← Chapters

ကုန်းပန် ထွက်ပြေးရခြင်း

Vol. 34 Ch. 471

ကုန်းပန် ထွက်ပြေးရခြင်း

Vol. 34 Ch. 471

အချိန်တစ်ခုကြာသောအခါ ယဲ့ချန်နှင့် ဝိညာဥ်ချင်း ချိတ်ဆက်သူများကြားတွင် ကောင်းကင်သားရဲများနှင့် မှော်သားရဲများပင် ပါဝင်လာသောကြောင့် အရေအတွက်က ဆယ်သန်းကျော်လာသည်။ ယဲ့ချန်နှင့်အတူ ကျင့်ကြံပြီးနောက် ကြယ်ခန်းမရှိ ကျင့်ကြံသူအားလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းက ဝိညာဥ်ချီများ ပိုင်ဆိုင်လာကြသည်။ သူတို့ပိုင်ဆိုင်ထားသည်က အလွန်နည်းပါးသောပမာဏဖြစ်၍ ကိုယ်တိုင်အတွက် များစွာအသုံးမဝင်ဘဲ သာမန်အကြားအမြင်နှင့် အာရုံခံသိရှိရန် မဖြစ်နိုင်ချေ။ သို့သော် ဆယ်သန်းကျော်ဟူသော ပမာဏက စုစည်းလာသောအခါ မြစ်ချောင်းငယ်များစုပေါင်း၍ ပင်လယ်တစ်စင်းဖြစ်ပေါ်လာသည်နှင့် တူညီနေသည်။ ဝိညာဥ်ချီအားလုံးက ယဲ့ချန်၏ကိုယ်တွင်းသို့ ဝင်ရောက်လာကာ သူ၏ဝိညာဥ်အသိစိတ်က သမုဒ္ဒရာတစ်စင်းပမာ ကျယ်ပြန့်လာခဲ့သည်။ ဝိညာဥ်ချီထောက်ပံ့ပေးနေသူများကြားတွင် အဆုံးမဲ့အဆင့်နှင့် နတ်ဘုရင်အဆင့်များ ပါဝင်နေကာ သူတို့၏ဝိညာဥ်ချီက သာမန်ကျင့်ကြံသူများထက် ပို၍အစွမ်းထက်နေသည်။ ဝိညာဥ်ချီအားလုံးက ယဲ့ချန်၏ကိုယ်တွင်းသို့ ပေါင်းစပ်သွားခဲ့ကြသည်။ အမွေးပွလေး၏ဝိညာဥ်ချီများက အစွမ်းအထက်ဆုံးဖြစ်သည်။ ယဲ့ချန်က စိတ်ထဲတွင် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။

လောကနှင့် တစ်သားတည်းဖြစ်နေသော ယဲ့ချန်၏ဝိညာဥ်က ကြယ်ကောင်းကင်တစ်ခုပမာ ကျယ်ပြန့်နေသည်။ ၎င်းက ဝိညာဥ်အားလုံးကို ဖုံးလွှမ်သွားသည်။ သူက ကြယ်ပိုင်နက်အဆင့်တစ်ကို ဆင်ခြင်ရန် စတင်ကြိုးစားလိုက်ပြီး အပြည့်အဝ နားလည်နိုင်ခြင်းမရှိသော်လည်း ဤနားလည်မှုအနည်းငယ်ကပင် အကျိုးကျေးဇူးကြီးမားစွာ ရစေခဲ့သည်။ ဆယ်သန်းကျော်သော ဝိညာဥ်များနှင့် ပေါင်းစပ်ပြီးနောက် သူ၏အရှိန်အဝါက ရုတ်တရက်မြင့်တက်လာကာ ဖိအားတစ်ခုက ကုန်းပန်ထံ လှိုင်းလုံးကြီးပမာ ဝင်ဆောင့်သွားခဲ့သည်။

"ဒီတစ်ခေါက် မင်း ဘယ်လိုသေမလဲ ကြည့်ရအောင်"

ယဲ့ချန်သွေးအန်၍ လွင့်ထွက်သွားသောအခါ ကုန်းကျောက်၏စိတ်ထဲတွင် ပျော်ရွှင်မှုနှင့် သွေးဆာမှုက ဒွန်တွဲဖြစ်ပေါ်နေသည်။ အတိတ်တွင် သူခံစားခဲ့ရသော အရှက်ကွဲမှုကို လက်စားပြန်ချေနိုင်တော့မည်ဟု ထင်မြင်နေခဲ့သည်။

"နိမ့်ကျတဲ့ အဆုံးမဲ့အဆင့် ကျင့်ကြံသူလေးတစ်ယောက်က ငါတို့ခေါင်းဆောင်ကို ဆန့်ကျင်ရဲတယ်ပေါ့။ ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့ကောင် သေမှာသေချာတယ်"

မုန်တိုင်းမျိုးနွယ်ဝင်များက ယဲ့ချန်ကို အထင်သေးစွာဖြင့် လှောင်ရယ်နေကြသည်။ ထိုအချိန်တွင် ဖိအားတစ်ခု ရုတ်တရက်ထွက်ပေါ်လာသဖြင့် ထိတ်လန့်သွားကြသည်။ သူတို့က ယဲ့ချန်ကို ကြည့်လိုက်သောအခါ ကုန်းပန်၏ဖိအားကို ကြံ့ကြံ့ခံ၍ လေထဲတွင် မားမားမတ်ရပ်နေကြောင်း မြင်လိုက်ရသည်။ ယဲ့ချန်၏နောက်တွင် ရွှေရောင်ဝိညာဥ်စစ်သည်တော် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသဖြင့် ဖောက်ထွင်းမြင်ရသော ရွှေရောင်ချပ်ဝတ်တစ်ခု ဝတ်ဆင်ထားသကဲ့သို့ ထင်ရသည်။ သူ၏ပတ်လည်တွင် အဖြူရောင်အလင်းစက်များက ပိုးစုန်းကြူးများပမာ တည်ရှိနေပြီး ဝိညာဥ်စစ်သည်တော်အတွင်း ပေါင်းစပ်ကာ ပုံရိပ်ကို ပို၍သိပ်သည်းလာစေသည်။

ဝိညာဥ်စစ်သည်တော်၏အကြည့်က မုန်တိုင်းမျိုးနွယ်ဝင်များထံ ဓားတစ်လက်ပမာ ထက်ရှစွာ ကျရောက်လာသည်။ ထိုအကြည့်ကြောင့် သူတို့က အလန့်တကြားဖြစ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ခြေလှမ်းများ နောက်ဆုတ်လိုက်မိကြသည်။ ဤအကြည့်နှင့်အတွေ့တွင် သူတို့က အဆုံးအစမဲ့လေဟာနယ်တစ်ခုနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ လူသားများ အကြောက်ဆုံးအရာက ဆန်းကျယ်လွန်းသော လေဟာနယ်ကဲ့သို့ ဖြစ်တည်မှုမျိုးဖြစ်ကာ သေရမှာမကြောက်သူများပင် ဝိညာဥ်စစ်သည်တော်၏အကြည့်ကြောင့် ကြောက်လန့်သွားပေလိမ့်မည်။ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးနောက် သတိပြန်ဝင်လာသောအခါ သူတို့က အဆုံးမဲ့အဆင့်လူငယ်လေးတစ်ယောက်၏ အကြည့်တစ်ချက်တွင် နောက်ဆုတ်ပေးလိုက်ရကြောင်း သဘောပေါက်သွားကြသည်။ ရှက်စိတ်ကြောင့် ရန်သူများက မျက်နှာများ မည်းနက်ကုန်သည်။

ကုန်းပန်သည် ပိုင်နက်၏စွမ်းအားဖြင့် ယဲ့ချန်ကိုဖိနှိပ်နေစဥ် ပိုမိုအစွမ်းထက်လာသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။ ထိုအရှိန်အဝါတွင် ပိုင်နက်တစ်ခု၏စွမ်းအား ပါဝင်နေပြီး ၎င်းက ရာနှုန်းပြည့် ဖြစ်ပေါ်လာခြင်း မရှိသေးပေ။

"မဖြစ်နိုင်ဘူး"

ကုန်းပန်က အလွန်ထိတ်လန့်သွားခဲ့ပြီး ယဲ့ချန်ကို မယုံနိုင်ဟန်ဖြင့် ကြည့်နေခဲ့သည်။ ဝိညာဥ်စစ်သည်တော်၏အကြည့်နှင့် ဆုံသွားသောအခါ သူလည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။ မုန်တိုးမျိုးနွယ်၏ခေါင်းဆောင်၊ ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်က ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ကြောင့် နောက်ဆုတ်လိုက်ရသည်။ ဤအချက်က သူ့အတွက် မဟာအရှက်ကွဲမှုကြီးဖြစ်ကာ လက်ခံနိုင်ရန် အလွန်ခက်ခဲနေခဲ့သည်။ သူကိုယ်တိုင်လည်း ငယ်စဥ်က ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့ပြီး မောက်မာစွာဖြင့် အကြောက်အလန့်မရှိခဲ့ပေ။ ယနေ့တွင် သူက လူငယ်တစ်ယောက်ကြောင့် ခြေတစ်လှမ်းဆုတ်မိခဲ့သည်။

"မုန်တိုင်းပိုင်နက် ထွက်လာစမ်း"

နောက်ဆုံးတွင် ကုန်းပန်က သူ၏အဆင့်တစ်ပိုင်နက်ကို အပြည့်အဝ ထုတ်ဖော်လိုက်သောကြောင့် အပြာရောင်ကောင်းကင်တွင် ရေချီများ လှိုင်းထန်လာသည်။ ထိုလှိုင်းများကြားတွင် သက်တန့်များရှိနေပြီး သိမ်မွေ့သော်လည်း ဖျက်ဆီးအားပြင်းသည့် ပိုင်နက်က ယဲ့ချန်ထံ ကျရောက်လာသည်။

"မင်းကို မသတ်သတ်အောင် မင်းကိုယ်တိုင် ဖိအားပေးလိုက်တာပဲ"

ကုန်းပန်က ဒေါသတကြီးနှာခေါင်းရှုံ့လိုက်ပြီး သန့်စင်သောပိုင်နက်က ယဲ့ချန်ကို သတ်ဖြတ်ရန် ကြိုးစားလာခဲ့သည်။ ယဲ့ချန်က လေထဲတွင် အကြောက်အလန့်မရှိရပ်နေပြီး ယခုတင်နားလည်စပြုထားသော ကြယ်ပိုင်နက်ကို ပြန်လည်ထုတ်ဖော်လိုက်သည်။ အပြာရောင်ကောင်းကင်က အမှောင်ကျသွားကာ ကြယ်များ တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာသည်။ ၎င်းတို့၏အလင်းက မှိန်ဖျော့နေသော်လည်း သယ်ဆောင်ထားသည့်စွမ်းအားက အလွန်ပြင်းထန်နေသည်။

"ဘန်း ဘန်း ဘန်း"

ပိုင်နက်နှစ်ခုက အချင်းချင်းထိမိသွားချိန်တွင် ပတ်ဝန်းကျင်၌ မီးပွားများ လွင့်ထွက်လာခဲ့သည်။ ယဲ့ချန်ကို မုန်တိုင်းပိုင်နက်ဖြင့် မဖိနှိပ်နိုင်သောအခါ ကုန်းပန်က မင်သက်နေခဲ့သည်။ ယဲ့ချန်က အဆုံးမဲ့အဆင့်ခုနစ် ကျင့်ကြံသူသာဖြစ်သောကြောင့် ကုန်းပန်၏စိတ်ထဲတွင် ဒေါသနှင့်အံ့သြစိတ်က ရောယှက်နေသည်။ အကယ်၍ ယဲ့ချန်သာမသေလျှင် အနာဂတ်တွင် အလွန်အစွမ်းထက်လာပြီး မုန်တိုင်းမျိုးနွယ်အတွက် ကပ်ဘေးဖြစ်လာနိုင်သောကြောင့် သူက အသေသတ်ရန် ဆုံးဖြတ်လိုက်သည်။ ကောင်းကင်တွင်ထွက်ပေါ်လာသော ကြယ်များကြောင့် မုန်တိုင်းမျိုးနွယ်ဝင်များလည်း မျက်လုံးပြူးနေကြသည်။ ကြယ်ခန်းမသခင်က သူတို့မြင်ဖူးသမျှ အဆုံးမဲ့အဆင့်များကြားတွင် အစွမ်းအထက်ဆုံးဖြစ်သည့်အပြင် အလွန်ငယ်ရွယ်နေခဲ့သည်။ ကုန်းကျောက်သည်လည်း ဤမြင်ကွင်းကို လက်မခံနိုင်သောကြောင့် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ လွန်ခဲ့သောလအနည်းငယ်ကပင် ယဲ့ချန်က အဆုံးမဲ့အဆင့်သို့တက်နိုင်ခဲ့ပြီး သူ့ကို မောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သူက နောက်တွင်ကျန်ရစ်ခဲ့ပြီး တစ်ဖက်လူက များစွာအစွမ်းထက်လာပြီဖြစ်ကာ တစ်ဘဝလုံးကြိုးစားလျှင်ပင် မီနိုင်မည်မဟုတ်ချေ။ ဤကား ဒဏ္ဍာရီလာပါရမီရှင်များသာ ပိုင်ဆိုင်သော အစွမ်းဖြစ်လေသည်။

ပိုင်နက်နှစ်ခုက လေထဲတွင် အချင်းချင်းဆန့်ကျင်နေကြသည်။ အချိန်ကြာလာသောအခါ ယဲ့ချန်၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ သူက ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်၏ပိုင်နက်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ သူ၏ရုပ်ခန္ဓာက ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်ချီများနှင့် အပြည့်အဝပေါင်းစပ်နိုင်ခြင်း မရှိသေးသောကြောင့် ဤကား သူ၏အကန့်အသတ် ဖြစ်ပေသည်။

မိုင်တစ်ဒါဇင်အဝေးတွင် တိုက်ပွဲကိုစောင့်ကြည့်နေသော ထန်တိုက်လင် ရှိနေခဲ့သည်။ ယဲ့ချန် လွင့်ထွက်သွားချိန်တွင် သူမက ဝင်ရောက်ကူညီရန် ပြင်လိုက်သော်လည်း ယဲ့ချန်က အဆင့်တစ်ပိုင်နက်ကို ယှဥ်ပြိုင်နိုင်သော စွမ်းအားမျိုး ထုတ်ပြလာခဲ့သည်။

"ဒါက ဘယ်လိုပိုင်နက်မျိုးလဲ။ အခုမှဖြစ်ပေါ်ကာစဖြစ်ပြီး ပုံစံတောင် အတိအကျမရှိသေးပေမယ့် ကုန်းပန်ရဲ့အဆင့်တစ်ပိုင်နက်ကို ယှဥ်နိုင်နေတယ်။ ဒါက ပိုင်နက်စွမ်းအားချင်း ယှဥ်နိုင်ပေမယ့် ရုပ်ခန္ဓာက ခုခံနိုင်စွမ်း မရှိသေးဘူး"

ထန်တိုက်လင်က မျက်မှောင်ကြုတ်၍ ဝင်ပါရန် ဆုံးဖြတ်လိုက်သည်။ သူမ၏သေးသွယ်သော လက်တစ်ဖက်မှ စွမ်းအင်လှိုင်းတစ်ခု ပြေးထွက်သွားခဲ့သည်။ ယဲ့ချန်ကို ပိုင်နက်စွမ်းအားဖြင့် သတ်ဖြတ်ရန် အစွမ်းကုန်ကြိုးစားနေသော ကုန်းပန်သည် ကြောက်မက်ဖွယ်အန္တရာယ်တစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။ ထို့နောက် သူက တူကြီးတစ်လက်နှင့် ရင်ဝကို ထုချခံလိုက်ရသကဲ့ မီတာရာချီအဝေးသို့ ဘုန်းခနဲ လွင့်ထွက်သွားခဲ့သည်။ ကုန်းပန်က ဒဏ်ရာရသွားသဖြင့် သွေးများ ဆက်တိုက်အန်ချလိုက်ရသည်။

"အစွမ်း...ထက်...လိုက်...တာ"

ကုန်းပန်၏မျက်နှာက စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူရော်နေကာ အနိုင်နိုင်ထရပ်လိုက်သည်။ သူ၏မျက်လုံးများက ကြောက်စိတ်ကြောင့် ပြူးကျယ်နေကာ စကားလုံးအချို့ ပြောလိုက်သည်။

"ခေါင်းဆောင်"

ကုန်းကျောက်နှင့် မုန်တိုင်းမျိုးနွယ်ဝင်များက အလန့်တကြားဖြစ်သွားကာ ကုန်းပန်ကိုကာကွယ်ရန် တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြသည်။ သူတို့က ကုန်းပန် မည်သို့ဒဏ်ရာရသွားကြောင်း ရှင်းရှင်းလင်းလင်းမသိထားသော်လည်း စကားလုံးတိုင်းကို သေသေချာချာကြားလိုက်ရသဖြင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြ၏။ မြောက်ပင်လယ်၏ဘုရင်မ ရောက်ရှိလာခြင်းဖြစ်နိုင်ကာ သူတို့က ထန်တိုက်လင်၏ အရိပ်အယောင်ကိုပင် မမြင်ခဲ့ချေ။

"အရှင်မ ရောက်လာပြီဟေ့"

မှိန်းကြီးကိုကိုင်ဆောင်ထားသော ကျန်းရန်က ပျော်ရွှင်စွာ အော်ဟစ်လိုက်ခြင်းဖြစ်သည်။ သူက ပိုင်နက်နှစ်ခု၏တိုက်ပွဲကြားတွင် ဝင်ရောက်နှောင့်ယှက်မိပါက အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်သောကြောင့် ရပ်ကြည့်နေခဲ့ရသည်။ သူက ယဲ့ချန်၏စွမ်းအားကို အံ့သြနေသကဲ့သို့ လုံခြုံရေးအတွက် စိတ်ပူနေခဲ့သည်။ သို့သော် ထန်တိုက်လင် ရောက်ရှိလာသောအခါ ယဲ့ချန်အတွက် အန္တရာယ် လုံးဝရှိမည်မဟုတ်ပေ။

ပတ်ဝန်းကျင်တွင် လွှမ်းခြုံထားသော မုန်တိုင်းပိုင်နက်က လေထုထဲတွင် ပျက်ပြယ်သွားကာ ယဲ့ချန်အတွက် အသက်ရှူချောင်သွားစေခဲ့သည်။ သူက ထန်တိုက်လင်၏အကူအညီကို လိုအပ်နေဆဲပင်ဖြစ်သည်။

"ဝိညာဥ်သားရဲကပ်ဘေးကြောင့် လူတိုင်း ဒုက္ခရောက်နေတယ်။ ဒီအချိန်မှာ ငါ လူမသတ်ချင်ဘူး။ မုန်တိုင်းမျိုးနွယ်က ဒီကိစ္စကို ပြဿနာမရှာဘဲ ပြန်သွားစမ်း။ နောက်တစ်ခါ ပြန်လာရဲရင် အကုန်သတ်ပစ်မယ်"

ထန်တိုက်လင်၏ အေးစက်စက်အမိန့်သံက အဝေးမှထွက်ပေါ်လာသည်။

"ကြယ်ခန်းမက မြောက်ပင်လယ်ဘုရင်မရဲ့ လက်အောက်ခံဆိုရင် မုန်တိုင်းမျိုးနွယ်က ရန်ငြှိုးမထားရဲတော့ပါဘူး"

ကုန်းပန်က နာကျင်နေသော သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ကာ အံကြိတ်၍ စကားပြောလိုက်ရသည်။ ထန်တိုက်လင်ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူရှေ့တွင် သူက လက်လျှော့ရုံသာ တတ်နိုင်သည်။ ထန်တိုက်လင်မှ ကြယ်ခန်းမကို ကာကွယ်ပေးနေသည်မှာ သူမ၏လက်အောက်ခံဖြစ်သောကြောင့်ဟု အထင်မှားသွားခဲ့သည်။ ထန်တိုက်လင်သည် သူ့ကို အဝေးတစ်နေရာမှ ဒဏ်ရာရအောင် တိုက်ခိုက်နိုင်သည်အထိ အစွမ်းထက်သောကြောင့် သူက ရင်ထိတ်နေသည်။ မူလတွင် သူ၏ခွန်အားက ထန်တိုက်လင်နှင့် မတိမ်းမယိမ်းဟု ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့သည်။ သို့သော် သူတို့ကြားတွင် အစွမ်းချင်းက မိုးနှင့်မြေပမာကွာခြားကြောင်း ကုန်းပန်မှာ နားလည်လက်ခံလိုက်ရသည်။ သူ၏မျက်လုံးများထဲတွင် စိတ်ဓာတ်ကျနေသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

"ကြယ်ခန်းမက ငါ့လက်အောက်ခံ မဟုတ်ဘူး။ ငါနဲ့ မဟာမိတ်ပဲ"

ထန်တိုက်လင်၏စကားများက ကုန်းပန်ကို မင်သက်သွားစေသည်။ ကြယ်ခန်းမတွင် ပင်လယ်မိစ္ဆာများနှင့် မဟာမိတ်ဖြစ်နိုင်သော အရည်အချင်းမျိုးမရှိသည့်အပြင် ထူးကဲအဆင့်ကျင့်ကြံသူလည်း မရှိချေ။ အကယ်၍ အကြောင်းပြတစ်ခုပြောရလျှင် အစွမ်းထက်ပါရမီရှင်ဖြစ်သော ယဲ့ချန်ကို အာရုံစိုက်လိုက်၍ ဖြစ်နိုင်သည်။ သို့သော် ယဲ့ချန်က မည်မျှပါရမီရှိပါစေ ထန်တိုက်လင်ကဲ့သို့ အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ဂရုစိုက်စရာအကြောင်း မရှိနိုင်ပေ။

"ပါရမီရှင်ဆိုတာက သေသွားနိုင်တယ်။ အဆုံးမဲ့အဆင့်တစ်ဆယ်မှာ တစ်သက်လုံးပိတ်မိနေတဲ့ ကျင့်ကြံသူ ဘယ်လောက်များနေပြီလဲ။ ထူးကဲအဆင့်ကိုရောက်ရင်တောင် အဆင့်တစ်ကမတက်နိုင်တဲ့ ကျင့်ကြံသူတွေရော ဘယ်လောက်များနေပြီလဲ။ ထန်တိုက်လင်လို ကျင့်ကြံသူမျိုးက ဘာကြောင့် ကြယ်ခန်းမကို မဟာမိတ်လုပ်ရတာလဲ။ ကြယ်ခန်းမက ဘာအခွင့်အရေးရှိလို့ ပင်လယ်မိစ္ဆာတွေနဲ့ တန်းတူဆက်ဆံနိုင်ရတာလဲ"

သမာဓိကောင်စီ၏အကူအညီကို ရရန်အတွက် မုန်တိုင်းမျိုးနွယ်၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်းကို ဝပ်တွားခယ၍ ဆက်သခဲ့ရသော ကုန်းပန်၏စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသည်။

"ဒီလိုဆိုရင် ကျုပ်တို့ကို ခွင့်ပြုပါဦး"

ကုန်းပန်က စိတ်ထဲတွင် မကျေနပ်သော်လည်း လက်နှစ်ဖက်ဆုပ်၍ အဝေးကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက နောက်လိုက်များကိုခေါ်ဆောင်ကာ ထွက်ခွာသွားရုံသာ တတ်နိုင်ခဲ့သည်။ ယဲ့ချန်ကို တစ်ချက်လှည့်ကြည့်လိုက်သော ကုန်းကျောက်၏စိတ်ထဲတွင် မစ္ဆိရိယစိတ်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့သော မျက်ဝန်းများနှင့် ကုန်းကျောက်က ကုန်းပန်တို့နှင့်အတူ အဝေးသို့ထွက်ခွာ ပျောက်ကွယ်သွားလေသည်။

All Chapters