← Chapters

သွေးဆာရက်စက်သူများ

Vol. 34 Ch. 473

သွေးဆာရက်စက်သူများ

Vol. 34 Ch. 473

ကြယ်အမြုတေ ကျဆင်းလာစဥ်က ပိုင်နက်ကိုထုတ်ဖော်နိုင်သော ထူးကဲအဆင့်ကျင့်ကြံသူများက အစိတ်အပိုင်းတစ်ခု သို့မဟုတ် နှစ်ခု ကိုယ်စီရယူနိုင်ခဲ့သည်။ ထို့နောက် သူတို့အားလုံးက ထူးကဲအဆင့်သုံးအထက်သို့ လူတိုင်း ရောက်ရှိလာကြသည်။ ပိုင်နက်များအကြားတွင် ပွတ်တိုက်မှုကြောင့် မီးပွားများ ထွက်ပေါ်နေသော်လည်း အားလုံးက တည်ငြိမ်စွာထိုင်နေ၍ တိုက်ခိုက်မည့် လက္ခဏာများ မရှိချေ။

"ပင်လယ်မိစ္ဆာမျိုးနွယ်ရဲ့ ထန်တိုက်လင် မလာဘူးလား"

ကုရန်က မေးလိုက်ခြင်းဖြစ်သည်။

"သူမ မလာတာက ပုံမှန်ပါပဲ။ သူမက တစ်ယောက်တည်းနေသားကျနေပြီဆိုတော့ဒီ လိုပွဲတွေကို စိတ်ဝင်စားမှာမဟုတ်ဘူး"

ပိုမေ့က လက်ဖက်ရည်ကြမ်း တစ်ငုံသောက်၍ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်။ စကားမစပ် ညီအစ်ကိုပိုနဲ့ ထန်တိုက်လင် မင်္ဂလာပွဲကို ကျုပ် ဘယ်အချိန်တက်ရမှာလဲ"

ကုရန်၏မျက်လုံးများတွင် ဆိုးယုတ်သော အလင်းတစ်ခု ဖြစ်ပေါ်နေသော်လည်း မျက်နှာထက်တွင် အပြုံးတစ်ခုဆင်မြန်းထားပြီး မိတ်ဆွေကောင်းများပမာ ပြုမူနေသည်။

"မိုးကြိုးမျိုးနွယ်နဲ့ ပင်လယ်မိစ္ဆာမျိုးနွယ်က အချိန်ကျရင် ပူးပေါင်းရလိမ့်မယ်။ မင်းစိုးရိမ်နေစရာ မလိုဘူး"

ပိုမေ့က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ ကုရန်က အမြဲပြုံးနေတတ်သော်လည်း ထိုအပြုံးနောက်ကွယ်တွင် ဓားများရှိကြောင်း သူက ကောင်းစွာသိထားသည်။ သူက ပြုံးနေသော်လည်း တပြိုင်နက်တည်းမှာပင် လူသတ်သူဖြစ်သည်။ ပိုမေ့က ပွင့်လင်းသောစရိုက်ကို ပိုင်ဆိုင်ထားသဖြင့် ကုရန်ကဲ့သို့ ဟန်ဆောင်ကောင်းသူများကို ကြည့်မရချေ။ ပိုမေ့၏စကားကြောင့် ကုရန်၏မျက်လုံးများက အေးစက်သွားသော်လည်း ခေါင်းငုံ့၍သာ လက်ဖက်ရည်ကြမ်းကို အရသာခံသောက်နေခဲ့သည်။

ခေါင်းဆောင်သုံးယောက်၏ ပိုင်နက်က အစွမ်းအထက်ဆုံးဖြစ်သောကြောင့် အစည်းအဝေးရောက်လာသူတိုင်း ဖိအားကို ခံစားနေရသည်။ ပိုင်နက်အဆင့်နှစ်ကို ပိုင်ဆိုင်ထားသော ခေါင်းဆောင်များသာ ခုခံနိုင်နေပြီး ကျန်ကျင့်ကြံသူများက တိတ်ဆိတ်စွာထိုင်၍ လက်ဖက်ရည်ကြမ်းကို သောက်နေကြသည်။ သူတို့က စကားတစ်ခွန်းပင် ဝင်မပြောရဲပေ။ မဟာအကြီးအကဲရန်ဟုန်နှင့် သမာဓိကောင်စီဝင်များက ခေါင်းဆောင်သုံးယောက်နောက်တွင် မောက်မာစွာရပ်နေပြီး အခြားခေါင်းဆောင်များကို ငုံ့ကြည့်နေကြသည်။ သူတို့က ခေါင်းဆောင်သုံးယောက်ကို အစွမ်းအထက်ဆုံးဟု မှတ်ယူထားပြီး နဂါးများပင် ဦးညွှတ်ရမည်ဟု တွေးထင်ထားကြသည်။ သူတို့အတွက် ခေါင်းဆောင်သုံးယောက်က တိုက်ကြီးတစ်ခုလုံးတွင် အသန်မာဆုံးဖြစ်သောကြောင့် နောက်လိုက်ဖြစ်ရခြင်းအပေါ် ဂုဏ်ယူနေကြသည်။

"ခေါင်းဆောင်သုံးယောက်က ဝိညာဥ်သားရဲကပ်ဘေးရဲ့ အရင်းအမြစ်ကို ရှာတွေ့ထားတယ်ဆို။ လူတိုင်းရောက်နေပြီဆိုမှတော့ အဓိအချက်ကို ပြောကြတာပေါ့"

ပေါက်ကွဲလွယ်သော စိတ်ထားရှိသူ ခေါင်းဆောင်ဟေးယုက ပြောလိုက်ခြင်းဖြစ်သည်။ ပိုမေ့နှင့် ကုရန်က အရေးမပါသောစကားများပြော၍ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေသောအခါ သူက စိတ်မရှည်တော့ပေ။

"မစိုးရိမ်ပါနဲ့ ညီအစ်ကိုဟေးယု။ သမာဓိကောင်စီက ဒီကပ်ဘေးရဲ့ဇစ်မြစ်ကို တကယ်တွေ့ရှိထားပါတယ်။ ဒါပေမယ့် အစည်းအဝေးမစခင် ကျုပ် လုပ်စရာနည်းနည်းရှိတယ်"

ကုရန်က တစ်ချက်ပြုံး၍ ဟေးယုကို ပြောလိုက်သည်။ သို့သော် သူ၏မျက်နှာက ချက်ချင်းအေးစက်တင်းမာလာကာ အဆင့်နှစ်ပိုင်နက်၏အစွမ်းကို ညာလက်ညှိုးတွင်ပေါင်းစပ်၍ ပစ်ခတ်လိုက်သည်။ သူ၏အစွမ်းက ဓားတစ်စင်းပမာထက်ရှနေပြီး လူတိုင်းသတိပေါ့လျော့နေချိန်တွင် ဘန်းဘန်းဟူသော မြည်သံနှစ်ခု ထွက်ပေါ်လာသည်။ ခေါင်းဆောင်များကြားတွင် ထိုင်နေသော ကျင့်ကြံသူနှစ်ယောက်က အသံတစ်ချက်ပင်မထွက်နိုင်ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။ မဟာအရှေ့ပိုင်းတိုက်ကြီးတွင် သမာဓိကောင်စီ၏ လက်အောက်ခံမျိုးနွယ်ကြီး ခြောက်ခုရှိခဲ့ဖူးသည်။ ကုရန်သတ်လိုက်သူများမှာ ထိုမျိုးနွယ်များအနက်မှ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက် ဖြစ်သည်။ ထိုမျိုးနွယ်များက သမာဓိကောင်စီ၏ငယ်သားဖြစ်ခဲ့ဖူးသော်လည်း လက်ရှိတွင် ပုန်းကွယ်နေကြပြီး ပြင်ပကမ္ဘာသို့ ထွက်ပေါ်လာမတတ်ပေ။ ခေါင်းဆောင်နှစ်ယောက်သာ အစည်းအဝေးတက်ရန် ရောက်ရှိလာခြင်းဖြစ်သည်။ သို့သော် ကုရန်က သူတို့ကို တုံ့ဆိုင်းခြင်းမရှိ ပွဲချင်းပြီးသတ်ဖြတ်ခဲ့သည်။

သွေးအိုင်အတွင်းလဲကျနေသော အလောင်းနှစ်ခုကြောင့် အစည်းအဝေးတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားခဲ့သည်။ တက်ရောက်သူအားလုံးက မျက်နှာပျက်နေကြသည်။ သမာဓိကောင်စီက သူတို့ကို ဖိတ်ခေါ်ထားခြင်းဖြစ်သော်လည်း ပေါ်တင်လူသတ်ပြနေသည်။ စိတ်တိုလွယ်သော ခေါင်းဆောင်များက မတ်တပ်ထရပ်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် မေးခွန်းထုတ်လာကြသည်။

"သမာဓိကောင်စီက ဘာလုပ်ချင်နေတာလဲ"

"မျိုးနွယ်ခြောက်ခုက မင်းတို့နဲ့ ရန်ငြှိုးရှိတယ်ဆိုပေမယ့် မင်းတို့ကိုယ်တိုင် ရန်ငြှိုးတွေကိုမေ့ပစ်ပြီး ကပ်ဘေးကို အတူတူဖြေရှင်းမယ်လို့ ကြေညာထားတယ် မဟုတ်ဘူးလား။ သမာဓိကောင်စီက ကိုယ့်စကားကိုယ် ပြန်ဖျက်ချင်နေတာလား"

"ငါတို့ကို ဖြေရှင်းချက်တစ်ခုပေးစမ်း"

အစွမ်းထက်အင်အားစုများ၏ ခေါင်းဆောင်တိုင်းက ဆိုးဆိုးရွားရွားမျက်နှာပျက်နေကြပြီး သမာဓိကောင်စီခေါင်းဆောင်သုံးယောက်ကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ သို့သော် ပိုမေ့နှင့် အစွမ်းအထက်ဆုံးကျင့်ကြံသူများက တိတ်ဆိတ်စွာ ထိုင်နေခဲ့ကြသည်။ ကုမင်နှင့် နတ်ပန်းပဲက မျက်လုံးများမှိတ်၍ ထိုင်နေကြပြီး စင်မြင့်ထက်မှ ဆူညံသောအော်သံများက သူတို့နှင့်မသက်ဆိုင်သကဲ့သို့ လျစ်လျူရှုထားကြသည်။

"သူတို့က သေဖို့ထိုက်တန်တယ်"

အော်ဟစ်နေသူများကို စိုက်ကြည့်နေသော ကုရန်၏မျက်နှာထက်တွင် အပြုံးတစ်ခု ပြန်လည်ဖြစ်တည်လာသည်။ သူက ပေါ့ပေါ့ပါးပါးနှင့် ညာလက်ကိုယမ်းလိုက်သောအခါ အလောင်းများ၏အသွင်အပြင်က လျင်မြန်စွာပြောင်းလဲသွား၍ ခန္ဓာကိုယ်ပေါ်ရှိ အရေခွံများ ကွာကျသွားခဲ့သည်။

"သူတို့က လျန်မျိုးနွယ်နဲ့ တန်မျိုးနွယ်ရဲ့ ခေါင်းဆောင်တွေအဖြစ် ဟန်ဆောင်ထားတာပဲ"

အလောင်းများ၏မျက်နှာက ပြောင်းလဲသွားသောအခါ ကျင့်ကြံသူများက တအံ့တသြ ရေရွတ်လိုက်ကြသည်။ သမာဓိကောင်စီနှင့် မျိုးနွယ်ခြောက်ခုကြားတွင် ရန်ငြှိုးက အဘယ်ကြောင့်နက်ရှိုင်းနေမှန်း သူတို့က မသိထားပေ။ ထိုမျိုးနွယ်ခေါင်းဆောင်များက သူတို့၏အသက်အန္တရာယ်ကြောင့် ဤနေရာသို့ လွယ်လွယ်ကူကူစွန့်စား၍ လာမည်မဟုတ်ချေ။

"ငါ သူတို့ကို မှတ်မိပြီ။ လျန်ဟန်လို့ခေါ်တဲ့ လျန်မျိုးနွယ် အကြီးအကဲနဲ့ တန်ကျန်းဖုန်းလို့ခေါ်တဲ့ တန်မျိုးနွယ်ဝင်တစ်ယောက် ဖြစ်တယ်"

လူတိုင်း၏နှလုံးသားများ တင်းကျပ်သွားကြသည်။ ထိုနှစ်ယောက်က ခေါင်းဆောင်များအဖြစ် ဟန်ဆောင်လာသော်လည်း လျန်နှင့် တန်မျိုးနွယ်ဝင်များ ဖြစ်နေဆဲပင်ဖြစ်သည်။ ကုရန်က သူတို့ကို စကားတစ်ခွန်းပင်ပြောခွင့်မပြုဘဲ လျှပ်တပြက်အတွင်း သတ်လိုက်ခြင်းက အလွန်ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်ဖြစ်သည်။ သမာဓိကောင်စီက သူတို့ရှေ့တွင် အစွမ်းပြနေခြင်းဖြစ်သော်လည်း ဒေါသထွက်နေသူတိုင်းက စိတ်ကိုထိန်း၍ စောဒကမတက်ခဲ့ကြပေ။ ထို့ကြောင့် စင်မြင့်တစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

"ဒီနေရာကို ဟန်ဆောင်ပြီးလာရဲမှတော့ သမာဓိကောင်စီကိုစော်ကားလိုက်တာနဲ့ အတူတူပဲ"

အဆင့်နှစ်ပိုင်နက်ကို ထုတ်ဖော်ထားသော ကုရန်က လူအုပ်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ ပိုမေ့နှင့် အစွမ်းထက်ကျင့်ကြံသူအနည်းငယ်မှအပ ကျန်ခေါင်းဆောင်များမှာ သူ၏ဖိအားကြောင့် ခေါင်းပင်မထောင်နိုင်ကြချေ။ သူတို့အားလုံးက သက်ဆိုင်ရာအင်အားစုများတွင် ခေါင်းဆောင်များဖြစ်သော်လည်း ဤနေရာတွင် နှိမ့်ချဆက်ဆံခံနေရသည်။ လူတိုင်းက ဒေါသထွက်နေသော်လည်း သမာဓိကောင်စီ၏အစွမ်းရှေ့မှောက်တွင် ခေါင်းငုံ့ရန်မှတစ်ပါး ရွေးစရာမရှိခဲ့ပေ။

"သမာဓိကောင်စီက မင်းတို့နဲ့ အဆင်မပြေသူတိုင်းကို သတ်ပစ်မလို့လား။ ဒါဆိုရင် ငါတို့ကိုရော မင်းတို့ဘာလုပ်မှာလဲ သိချင်မိတယ်"

ထိုအချိန်၌ ပိုမေ့က ကုရန်ကို အကြည့်ချင်းဆုံကာ မေးခွန်းထုတ်လိုက်သည်။ သူ၏ကိုယ်တွင်းမှ အေးစက်စက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ကုရန်၏ပိုင်နက်ကို တိုက်ခိုက်လိုက်သည်။ ထိုအချိန်တွင်မှ လူတိုင်းခံစားရသော ဖိအားများ ပျောက်ကွယ်သွားကာ သက်ပြင်းကိုယ်စီချနိုင်ခဲ့သည်။

"ဒီမျိုးနွယ်ခြောက်ခုနဲ့ တခြားကျင့်ကြံသူတွေက မတူပါဘူးလေ"

ကုရန်က တစ်ချက်ပြုံး၍ ပိုမေ့၏အရှိန်အဝါ ထွက်ပေါ်လာလာချင်း သူ၏ပိုင်နက်ကို ရုတ်သိမ်းလိုက်သည်။ သူက ဖော်ရွေသောမျက်နှာထားကို ပိုင်ဆိုင်ထားသဖြင့် လူနှစ်ယောက်ကို လောလောလတ်လတ်သတ်ထားသူဟု ထင်စရာမရှိချေ။ သို့သော် လူတိုင်းက သတိကြီးကြီးထားနေကြသည်။ ကုရန်က နောက်ထပ်မည်သူ့ကို ထသတ်မည်မှန်း မည်သူမှ အတပ်မပြောနိုင်ချေ။ လျန်နှင့်တန် မျိုးနွယ်ဝင်နှစ်ယောက်၏ကိုယ်တွင်းမှ သွေးများပင် ဖြည်းညှင်းစွာ စီးထွက်နေဆဲပင်ဖြစ်သည်။ ကုရန်က မျက်လုံးဖြင့် အချက်ပြလိုက်သောအခါ သူ၏ငယ်သားများရောက်ရှိလာကာ အလောင်းများကို သယ်ထုတ်သွားကြသည်။ ထို့နောက် စင်မြင့်ကို သေချာစွာသန့်စင်လိုက်သောကြောင့် သွေးနံ့သာမရှိလျှင် လူသေထားကြောင်း ပြောနိုင်မည်မဟုတ်ပေ။ ပိုမေ့နှင့် အစွမ်းထက်ခေါင်းဆောင်အနည်းငယ်မှလွဲ၍ အခြားကျင့်ကြံသူတိုင်းက သတိကြီးကြီးထားနေသောကြောင့် စင်မြင့်ပေါ်ရှိပတ်ဝန်းကျင်က တင်းမာလာနေသည်။

"မင်းတို့အားလုံးကို ဖိတ်ခေါ်လိုက်တာက မဟာမိတ်တစ်ခု တည်ဆောက်ဖို့ဖြစ်တယ်။ ဝိညာဥ်သားရဲတွေက ရှေးခေတ်ကစလို့ အခုအချိန်အထိ အရှေ့ပိုင်းတိုက်ကြီးမှာ အကြီးဆုံးကပ်ဘေးဖြစ်နိုင်တယ်။ လူတိုင်းက ဒါကိုဖြေရှင်းဖို့ သမာဓိကောင်စီနဲ့ပူးပေါင်းဖို့ မျှော်လင့်ပါတယ်"

ကုန်ရန်က လူတိုင်းကြောက်ရွံ့နေသည်ကို ကျေနပ်စွာကြည့်၍ တစ်ချက်ပြုံးကာ တစ်လုံးချင်းပြောလိုက်သည်။ သူ၏အသံက ပို၍ကျယ်လောင်လာနေပြီး စကားအဆုံးတွင် ကပ်ဘေးကိုဖြေရှင်းရန် အလွန်စိတ်အားတက်ကြွနေသကဲ့သို့ ထင်မှတ်ရသည်။

"ဒါဆိုရင် ငါတို့က ဘယ်လိုမဟာမိတ်မျိုးလုပ်ရမယ်ဆိုတာကို မင်းတို့ခေါင်းဆောင်သုံးယောက်က ပြောစမ်းပါဦး"

ဟေးယုက ကုရန်၏လုပ်ရပ်ကို မကျေမချမ်းဖြစ်နေသောကြောင့် အေးစက်စက်မေးလိုက်သည်။ သူ၏အသံတွင် ဒေါသစိတ်များ ထင်ဟပ်နေသည်။

"သမာဓိကောင်စီက ဒီကပ်ဘေးကို တစ်ကိုယ်တော်မဖြေရှင်းနိုင်ဘူး။ မင်းတို့က ငါတို့အမိန့်အောက် ပူးပေါင်းမယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါပေမယ့် မင်းတို့က သမာဓိကောင်စီကို မယုံဘူးထင်တယ်။ ဥပမာပြောရရင် ညီအစ်ကိုပိုတောင် ဝိညာဥ်ကိုယ်ပွားကို လွှတ်လိုက်တယ်။ အချို့အင်အားစုတွေက အရေးမပါတဲ့ကျင့်ကြံသူတွေ ရောက်လာကြတယ်။ မင်းတို့က မရိုးသားဘူးထင်တယ်"

ကုရန်က ဟေးယုကို စိုက်ကြည့်၍ ပြန်ဖြေလိုက်သည်။ သူ၏စကားအဆုံးတွင် လူတိုင်းက သမာဓိကောင်စီ၏ရည်ရွယ်ချက်ကို နားလည်သွားကြသည်။ ခေါင်းဆောင်သုံးယောက်က အခြားအင်အားစုများကို သူတို့လက်အောက်သို့ သွတ်သွင်းလိုနေကြသည်။ အစည်းအဝေးတက်ရောက်လာသော အင်အားစုများက ရှေးခေတ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး သမိုင်းကြောင်းကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ သူတို့က အမွေအနှစ်များကို သူတို့လက်ထက်ရောက်မှ အပျက်အစီးမခံနိုင်ကြချေ။ အကယ်၍ သမာဓိကောင်စီ၏လက်အောက်သို့ ခိုဝင်လိုက်လျှင် ခေါင်းဆောင်များက မျိုးနွယ်ဝင်များနှင့် တပည့်များကို ဖြေရှင်းနိုင်မည်မဟုတ်သကဲ့သို့ ဘိုးဘေးများရှေ့တွင် မျက်နှာပြစရာမရှိအောင် အရှက်ရကြပေလိမ့်မည်။

"ကြည့်ရတာ ထန်တိုက်လင်ပြောတာ မှန်နေပြီပေါ့။ မင်းတို့က သူမကို ချုံခိုတိုက်ခိုက်ခဲ့တယ်။ သမာဓိကောင်စီက ကပ်ဘေးကိုအကြောင်းပြပြီး အရှေ့ပိုင်းတိုက်ကြီးရဲ့အင်အားစုတွေကို ဖယ်ရှားဖို့ ကြံစည်နေတာလား"

ပိုမေ့က စားပွဲကို လက်ဖြင့် တတောက်တောက်ခေါက်၍ ရေရွတ်လိုက်သည်။ သူ၏မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် အေးစက်တင်းမာနေသည်။

"ထန်တိုက်လင်ကို တိုက်ခိုက်တာအတွက် အကြောင်းပြချက်ပေးပါမယ်။ မင်းသာ သူမကို သမာဓိကောင်စီရဲ့မဟာမိတ်အဖြစ် ခေါ်ဆောင်နိုင်ရင် အနာဂတ်မှာ မတိုက်ခိုက်တော့ပါဘူး"

ကုရန်က ထိုကိစ္စကိုဖုံးကွယ်ရန် မကြိုးစားဘဲ အမှန်အတိုင်း ဝန်ခံလိုက်သည်။ သူ၏လေသံက မောက်မာနေပြီး ထန်တိုက်လင်ကို ချုံခိုတိုက်ခိုက်သည့်အပေါ် စိုးရိမ်ကြောင့်ကြနေခြင်းမရှိပေ။ သမာဓိကောင်စီက အစွမ်းထက်ခေါင်းဆောင်များရှေ့တွင် မောက်မာပြနေသောကြောင့် အားကိုးတစ်ခုခုရှိနေပုံပေါ်သည်။ ကုရန်၏စကားကြောင့် လူတိုင်းဒေါသထွက်သွားကြပြီး မောက်မာလွန်းသော သမာဓိကောင်စီကြောင့် မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤအစည်းအဝေးတွင် ဆိုးရွားသော အကြံအစည်များ ရှိနေနိုင်သည်။

"ဟမ့် သမာဓိကောင်စီက တော်တော်မောက်မာနေတယ်ပေါ့။ မင်းတို့က စားနိုင်တာထက် ပိုမြိုချမိလို့ စားပိုးနင့်မှာ မကြောက်ဘူးလား။ အပြင်ဘက်မှာ ဝိညာဥ်သားရဲတွေကြောင့် နေ့တိုင်း လူတွေ သေနေရတယ်။ ဒါကို မင်းတို့က အာဏာအတွက် ဆာလောင်နေကြတယ်။ ငါတို့မီးတောက်သစ်နက်မျိုးနွယ်က မင်းတို့လိုလူစားမျိုးတွေနဲ့ ပူးပေါင်းစရာ အကြောင်းမရှိဘူး။ ကျန်တဲ့မျိုးနွယ်တွေကလည်း မင်းတို့လက်အောက် ဘယ်တော့မှအညံ့ခံမှာမဟုတ်ဘူး"

ဟေးယုက ဒေါသတကြီးထရပ်လိုက်သောအခါ သူ၏ကိုယ်တွင်းမှ အရှိန်အဝါတစ်ခု ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူနှင့်အနီးဆုံးတွင်ရှိနေသော စားပွဲအချို့က ဘန်းခနဲပေါက်ကွဲသွားကာ အမှုန့်ဖြစ်ကုန်သည်။ လူတိုင်းက သူ၏ဒေါသစိတ်ကို ခံစားမိနေကြသည်။ ဟေးယု၏စကားကို ကြားသောအခါ ကုရန်ဘေးတွင်ထိုင်နေသော ကုမင်၏မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့သည်။ သွေးဆာသတ်ဖြတ်လိုစိတ်တစ်ခုက ထိုမျက်လုံးများတွင် ထင်ဟပ်နေသည်။ ဟေးယုထံမှ ထွက်ပေါ်လာသော အဆင့်နှစ်ပိုင်နက်က ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရသကဲ့သို့ အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။ ထို့နောက် သူ၏မျက်နှာက ကြောက်စိတ်ကြောင့် သွေးဆုတ်ဖြူရော်သွားကာ မည်သို့မှမတုံ့ပြန်နိုင်ခင် တစ်ကိုယ်လုံး အက်ကြောင်းများ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက နာကျင်စွာအော်ဟစ်၍ ဘန်းခနဲပေါက်ကွဲသွားကာ သွေးနှင့်အသားစများ နေရာအနှံ့ပြန့်ကျဲသွားခဲ့သည်။ ကုမင်က စင်မြင့်တစ်ခုလုံးကိုဝေ့ကြည့်၍ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မျက်လုံးများ ပြန်မှိတ်လိုက်လေသည်။

All Chapters