နတ်အစေခံအဆင့်
Vol. 34 Ch. 477
ဝိညာဥ်သားရဲကပ်ဘေးက ပို၍ပြင်းထန်လာနေသည်။ ထို့ကြောင့် ကျင့်ကြံသူများက ကြီးမြတ်သူအဆင့်သို့ရောက်ပြီးနောက် ကောင်းကင်မူလတိုက်သို့ ဝင်ခွင့်မရခင် အရေအတွက်များစွာ သေဆုံးရပေလိမ့်မည်။
"ညီမတို့က ဒီနေရာကို ဆုံးရှုံးလိုက်ရရင် ကျန်တဲ့နေရာတွေက အိမ်လို့ မခေါ်နိုင်တော့ဘူး။ ညီမလေးတို့က အားနည်းပေမယ့် ပြင်းပြင်းထန်ထန်ကျင့်ကြံပြီး နောက်ဆုံးတစ်ခေါက်ကလို အစ်ကိုကြီးကို ကူညီပေးမယ်။ ယဲ့မျိုးနွယ်က ထွက်ပြေးပြီး အသက်ရှင်ရင် မြို့တော်ထဲကလူတွေအတွက် ဘယ်လိုလုပ်ရမလဲ။ သူတို့ရဲ့ရင်ထဲမှာ ယဲ့မျိုးနွယ်က သူတို့ရဲ့မျှော်လင့်ချက် ဖြစ်နေတယ်လေ"
ယဲ့ရွှမ်သည် သမာဓိကောင်စီအကြောင်း မသိထားသော်လည်း ယဲ့ချန်၏စိုးရိမ်စိတ်ကို ခံစားမိသဖြင့် နှစ်သိမ့်လိုက်သည်။
"ဒါပေမယ့် ငါက အကြိမ်တိုင်း ရန်သူတွေကိုနိုင်မယ်လို့ အာမမခံနိုင်ဘူးလေ"
ယဲ့ချန်၏မျက်လုံးများက မှုန်မှိုင်းရီဝေနေသည်။
"ဝိညာဥ်သားရဲကပ်ဘေးဖြစ်ပေါ်လာချိန်မှာ ယဲ့မျိုးနွယ်က သေဖို့ပြင်ဆင်ထားပေမယ့် မျှော်လင့်ချက်တစ်ခု ရခဲ့တယ်။ ကပ်ဘေးတိုင်းမှာ အစ်ကိုကြီးက မျိုးနွယ်ကို ကာကွယ်ပေးခဲ့တယ်။ ညီမတို့က အစ်ကိုကြီးရဲ့ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးချင်ပေမယ့် အရမ်းအားနည်းနေတယ်။ နောက်ဆုံးမှာ ယဲ့မျိုးနွယ်ကို မကာကွယ်ပေးနိုင်တော့ရင် အစ်ကိုကြီးက ကိုယ်လွတ်ရုန်းလိုက်ပါ။ ယဲ့မျိုးနွယ်ဝင်တိုင်းက အစ်ကိုကြီးအသက်ရှင်တာကိုပဲ လိုချင်ပါတယ်"
ယဲ့ရွှမ်က တောက်ပစွာပြုံး၍ လေးနက်စွာပြောလိုက်သည်။ ယဲ့ရွှမ်၏စကားကြောင့် ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"ဘာဖြစ်ဖြစ် ယဲ့မျိုးနွယ်ကို ကာကွယ်မယ်။ ကောင်းကင်ဘုံက နတ်မင်းကြီးတွေဆင်းလာရင်တောင် တိုက်ခိုက်မယ်။ သမာဓိကောင်စီက ခွေးသုံးကောင်ရောက်လာရင်လည်း ငါ အသက်စွန့်ပြီး တိုက်ခိုက်ပစ်မယ်"
ယဲ့ချန်၏တိုက်ခိုက်လိုစိတ်က ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။ သူ၏စိတ်ထဲတွင် အလွန်တည်ငြိမ်သော အခြေအနေတစ်ခု ဖြစ်ပေါ်နေကာ ပို၍အစွမ်းထက်လာစေရန် ဆုံးဖြတ်လိုက်၏။
"အစ်ကိုကြီး"
ရှောင်ရိ၏ ရွှင်မြူးသော အော်သံလေး ထွက်ပေါ်လာသည်။ ယဲ့ချန်က လှမ်းကြည့်လိုက်သောအခါ အဝေးရှိမြက်ခင်းပေါ်တွင် ရှောင်ရိနှင့် အသက်ငါးနှစ်အရွယ်ကလေးများ ဆော့ကစားနေသည်ကို မြင်လိုက်ရသည်။ ကလေးတိုင်း၏မျက်နှာတွင် အပြစ်ကင်းစွာပြုံး၍ သူ့ကို လက်ဝှေ့ယမ်းပြနေသည်။ ရှောင်ရိ၏ဘေးတွင် ဝမ်အာရှိနေသည်။ ယဲ့မျိုးနွယ်ရှိကလေးတိုင်းက ယဲ့ချန်ကို သူတို့၏စိတ်ထဲတွင် ပြိုင်ဘက်ကင်းနတ်ဘုရားတစ်ယောက်ပမာ မှတ်ယူထားကြသည်။
"တစ်နေ့ကျရင် ငါက ခေါင်းဆောင်လို အစွမ်းထက်လာရမယ်"
ခပ်ဝဝယောကျ်ားလေးတစ်ယောက်က လက်သီးလက်မောင်းတန်း၍ အော်ဟစ်လိုက်သည်။
"ငါလည်း အစ်ကိုကြီးလို အစွမ်းထက်လာရင် ယဲ့မျိုးနွယ်ကို ကာကွယ်ပေးမယ်"
ဆံပင်ကို နှစ်ဖက်ခွဲစီးထားသဖြင့် ချစ်စရာကောင်းနေသော ဝမ်အာ၏မျက်နှာလေးက လေးနက်နေသည်။ ယဲ့ချန်က သူမ၏ကိုယ်တွင်းမှ သန့်စင်သော မျိုးဆက်သွေးကို ခံစားနေရသည်။
"ဒီကလေးတွေက ကောင်းကောင်းကြီးပြင်းလာပြီး တစ်နေ့မှာ မျိုးနွယ်ကိုကာကွယ်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်"
ယဲ့ချန်က စိတ်ထဲတွင် သက်ပြင်းချက်၍ ရေရွတ်လိုက်သည်။ သူက ကြာပန်းစွပ်ပြုတ်ကို စားသောက်ပြီးနောက် ကျင့်ကြံရန် ဝိညာဥ်သစ်ပင်ထံ လျှောက်လာခဲ့သည်။ ထိုအချိန်တွင် သစ်ပင်အောက်၌ ပုံရိပ်တစ်ခု ရုတ်တရုက်ပေါ်လာကာ ယဲ့ချန်ကို စိုက်ကြည့်နေခဲ့သည်။ ထိုပုံရိပ်၏အရှိန်အဝါကြောင့် ယဲ့ချန်က ထိတ်လန့်သွားသော်လည်း အနီးကပ်ကြည့်လိုက်သောအခါ ထျန်းယွမ်ကောင်းကင်မြို့တော်မှ စောင့်ကြည်သူ ရန်ဟိုင်ဖြစ်ကြောင်း သိလိုက်ရသည်။
"စီနီယာ"
ယဲ့ချန်က လက်သီးနှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။
"မင်းရဲ့တောင်ကြားလေးက တကယ့်ကိုလှပပါတယ်။ ဒီကို ရောက်လာသူတိုင်း ပြန်ချင်မှာမဟုတ်ဘူး"
လက်နှစ်ဖက်ကို နောက်ပစ်၍ မတ်တပ်ရပ်နေသော ရန်ဟိုင်က တစ်ချက်ပြုံး၍ ချီးကျူးလိုက်ခြင်းဖြစ်သည်။
"စီနီယာသဘောကျရင် ကြိုက်သလောက် နေလို့ရပါတယ်"
ရန်ဟိုင်က ကြီးမြတ်သူအဆင့်တစ်ယောက်ဖြစ်၍ သူသာ ယဲ့တောင်ကြားအတွင်းနေမည်ဆိုလျှင် သမာဓိကောင်စီ၏ ခွေးအိုကြီးသုံးကောင်ကို ကြောက်စရာမလိုတော့ပေ။
"လူငယ်လေး မင်းအကြံက ကောင်းပါတယ်။ မင်းက ငါ့ကို ဒီမှာနေခွင့်ပေးပြီး ရန်သူတွေလာရင် တိုက်ခိုက်ပေးစေချင်တာလား။ ဒါပေမယ့်ကွာ သခင်ရှင်းက ဘာကိစ္စရှိရှိ ငါတို့ကိုတိုက်ကြီးလေးခုရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်ခွင့် မပေးထားဘူး"
ရန်ဟိုင်က ယဲ့ချန်၏အကြံကို ရိပ်စားမိသဖြင့် သဘောကျစွာရယ်မောလိုက်သည်။ ရန်ဟိုင်၏စကားကို ကြားသောအခါ ယဲ့ချန်၏မျက်လုံးများ အရောင်မှိန်သွားသည်။ သူ၏မျှော်လင့်ချက်က ဤနည်းဖြင့် ပျက်စီးသွားခဲ့ရသည်။
"ငါက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံး ဖြစ်ပျက်သမျှကို စောင့်ကြည့်နေတာဆိုတော့ မင်းရဲ့ကိုယ်ကျင့်စရိုက်ကို အတော်လေးသဘောကျတယ်။ သမာဓိကောင်စီရဲ့ ခွေးကောင်တွေကတော့ ကောင်းကင်မူလတိုက်ဝင်ခွင့်ရရင်တောင် ငါတို့ကြယ်အတွက် ဘာကောင်းကျိုးမှ မရှိဘူး"
ရန်ဟိုင်၏စကားသံက တည်ငြိမ်နေသော်လည်း ဒေါသသံအချို့ စွက်နေသည်။ သမာဓိကောင်စီ၏လုပ်ရပ်က ရက်စက်ကြမ်းကြုတ်လွန်းသဖြင့် စောင့်ကြည့်သူကိုပင် မကျေမနပ်ဖြစ်စေခဲ့သည်။
"သမာဓိကောင်စီရဲ့ ခေါင်းဆောင်တွေက ကြီးမြတ်သူအဆင့်ကိုတက်ဖို့ ကြိုးစားနေကြတယ်။ သူတို့ကို အရှေ့ပိုင်းတိုက်ကြီးက ဘယ်သူမှ မဆန့်ကျင်နိုင်ဘူး။ သုံးလအတွင်း သူတို့က တိုက်ကြီးတစ်ခုလုံးရဲ့အင်အားစုတွေကို ဝါးမျိုတော့မယ်"
ယဲ့ချန်က ပြောလိုက်ခြင်းဖြစ်သည်။
"ရှေးခေတ်တုန်းက သမာဓိကောင်စီကို တိုက်ကြီးတစ်ခုလုံးရဲ့ တရားမျှတရေးအတွက် တည်ထောင်ခဲ့တာဖြစ်တယ်။ ဒီလိုအခြေအနေမျိုးအထိ ကျဆင်းသွားမယ်လို့ မထင်ထားဘူး။ သခင်ရှင်းက ထျန်းယွမ်မြို့တော်ရဲ့ ကျင့်ကြံသူတွေကို မတိုက်ခိုက်ဖို့တားမြစ်ထားတာ နှမြောစရာကောင်းလွန်းပါတယ်။ ဒါပေမယ့် ငါ မင်းကို တစ်ခုတော့ကူညီနိုင်တယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ မင်းရဲ့ကံပေါ့"
ရန်ဟိုင်က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ကျေးဇူးတင်ပါတယ်ခင်ဗျာ"
ကြီးမြတ်သူတစ်ယောက်ဖြစ်သော ရန်ဟိုင် ကူညီမည်ဆိုသောကြောင့် ယဲ့ချန်က အလွန်ဝမ်းမြောက်သွားခဲ့သည်။
"ကျေးဇူးတင်မစောနဲ့ဦး။ ငါကလည်း အများကြီးကူညီနိုင်တာ မဟုတ်ဘူး။ အရင်ဆုံး မင်းဆီက ငါတစ်ခုလောက် တောင်းဆိုချင်တယ်"
ရန်ဟိုင်က ခေါင်းယမ်း၍ လေးနက်စွာပြောလိုက်သည်။
"ကျေးဇူးပြုပြီး ပြောပါ"
"ငါ မင်းတို့မျိုးနွယ်ကနေ တပည့်တစ်ယောက် ခေါ်သွားချင်တယ်"
"စီနီယာစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ စီနီယာရဲ့ တပည့်ဖြစ်လာဖို့အတွက် သူတို့ရဲ့ကံအပေါ် မူတည်ပါတယ်"
ရန်ဟိုင်၏စကားကို ကြားသောအခါ ယဲ့ချန်က တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။
"ဒိကလေးမလေး"
ရန်ဟိုင်က ဝမ်အာကို ညွှန်ပြလိုက်သည်။
"ဝမ်အာလား။ စီနီယာက သူမရဲ့အထူးသွေးမျိုးဆက်ကို သတိထားမိသွားတာလား။ မဟုတ်သေးဘူး။ ဆရာပြောသလိုဆိုရင် ဝမ်အာရဲ့သွေးကို သောက်တာပဲဖြစ်ဖြစ်၊ နှစ်ကိုယ်တူကျင့်ကြံတာပဲဖြစ်ဖြစ် ရှေးဟောင်းအမွေအနှစ်ကို ရနိုင်တယ်တဲ့။ စီနီယာရန်ကသာ မကောင်းတဲ့အကြံတွေရှိရင် ဝမ်အာ ဒုက္ခရောက်သွားလိမ့်မယ်။ ဒါပေမယ့် သူက ယုံကြည်စိတ်ချရလောက်တဲ့ လူမျိုးဖြစ်နေတယ်။ မဟုတ်ရင် ငါ့ဆီမှာ ခွင့်တောင်းနေမယ့်အစား ဝမ်အာကို လုယူသွားလို့ရတယ်"
ယဲ့ချန်က ရန်ဟိုင်ကို တစ်ချက်ကြည့်၍ စိတ်ထဲတွင် စိုးရိမ်စိတ်ကြောင့် ဝေခွဲမရဖြစ်နေခဲ့သည်။
"မစိုးရိမ်ပါနဲ့ကွာ။ ဒီဝမ်အာလေးက ဖီးနစ်ဧကရာဇ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပြီး ဖီးနစ်ဧကရာဇ်က နတ်အစေခံဆယ်ယောက်ထဲက တစ်ယောက်ဖြစ်နေတယ်။ ငါသာ သူ့မျိုးဆက်ကို မကောင်းကြံရဲရင် အလောင်းတောင် ကျန်မှာမဟုတ်ဘူး"
ရန်ဟိုင်က တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။
"နတ်အစေခံက ဘာများလဲ"
ယဲ့ချန်က ဤစကားလုံးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သောကြောင့် စိတ်ရှုပ်ထွေးနေသည်။ သို့သော် ရန်ဟိုင်၏အမူအရာကြောင့် ထိုအဆင့်က ကောင်းကင်မူလတိုက်တွင် အလွန်အစွမ်းထက်ကြောင်း သိသာနေသည်။
"ကောင်းကင်မူလတိုက်ကြီးကို ရောက်လာရင် ကြီးမြတ်သူအဆင့်အထက်မှာ ရွှမ်အဆင့်၊ တာအိုနတ်အဆင့်နဲ့ စစ်ဘုရင်အဆင့်ဆိုပြီးရှိတာကို သိလာလိမ့်မယ်။ စစ်ဘုရင်အဆင့်အထက်ကို နတ်အစေခံအဆင့်လို့ခေါ်ပြီး ကောင်းကင်မူလတိုက်ကြီးမှာ ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှုတွေဖြစ်တယ်။ နတ်အစေခံဆယ်ယောက်က ကောင်းကင်မူလကြယ်ရဲ့ အစွမ်းအထက်ဆုံးကာကွယ်သူတွေဖြစ်တယ်။ သူတို့အထက်မှာ ကြယ်ဝိညာဥ် အသိအမှတ်ပြုတာခံရတဲ့ ကြယ်သခင်အဆင့်ရှိတယ်။ ငါတို့ကြယ်ကြီးက ကြယ်သခင်ခုနစ်ယောက်ကို ရွေးချယ်ပြီးပြီဆိုပေမယ့် ငါတို့က သခင်ထျန်းယွမ်နဲ့ သခင်ရှင်းရွှမ် နှစ်ယောက်တည်းကိုသာ သိတယ်။ သူတို့နှစ်ယောက်လုံးက ကြယ်တွေကို ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်တယ်"
ရန်ဟိုင်က အစွမ်းထက်ဖြစ်တည်မှုကြီးများအကြောင်းကို ရှင်းပြနေရင်း စိတ်အားတက်ကြွလာသည်။ သူ၏စကားများကြောင့် ကြီးမြတ်သူအဆင့်အထက်တွင် ပို၍အစွမ်းထက်သော အဆင့်များရှိကြောင်း သိလိုက်ရသောအခါ ယဲ့ချန်၏စိတ်ထဲတွင် ခံစားချက်များ ပြင်းထန်လာသည်။ သိုင်းလမ်းစဥ်က အဆုံးမရှိနိုင်ဘဲ သူက တာထွက်ရုံအဆင့်သာ ရှိနေခဲ့သည်။
"ကျုပ် တောင်းပန်ပါတယ်။ စီနီယာအပေါ် အထင်လွဲမိသွားတယ်"
ဖီးနစ်ဧကရာဇ်က ကောင်းကင်မူလတိုက်တွင် အလွန်အဆင့်အတန်းမြင့်နေသောအခါ ဝမ်အာကို ရန်ဟိုင်နှင့်ထည့်ပေးလိုက်ရန် ပြဿနာမရှိပေ။ သူက ရန်ဟိုင်အပေါ် အားတုံ့အားနာဖြစ်သွားသဖြင့် တောင်းပန်လိုက်သည်။
"အမှန်အတိုင်းပြောရရင် သူမကိုခေါ်သွားရင် ငါလည်း ဆုလာဘ်နည်းနည်းရမှာပါ။ ဖီးနစ်ဧကရာဇ်က နတ်အစေခံတစ်ယောက်ဖြစ်ပြီး ဝမ်အာရဲ့ကိုယ်ထဲမှာ သူ့သွေးတွေ စီးဆင်းနေတယ်"
ရန်ဟိုင်က လက်ကာပြ၍ တစ်ချက်ပြုံးလိုက်သည်။
"စီနီယာက သူမကို ကောင်းကင်မူလတိုက်ဆီ ခေါ်သွားနိုင်လား"
ယဲ့ချန်က တစ်ခုခုကို တွေးမိလိုက်သဖြင့် မျက်လုံးများ အရောင်တောက်လာသည်။ အကယ်၍ ဝမ်အာသာ ယဲ့တောင်ကြားအတွင်းဆက်နေလျှင် ရန်သူများကြောင့် အသက်ဆက်ရှင်နိုင်မရှင်နိုင် မသေချာပေ။ အကယ်၍ ရန်ဟိုင်သာ သူမကိုခေါ်ဆောင်သွားလျှင် ဝမ်အာက လုံခြုံသွားမည့်အပြင် အကျိုးရှိသော ကျင့်စဥ်များစွာလည်း သင်ယူနိုင်ပေလိမ့်မည်။
"ရတယ်။ စောင့်ကြည့်သူတိုင်းက လူသုံးယောက်ကို ခေါ်လာခွင့်ရှိတယ်။ ငါ့မှာ နောက်ထပ်နေရာလွတ်နှစ်ခုတောင် ကျန်သေးတယ်"
ရန်ဟိုင်က ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ်။ ကျုပ် ဝမ်အာကို ချက်ချင်းခေါ်ပေးပါမယ်"
ယဲ့ချန်က ဝမ်အာအတွက် ဤအခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
"ဝမ်အာ ဒီကိုခဏလာပါဦး"
ယဲ့ချန်က အဝေးသို့လက်လှမ်းပြ၍ ဝမ်အာကို ချက်ချင်းခေါ်ယူလိုက်သည်။ သူမက ချက်ချင်းပြေးလွှားရောက်ရှိလာခဲ့သည်။ သူမ၏မျက်နှာလေးက ပန်းရောင်သန်းနေပြီး ဆံပင်လေးများကို စည်းနှောင်ထားသောကြောင့် ကျောက်စိမ်းအရုပ်ကလေးတစ်ခုနှင့်တူညီကာ အလွန်ချစ်စဖွယ်ကောင်းနေသည်။ သူမက အနီးသို့ရောက်သောအခါ ယဲ့ချန်နှင့်ရန်ဟိုင်ကို တလှည့်စီကြည့်လိုက်သည်။ ရေကဲ့သို့ကြည်လင်သော မျက်ဝန်းလေးများတွင် စပ်စုစိတ်များ ပြည့်နှက်နေသည်။
"ဝမ်အာ ဒါက စီနီယာရန်ဟိုင်တဲ့။ သူ့တပည့် ဖြစ်ချင်လား"
ယဲ့ချန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဝမ်အာ၏ခေါင်းကိုပွတ်သပ်ကာ တစ်ချက်ပြုံး၍ မေးလိုက်သည်။ သူမက အသက်ငါးနှစ်အရွယ်သာဖြစ်သော်လည်း လူစိမ်းများကို ကြောက်လန့်ခြင်းမရှိပေ။ သူမက ရန်ဟိုင်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း သာမန်ကလေးများကဲ့သို့ ထိတ်လန့်မနေဘဲ အရွယ်ရောက်ပြီးလူတစ်ယောက်ပမာ ရန်ဟိုင်ကို အကဲခတ်နေသည်။
"အစ်ကိုကြီး ဒီဦးလေးကြီးက အစွမ်းထက်လားဟင်"
သူမက ခြေဖျားထောက်၍ ယဲ့ချန်၏နားသို့ကပ်ကာ ခပ်တိုးတိုးမေးလိုက်သည်။
"အစွမ်းထက်တာပေါ့။ အစ်ကိုကြီးမြင်ဖူးသမျှထဲမှာ စီနီယာရန်က အစွမ်းအထက်ဆုံးပဲ"
ဝမ်အာ၏အပြုအမူကြောင့် ယဲ့ချန်က ရယ်မောလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆိုရင် သူက အစ်ကိုကြီးထက် ပိုအစွမ်းထက်လားဟင်"
ဝမ်အာက မျက်တောင်တဖျတ်ဖျတ်ခတ်၍ မေးလိုက်ပြန်သည်။
"စီနီယာရန်က ပိုအစွမ်းထက်တာပေါ့"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အစ်ကိုကြီးက အစွမ်းအထက်ဆုံးဖြစ်ရမှာလေ။ ဝမ်အာ့ကို မလိမ်ရဘူးနော်။ ဝမ်အာက ဒီလောက်အယုံမလွယ်ဘူး"
ဝမ်အာက ယဲ့ချန်၏စကားကို မယုံသောကြောင့် ဟန်ပါပါပြောလိုက်သောအခါ ယဲ့ချန်ရော ရန်ဟိုင်ပါ ရယ်မောလိုက်မိလေသည်။