← Chapters

သမာဓိကောင်စီထံ အညံ့ခံရခြင်း

Vol. 34 Ch. 474

သမာဓိကောင်စီထံ အညံ့ခံရခြင်း

Vol. 34 Ch. 474

ဟေးယုအနီးတွင် ထိုင်နေသူများ၏ မျက်နှာနှင့်ကိုယ်ပေါ်သို့ အနီရောင်သွေးများ စွန်းထင်းသွားကာ အချို့က တုန်ယင်နေကြသည်။ စင်မြင့်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ဤနေရာသို့ရောက်ရှိလာသူများမှာ အစွမ်းထက်အင်အားစုများတွင် ခေါင်းဆောင်များဖြစ်သောကြောင့် လူသေသည်ကို မထူးဆန်းသော်လည်း ဟေးယု၏သေဆုံးမှုကို ထိတ်လန့်သွားကြသည်။ သူက အဆင့်နှစ်ပိုင်နက်ကိုနားလည်ထားသော ထူးကဲအဆင့်ငါး ကျင့်ကြံသူဖြစ်သော်လည်း ကုမင်၏အကြည့်တစ်ချက်တွင် ပေါက်ကွဲသေဆုံးသွားခဲ့သည်။ ကုမင်က အလွန်အစွမ်းထက်နေပြီး ကြီးမြတ်သူအဆင့်အောက်တွင် သမာဓိကောင်စီ၏ခေါင်းဆောင်များက အမှန်တကယ် အသန်မာဆုံးဖြစ်နေနိုင်သည်။

"စိတ်မရှိကြပါနဲ့ဗျာ။ ခေါင်းဆောင်ဟေးကြောင့် နည်းနည်းဆူညံသွားလို့ပါ"

ကုရန်က နားအတွင်း လက်ညှိုးဖြင့်ကလော်ဟန်ပြု၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။ ဟေးယု သေဆုံးသွားချိန်တွင် သာမန်ဖြစ်ရိုးဖြစ်စဥ်ကဲ့သို့ သူက မျက်တောင်တစ်ချက်ပင် မခတ်ချေ။ ကုရန်၏အပြုံးကြောင့် ကျင့်ကြံသူများက ကျောရိုးထဲမှ စိမ့်တက်လာကြသည်။ သူတို့က အစည်းအဝေးသို့တက်ရောက်ရဲသည်မှာ သမာဓိကောင်စီနှင့် ရန်ငြှိုးမရှိသောကြောင့်ဖြစ်သည်။ အချို့ဆိုလျှင် ဆက်ဆံရေး အထူးကောင်းမွန်သည်။ သို့သော် ဤအစည်းအဝေးက သူတို့ထင်ထားသည်နှင့်မတူညီဘဲ ထောင်ချောက်တစ်ခုဖြစ်နေခဲ့သည်။

"ကျုပ်တို့မုန်တိုင်းမျိုးနွယ်က သမာဓိကောင်စီရဲ့ လက်အောက်ခံအဖြစ် ပူးပေါင်းချင်ပါတယ်။ အခုအချိန်ကစလို့ ခေါင်းဆောင်သုံးယောက်အတွက် ဘာလုပ်ရလုပ်ရ အမိန့်နာခံပါမယ်"

ကုန်းပန်က ရှေ့ဆုံးမှဦးဆောင်ပြီး ခေါင်းဆောင်သုံးယောက်ရှေ့တွင် ဒူးတစ်ဖက်ထောက်ချလိုက်သည်။

"ကျုပ်တို့လည်း သမာဓိကောင်စီရဲ့ လက်အောက်ခံဖြစ်လိုပါတယ်"

အစွမ်းထက်အင်ပါယာများ၏ တော်ဝင်မျိုးနွယ်များလည်း ဒူးထောက်လာကြသည်။ သူတို့အထဲတွင် အလယ်အင်ပါယာ၏ တော်ဝင်မျိုးနွယ်လည်း ပါဝင်နေသည်။ ဤကျင့်ကြံသူများက သမာဓိကောင်စီလက်အောက်သို့ ခိုဝင်ပြီးဖြစ်သောကြောင့် ဒူးထောက်ခြင်းက ဟန်လုပ်ရုံသာဖြစ်သည်။

အစည်းအဝေးတက်ရောက်လာသူများက ခေါင်းဆောင်သုံးယောက်၏အစွမ်းကို ကြောက်လန့်သောကြောင့် ဝေခွဲရခက်နေသည်။ မုန်တိုင်းမျိုးနွယ်၏လုပ်ရပ်က သူတို့၏စိတ်ကို ချိနဲ့လာစေပြီး အကယ်၍ ဒူးမထောက်လျှင် ဤနေရာမှ အသက်ရှင်လျက်ပင် ထွက်သွားနိုင်မည်မဟုတ်ချေ။ ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်လာကာ သူတို့က အသက်နှင့် သိက္ခာကို လဲလှယ်ခဲ့ကြသည်။ ကျင့်ကြံသူပေါင်းငါးဆယ်ကျော် ဒူးထောက်လိုက်ကြပြီး ပိုင်နက်အဆင့်နှစ်ပိုင်ရှင် ငါးယောက်နှင့် အဆင့်တစ်ပိုင်နက်ပိုင်ရှင် ၁၃ယောက်သာ ထိုင်လျက်ကျန်ရစ်ခဲ့သည်။ ကုမင်၏အစွမ်းက ကြောက်စရာကောင်းသော်လည်း သူတို့အားလုံးက ပိုမေ့လှုပ်ရှားလာမည်ကို စောင့်ကြည့်နေခြင်းဖြစ်သည်။ မိုးကြိုးသားရဲမျိုးနွယ်တစ်ခုတည်းက သမာဓိကောင်စီကို ဆန့်ကျင်နိုင်စွမ်းမရှိသော်လည်း ဆေးဘုရင်မြို့တော်၊ လက်နက်ကောင်စီနှင့် စစ်နတ်ဘုရားကျောင်းတော် အားလုံးပူးပေါင်းလိုက်လျှင် အခွင့်အရေးတစ်ခုရှိနေသည်။ ပတ်ဝန်းကျင်က ဖြည်းဖြည်းချင်းတင်းမာလာနေပြီး လူသတ်လိုစိတ်များ ရစ်သိုင်းလာချိန်တွင် ပိုမေ့၏စကားကို လူတိုင်း စောင့်မျှော်နေကြသည်။

"ဒါက တကယ့်ကိုကောင်းတယ်။ လက်ဖက်ရွက်က ဝိညာဥ်ပိုက်ကွန်တောင်ရဲ့ ဝိညာဥ်အပ်ဖြစ်မယ်။ ခေါင်းဆောင်သုံးယောက်က တော်တော်ရက်ရောတာပဲ။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့လက်ဖက်ရည်ကို ငါက ဆက်မသောက်နိုင်တော့မှာ စိုးရိမ်ရတယ်"

ပိုမေ့က သူ၏လက်ဖက်ရည်ကြမ်းခွက်ကို တစ်ငုံသောက်၍ ပြောလိုက်ခြင်းဖြစ်သည်။

"ဧကရာဇ်ပိုက အားနာနေစရာမလိုပါဘူး။ မင်းသာ သမာဓိကောင်စီနဲ့ပူးပေါင်းရင် လက်ဖက်ရည်ကောင်းသောက်ခွင့်ရမှာပါ။ ငါက နတ်မိုးကြိုးမြို့တော်အထိ ပို့ပေးလိုက်ပါမယ်"

ကုရန်က သူ၏ခွက်ကိုမြှောက်ကာ ဂုဏ်ပြုဟန်ဖြင့် ပြောလိုက်သည်။ သူတို့နှစ်ယောက်က ပြုံးရွှင်စွာ စကားပြောနေကြသော်လည်း စကားလုံးများနောက်ကွယ်တွင် ဓားသွားများ တည်ရှိနေသည်။ အခြားကျင့်ကြံသူများက ဤအခြေအနေကြောင့် အသက်ပင် ကောင်းကောင်းမရှူရဲခဲ့ပေ။ ပတ်ဝန်းကျင်၌ ဖိအားကြီးတစ်ခုသာ ကြီးစိုးနေသည်။

"စကားမစပ် ဒါကို တစ်ချက်ကြည့်ပေးကြပါ။ ငါက မင်းတို့ကိုပြပေးဖို့ မေ့နေလို့ တကယ်တောင်းပန်ပါတယ်"

လျှို့ဝှက်တောင်ကြားတစ်ခုအတွင်း မြူများက အချိန်တိုင်းရစ်သိုင်းနေကာ အတွင်းမှအခြေအနေကို မည်သူမှမမြင်နိုင်စေရန် ဖုံးကွယ်ထားသည်။တောင်ကြားတစ်ခုလုံးကို ကာကွယ်ရေးအစီအရင်တစ်ခုက ကာကွယ်ထားပြီး ဤနေရာအကြောင်းသိထားသော ကျင့်ကြံသူအချို့က မျက်နှာပျက်သွားကြသည်။ ပုံရိပ်အတွင်း တောင်ကြားသို့ ကျင့်ကြံသူသုံးယောက် ပျံသန်းရောက်ရှိလာခဲ့သည်။ ထိုသုံးယောက်က သမာဓိကောင်စီ၏ အမှတ်အသားရေးထိုးထားသော အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားကာ အင်္ကျီလက်စများတွင် သမာဓိရွှေဓားပုံ ရေးထိုးထားသည်။ ထို့နောက် သူတို့က ဓားများဆွဲထုတ်၍ ခုတ်ပိုင်းလိုက်သောအခါ ကာကွယ်ရေးအစီအရင်က စက္ကူပမာ ပျက်စီးသွားသည်။ တောင်ကြားအတွင်းမှ ကျင့်ကြံသူများက ဒေါသတကြီးဖြင့် ပြေးထွက်လာကြသော်လည်း ဓားအရိပ်များ ဖုံးလွှမ်းခံလိုက်ရ၏။ ဤနေရာက သမာဓိကောင်စီနှင့်ရန်ငြှိုးရှိသော တန်မျိုးနွယ်၏ ဌာနချုပ်ဖြစ်သည်။

"ဒီလူက တန်မျိုးနွယ်ခေါင်းဆောင် တန်ရီ မဟုတ်လား"

ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်ခြင်းဖြစ်သည်။ သမာဓိကောင်စီဝင်သုံးယောက်လုံးက ထူးကဲအဆင့်နှစ်အထက် ကျင့်ကြံသူများဖြစ်သောကြောင့် တောင်ကြားအတွင်း ပြိုင်ဘက်ကင်းနေကာ တန်ရီလည်း အသတ်ခံလိုက်ရသည်။ သူတို့ရောက်သမျှနေရာတိုင်း သွေးချောင်းစီးနေခဲ့သည်။ သူတို့က အသက်အရွယ်၊ လိင်၊ ကလေးလူကြီးမရွေး သတ်ဖြတ်နေသောကြောင့် တောင်ကြားအတွင်း အလောင်းများ ပုံသွားလေသည်။

"သမာဓိကောင်စီ တနေ့မှာ မင်းတို့အားလုံး အသေဆိုးနဲ့သေရမယ်"

အဘိုးအိုတစ်ယောက်က ရူးသွပ်နေဟန်ဖြင့် အော်ဟစ်ကျိန်ဆဲလိုက်သည်။ သို့သော် သူ၏ရင်ဝကို ဓားတစ်စင်း ဖောက်ဝင်သွားသောကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"ဟား ဟား ရယ်စရာကောင်းလိုက်တဲ့စကားကွာ။ တန်မျိုးနွယ်ခေါင်းဆောင်ဟောင်းက တော်တော်ဟာသပြောတတ်တယ် မထင်ဘူးလား"

ကုရန်က ရယ်မော၍ လက်ကိုယမ်းလိုက်သောအခါ နောက်ထပ်ပုံရိပ်တစ်ခု ပြောင်းလဲသွားခဲ့သည်။ မျိုးနွယ်ခြောက်ခုအနက် မိုမျိုးနွယ်သည်လည်း တောင်ကြားတစ်ခုအတွင်း တည်ရှိနေသည်။ သမာဓိကောင်စီဝင်သုံးယောက် ထွက်ပေါ်လာကာ မိုမျိုးနွယ်ရှိလူတိုင်းကို အလွတ်မပေးဘဲ သတ်ဖြတ်လိုက်ပြန်သည်။ သမာဓိကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုက လူတိုင်းကို မျက်လုံးပြူးသွားစေခဲ့သည်။

"သမာဓိကောင်စီမှာ ထူးကဲအဆင့်ကျင့်ကြံသူတွေ မှိုလိုပေါက်နေတာလား"

စင်မြင့်ပေါ်ရှိခေါင်းဆောင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့၏နဖူးထက်တွင် ချွေးများစီးကျနေကာ ဒူးထောက်နေသူအရေအတွက် ပိုတိုးလာခဲ့သည်။ အကယ်၍ သူတို့သာ အညံ့မခံလျှင် နောက်ထပ်သုတ်သင်ခံရမည်မှာ သူတို့၏အင်အားစုများ ဖြစ်ပေလိမ့်မည်။ သူတို့က အားနည်းလွန်းနေသဖြင့် ကျောက်တောင်ကို ကြက်ဥဖြင့်ပေါက်ရန်လည်း သတ္တိမရှိချေ။ ကျားကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးနေသောအခါ သမာဓိကောင်စီလက်ထဲတွင် သူတို့၏ငယ်သားများကို အသေမခံနိုင်ချေ။

"ပညာရှိသူတွေက အခြေအနေကို နားလည်တတ်တယ်"

ကုရန်က ဒူးထောက်နေသူများကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

"မြို့အရှင်နဲ့ ကောင်စီသခင်ရော ဘယ်လိုသဘောရလဲ"

ကုရန်၏အကြည့်က ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီ၏ ခေါင်းဆောင်များထံ ကျရောက်လာကာ မေးလိုက်ခြင်းဖြစ်သည်။ထိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ခါးသက်သက်ပြုံးလိုက်မိကြသည်။ သူတို့၏အခြေအနေက မိုးကြိုးမျိုးနွယ် ၊စစ်နတ်ဘုရားကျောင်းတော်တို့နှင့် ကွာခြားသည်။ ထိုအင်အားစုများ၏ပိုင်နက်က အခြားနေရာများတွင်တည်ရှိကာ သမာဓိကောင်စီမှ ဖျက်ဆီးလိုလျှင် များစွာအားထုတ်ရပေလိမ့်မည်။ သို့သော် သူတို့က ဝိညာဥ်ကပ်ဘေးကြောင့် ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီ၏ အဓိအင်အားများကို သမာဓိကောင်စီ၏ပိုင်နက်ဖြစ်သော တော်ဝင်မြို့တော်သို့ ပြောင်းရွှေ့လာမိခဲ့ကြသည်။ အကယ်၍ သူတို့သာ အညံ့မခံလျှင် သမာဓိကောင်စီက အချိန်မရွေး တိုက်ခိုက်လာနိုင်စွမ်းရှိနေသည်။

"ဆေးဘုရင်မြို့တော်က အညံ့ခံပါမယ်"

"လက်နက်ကောင်စီလည်း အညံ့ခံပါတယ်"

ရောင်ချန်နှင့် ရွှမ်လင်းက ရွေးချယ်စရာမရှိသောကြောင့် အညံ့ခံလိုက်ရသော်လည်း မျက်လုံးများထဲတွင် လူသတ်လိုစိတ်က အထင်းသားဖြစ်ပေါ်နေသည်။ အကယ်၍ အခွင့်အရေးသာရှိလျှင် အနာဂတ်၌ သမာဓိကောင်စီကို နှစ်ဆပြန်လက်စားချေရန် တေးမှတ်ထားလိုက်ကြသည်။

"ဟား ဟား ကောင်းတယ်။ကောင်းတယ်"

ကုရန်က အောင်နိုင်သူတစ်ယောက်ဟန်ပန်ဖြင့် ရယ်မောလိုက်သည်။ သူ၏ရယ်သံကြောင့် ရောင်ချန်နှင့် ရွှမ်လင်းက အံကြိတ်၍ စိတ်ထဲမှ ကျိန်ဆဲလိုက်ကြသည်။ ဆေးဘုရင်မြို့တော်နှင့် လက်နက်ကောင်စီက အမြဲတမ်း ထိပ်တန်းအင်အားစုများဖြစ်ခဲ့သောကြောင့် အရှက်ကွဲမခံလိုပေ။ အကယ်၍ ဝိညာဥ်သားရဲကပ်ဘေးကြောင့် သူတို့က သမာဓိကောင်စီနှင့် အနီးဆုံးနေရာသို့ ပြောင်းရွှေ့မလာမိလျှင် ဤမျှအလွယ်တကူ အနိုင်ကျင့်ခံရမည်မဟုတ်ပေ။ လက်ရှိအချိန်တွင် သူတို့က ယာယီသည်းခံနေရုံသာ တတ်နိုင်သည်။

"ကျောင်းတော်သခင်ကျန်းနဲ့ မျိုးနွယ်ခေါင်းဆောင်ရှရော ဘယ်လိုထင်သလဲ"

ကုရန်က လက်ဖက်ရည်ကြမ်းတစ်ငုံသောက်၍ စစ်နတ်ဘုရားကျောင်းတော်သခင် ကျန်းလီနှင့် သဲသားရဲမျိုးနွယ်ခေါင်းဆောင် ရှထုံတန်းကို မေးလိုက်ခြင်းဖြစ်သည်။ သူ၏လေသံက ပုံမှန်ဖြစ်သော်လည်း ဖိအားပေးသည့်သဘောမျိုး သက်ရောက်နေသည်။

"ကုရန် ငါနားမလည်တာ တစ်ခုရှိတယ်။ ပြောသင့်ပါမလားတော့ မသိဘူး"

ထိုအချိန်၌ တစ်ချိန်လုံး ငြိမ်သက်နေခဲ့သော ပိုမေ့က ဖြတ်ပြောလိုက်ခြင်းဖြစ်သည်။ သူ၏မျက်လုံးများက တည်ငြိမ်လွန်းနေသောကြောင့် အတွေးများကို ခန့်မှန်းရခက်ခဲနေသည်။

"ရပါတယ်။ ပြောပါ"

ကုရန်က သူ၏ဘယ်လက်မရှိ ကျောက်စိမ်းလက်စွပ်ကို ညာလက်ဖြင့်ပွတ်သပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူက မည်သည်ကိုမှ အရေးစိုက်စရာမလိုဟူသော အသွင်မျိုးဖြင့် ပေါ့ပေါ့ပါးပါးရှိနေသည်။

"ဝိညာဥ်သားရဲကပ်ဘေးက ပိုပိုပြီးပြင်းထန်လာနေတယ်။ သမာဓိကောင်စီက အင်အားစုအကုန်လုံးကို ဝါးမျိုနိုင်ရင်တောင် ဒီကပ်ဘေးကို ဖြေရှင်းနိုင်မယ်လို့ အာမခံချက်ရှိလား"

ပိုမေ့က တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ သမာဓိကောင်စီလက်အောက်သို့ အခြားအင်အားစုများ ဆက်တိုက်ကျရောက်သွားသော်လည်း သူ၏စိတ်က တစ်ချက်ပင် တုန်လှုပ်မနေခဲ့ပေ။

"ငါ ပွင့်ပွင့်လင်းလင်းပြောမယ်။ ကြယ်သလင်းကျောက်ထဲမှာ အမည်မသိလူပြောတာ အမှန်ပဲ။ တိုက်ကြီးလေးခုလုံး ဝိညာဥ်သားရဲတွေကို ရင်ဆိုင်နေရပြီး တရားခံက ထျန်းယွမ်ကောင်းကင်မြို့တော်ဖြစ်တယ်"

ကုရန်က ဖြေလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်နှင့် ထန်တိုက်လင်၏စကားကို အရေးမစိုက်မိခြင်းအပေါ် အစည်းအဝေးတက်ရောက်သူများက နောင်တရသွားကြသည်။

"အားအနည်းဆုံးကျင့်ကြံသူတောင် ကြီးမြတ်သူအဆင့်ကိုရောက်နေတဲ့ ထျန်းယွမ်ကောင်းကင်မြို့တော်ကို ဘယ်သူမှ ရင်မဆိုင်နိုင်ဘူး။ ဒါပေမယ့် သူတို့က ငါတို့ကို သတ်မှာမဟုတ်ဘူး။ ငါတို့ထဲက ကြီးမြတ်သူအဆင့်တွေကို ဝင်ခွင့်ပေးလိမ့်မယ်။ ငါတို့ခေါင်းဆောင်သုံးယောက်က ရွေးချယ်ခံရဖို့ အလားအလာအရှိဆုံးဖြစ်တယ်။ ငါတို့က ကြီးမြတ်သူအဆင့်ကိုရောက်ရင် မင်းတို့အားလုံးကိုလည်း အဆင့်တက်နိုင်ဖို့ ကူညီပေးမယ်။ ပြီးရင် ထျန်းယွမ်ကောင်းကင်မြို့တော်ကို အတူသွားကြတယ်။ တကယ်လို့ မပူးပေါင်းချင်ဘူးဆိုရင် မင်းတို့က ဝိညာဥ်သားရဲတွေကြောင့် သေရမှာပါပဲ။ သမာဓိကောင်စီလက်အောက်ခံအဖြစ် အသက်ရှင်တာ မကောင်းဘူးလား"

ကုန်ရန်က သူ့ကိုယ်သူအထင်ကြီးစွာဖြင့် ဆက်ပြောလိုက်သည်။

"ဟား ဟား မင်းပြောသလိုဆိုရင် သမာဓိကောင်စီက ငါတို့အတွက် တော်တော်တွေးပေးထားတာပဲ"

ပိုမေ့သည် ပြက်လုံးတစ်ခု ကြားလိုက်ရသကဲ့သို့ ခွက်ထိုးခွက်လှန်ရယ်မောလိုက်သဖြင့် ရယ်သံကြီးက ဟိန်းထွက်သွားခဲ့သည်။ အမှန်တကယ်မှာ သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်က သူတို့အဆင့်တက်နိုင်ရန်အတွက် အင်အားစုအားလုံး၏ အရင်းအမြစ်များကို လက်ဝါးကြီးအုပ်လိုခြင်းဖြစ်သည်။ လူတိုင်းကို ထျန်းယွမ်မြို့တော်သို့ ခေါ်ဆောင်သွားမည်ဟု ဆိုခြင်းက အမှန်တကယ်ရယ်စရာကောင်းနေပြီး ကြီးမြတ်သူအဆင့်သို့ရောက်ရန် မလွယ်ချေ။

"မှန်တာပေါ့ကွာ။ အရှေ့ပိုင်းတိုက်ကြီးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သမာဓိကောင်စီက တိုက်ကြီးတစ်ခုလုံးရဲ့ သေရေးရှင်ရေးကို ပခုံးပေါ် ထမ်းထားရတယ်လေ"

ကုရန်က အရှက်မဲ့စွာဖြင့် မျက်နှာပြောင်တိုက်လိုက်ခြင်းဖြစ်သည်။ အခြေအနေကိုမသိထားလျှင် သူ၏အမူအရာနှင့် စကားများက ယုံကြည်အားကိုးထိုက်ပုံပေါ်သည်။ အစည်းအဝေးတက်ရောက်လာသူတိုင်းက သွေးဆာရက်စက်၍ တစ်ကိုယ်ကောင်းဆန်လွန်းသော ခေါင်းဆောင်သုံးယောက်၏လုပ်ရပ်ကို မြင်ဖူးထားသောကြောင့် လုံးဝမယုံချေ။

"ကြည့်ရတာ အမည်မသိလူက အမှန်အတိုင်းပြောပြခဲ့တယ်ထင်တယ်။ သူပြောခဲ့တာက ဒီခွေးကောင်သုံးယောက်ဟာ မိစ္ဆာကျင့်စဥ်တွေ ကျင့်ကြံထားတယ်ဆိုပဲ"

ပိုမေ့က စိတ်ထဲမှရေရွတ်ရင်း ခေါင်းဆောင်သုံးယောက်ကို စိုက်ကြည့်လိုက်သည်။ သူ၏အကြည့်က ကုမင်၊ ကုရန်နှင့် နတ်ပန်းပဲကို ဖြတ်သန်းသွားသော်လည်း မည်သည့်မိစ္ဆာအရှိန်အဝါကိုမှ မခံစားရပေ။

"မင်းက မိစ္ဆာအရှိန်အဝါကို အာရုံခံကြည့်နေတာလား။ ဒါက လုံးဝအဓိပ္ပါယ်မရှိတဲ့ သတင်းပါ"

ကုရန်က လှောင်ပြောင်ရယ်မောလိုက်သည်။

"သူ့စကားကို ငါ ယုံတယ်။ ငါကိုယ်တိုင်က အမြင်မစူးရှတာ ဖြစ်လိမ့်မယ်"

ပိုမေ့က မျက်မှောင်ကြုတ်လိုက်သည်။

"ပိုမေ့ မင်းက လူတိုင်းကို လွယ်လွယ်မယုံသင့်ဘူး။ အမည်မသိလူက မင်းနဲ့ သမာဓိကောင်စီကြား သွေးထိုးနေတာဖြစ်ရမယ်"

"သူက သွေးထိုးနေတာဆိုရင် သူ့အတွက် ဘာကောင်းကျိုးရှိနိုင်မှာလဲ"

ပိုမေ့က စကားပြောနေရင်း သူ၏ညာလက်တွင် လျှပ်စီးများ တဖြတ်ဖြတ်ထွက်ပေါ်လာလေသည်။

All Chapters