← Chapters

စစ်ကြေညာခြင်း

Vol. 34 Ch. 475

စစ်ကြေညာခြင်း

Vol. 34 Ch. 475

"မိုးကြိုးမျိုးနွယ်နဲ့ သမာဓိကောင်စီကြားမှာ စစ်ပွဲတစ်ခုဖြစ်လာရင် တစ်ယောက်ယောက်ကတော့ အကျိုးရှိလိမ့်မယ်"

ပိုမေ့ကိုစိုက်ကြည့်နေသော ကုရန်၏မျက်လုံးများအတွင်း လူသတ်လိုစိတ်တစ်ခု ဖြတ်ခနဲ ဖြစ်ပေါ်လာသည်။ လေထဲတွင် ပိုင်နက်နှစ်ခုက အချင်းချင်းဆန့်ကျင်နေသဖြင့် ပတ်ဝန်းကျင်က တင်းမာလာသည်။

"ကျန်းလီ ရှထုံတန်း မင်းတို့နှစ်ယောက်လုံးက သမာဓိကောင်စီကို အညံ့ခံမယ်လို့ မပြောကြသေးဘူးလား"

ကုရန်က နှာခေါင်းရှုံ့၍ ပြောလိုက်သောအခါ အပြုံးက ပျောက်ကွယ်နေပြီဖြစ်သည်။ သူက စိတ်မရှည်တော့သဖြင့် ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားခဲ့သည်။ ကျန်းလီနှင့် ရှထုံတန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ယောက်လုံးက သက်ဆိုင်ရာပိုင်နက်များတွင် ဘုရင်များဖြစ်သောကြောင့် သမာဓိကောင်စီ လက်အောက်ခံရုပ်သေးများ ဖြစ်လာရန် လက်မခံနိုင်ပေ။

"အစ်ကိုပို ကျုပ် အရင်သွားနှင့်ပြီ။ အနာဂတ်မှာ ပျော်စရာတွေရှိလာရင် ကျုပ်ကိုခေါ်လိုက်ဖို့ မမေ့နဲ့ဦး"

ကျန်းလီက တစ်ချက်ပြုံး၍ ပိုမေ့ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်က ထူးဆန်းစွာ တွန့်လိမ်လာသည်။

"ငါတို့ ပြန်တွေ့ရဦးမှာပါ"

ပိုမေ့က ကျန်းလီ၏လုပ်ရပ်ကို မအံ့သြသောကြောင့် ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။ သူတို့က အရာအားလုံးကို အစည်းအဝေးမစခင် ကြိုတင်တိုင်ပင်၍ ဆုံးဖြတ်ထားပြီးဖြစ်သည်။

"တည်နေရာရွှေ့ပြောင်းကျင့်စဥ်။ မင်းက ထွက်ပြေးချင်တာလား။ အိပ်မက်ထဲမှာတောင် မရဘူး။ ပြန်လာစမ်း"

အခြေအနေကို ရိပ်စားမိသွားသော ကုရန်၏မျက်နှာက အေးခဲသွားခဲ့သည်။ သူက ပိုင်နက်စွမ်းအားကို ဧရာမလက်ကြီးတစ်ဖက်ပမာ ဖန်တီး၍ ကျန်းလီကို ဆွဲယူလိုက်သည်။ သူ၏လက်ကြီးအတွင်း ဆန်းကျယ်သောချီအချို့ ပါဝင်နေကာ ပတ်ဝန်းကျင်လေဟာနယ်ပင် ပုံပျက်သွားခဲ့သည်။ ကုရန် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ပိုမေ့က သူ၏လက်ဖက်ရည်ခွက်ကို ထိုလက်ကြီးထံ ပစ်ပေါက်လိုက်သည်။ ဘန်းခနဲမြည်သံနှင့်အတူ ခွက်က အမှုန့်ဖြစ်သွားပြီး ကုရန်၏လှုပ်ရှားမှုများ ခဏတာတန့်သွား၍ ကျန်းလီ လွတ်မြောက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

"သဲလွတ်မြောက်ရေးကျင့်စဥ်"

ကျန်းလီ၏ဘေးတွင် ထိုင်နေသော ရှထုံတန်း၏ခန္ဓာကိုယ်ကလည်း သဲများအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ကုရန်၏ဘေးတွင်ထိုင်နေသော ကုမင်၏မျက်လုံးများ ပွင့်လာသည်။ အနက်ရောင်မီးတန်းနှစ်ခုက သူ၏မျက်လုံးများမှတဆင့် ရှထုံတန်းထံ ဝင်ရောက်လာသည်။

"သမာဓိကောင်စီကို စော်ကားသူမှန်သမျှ သေရမယ်"

ကုမင်၏အသံက အက်ကွဲနေကာ အဆင့်နှစ်ပိုင်နက်က သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာခဲ့သည်။

"နတ်မိုးကြိုးနယ်မြေ"

ပိုမေ့၏လက်အတွင်းမှ လျှပ်စီးများက ကာကွယ်ရေးအလင်းများအဖြစ် ပြောင်းလဲ၍ ရှထုံတန်း၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။ သို့သော် မီးတန်းနှစ်ခုက ၎င်းတို့ကို ဘုန်းခနဲထိုးဖောက်ကာ အပေါက်တစ်ခု ဖြစ်ပေါ်လာစေသည်။ အနက်ရောင်မီးတောက်များက ရှထုံတန်းကိုယ်ပေါ်သို့ ကျရောက်သွားကာ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့သည်။

"တိုက်စားနိုင်စွမ်း ကောင်းလှချည်လား"

ပိုမေ့က ကုမင်ကိုစိုက်ကြည့်၍ ရေရွတ်လိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက မီးတောက်များအကြား ပျောက်ကွယ်စပြုနေသော ရှထုံတန်းကို တစ်ချက်သာကြည့်၍ တည်ငြိမ်စွာထိုင်လိုက်သည်။ ထို့နောက် သူက လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့၍ အေးအေးဆေးဆေးသောက်နေခဲ့သည်။ နောက်ဆုံးတွင် ရှထုံတန်းက လုံးဝပျောက်ကွယ်သွား၍ သူထိုင်နေခဲ့သောနေရာတွင် သဲများကိုသာ တွေ့ခဲ့ရသည်။ မိုင်ပေါင်းရာချီအဝေးတွင် သဲပုံတစ်ခုအတွင်းမှ ရှထုံတန်း ထွက်ပေါ်လာခဲ့သည်။ သူက တော်ဝင်မြို့တော်မှ လွတ်မြောက်လာသော်လည်း အနက်ရောင်သွေးများ အန်ချလိုက်ရပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေသောကြောင့် အခြေအနေမကောင်းပေ။

"သမာဓိကောင်စီရဲ့ အဘိုးကြီးသုံးယောက်က တော်တော်အစွမ်းထက်ပါလား။ ငါက သဲလွတ်မြောက်ရေးကျင့်စဥ်ကို ထုတ်သုံးခဲ့တာတောင် သေခါနီးအထိ မီးလောင်ခံလိုက်ရတယ်"

ရှထုံတန်းက နာကျင်စွာညည်းညူ၍ သူ၏ရင်ဘတ်ကို လက်ဖြင့် ဆုပ်ကိုင်ထားသည်။ အစည်းအဝေးသို့တက်ရောက်လာသော အဆင့်နှစ်ပိုင်နက် ပိုင်ရှင်ခြောက်ယောက်တွင် ဟေးယုက သေဆုံးသွားခဲ့သည်။ ရောင်ချန်နှင့် ရွှမ်လင်းက အညံ့ခံလိုက်ရသည်။ ကျန်းလီက လွတ်မြောက်သွားပြီး ရှထုံတန်းက ထွက်ပြေးနိုင်ခဲ့သော်လည်း အခြေအနေမကောင်းပေ။ ပိုမေ့တစ်ယောက်တည်းသာ ခေါင်းဆောင်သုံးယောက်ရှေ့တွင် ထိုင်နေဆဲဖြစ်သည်။

"ကြည့်ရတာ မင်းတို့သုံးယောက်က ကောင်းကောင်းပြင်ဆင်လာပုံပဲ"

ကုရန်၏မျက်လုံးများက ဓားတစ်လက်ပမာ ထက်ရှနေသည်။ ပိုမေ့သာ ဝင်ရောက်နှောင့်ယှက်ခြင်းမရှိလျှင် ကျန်းလီနှင့် ရှထုံတန်း လွတ်မြောက်သွားမည်မဟုတ်ပေ။ သူတို့၏လျှို့ဝှက်ကျင့်စဥ်များပင် ခေါင်းဆောင်သုံးယောက်ရှေ့၌ အသုံးမဝင်ချေ။

"မင်းတို့သုံးယောက်မှာ ပြိုင်ဘက်ကင်းအစွမ်းမျိုးရှိနေတာကို ငါ လေးစားပါတယ်။ ကြည့်ရတာ ငါ့ခွန်အားနဲ့တောင် ယှဥ်ပြိုင်နိုင်မယ်မထင်ဘူး"

ပိုမေ့က တည်ငြိမ်စွာပြောလိုက်ပြီး သူ၏အကြည့်က ကုမင်နှင့်ကုရန်ကို ကျော်ဖြတ်၍ ဘုန်းတော်ကြီးအိုတစ်ပါးပမာ တိတ်တဆိတ်ထိုင်နေသည့် နတ်ပန်းပဲထံ ကျရောက်သွားခဲ့သည်။ ကုရန်တစ်ယောက်တည်းဆိုလျှင် သူက သေချာပေါက် အနိုင်ယူနိုင်သည်။ သို့သော် ကုမင်ကျင့်ကြံထားသော ကျင့်စဥ်က အစွမ်းထက်လွန်းနေသည်။ ခေါင်းဆောင်သုံးယောက်တွင် သူအစိုးရိမ်ဆုံးမှာ ထိုညီအစ်ကိုနှစ်ယောက်မဟုတ်ဘဲ နောက်ခံမသိရသော နတ်ပန်းပဲဖြစ်သည်။ ထိုလူက အညိုရင့်ရောင်အသားအရေကို ပိုင်ဆိုင်ထားပြီး အနက်ရောင်ဝတ်ရုံကို အမြဲတစေဝတ်ဆင်ထားတတ်သည်။ သူက မူမမှန်သောအရှိန်အဝါကို ပိုင်ဆိုင်ထားကာ ရွှံ့ရုပ်တစ်ခုနှင့် ဆင်တူနေသည်။

"မင်းက တော်တော်နှိမ့်ချနေပါလား။ မင်းရဲ့ဝိညာဥ်ကိုယ်ပွားကတင် အစွမ်းထက်နေပါပြီ။ ဒါပေမယ့် ဘုန်းကြီးကပြေးနိုင်ပေမယ့် ဘုရားကျောင်းကြီးက ထွက်မပြေးနိုင်ဘူးဆိုတဲ့ စကားပုံကို ကြားဖူးလား။ နတ်မိုးကြိုးမြို့တော်အတွက် ထည့်တွေးပါဦး"

ကုရန်က ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။ သူက ကျန်းလီနှင့်ရှထုံတန်း လွတ်မြောက်သွားခြင်းကို အခဲမကြေဖြစ်နေခဲ့သည်။

"ဒီကိစ္စကို မင်း စိုးရိမ်နေစရာမလိုပါဘူး။ နတ်မိုးကြိုးမြို့တော် တည်ရှိလာတာ နှစ်ပေါင်းများစွာကြာပြီ။ ကြီးမြတ်သူအဆင့်တွေ အများကြီးရှိတဲ့ ရှေးခေတ်ဟောင်းမှာတောင် ဘယ်သူမှ နတ်မိုးကြိုးမြို့တော်ကိုသိမ်းပိုက်မယ်လို့ မပြောရဲဘူး"

ပိုမေ့က လှောင်ပြုံးပြုံး၍ တုံ့ပြန်လိုက်၏။ သူ၏စကားသံက ရန်လိုခြင်းမရှိသော်လည်း ယုံကြည်ချက်ပြည့်ဝနေသဖြင့် ကုရန်၏မျက်နှာကို အရုပ်ဆိုးသွားစေသည်။

"နတ်မိုးကြိုးမြို့တော်ကို ကြီးမြတ်သူတွေ မကျူးကျော်နိုင်ပေမယ့် သမာဓိကောင်စီက လုပ်နိုင်တယ်"

တစ်ချိန်လုံး တိတ်ဆိတ်စွာ မလှုပ်မယှက်ထိုင်နေသော နတ်ပန်းပဲက ဝင်ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အသံက အက်ကွဲထက်ရှနေပြီး ဖော်ပြမရနိုင်သော ထူးဆန်းမှုတစ်မျိုး ပေါင်းစပ်နေသည်။ သူက အချိန်ကြာမြင့်စွာ နှုတ်ဆိတ်နေခဲ့ပုံပေါ်သည်။ ထိုအချိန်တွင် အရှိန်အဝါတစ်ခုက ပိုမေ့ကို နေရာတွင်လှုပ်မရအောင် ချုပ်နှောင်ပစ်လိုက်သည်။ နတ်ပန်းပဲက ဤမျှအစွမ်းထက်နေမည်ဟု ပိုမေ့က လုံးဝထင်မထားပေ။ ဤနေရာတွင်ရှိနေသည်က သူ၏ဝိညာဥ်ကိုယ်ပွားဖြစ်သော်လည်း မူရင်းခန္ဓာ၏အစွမ်းထက်ဝက်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ၎င်းက နတ်ပန်းပဲရှေ့တွင် အစွမ်းကင်းမဲ့နေခဲ့လေသည်။

"နတ်မိုးကြိုးမြို့တော်ကို သမာဓိကောင်စီက သုံးလအတွင်း သိမ်းပိုက်မယ်"

နတ်ပန်းပဲက စကားပြောနေသော်လည်း မျက်လုံးများက အရောင်အဝါကင်းမဲ့နေသဖြင့် အလောင်းကောင်ကြီးပမာ ထင်မှတ်ရသည်။ ထို့နောက် ပိုမေ့၏ကိုယ်ပေါ်တွင် ကုမင်အသုံးပြုခဲ့ဖူးသော အနက်ရောင်မီးများ တဟုန်းဟုန်းတောက်လောင်လာခဲ့သည်။

"ဒါဆိုရင် ကျုပ်က စောင့်နေပါမယ်"

ပိုမေ့၏အကြည့်က သမာဓိကောင်စီ၏ခေါင်းဆောင်သုံးယောက်ထံ ကျရောက်နေပြီး ခဏအတွင်း ကိုယ်ပွားက ပြာကျသွားခဲ့သည်။

"ဒီနေ့ကစပြီး မင်းတို့အင်အားစုအားလုံးကို တော်ဝင်မြို့တော်ဆီ လဝက်အတွင်း ပြောင်းလာကြစမ်း"

သမာဓိကောင်စီ၏ ခြေဖဝါးအောက်တွင် ဒူးထောက်နေသူများကို ကုရန်က ငုံ့ကြည့်လိုက်ပြီး မောက်မာစွာ အမိန့်ပေးလိုက်သည်။

"ခေါင်းဆောင် တော်ဝင်မြို့တော်မှာ လူဦးရေက အရမ်းများနေပါပြီ။ ဒုက္ခသည်စခန်းတွေမှာတင် လူဦးရေက ဆယ်သန်းကျော်နေပါပြီ။ ကျန်တဲ့သူတွေကို လက်မခံနိုင်တော့ပါဘူး"

ရွှမ်လင်းက လေးစားချင်ယောင်ဆောင်နေသော်လည်း စိတ်ထဲတွင် အလွန်ရွံရှာစက်ဆုပ်နေပြီဖြစ်သည်။ အခြားအင်အားစုများ၏ ခေါင်းဆောင်များကလည်း ကုရန်ထံ ပြိုင်တူကြည့်လာကြသည်။ အကယ်၍ သူတို့သာ တော်ဝင်မြို့တော်သို့ပြောင်းရွှေ့လာလျှင် သမာဓိကောင်စီ၏လက်ခုပ်အတွင်း ရောက်သွားကာ တွန်းလှန်ရန် မဖြစ်နိုင်တော့ပေ။

"ဒီကိစ္စက လွယ်ပါတယ်။ သုံးရက်အတွင်း အားနည်းတဲ့အမှိုက်တွေကို တော်ဝင်မြို့တော်က မောင်းထုတ်လိုက်ကြ"

ကုရန်၏မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏စကားက လူပေါင်းဆယ်သန်းကျော်၏အသက်ကို သေမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ သူ၏စကားကြောင့် ခေါင်းဆောင်များက ထိတ်လန့်သွားကြကာ အချို့၏မျက်လုံးများက နီရဲနေခဲ့သည်။ သို့သော်လည်း ကုရန်၏အမိန့်ကိုပယ်ရှားလျှင် သေရမည်မှာ သူတို့ဖြစ်နေသောကြောင့် ကလန်ကဆန်မလုပ်ဝံ့ပေ။

ထိုအချိန်တွင် ကုရန်ဘေးရှိ ကုမင်နှင့်နတ်ပန်းပဲက ပြိုင်တူထရပ်၍ ကောင်းကင်ရှိတိမ်များအကြားသို့ မော့ကြည့်လိုက်ကြသည်။ တိမ်များကြားတွင် ကြယ်သလင်းကျောက်ဖြင့် မှတ်တမ်းတင်နေသော ဝူဇီက လျင်မြန်စွာလှုပ်ရှားနေပြီး မိုးကုပ်စက်ဝိုင်းသို့ အလွန်လျင်မြန်စွာ ပျံသန်းပျောက်ကွယ်သွားခဲ့သည်။ သူက ယဲ့ချန်နောက်လိုက်ခဲ့ချိန်မှစ၍ ဝိညာဥ်ချီများနှင့် အရင်းအမြစ်များစွာကို အသုံးပြုခဲ့ရသဖြင့် ခွန်အားက များစွာတိုးတက်လာခဲ့သည်။ ရွှမ်အဆင့်တစ်ယောက်ပင် သူ့ကိုသတ်ရန် မလွယ်သောအခါ ကြီးမြတ်သူအဆင့်များဆိုလျှင် လိုက်ဖမ်းရန် မတတ်နိုင်ချေ။

ယဲ့တောင်ကြားအတွင်း ဝူဇီပြန်ရောက်လာသောအခါ ကြယ်သလင်းကျောက်အတွင်းမှ မှတ်တမ်းကြောင့် ယဲ့ချန်က ဒေါသူပုန်ထနေခဲ့သည်။ အရာအားလုံးက သူ ခန့်မှန်းထားသကဲ့သို့ဖြစ်ပြီး သမာဓိကောင်စီ၏အစည်းအဝေးက အမှန်တကယ် ထောင်ချောက်တစ်ခုဖြစ်နေသည်။

"ဒီအစည်းအဝေးကို အရှေ့ပိုင်းတိုက်ကြီးရဲ့ အင်အားစုတစ်ဝက်လောက် တက်ခဲ့ကြတာပဲ။ သမာဓိကောင်စီက နတ်မိုးကြိုးမြို့တော်ကို တကယ်တိုက်ခိုက်မှာလား။ ဒီခွေးကောင်တွေက မိုးကြိုးမျိုးနွယ်တစ်ခုတည်းကိုမဟုတ်ဘဲ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ဖို့ ရည်ရွယ်နေတာပဲ"

ပိုမေ့၏အကြံအစည်ကို ယဲ့ချန်က မခန့်မှန်းတတ်ပေ။ သို့သော် နတ်မိုးကြိုးမြို့တော်ရှိ သူ၏ဇနီးပိုလင်းအတွက် စိုးရိမ်နေခဲ့သည်။ အပြင်ဘက်တွင် ဝိညာဥ်သားရဲများအတွင်း နတ်ဘုရင်အလယ်အဆင့်များ ပါဝင်နေသောကြောင့် သူ၏စိုးရိမ်စိတ်များ တိုးလာခဲ့သည်။ ကြမ်းတမ်းလာသော ဝိညာဥ်သားရဲကပ်ဘေးနှင့် အကြံကြီးကာ အောက်တန်းကျသော သမာဓိကောင်စီကြားတွင် သူက ကြယ်ခန်းမကိုဦးဆောင်၍ အသက်ရှင်ရန် ရုန်းကန်ရပေလိမ့်မည်။

ကြယ်သလင်းကျောက်အတွင်းရှိ နောက်ဆုံးပုံရိပ်တွင် ကုရန်က လူဦးရေဆယ်သန်းကျော်ကို မြို့ပြင်သို့နှင်ထုတ်ရန် အမိန့်ပေးခဲ့သည်။ သူ၏အမိန့်က ထိုလူများကို သေဒဏ်ချမှတ်လိုက်သည်နှင့် မခြားပေ။ ယဲ့ချန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သဖြင့် လက်ဖဝါးမှ သွေးများပင် စီးထွက်လာသည်။ သူက ထိုလူများကို ကယ်တင်ချင်သော်လည်း တော်ဝင်မြို့တော်က အလွန်ဝေးကွာနေသည်။ ထို့အပြင် အနီးအနားတွင် အခြားမြို့များလည်းမရှိသောကြောင့် လူဆယ်သန်းကျော်က သေရန်စောင့်နေရုံသာ တတ်နိုင်သည်။ သမာဓိကောင်စီကလည်း စောင့်ကြည့်နေသဖြင့် သူတို့၏လက်အောက်ခံဖြစ်သွားသော အင်အားစုများကလည်း ကယ်တင်ရဲမည်မဟုတ်ပေ။

အစည်းအဝေးတက်ရောက်ခြင်းမရှိသော ခေါင်းဆောင်များက ကြယ်သလင်းကျောက်အတွင်း ယဲ့ချန်ပို့လိုက်သော မြင်ကွင်းများကြောင့် ဒေါသထွက်နေကြသည်။ သမာဓိကောင်စီ၏လုပ်ရပ်များက အမှန်တကယ်ရက်စက် ဆိုးသွမ်းပေသည်။

"သမာဓိကောင်စီကို ဖျက်ဆီးပစ်ရမယ်"

"သားရဲဧကရာဇ် ကျုပ်တို့ကိုဦးဆောင်ပြီး သမာဓိကောင်စီကို တိုက်ခိုက်ပေးပါ"

ပုံရိပ်များက ကြယ်သလင်းကျောက်အတွင်း တဖြတ်ဖြတ်ပေါ်နေသော်လည်း မည်သူမှ မျက်နှာအမှန်ကို မပြသရဲပေ။ သူတို့က လူမသိသူမသိကျင့်ကြံသူများကို ထုတ်ဖော်၍ ကိုယ်စားပြုသော အင်အားစု၏အမည်ကိုလည်း ဖုံးကွယ်ထားသည်။ သမာဓိကောင်စီက တန်မျိုးနွယ်နှင့် မိုမျိုးနွယ်ကို ဖျက်ဆီးပြခဲ့သဖြင့် သူတို့က သတိကြီးကြီးထားနေရသည်။ အကယ်၍ ကျန်မျိုးနွယ်လေးခုသာ အလွန်လျှို့ဝှက်စွာ ပုန်းကွယ်မနေလျှင် သေချာပေါက် ရှင်းလင်းခံရပေလိမ့်မည်။

"ပင်လယ်မိစ္ဆာမျိုးနွယ်က သမာဓိကောင်စီကို စစ်ကြေညာတယ်"

ထန်တိုက်လင်၏ပုံရိပ်က ကြယ်သလင်းကျောက်အတွင်း ထွက်ပေါ်လာသည်။ သူမ၏လေသံက အလွန်တရာအေးစက်နေပြီး သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်နေသည်။

"စစ်နတ်ဘုရားကျောင်းတော်ကလည်း စစ်ကြေညာတယ်"

"သဲသားရဲမျိုးနွယ်ကလည်း သမာဓိကောင်စီကို တိုက်ခိုက်မယ်"

"မိုးကြိုးသားရဲမျိုးနွယ်ကလည်း သမာဓိကောင်စီနဲ့ စစ်ပွဲစပြီ"

ကျန်းလီ၊ ရှထုံတန်းနှင့် ပိုမေ့၏ပုံရိပ်များကလည်း ကြယ်သလင်းကျောက်အတွင်း ထွက်ပေါ်လာကာ သူတို့၏သဘောထားများကို ထုတ်ဖော်ပြသခဲ့သည်။ အစွမ်းထက်အင်အားစုကြီးများမှလွဲလျှင် ကျန်အင်အားစုများက သူတို့၏သရုပ်မှန်ကို ထုတ်မပြရဲကြပေ။

All Chapters