ ရန်လိုသောသဘောထားကို ကိုင်တွယ်ရန် စိတ်ထဲတွင် တွက်ချက်နေခဲ့သည်။
"မင်းပြောချင်တာက မုန်တိုင်းမျိုးနွယ်ရဲ့အမှားပေါ့။ ဒါဆိုရင် ကုန်းချန်တန်း ဘယ်လိုသေသွားတာလဲ။ ကုန်းချန်တန်းသာ အသတ်မခံလိုက်ရရင် ကုန်းယွမ်က မင်းတို့ကို တိုက်ခိုက်စရာ အကြောင်းမရှိဘူး"
ကုန်းပန်၏ ထူးကဲအဆင့်အရှိန်အဝါက ထွက်ပေါ်လာသည်။ ထုံတန်၏စိတ်ထဲတွင် အတွေးနက်နေခဲ့သည်။ တစ်ဖက်လူက ထူးကဲအဆင့်ဖြစ်သောကြောင့် ယေဘူယျသဘောတရားအရ စကားများစွာပြောနေရန် မလိုအပ်ချေ။ ကုန်းပန်၏အစွမ်းဖြင့် ကြယ်ခန်းမကို တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။ ခဏအကြာတွင် သူက ကုန်းပန်၏ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားခဲ့သည်။ ကြယ်ခန်းမကိုဖျက်ဆီးလိုက်လျှင် မုန်တိုင်းမျိုးနွယ်အတွက် အကျိုးမရှိသည့်အပြင် ယဲ့ချန်နှင့်ပတ်သက်နေသော ပင်လယ်မိစ္ဆာများကို ရန်စလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။ ထန်တိုက်လင်ကို ရန်သွားစလျှင် ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို မုန်တိုင်းမျိုးနွယ်က ခုခံနိုင်မည်မဟုတ်ပေ။ သို့သော် ကြယ်ခန်းမကြောင့် သေဆုံးခဲ့ရသော မုန်တိုင်းမျိုးနွယ်ဝင်များအတွက် လျော်ကြေးအဖြစ် အရင်းအမြစ်များကို လိုချင်နေခြင်းဖြစ်နိုင်သည်။ ဝိညာဥ်သားရဲကပ်ဘေး ဖြစ်ပေါ်လာချိန်တွင် အရင်းအမြစ်များရှားပါးနေသော်လည်း ကြယ်ခန်းမသည် အလယ်အင်ပါယာမှ ကျင့်ကြံသူများကို သိမ်းသွင်းနိုင်စွမ်းရှိသည်အထိ အရင်းအမြစ်များ ပေါများနေသည်။
"ကုန်းပန် ဒီမြေခွေးအိုကြီး"
ထုံတန်က သက်ပြင်းတစ်ချက် ချလိုက်သည်။ အကယ်၍ မုန်တိုင်းမျိုးနွယ်က ကြယ်ခန်းမကိုဖျက်ဆီးလိုက်လျှင် ပင်လယ်မိစ္ဆာများက လက်တုံ့ပြန်ပေးပေလိမ့်မည်။ သို့သော် ငွေညှစ်ရုံသာဆိုလျှင် ပင်လယ်မိစ္ဆာများက စကားတစ်ခွန်းပင် ဝင်ပြောမည်မဟုတ်ချေ။ ထုံတန်က ရန်သူ၏ရည်ရွယ်ချက်ကို နားလည်လိုက်သောအခါ ယဲ့ချန် ပြန်ရောက်လာသည်အထိ အချိန်ဆွဲထားရန် ဆုံးဖြတ်လိုက်သည်။
"ကုန်းချန်တန်းက သူ့သားဒဏ်ရာရသွားတဲ့အတွက် မီးတောက်နီဂိုဏ်းကို ဖျက်ဆီးချင်ခဲ့တယ်။ ခန်းမသခင်နဲ့ မီးတောက်နီဂိုဏ်းက မျိုးနွယ်တူချင်းဖြစ်တဲ့အတွက် ကာကွယ်ပေးရုံသာဖြစ်တယ်။ ယဲ့မျိုးနွယ်ကို ဖျက်ဆီးတဲ့အလုပ်ကို ခွင့်လွှတ်မပေးနိုင်ဘူး"
ထုံတန်က တည်ငြိမ်စွာဖြင့် အကြောင်းပြချက်ပေးလိုက်သည်။
"ဒီကောင် ထုံတန်က နှစ်ပေါင်းများစွာအသက်ရှည်လာတဲ့ မြေခွေးတစ်ကောင်ပဲ။ သူက ဘယ်လိုညှိုနှိုင်းရမယ်ဆိုတာကို ကောင်းကောင်းသိနေတယ်"
ကုန်းပန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆိုရင် ကြယ်ခန်းမက ငါတို့နဲ့ တိုက်ခိုက်ချင်တာလား"
သူက နှာခေါင်းရှုံ့၍ ပြောလိုက်ခြင်းဖြစ်သည်။ လေထဲတွင်လွင့်ပျံနေသော သူ၏အပြာရောင်ဝတ်ရုံထံမှ သတ်ဖြတ်လိုစိတ်တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာသည်။ ကြယ်ခန်းမ၏ သာမန်တပည့်များဖြစ်စေ၊ အဆုံးမဲ့အဆင့်ကျင့်ကြံသူများဖြစ်စေ ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ကျင့်ကြံဆင့်အရာတွင် ကုန်းပန်က သူတို့အားလုံးကို ဖိနှိပ်ထားနိုင်ပြီး အားလုံးပူးပေါင်းလိုက်လျှင်ပင် သူ့ကို မယှဥ်နိုင်ချေ။ သူ၏မျက်နှာထားက ပို၍တင်းမာလာပြီး ထူးကဲအဆင့်အရှိန်အဝါက ထိမ်ချန်ထားခြင်းမရှိဘဲ အပြည့်အဝထွက်ပေါ်လာသည်။ လင်းယွန်တောင်တန်းအတွင်းရှိနေသော ထုံတန်ပင် ဖိအားများ ခံစားလိုက်ရသည်။ အကယ်၍ ကုန်းပန်သာ ဒေါသတကြီးဖြင့်သတ်ဖြတ်လာလျှင် ကြယ်ခန်းမက သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။
"ခေါင်းဆောင် သူတို့နဲ့ ဘာကြောင့် ရှည်ရှည်ဝေးဝေးပြောနေမှာလဲ။ မုန်တိုင်းမျိုးနွယ်ရဲ့ ခွန်အားနဲ့ဆိုရင် ဒီသေးငယ်တဲ့ ကြယ်ခန်းမကို အလွယ်တကူရှင်းလင်းနိုင်တယ်"
ဘေးတွင်ရပ်နေသော ကုန်းကျောက်က သွေးထိုးလိုက်ခြင်းဖြစ်သည်။ သူ၏အမြင်တွင် ကုန်းပန်က ကြယ်ခန်းမကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အလွယ်တကူ နင်းချေပစ်နိုင်သည်။
"ခေါင်းဆောင် ကြယ်ခန်းမသခင်က အဆုံးမဲ့အဆင့် ကျင့်ကြံသူတစ်ယောက်ပါ။ သူက မြောက်ပင်လယ်ဘုရင်မနဲ့ ရင်းနှီးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အများဆုံးမှ ပင်လယ်မိစ္ဆာအကြီးအကဲတွေနဲ့သာ ဆက်ဆံရေးရှိလောက်ပါတယ်"
ကျန်မုန်တိုင်းမျိုးနွယ်ဝင်များကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောလိုက်ကြသည်။ လေထဲတွင် ကုန်းပန်က ခံစားချက်ကင်းမဲ့စွာဖြင့် မတ်တပ်ရပ်နေပြီး လင်းယွန်တောင်တန်းကို စိုက်ကြည့်နေခဲ့သည်။ ထုံတန်၏ခွန်အားက သူ့ကိုရင်ဆိုင်ရန် မလုံလောက်ချေ။
"ကုန်းပန် ကြယ်ခန်းမက မုန်တိုင်းမျိုးနွယ်နဲ့ စစ်မဖြစ်ချင်ပါဘူး။ ငါတို့ခန်းမသခင် ရောက်လာရင် ဆုံးဖြတ်ချက်ချပေးပါလိမ့်မယ်။ ခဏစောင့်ပေးပါ"
ကုန်းပန်သာဆန္ဒရှိလျှင် ထုံတန်ကိုသတ်ဖြတ်ခြင်းက အလွန်လွယ်ကူနိုင်သည်။ ထို့ကြောင့် သူက အချိန်ဆွဲနေရုံသာ တတ်နိုင်သည်။ ကြယ်ခန်းမတပည့်များက ကုန်းပန်၏ဖိအားကို ခံစားနေရသော်လည်း တည်ငြိမ်နေဆဲပင်ဖြစ်သည်။ ဤအခြေအနေမျိုးကို ကြုံဖူးသည်မှာ ပထမဆုံး မဟုတ်ပေ။ အတိတ်မှဖြစ်ရပ်များကြောင့် သူတို့၏သတ္တိများ တိုးပွားလာကာ ကုန်းပန်ကို ကြောက်ရွံ့ခြင်း မရှိပေ။
"ကြယ်ခန်းမတပည့်တွေက သေရမှာ မကြောက်ဘူး"
သို့သော် သူတို့က ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်၏စွမ်းအားကို များစွာနားလည်မထားကြပေ။ အတိတ်တွင်ကြုံဖူးခဲ့သော ရန်သူများမှာ အဆုံးမဲ့အဆင့်သာ အများဆုံးဖြစ်သောကြောင့် ကုန်းပန်နှင့်ယှဥ်လျှင် စကားထဲထည့်ပြောရန်ပင် မလိုချေ။
"ငါ စိတ်ရှည်တာ အကန့်အသတ်ရှိတယ်။ ကြယ်ခန်းမသခင်က အချိန်မီပြန်ရောက်မလာရင် ငါ့အဆိုးမဆိုနဲ့။ တစ်နာရီကြာတိုင်း ကြယ်ခန်းမတပည့်တစ်ထောင်ကို သတ်ပစ်မယ်"
ကုန်းပန်က အေးစက်စက် ခြိမ်းခြောက်လိုက်သည်။ သူ၏စကားကြောင့် ကြယ်ခန်းမတပည့်တိုင်းက စူးစူးဝါးဝါး စိုက်ကြည့်လာကြသည်။ သို့သော် သူတို့၏ခွန်အားက ရန်သူအောက်နိမ့်ကျနေကာ ကုန်းပန်၏အရှိန်အဝါသက်သက်နှင့်ပင် နေရာမှမရွေ့နိုင်ခဲ့ကြပေ။ ကုန်းပန်၏အသွင်က ဆရာသခင်တစ်ယောက်ကဲ့သို့ မြင့်မြတ်ခမ်းနားဟန်ရှိသော်လည်း လူသတ်ရာတွင် လုံးဝညှာတာလိမ့်မည် မဟုတ်ပေ။
"ငါ့လူတွေကို ဘယ်သူက သတ်ချင်နေတာလဲကွ"
ထိုအချိန်တွင် ကောင်းကင်မှ ဒေါသတကြီးကြုံးဝါးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အဝေးမှ ယဲ့ချန်က အလွန်လျင်မြန်သောအရှိန်နှင့် ပျံသန်းလာခဲ့သည်။ အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသော သူက လေထဲတွင် မတ်တပ်ရပ်လိုက်ပြီး ဓားသဏ္ဍာန်မျက်ခုံးများနှင့် ကြယ်ရောင်တလက်လက်တောက်ပနေသော မျက်လုံးများကို ပိုင်ဆိုင်ထား၍ သူရဲကောင်းတစ်ယောက်၏အသွင်အပြင်မျိုး ထွက်ပေါ်နေသည်။ သူ၏ပခုံးပေါ်တွင် အမြှီးကိုးချောင်းကို သိမ်မွေ့စွာလှုပ်ယမ်းနေသော အမွေးပွလေးရှိနေပြီး ကုန်းပန်ကို စိုက်ကြည့်နေခဲ့သည်။ ယဲ့ချန်က ကြယ်ခန်းမ၏ အထက်ကောင်းကင်တွင် ကုန်းပန်နှင့် မျက်နှာချင်းဆိုင်ရပ်နေခြင်းဖြစ်သည်။
"မင်းက ကြယ်ခန်းမသခင်လား"
ကုန်းပန်က ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အေးစက်စက်အလင်းများ ထွက်ပေါ်လာသည်။
"ဟုတ်တယ်"
"မင်းက နို့နံတောင် မစင်သေးဘူး။ အင်အားစုတစ်ခု တည်ထောင်ရဲတယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ"
ကုန်းပန်က ကဲ့ရဲ့လှောင်ပြောင်လိုက်ပြီး သူ၏အရှိန်အဝါက ယဲ့ချန်အပေါ်သို့ တောင်ကြီးတစ်လုံးပမာ ကျဆင်းလာသည်။ ယဲ့ချန်က ပြင်းထန်သောဖိအားတစ်ခုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ပေါက်ထွက်မတတ် နာကျင်သွားခဲ့သည်။ သူက ထန်တိုက်လင်နှင့် အခြားထူးကဲအဆင့်များ၏တိုက်ပွဲကို မြင်ဖူးထားသော်လည်း ပထမဆုံးအကြိမ် ကိုယ်တိုင်ရင်ဆိုင်ရခြင်းဖြစ်သည်။ သူ၏ခွန်အားက ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်ကို တွန်းလှန်ရန် အလှမ်းကွာဝေးနေသည်။ သို့သော်လည်း သူ၏နောက်တွင် ကြယ်ခန်းမရှိနေသဖြင့် နောက်ဆုတ်၍ လုံးဝမဖြစ်ချေ။ သူသည် စိတ်နှင့်ဝိညာဥ်ကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်လိုက်ပြီး ဝိညာဥ်ချီနှင့်ကောင်းကင်ချီများက ရုပ်ခန္ဓာကို ပို၍သန်မာလာစေရန် ထောက်ပံ့ပေးခဲ့ကြသည်။
သို့သော် ဖိအားက ပြင်းထန်လွန်းသဖြင့် တစ်ကိုယ်လုံးရှိ သွေးနှင့်ချီများ ဗြောင်းဆန်ကုန်သည်။ ယဲ့ချန်က သူ၏အရှိန်အဝါကိုခုခံနိုင်မည်ဟု ထင်မထားသော ကုန်းပန်က အံ့အားသင့်သွားခဲ့သည်။ ဆယ်ကျော်သက်အရွယ်သာရှိသော ယဲ့ချန်က အဆုံးမဲ့အဆင့်သို့ ရောက်နေခဲ့သည်။ ကုန်းကျောက်က ယဲ့ချန်မည်မျှငယ်ရွယ်ကြောင်း ပြောပြခဲ့သော်လည်း ဤမျှအထိငယ်နေမည်ဟု မျှော်လင့်မထားပေ။ ယဲ့ချန်က အထူးပါရမီရှင်တစ်ယောက်ဖြစ်ကာ ထန်တိုက်လင်၊ ပိုမေ့ကဲ့သို့ လူနည်းစုများသာ သူ့ကို ယှဥ်နိုင်ပေလိမ့်မည်။ အကယ်၍ သူကသာ မုန်တိုင်းမျိုးနွယ်အတွင်း မွေးဖွားလာမည်ဆိုလျှင် ကုန်းပန်က ရှိသမျှပုံအော၍ ပျိုးထောင်ပေးမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် ရန်သူများဖြစ်နေပြီး အတိတ်ကဲ့သို့ အင်အားစုများ အာဏာပြိုင်နေချိန်ဆိုလျှင် ဆန့်ကျင်ဘက်အင်အားစုများ၏ သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။
သို့သော် ဝိညာဥ်သားရဲကပ်ဘေး ဖြစ်ပေါ်နေသဖြင့် ကုန်းပန်အလိုအပ်ဆုံးမှာ မုန်တိုင်းမျိုးနွယ် ဆက်လက်ရှင်သန်ရန်အတွက် အရင်းအမြစ်များဖြစ်သည်။ သူက ဝိညာဥ်သားရဲကပ်ဘေးအတွင်း ရှင်သန်နိုင်ရန် မုန်တိုင်းမျိုးနွယ်၏အမွေအနှစ်အချို့ကို သမာဓိကောင်စီထံ ဆက်သခဲ့ရသည်။ ယဲ့ချန်တည်ဆောက်ထားသော ကြယ်ခန်းမကမူ အလယ်အင်ပါယာ၏အဝေးတွင် ရှိနေသောကြောင့် အနှေးနှင့်အမြန် ပျက်စီးသွားပေလိမ့်မည်။ သူက ယဲ့ချန်ကိုသတ်လိုက်လျှင် ကြယ်ခန်းမ၏လျှို့ဝှက်ရတနာများကို ရှာတွေ့နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် ယဲ့ချန်ကို အသက်ရှင်လျက်ထားပြီး ရတနာများနှင့် သူ၏အသက်ကို လဲလှယ်စေရမည်ဖြစ်သည်။
"ငါ မင်းကို မဖိနှိပ်နိုင်ဘူးဆိုတာ မယုံဘူး"
ကုန်းပန်၏အကြည့်များက စူးရှလာပြီး ပိုမိုအစွမ်းထက်သော အရှိန်အဝါကိုထုတ်ဖော်၍ ယဲ့ချန်ကို ဖိအားပေးလိုက်ပြန်သည်။ ဖိအားအောက်တွင် မနည်းတောင့်ခံနေရသော ယဲ့ချန်က ပိုမိုပြင်းထန်သော ဖိအားကို ရုတ်တရက်ခံစားလိုက်ရသဖြင့် နောက်သို့လွင့်ထွက်သွားကာ သွေးတစ်လုတ် အန်ချလိုက်ရသည်။ သူ၏လက်ရှိခွန်အားဖြင့် ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်တွန်းလှန်ရန် မလွယ်ချေ။ သူ၏ပခုံးပေါ်တွင်ရှိနေသော အမွေးပွလေးက ပုံရိပ်ယောင်ပုလဲကို အလျင်အမြန်အသက်သွင်းလိုက်သောအခါ သန့်စင်သောချီလှိုင်းတစ်ခုက ကိုယ်တွင်းသို့ဝင်ရောက်လာ၍ ဖိအားကို ကူညီတွန်းလှန်ပေးခဲ့သည်။ သို့သော် ကုန်းပန်က ပိုင်နက်၏စွမ်းအားကိုပင် ထုတ်ဖော်ထားသောကြောင့် မလုံလောက်သေးပေ။
"ခန်းမသခင်"
ယဲ့ချန် လွင့်ထွက်သွားသောအခါ ကြယ်ခန်းမ၏တပည့်များက စိုးရိမ်တကြီးဖြင့် ပြိုင်တူအော်ဟစ်လိုက်ကြသည်။ ယဲ့ချန်က ကုန်းပန်ကို ရှုံးနိမ့်သွားမည်ဟု သူတို့ ထင်မထားမကြပေ။ အတိတ်တွင်ဖြစ်ပျက်ခဲ့သော အရာများကြောင့် သူတို့၏စိတ်ထဲတွင် သူက နတ်ဘုရားတစ်ယောက်ပမာဖြစ်သည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်မှ စွမ်းအားများကိုစုပ်ယူဖူးသော ကြယ်ခန်းမတပည့်များက သူ့အပေါ် သစ္စာရှိလာကြပြီး ဤကား ဝိညာဥ်ဆက်နွယ်မှုဖြစ်သည်။ ယဲ့ချန် နောက်ဆုတ်သွားရသည်ကို မြင်သောအခါ သူတို့၏စိတ်အတွင်းပိုင်းမှ ကြောက်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
ပိုင်နက်၏စွမ်းအားကြောင့် လွင့်ထွက်သွားသော ယဲ့ချန်က တစ်ကိုယ်လုံး စုတ်ဖြဲခံနေရသကဲ့သို့ နာကျင်နေသည်။ ရုတ်တရက်ဆန်စွာဖြင့် သူ၏ဝိညာဥ်က အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်ချီများ ထွက်ပေါ်လာကာ သူ၏ကျောပြင်ကို ထောက်ပံ့ပေးလိုက်သည်။ ဆန်းကျယ်ကာအစွမ်းထက်သော ဝိညာဥ်ချီများက ယဲ့ချန်၏ဝိညာဥ်နှင့် ပဲ့တင်ထပ်သွားသည်။ ဤကား ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်စွမ်းအားဖြစ်သည်။
"ဒါက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို ငါ နားလည်သွားပြီ"
ယဲ့ချန်က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ဖြင့် ကျင့်ကြံထားသော သူ၏ဝိညာဥ်က အံ့အားသင့်လောက်စရာ အစွမ်းထက်နေသည်။ သူက လေထဲတွင် ဟန်ချက်ထိန်းလိုက်ပြီး မျက်လုံးများက နတ်အလင်းတန်းများ တောက်လောင်နေသည်။ ထိုအချိန်တွင် ထောင်ချီသော ကြယ်ခန်းမတပည့်များက နေရာတွင် မတ်မတ်ရပ်လိုက်ကြပြီး ဝိညာဥ်ချီလှိုင်းများက သူတို့ထံမှထွက်ပေါ်လာကာ ယဲ့ချန်ထံ ဘက်ပေါင်းစုံမှ ဝင်ရောက်သွားကြသည်။ ဤမြင်ကွင်းက ပင်လယ်တစ်ခုအတွင်း မြစ်များ စုပေါင်းစီးဝင်နေသည်နှင့် တူညီနေသည်။ ဝိညာဥ်ချီများက သူ၏ခန္ဓာကိုယ်နှင့် အပြည့်အဝပေါင်းစပ်နေသည်ကို ယဲ့ချန်က ခံစားလိုက်ရသည်။ ၎င်းတို့က ဆက်လက်များပြားလာပြီး အချိန်တိုင်း ပို၍သန်မာလာနေသည်။
နောက်ဆုံးတွင် ယဲ့ချန်က စိတ်ကူးကြည့်၍မရနိုင်လောက်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ ထောင်ချီသောကျင့်ကြံသူများ၏ အတွေးများကို သူက ခံစားသိရှိနေသည်။ ထိုအတွေးများက ကောင်းကင်ရှိကြယ်များကဲ့သို့ တဖိတ်ဖိတ်တောက်ပနေသည်။ ထိုအချိန်တွင် သူ၏စိတ်က ကြယ်များပြည့်နှက်နေသော ကောင်းကင်တစ်ခုနှင့် ဆင်တူနေသည်။ ဤကား ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အစွမ်းဖြစ်ကာ ကြယ်များနှင့်တူညီနေသော စွမ်းအားများက ယဲ့ချန်ကို ကြယ်များ၏ အရှင်သခင်တစ်ယောက်နှင့် တူညီစေခဲ့သည်။