သွားစရာမြေမရှိ
Vol. 34 Ch. 476
"ပုရွက်ဆိတ်တွေက သစ်ပင်ကြီးကိုဖြိုလှဲဖို့ ကြံနေပါလား။ သုံးလအတွင်း သမာဓိကောင်စီက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်မယ်။ ဆန့်ကျင်သူတိုင်းကို ညှာတာမှုမရှိ သတ်ပစ်မယ်"
ရုတ်တရက်ဆန်လွန်းစွာဖြင့် ကုရန်၏ပုံရိပ်က ကြယ်သလင်းကျောက်အတွင်း ထွက်ပေါ်လာကာ မောက်မာစွာ ရာဇသံပေးလိုက်သည်။ သူ၏စကားက ရက်စက်ကြမ်းကြုတ်သကဲ့သို့ ဖိအားများပါဝင်နေသည်။
"သမာဓိကောင်စီက ဒီလောက်ဆိုးဝါးနေမယ်လို့ မထင်ထားဘူး။ ဝိညာဥ်သားရဲကပ်ဘေးက ဒီလောက်ပြင်းထန်နေချိန်မှာ သူတို့က အင်အားစုတိုင်းကို သိမ်းပိုက်ရင် ဘာကောင်းကျိုးရှိမှာလဲ"
ယဲ့ချန်၏မသိစိတ်မှ သမာဓိကောင်စီရှိနေခြင်း က မည်သည့်ကောင်းကျိုးမှ မဖြစ်စေနိုင်ကြောင်း သတိပေးလာသည်။ ထို့အပြင် သူ၏ပခုံးပေါ်ရှိဖိအားက ပို၍လေးလံလာကာ ကျင့်ကြံဆင့်ကို တတ်နိုင်သမျှအမြန်ဆုံး မြှင့်တင်ရမည်ဖြစ်သည်။ သို့မဟုတ်လျှင် သမာဓိကောင်စီမှ စတင်တိုက်ခိုက်လာလျှင် အပြစ်မဲ့သူများစွာနှင့်အတူ ကြယ်ခန်းမလည်း ရှင်းလင်းခံရပေလိမ့်မည်။ သူက နေ့ရောညပါကျင့်ကြံပြီး ကြယ်အမြုတေထံမှ အာကာသချီများကို ရူးရူးမူးမူးစုပ်ယူနေသည်။ သူက ကြယ်ပိုင်နက်ကိုလည်း လေ့လာနေပြီး ၎င်းကိုအသုံးချ၍ ထူးကဲအဆင့်သို့ တက်ရောက်ချင်နေခဲ့သည်။ ကြယ်ခန်းမတပည့်များ၏ ဝိညာဥ်များက ကြယ်များကဲ့သို့ သူ၏ဝိညာဥ်နှင့်ပဲ့တင်ထပ်နေကာ ကျင့်ကြံဆင့်က လျင်မြန်စွာ မြင့်တက်လာသည်။
အချိန်က တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။ ဝူဇီက တော်ဝင်မြို့တော်၏ကောင်းကင်ထက်တွင် ရောက်ရှိနေကာ ရနိုင်သမျှသတင်းများကို မှတ်တမ်းတင်နေသည်။ သူက အလွန်ကျယ်ဝန်းသော သိုလှောင်အိတ်တစ်လုံးကို သယ်ဆောင်လာ၍ သမာဓိကောင်စီထံမှ ရတနာများကိုပင် ခိုးယူခဲ့သည်။ သို့သော် ခေါင်းဆောင်သုံးယောက်က အဓိကနေရာများတွင် ရှိနေသောကြောင့် ဝူဇီက သူတို့အနားသို့ မချဥ်းကပ်ရဲဘဲ အနည်းငယ်ကြောက်လန့်နေခဲ့သည်။
တော်ဝင်မြို့တော်တစ်ခုလုံးက ဗြောင်းဆန်နေပြီး သမာဓိကောင်စီဝင်များ၏အမိန့်ဖြင့် တော်ဝင်စစ်တပ်က သာမန်ပြည်သူများကို မြို့ပြင်သို့ မောင်းထုတ်နေကြသည်။ အော်သံများနှင့်ငိုသံများက ကျယ်လောင်စွာထွက်ပေါ်နေကာ လူအုပ်ကြီးက မြို့၏အဓိကတံခါးထံ တွန်းပို့ခံနေရသည်။
"နင်က ဘာငိုနေတာလဲ"
အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသော စစ်သည်တစ်ယောက်က ပိန်ပိန်ပါးပါးမိန်းကလေးတစ်ယောက်၏ ကျောပြင်ကို လှံဖြင့် ထိုးခွဲလိုက်သည်။ ကျောပြင်က သွေးများပန်းထွက်လာကာ သူမ၏မျက်နှာကဖြူရော်သွား၍ မြေပြင်ပေါ်သို့ တုန်ရီစွာလဲကျသွားသည်။
"မင်းတို့ တော်တော်လွန်နေပြီ"
မောင်းထုတ်ခံနေရသူများထဲတွင် ထျန်းချီအဆင့်ငါးအထိ ကျင့်ကြံထားနိုင်သူအချို့ ပါဝင်နေသောကြောင့် သူတို့ကရှေ့ထွက်လာ၍ စစ်သည်များထံ ခုန်အုပ်လိုက်ကြသည်။ သို့သော် စစ်သည်များ၏လက်နက်များကြောင့် ကျင့်ကြံသူများ၏ကိုယ်ပေါ်တွင် အပေါက်များဖြစ်ပေါ်လာကာ ပတ်ဝန်းကျင်တွင် သွေးချောင်းစီ၍ သွေးနံ့များလှိုင်လှိုင်ထနေသည်။
"ခုခံရဲသူမှန်သမျှ သေရမယ်"
စစ်သည်အုပ်စု၏ခေါင်းဆောင်က နှာခေါင်းရှုံ့လိုက်သည်။
"ထစမ်း"
စစ်သည်တစ်ယောက်က ဒဏ်ရာကြောင့် မေ့မျောနေသော မိန်းကလေးငယ်ကို လှုပ်နှိုးလိုက်၏။ သူမက မတုံ့ပြန်သောအခါ စစ်သည်က လှံကိုကျောပြင်အတွင်း ထိုးစိုက်လိုက်၍ သွေးများ ပြန့်ကြဲသွားလေသည်။ ပတ်ဝန်းကျင်ရှိ ပြည်သူများ၏မျက်လုံးများတွင် နာကျည်းစိတ်များ ဖြစ်ပေါ်လာကြသည်။ ထိုအချိန်တွင် သမာဓိကောင်စီဝင်တစ်ဒါဇင်ခန့် ရောက်လာပြီး သာမန်လူများကို အထင်သေးစွာ စိုက်ကြည့်၍ ပြုံးရယ်နေကြသည်။
"ကြိုဆိုပါတယ် အရာရှိမင်းတို့"
စစ်သည်အချို့က ထိုအုပ်စုကိုမြင်သောအခါ ခွေးများကဲ့သို့ အမြှီးတနှံ့နှံယမ်းပြ၍ ချက်ချင်းအရိုအသေပေးလိုက်ကြသည်။
"ဒီပြည်သူတွေထဲက ကောင်မလှလှတွေကို ငါတို့ပျော်ပါးဖို့အတွက် ဖယ်ထားလိုက်စမ်း"
သမာဓိကောင်စီဝင်များက တဏှာကြီးစွာ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
စစ်သည်များက ခေါင်းငုံ့၍ အမိန့်နာခံလိုက်ကြသည်။ ထို့နောက် ပြည်သူများအတွင်းမှ လှပသောမိန်းကလေးများက ဆွဲထုတ်ခံလိုက်ရသည်။ သူတို့က ငိုယိုရုန်းကန်နေသော်လည်း သမာဓိကောင်စီ၏ လူမဆန်သောအရာရှိများက လမ်းလည်ကောင်တွင် မတော်မတရားပြုကျင့်လိုက်ကြသည်။
"ခွေးတိရစ္ဆာန်တွေ"
ပြည်သူများက အော်ဟစ်ကျိန်ဆဲနေကြသည်။ သူတို့က မိန်းကလေးများကို ကယ်တင်ရန် ပြေးထွက်လာကြသော်လည်း အေးစက်စက်လှံဖျားများအောက်တွင် တစ်ယောက်ပြီးတစ်ယောက် လဲကျသေဆုံးကုန်သည်။
စစ်သည်အချို့က သူတို့၏လက်နက်များကိုတလှည့် သေဆုံးနေသော အလောင်းများကိုတလှည့် ကြည့်လိုက်မိသည်။ လက်ရှိတွင် သူတို့သတ်ဖြတ်နေသူများမှာ အတိတ်က သူတို့၏အသက်နှင့်ရင်း၍ ကာကွယ်ပေးခဲ့သူများဖြစ်ကြသည်။ သို့သော် လက်ရှိတွင် သူတို့က ရက်စက်ယုတ်မာသောအလုပ်ကို လုပ်ကိုင်နေကြရသည်။
"တိရိစ္ဆာန်ကောင်တွေ သေစမ်း"
စစ်သည်များအတွင်းမှ တစ်ယောက်က သည်းမခံနိုင်ဟန်ဖြင့် ပြေးထွက်လာခဲ့သည်။ သူက အော်ဟစ်ကြုံးဝါး၍ သမာဓိကောင်စီဝင်တစ်ယောက်ထံ ပြေးဝင်သွားကာ လှံဖြင့် ရင်ဝကို အားကုန်ထိုးချလိုက်သည်။
"မင်း...မင်း...ဘယ်လိုလုပ်"
ထိုအရာရှိက စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ရင်ဝသို့ လှံက ဖောက်ထွက်သွားပြီဖြစ်သည်။ သူက စစ်သည်ကို မယုံနိုင်ဟန်ဖြင့် လက်ညှိုးထိုးရင်း မြေပြင်ပေါ်သို့ ခွေးသေတစ်ကောင်ပမာ ခြေကားယားလက်ကားယား လဲကျသွားခဲ့သည်။
"ဒီကောင့်ကို သတ်စမ်း"
ကျန်အရာရှိများက ဒေါသတကြီးဖြင့် ထိုစစ်သည်ကိုသတ်ရန် အမိန့်ပေးလိုက်ကြသည်။ စစ်သည်အချို့က နေရာတွင် မျက်လုံးများနီရဲ၍ တည်ငြိမ်စွာရပ်နေခဲ့ကြသည်။ အချို့ကမူ အရာရှိကိုသတ်လိုက်သော သူရဲကောင်းစစ်သည်ထံ ပြေးဝင်သွားကာ လှံများဖြင့် ဝိုင်းဝန်းတိုက်ခိုက်လိုက်သည်။ သူရဲကောင်းက မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း သူမသေခင်တွင် အရာရှိများကို စူးရဲစွာ စိုက်ကြည့်သွားခဲ့သည်။ သူ၏အကြည့်က ပြောပြနေသည်မှာ တစ်ယောက်ထက်ပို၍သတ်နိုင်ခဲ့လျှင် ဟူ၍ဖြစ်သည်။ ဤမြင်ကွင်းမျိုးက တော်ဝင်မျိုးနွယ်၏နေရာတိုင်းတွင် မကြာခဏဖြစ်ပွားနေကာ တစ်မြို့လုံးက ငရဲဘုံအလား ပြောင်းလဲသွားခဲ့သည်။
ပြည်သူများမှာ မြို့ရိုးအပြင်ဘက်သို့ မောင်းထုတ်ခံလိုက်ရပြီး သန်းချီသောလူများမှာ မြို့ရိုးအောက်ခြေတွင် ကြောက်လန့်စွာ စုဝေးနေကြသည်။ ဤလူအုပ်ကို ဝိညာဥ်သားရဲများက မျက်စိကျသွားပြီး တရကြမ်းချီတက်လာသောအခါ အော်သံဟစ်သံများ ဆူညံသွားခဲ့သည်။ သွေးများပြန့်ကြဲနေပြီး အနောက်ရပ်သို့ဝင်စပြုနေသော နေရောင်အောက်တွင် တစ်ကမ္ဘာလုံး သွေးလွှမ်းနေသည်။
မြို့ရိုးထက်တွင် ရောင်ချန်နှင့် ရွှမ်လင်းရှိနေပြီး မြို့ရိုးအပြင်ဘက်ရှိ မြင်ကွင်းကို ကြည့်နေကြသည်။ သူတို့က အံကြိတ်၍ လက်သီးကိုတင်းတင်းဆုပ်ထားကာ ရင်ထဲတွင် အပြစ်ရှိစိတ်များ ပြည့်နှက်နေသည်။ မြို့ရိုးပေါ်တွင့် အစောင့်ကျနေသော အဆင့်ခြောက်အထက် စစ်သည်များပင် ဤမြင်ကွင်းကြောင့် အန်ချနေကြသည်။ သူတို့က သွေးဆာသောစစ်မြေပြင်ကို မြင်ဖူးသော်လည်း သာမန်ပြည်သူများကမူ တစ်ဖက်သတ် စားသောက်ခံနေရခြင်းဖြစ်သည်။
သမာဓိကောင်စီ၏ ဌာနချုပ်တည်ရှိသော တောင်ထိပ်တွင် အနက်ရောင်တံခွန်တစ်ခု လွှင့်ထူထားသည်။ မရေမတွက်နိုင်သော သေလွန်ဝိညာဥ်များကို တံခွန်က ဘက်ပေါင်းစုံမှစုပ်ယူနေသည်။ ကုရန်၊ ကုမင်နှင့် နတ်ပန်းပဲက တံခွန်အောက်တွင် တင်ပျဥ်ခွေထိုင်နေပြီး တိတ်တဆိတ်ကျင့်ကြံနေကြသည်။ အနက်ရောင်ယင်ချီများက သူတို့ကိုလွှမ်းခြုံနေပြီး ဝိညာဥ်များ၏ မကျေမချမ်းအော်သံက နားမချမ်းသာစရာကောင်းလောက်အောင် ထွက်ပေါ်နေသည်။ ကုရန်က မျက်လုံးများဖွင့်၍ တံခွန်ကို တစ်ချက်ပြုံး၍ စိုက်ကြည့်လိုက်သည်။ သူတို့၏အစီအစဥ်က ရှေ့သို့ ခြေတစ်လှမ်းထပ်တက်နိုင်ခဲ့သည်။
တော်ဝင်မြို့တော်တွင် ဖြစ်ပျက်နေသမျှကို ဝူဇီက ကြယ်သလင်းကျောက်ဖြင့် မှတ်တမ်းတင်ခဲ့သောအခါ ယဲ့ချန်၏စိတ်ထဲတွင် ဒေါသမီးများ တဟုန်းဟုန်းတောက်လောင်နေသည်။ သမာဓိကောင်စီက အမှန်တကယ်ရက်စက်ကြမ်းကြုတ်ပြီး အသွေးအသားနှင့် အသိစိတ်ရှိသူတိုင်း သူတို့၏လုပ်ရပ်ကြောင့် ဒေါသူပုန်ထပေလိမ့်မည်။ ကြောက်စရာအကောင်းဆုံးကပ်ဘေးမှာ ဝိညာဥ်သားရဲများမဟုတ်ဘဲ မျိုးနွယ်တူလူသားများ ဖြစ်နေကြသည်။ သူက လက်သီးကို တင်းကျပ်စွာဆုပ်ထားသဖြင့် လက်မောင်းတလျှောက် အကြောပြိုင်းပြိုင်းထနေသည်။ သူက သူ၏အားနည်းမှုကို မကျေမနပ်ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ လုံလုံလောက်လောက်အစွမ်းထက်လျှင် သမာဓိကောင်စီသို့ တိုက်ရိုက်သွားရောက်ပြီး ခွေးသုံးကောင်ကို သတ်နိုင်ပေလိမ့်မည်။
ဝူဇီယူဆောင်လာသော မြင်ကွင်းများအရ သမာဓိကောင်စီခေါင်းဆောင်သုံးယောက်က လျှို့ဝှက်နည်းလမ်းများသုံး၍ သေလွန်ဝိညာဥ်များ စုဆောင်းနေသည်ကို ယဲ့ချန်က မြင်လိုက်ရသည်။ ၎င်းတို့က သာမန်ပြည်သူများ၏ ဝိညာဥ်များဖြစ်နိုင်သည်။ သူက ထိတ်လန့်သွားပြီး စိတ်ထဲတွင် အတွေးများစွာ ဆင့်ကဲဖြစ်ပေါ်လာသည်။ နောက်ဆုံးတွင် သမာဓိကောင်စီသည် သာမန်ပြည်သူများကို မြို့ပြင်သို့နှင်ထုတ်ခဲ့သော အကြောင်းအရင်းအား သူက နားလည်စပြုလာသည်။ အနာဂတ်တွင် သမာဓိကောင်စီက ဤသို့သတ်ဖြတ်မှုများ ဆက်လက်ကျူးလွန်နိုင်သည်။ ခေါင်းဆောင်သုံးယောက်အမည်ခံ ခွေးသုံးကောင်က ဤနည်းလမ်းဖြင့် ရက်စက်စွာ ကျင့်ကြံနေခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ ကြီးမြတ်သူအဆင့်သို့ရောက်သွားလျှင် အရှေ့ပိုင်းတိုက်ကြီးရှိ မည်သူမှ တားမြစ်နိုင်မည်မဟုတ်ပေ။
"ငါ ဘာဆက်လုပ်ရမလဲ"
ယဲ့ချန်က ခေါင်းပေါက်ထွက်မတတ် စဥ်းစားနေသည်။ သူက အဆုံးမဲ့အဆင့်ရှစ်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုအပ်သော အဆင့်ခုနစ်ကျင့်ကြံသူဖြစ်သည်။ သူ၏ကျင့်ကြံနှုန်းက အလွန်မြန်သော်လည်း ရန်သူများကိုလိုက်မီရန် လက်ရှိတွင် မဖြစ်နိုင်ချေ။
ဧရာမကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရမည့်အဖြစ်ကို မသိသော ကြယ်ခန်းမက သက်ဝင်လှုပ်ရှားနေသည်။ လူတိုင်းက အချိန်တစ်စက္ကန့်ကိုပင် အလွတ်မပေးဘဲ ကြိုးကြိုးစားစားကျင့်ကြံနေကြသည်။ ကြယ်ခန်းမ၏တပည့်များက မြို့တော်များအတွင်း ကင်းလှည့်လာလျှင် သာမန်ပြည်သူများက ချစ်ခင်မြတ်နိုးစွာဖြင့် လက်ဆောင်များပေးတတ်ကြသည်။ သို့သော် သူတို့က ဖော်ရွေစွာပြုံး၍ ငြင်းပယ်ကြသည်ချည်းသာ။ မြို့များအတွင်း ပြည်သူများက အပူအပင်ကင်းမဲ့စွာဖြင့် ရှင်သန်နေထိုင်နိုင်ကြသည်။ ဝိညာဥ်သားရဲကပ်ဘေးကြောင့် လူတိုင်းက ကိုယ့်အသက်ကိုယ် ပို၍တန်ဖိုးထားတတ်လာကြသည်။
လေ့ကျင့်ရေးကွင်းများတွင် သိန်းချီသော ကြယ်ခန်းမတပည့်များက သိုင်းပညာများလေ့ကျင့်နေကြသည်။ သူတို့၏အော်ဟစ်မာန်သွင်းသံက ကောင်းကင်သို့ ဟိန်းထွက်နေသည်။ သစ်တောအတွင်း တင်ပျဥ်ခွေထိုင်၍ ကောင်းကင်ချီကျင့်ကြံနေသူ များစွာလည်းရှိသည်။ ယဲ့တောင်ကြားအတွင်း၌ ယဲ့မျိုးနွယ်ဝင်များ လေ့ကျင့်နေကြပြီး အများစုက မိုးကြိုးဧကရာဇ်ကျင့်စဥ်၏ အဆင့်သုံးအထိ အောင်မြင်ထားကြသည်။ ပတ်ဝန်းကျင်တွင် သစ်ပင်ပန်းမန်များ ပေါက်ရောက်နေကာ ရေကန်များပတ်ဝန်းကျင်၌ အဆောက်အအုံများ ခမ်းနားစွာရှိနေသဖြင့် သုခဘုံတစ်ခုနှင့် တူညီနေသည်။ ငြိမ်းချမ်းတိတ်ဆိတ်သော ပတ်ဝန်းကျင်တွင် အချို့က သိုင်းပညာလေ့ကျင့်၍ အချို့က ဆေးပင်များစိုက်ပျိုးနေကြသည်။ ကလေးငယ်များက ပန်းပင်များအကြား ပျော်ရွှင်စွာဆော့ကစားနေပြီး သူတို့၏အပြုံးများက ယဲ့ချန်ကို ကူးစက်လာသည်။
အလွန်လှပသော အိမ်နှင့် တော်ဝင်မြို့တော်၏ ရက်စက်သောမြင်ကွင်းကို နှိုင်းယှဥ်ကြည့်လိုက်ပြီးနောက် ယဲ့ချန်၏မျက်လုံးများတွင် ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာ ဖြစ်ပေါ်လာသည်။ သူက ဤနေရာကို လုံးဝအဖျက်ဆီးခံမည်မဟုတ်ပေ။ အသက်စွန့်ရလျှင်ပင် ကာကွယ်မည်ဟု သံဓိဋ္ဌာန်ချလိုက်သည်။
"အစ်ကိုကြီး ညီမလေးက ကြာပန်းစွပ်ပြုတ် လုပ်လာတယ်။ နှင်းကြာပန်းရဲ့ အကောင်းဆုံးအစေ့တွေနဲ့ လုပ်ထားတာနော်။ မအေးခင် မြန်မြန်လာစားဦး"
ယဲ့ရွှမ်က အပြာရောင်ကြွေပန်းကန်လုံးတစ်ခုကို သယ်ဆောင်၍ ယဲ့ချန်ထံ ရောက်ရှိလာခြင်းဖြစ်သည်။
"အရသာရှိလိုက်တာ"
ယဲ့ချန်က သူမထံမှ စွပ်ပြုတ်ပန်းကန်ကိုယူ၍ ပလုတ်ပလောင်းစားသောက်ကာ ချီးကျူးလိုက်သည်။
"အစ်ကိုကြီးကြိုက်တယ်ဆိုရင် ညီမလေးက နေ့တိုင်းချက်ပေးမယ်"
ယဲ့ချန်၏စကားကြောင့် ယဲ့ရွှမ်ကပြုံး၍ ခေါင်းညိတ်လိုက်သည်။ ယဲ့ချန်သည် ယဲ့မျိုးနွယ်အတွက် များစွာဆောင်ရွက်ပေးခဲ့ပြီး သူသာမရှိလျှင် ယဲ့မျိုးနွယ်က လက်ရှိအခြေအနေအထိ အစွမ်းထက်လာစရာ အကြောင်းမရှိပေ။ ယဲ့မျိုးနွယ်ဝင်တိုင်းသည် သူတို့က ယဲ့ချန်ကို မည်မျှကောင်းကောင်းမွန်မွန်ဆက်ဆံပါစေ၊ မလုံလောက်ဟု သတ်မှတ်ထားကြပြီး ယဲ့ရွှမ်လည်း ပါဝင်သည်။
"ရွှမ်အာ တကယ်လို့ တစ်ယောက်ယောက်က ငါတို့ကိုတိုက်ခိုက်လာပြီး ငါက သူတို့ကိုမတားနိုင်ရင် ဘယ်လိုလုပ်ကြမလဲ။ ယဲ့မျိုးနွယ်ကို လုံခြုံတဲ့နေရာတစ်ခုဆီ ပြောင်းရွှေ့သင့်လား"
ကြာပန်းစွပ်ပြုတ်ကို စားပြီးနောက် ယဲ့ချန်၏မျက်နှာထက်တွင် စိုးရိမ်စိတ်များ ထင်ဟပ်လာသည်။
"အပြင်ကနေရာတိုင်းမှာ ဝိညာဥ်သားရဲတွေ ရှိတယ်လေ။ ဘယ်လိုလုပ် လုံခြုံတဲ့နေရာရှိမှာလဲ"
ယဲ့ရွှမ်က ခေါင်းယမ်း၍ ဖြေလိုက်သည်။
"ဒါပေမယ့်...."
ယဲ့ချန်က သမာဓိကောင်စီအကြောင်း ယဲ့မျိုးနွယ်ကို မပြောရက်သောကြောင့် တုံ့ဆိုင်းနေသည်။ ယဲ့ရွှမ်ပြောသကဲ့သို့ ဤနေရာမှလွဲလျှင် သွားစရာနေရာ အမှန်တကယ်မရှိပေ။