နတ်မိုးကြိုးမြို့တော်သို့ ထွက်ခွာခြင်း
Vol. 34 Ch. 479
ရန်ဟိုင်သည် ယဲ့ချန်၏ ကြယ်ပိုင်နက်အစွမ်းကို မြင်သောအခါ ရင်ထိတ်သွားခဲ့သည်။ သူက ကြယ်ကိုးလုံး၏ပုံရိပ်ကို အံ့သြစွာစိုက်ကြည့်နေပြီး အဆင့်တစ်ပိုင်နက်မှ ဟုတ်ပါလေစဟု တွေးနေမိသည်။ ဤပိုင်နက်က နက္ခက်အမျိုးအစား ဖြစ်နေနိုင်သည်။ ကောင်းကင်မူလတိုက်ရှိ ကျင့်ကြံသူများပင် မည်သူမှ ဤသို့အစွမ်းထက်ပိုင်နက်မျိုးကို နားမလည်နိုင်ကြပေ။ ရှေးဟောင်းမှတ်တမ်းများ၌ပင် ဤအမျိုးအစားကို မှတ်တမ်းတင်ထားခြင်းမရှိသောကြောင့် သူက ဝေခွဲရခက်နေသည်။
"ထူးကဲအဆင့်တစ် ကြယ်ပိုင်နက်"
ယဲ့ချန်က ပတ်ဝန်းကျင်ရှိချီများကို အာရုံခံ၍ အလွန်အမင်းပျော်ရွှင်နေသည်။ ရန်ဟိုင်၏အကူအညီဖြင့် သူက အဆင့်တက်နိုင်ခဲ့ပြီး ပိုင်နက်ကိုလည်း ထုတ်ဖော်နိုင်လာခဲ့သည်။ ရန်ဟိုင်၏အမူအရာများအရ ကြယ်ပိုင်နက်က အားမနည်းကြောင်း သိသာနေသည်။ သူက ထူးကဲအဆင့်သို့ ရောက်လာသောအခါ ဝိညာဥ်ဖြင့်ဆက်သွယ်ထားသည့် ရတနာများလည်း လိုက်ပါအစွမ်းထက်လာခဲ့သည်။ နောက်ဆုံးတွင် သူက ထူးကဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ကြယ်ပိုင်နက်အဆင့်တစ်ကိုသာ ထုတ်ဖော်နိုင်သော်လည်း ရှေ့သို့ ခြေတစ်လှမ်း တက်နိုင်ခဲ့ပြီဖြစ်သည်။
"စီနီယာ ကျုပ်ရဲ့ပိုင်နက်က ဘယ်လိုအမျိုးအစားလဲ"
ယဲ့ချန်က သူ၏ပိုင်နက်အကြောင်း အလွန်သိချင်နေသဖြင့် မေးလိုက်ခြင်းဖြစ်သည်။
"မင်းရဲ့ပိုင်နက်က အရမ်းထူးခြားတယ်။ ငါကိုယ်တိုင်လည်း မသေချာဘူး။ နက္ခတ် မဟုတ်ရင် တာအိုအမျိုးအစားဖြစ်လိမ့်မယ်"
ရန်ဟိုင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူကိုယ်တိုင်လည်း ကြယ်ပိုင်နက်အကြောင်း မသိသောကြောင့် ဤကား အကောင်းဆုံးအဖြေ ဖြစ်သည်။
"စီနီယာတောင် မသိဘူးလား"
ယဲ့ချန်က ထိုအဖြေကြောင့် မင်သက်သွားခဲ့သည်။
"ငါလည်း ဒီလောက်ပဲပြောနိုင်တယ်။ နောက်တစ်ဆင့်ကို နားလည်ဖို့ မင်းကိုယ်တိုင် ကြိုးစားပေတော့"
ရန်ဟိုင်က ခါးသက်သက်ပြုံးလိုက်သည်။ ယဲ့ချန်ကိုကူညီခြင်းကပင် ကြယ်သခင်ရှင်း၏အမိန့်ကို အနည်းငယ်ဖီဆန်ရာ ရောက်နေခဲ့သည်။
"စီနီယာက အများကြီး ကူညီပေးပြီးပါပြီ။ ကျုပ် တကယ့်ကိုကျေးဇူးတင်ပါတယ်"
ယဲ့ချန်က လက်နှစ်ဆုပ်၍ အရိုအသေပေးလိုက်သည်။ အကယ်၍ ရန်ဟိုင်သာ မကူညီလျှင် သူက ထူးကဲအဆင့်ရောက်ရန် အချိန်တစ်ခုယူ၍ ကျင့်ကြံရပေလိမ့်မည်။ သူက ဝိညာဥ်သစ်ပင်အောက်တွင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံဆင့်ကို အခြေတည်စေလိုက်၏။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်တွင် ကြယ်ပိုင်နက်အဆင့်တစ်ကို ကြယ်ကြွေပိုင်နက်ဟု ဖော်ပြထားသည်။ သူက ကြယ်ကိုးလုံး၏ ပြင်းထန်သော မြေဆွဲအားကို ထုတ်ဖော်၍ ရန်သူများကို ဆုတ်ဖြဲပစ်နိုင်သည်။
ရန်ဟိုင်ကမူ ဝမ်အာကို ကျင့်စဥ်အချို့သင်ကြားပေး၍ ကျင့်ကြံခြင်းတွင် လမ်းညွှန်ပေးနေသည်။ ရှောင်ရိကိုလည်း ဘေးမှနားထောင်ခွင့်ပြုထားသဖြင့် အကျိုးရှိစေခဲ့သည်။ ညနေအချိန်တွင် သူက ပျောက်ကွယ်သွား၍ လုပ်စရာရှိကြောင်း ပြောပြထားသည်။ ရန်ဟိုင်၏အလုပ်က ဝိညာဥ်သားရဲများနှင့် သေချာပေါက်ပတ်သက်နေသော်လည်း ဖြေမည်မဟုတ်သောကြောင့် ယဲ့ချန်က ကျင့်စဥ်ကိုသာ အာရုံစိုက်နေခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်း အချိန်လဝက် ကုန်ဆုံးသွားသည်။ ရန်ဟိုင်က မကြာခဏရောက်ရှိလာ၍ ဝမ်အာကို သင်ကြားပေးခဲ့သည်။ ယဲ့ချန်သည်လည်း ထူးကဲအဆင့်တစ်တွင် တည်ငြိမ်သွားကာ ပိုင်နက်နှင့် ပို၍ရင်းနှီးကျွမ်းဝင်လာသည်။ သူက ၎င်းကိုအသုံးပြုလေလေ ပို၍ဆန်းကျယ်လေလေဖြစ်ကြောင်း ခံစားနေရပြီး စကြဝဠာ၏ဆန်းကျယ်မှုများ ရောယှက်ပါဝင်နေသည်။ သူက ဆန်းကျယ်မှုအသစ်တစ်ခု ရှာတွေ့တိုင်း အလွန်အမင်းစိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတွင် သူက ကြယ်တာရာဘုံကိုးလွှာ၏ အဆင့်နှစ်ကို ကျင့်ကြံနိုင်ခွင့်ရပြီဖြစ်သည်။ သူက ၎င်းကို ဖြည်းဖြည်းချင်းလေ့လာရမည်ဖြစ်ပြီး ကျင့်စဥ်အမျိုးအစားကိုးခု ပါဝင်သောကြောင့် တစ်ခုချင်းကျင့်ကြံခြင်းက လွယ်ကူသော်လည်း ပေါင်းစပ်ခြင်းက အဆမတန်ခဲယဥ်းပေသည်။ ယဲ့မျိုးနွယ်ဝင်အချို့ပင် မိုးကြိုးဧကရာဇ်ကျင့်စဥ်၏ အဆင့်သုံးအထိ ရောက်နေကြသော်လည်း ကျင့်စဥ်ကိုးခုလုံးကိုကျင့်ကြံရသော ယဲ့ချန်က အဆင့်တစ်ကိုသာ အောင်မြင်ထားသည်။
အချိန်တစ်ခုကြာသောအခါ သမာဓိကောင်စီက စတင်လှုပ်ရှားလာကာ ကြယ်သလင်းကျောက်တွင် သတင်းအသစ်များ ရောက်ရှိလာသည်။ လွန်ခဲ့သောလဝက်အတွင်း သမာဓိကောင်စီ၏ ထူးကဲအဆင့် ကျင့်ကြံသူ ငါးဆယ်မှခြောက်ဆယ်က နတ်မိုးကြိုးမြို့တော်ထံ ချီတက်လာကြပြီး အနီးရှိအင်အားစုတိုင်းကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုကျင့်ကြံသူများအပြင် လူသားရုပ်သေးစစ်တပ်တစ်ခုလည်း ရောက်ရှိလာသည်။ ရုပ်သေးစစ်တပ်က အရေအတွက်သိန်းချီပြီး အများစုက နတ်ဘုရင်အဆင့်များ ဖြစ်ကြသည်။ အဆုံးမဲ့အဆင့်သုံးထောင်နှင့် ရာချီသော ထူးကဲအဆင့်များလည်း ပါဝင်သည်။ ၎င်းတို့က ပိုင်နက်ကို မထုတ်ဖော်နိုင်သော်လည်း အလွန်မာကျောသော သတ္တုများနှင့် ပြုလုပ်ထားသောကြောင့် လူသားများနှင့် သားရဲများထက် ပို၍ကိုင်တွယ်ရခက်ခဲနေသည်။
ကြယ်သလင်းကျောက်မှ မြင်ကွင်းများကို ကြည့်နေသော ယဲ့ချန်သည် သမာဓိကောင်စီက ဤကိစ္စကို ကြိုတင်စီစဥ်ထားကြောင်း နားလည်လိုက်သည်။ ကန့်သတ်ဒေသရှိ အမှောင်ဝိညာဥ်က ဤရုပ်သေးများအတွက် အသုံးပြုရန်ဖြစ်သည်။ အလွန်ကြီးမားသော စစ်တပ်ကြီးအတွက် လိုအပ်သော အမှောင်ဝိညာဥ်များကို သမာဓိကောင်စီက အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် မွေးမြူထားခဲ့သည်။ ထို့အပြင် လက်အောက်ခံ အင်အားစုတိုင်းကိုလည်း နတ်မိုးကြိုးမြို့တော်သို့ ချီတက်စေခဲ့သည်။
နတ်မိုးကြိုးမြို့တော်၏ ခမ်းနားသော အဆောက်အအုံများပေါ်တွင် လျှပ်စီးများယှက်နွယ်နေသည့် တိမ်မည်းများ တည်ရှိနေသည်။ ပိုမေ့ကလည်း မဟာမိတ်အင်အားစုများကို ဆင့်ခေါ်ခဲ့ပြီး ကျင့်ကြံသူများစွာ တဖွဲဖွဲရောက်ရှိလာကြသည်။ သို့သော်လည်း အလွန်များပြားသော ရုပ်သေးအရေအတွက်ကြောင့် ကျင့်ကြံသူများက စိုးရိမ်နေကြသည်။ ရုပ်သေးများကို သတ္တုဖြင့် ပြုလုပ်ထားသောကြောင့် မိုးကြိုးနှင့်လျှပ်စီးကိုကြောက်သည်မှာ ပုံမှန်ဖြစ်သည်။ သို့သော် သမာဓိကောင်စီက ရုပ်သေးများစွာ ထုတ်သုံးလာသောအခါ ဖြေရှင်းရန် နည်းလမ်းများ ရှိနေနိုင်သည်။
နတ်မိုးကြိုးမြို့တော် ပျက်စီးသွားလျှင် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးတွင် သမာဓိကောင်စီကို ရပ်တန့်နိုင်သူ ရှိမည်မဟုတ်တော့ပေ။ အချို့အင်အားစုများက မူလတွင် သမာဓိကောင်စီထံ ခိုလှုံရန် တွေးခဲ့ကြသည်။ သို့သော် ပြည်သူဆယ်သန်းကျော် မြို့ပြင်တွင် သေဆုံးသွားသောအဖြစ်ကြောင့် သူတို့၏အကြံကို ပယ်ဖျက်လိုက်ရသည်။ သမာဓိကောင်စီက သူတို့ကိုမလိုအပ်လျှင် ချနင်းပစ်ရန် ဝန်လေးနေမည်မဟုတ်ပေ။ ထိုအင်အားစုက တစ်နေ့တခြား ပိုမိုရက်စက် ကြမ်းကြုတ်လာနေသည်။ ထို့ကြောင့် အရှေ့ပိုင်းတိုက်ကြီး၏ ကျင့်ကြံသူများက ၎င်းကို ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းရန်မှတစ်ပါး ရွေးချယ်စရာမရှိချေ။ သမာဓိကောင်စီဘက်မှလည်း နတ်မိုးကြိုးမြို့တော်ပျက်စီးသွားလျှင် တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် ရှိရှိသမျှငယ်သားများကို နတ်မိုးကြိုးမြို့တော်အပြင်ဘက်တွင် တပ်စွဲစေပြီး တစ်ချက်တည်းဖြင့် အနိုင်အရှုံးဆုံးဖြတ်ရန် ကြံစည်ထားကြသည်။
လင်းယွန်တောင်တန်းတွင် ဖြစ်သည်။
"ညီလေးယဲ့ မင်း တကယ် နတ်မိုးကြိုးမြို့တော်ကို သွားမလို့လား"
ထုံတန်က စိုးရိမ်တကြီး မေးလိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က သူ့ကို သမာဓိကောင်စီအကြောင်း ပြောပြထားသဖြင့် ဤစစ်ပွဲက အလွန်အန္တရာယ်များကြောင်း နားလည်ထားသည်။ ယဲ့ချန်က နတ်မိုးကြိုးမြို့တော်တွင်ရှိနေလျှင် အချိန်တိုင်း အသက်အန္တရာယ်ရှိနိုင်သည်။
"ဟုတ်တယ်။ အစ်ကိုထုံက ကြယ်ခန်းမကိုစောင့်ရှောက်ပေးဖို့ တောင်းဆိုပါတယ်။ နတ်မိုးကြိုးမြို့တော် ကျဆုံးသွားရင် ကြယ်ခန်းမလည်း ဖျက်ဆီးခံရမှာ သေချာတယ်"
ယဲ့ချန်၏မျက်လုံးများက ဆုံးဖြတ်ချက်ချထားဟန်ဖြင့် ပြတ်သားနေသည်။
"ညီလေးယဲ့နဲ့အတူ နောက်လိုက်တွေ ခေါ်သွားဦးမလား"
ယဲ့ချန်ဆုံးဖြတ်ထားသည်ကို နားလည်လိုက်သောအခါ ထုံတန်က သူ့ကိုတားမြစ်ရန် မကြိုးစားတော့ပေ။
"မလိုအပ်ဘူး။ လူတိုင်းက ကြယ်ခန်းမကို ကာကွယ်ထားကြပါ။ ဝူဇီကို ဒီမှာထားခဲ့မယ်။ ရန်သူတစ်ယောက်ယောက် ရောက်လာပြီဆိုရင် သူက ကျုပ်ဆီကို ချက်ချင်းသတင်းပို့လိမ့်မယ်။ ခုနစ်ရက်အတွင်း ပြန်လာခဲ့မယ်"
ယဲ့ချန်က ညွှန်ကြားလိုက်သည်။ ထူးကဲအဆင့်သို့ရောက်ပြီးနောက် သူ၏တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် မိုင်တစ်ရာကို ခဏအတွင်း သွားလာနိုင်ပြီဖြစ်သည်။ သူ၏ကြယ်ပိုင်နက်ကလည်း လျင်မြန်မှုကို အထောက်အကူပြုနေသဖြင့် ကျန်ထူးကဲအဆင့်ကျင့်ကြံသူများထက် လေးငါးဆခန့် ပို၍မြန်ဆန်လေသည်။
"ကောင်းပါပြီ"
ထုံတန်က ခေါင်းညိတ်ပြလိုက်သည်။ သူက လုံလောက်အောင် မသန်မာသောကြောင့် ဤစစ်ပွဲအတွင်း ယဲ့ချန်ကို လိုက်လံကူညီနိုင်စွမ်း မရှိချေ။ သို့သော် သူက ကြယ်ခန်းမကို သေချာပေါက်အသက်စွန့် ကာကွယ်မည်ဖြစ်သည်။ ယဲ့ချန်သည်လည်း ကြယ်ခန်းမနှင့် ယဲ့မျိုးနွယ်ကို ကာကွယ်ရန်အတွက် ထုံတန်ကို ယုံကြည်စိတ်ချသည်။
ကြယ်ခန်းမအတွက် စီစဥ်စရာရှိသည်များ မှာကြားပြီးနောက် ယဲ့ချန်က ယဲ့မျိုးနွယ်ကို နှုတ်ဆက်လိုက်သည်။ သူတို့က နတ်မိုးကြိုးမြို့တော်တွင် မိုးကြိုးသားရဲမျိုးနွယ်ကို ယဲ့ချန်သွားရောက် ကူညီမည့်အကြောင်း ကြားသောအခါ အလွန်အန္တရာယ်များကြောင်း နားလည်သဖြင့် မျက်ရည်ဝဲနေကြသည်။ ထို့နောက် ယဲ့ချန်က အမွေးပွလေးကိုခေါ်ဆောင်၍ ခရီးစဥ်ကို စတင်လိုက်သည်။ ကြယ်သလင်းကျောက် တဖျတ်ဖျတ်လက်နေပြီး နတ်မိုးကြိုးမြို့တော်၏သတင်းများကို အချိန်တိုင်း ပို့ဆောင်ပေးနေသည်။
ဤရက်များအတွင်း မြို့တော်ပတ်လည်ရှိ သစ်တောများတွင် တိုက်ပွဲငယ်အချို့ ဖြစ်ပွားခဲ့သည်။ ပိုမေ့က အဆုံးမဲ့အဆင့်ကျင့်ကြံသူများ စေလွှတ်လိုက်သကဲ့သို့ သမာဓိကောင်စီဘက်မှလည်း အဆုံးမဲ့အဆင့်များဖြင့် တုံ့ပြန်လာသောကြောင့် နှစ်ဖက်လုံး အဆုံးအရှုံးရှိနေခဲ့သည်။ ထူးကဲအဆင့်ကျင့်ကြံသူများကမူ နားလည်မှုဖြင့် တိုက်ပွဲအတွင်း ထွက်ပေါ်လာခြင်း မရှိပေ။ စစ်ပွဲက အမှန်တကယ်မစတင်သေးဘဲ အားစမ်းတိုက်ခိုက်နေခြင်းသာ ဖြစ်သည်။
ယဲ့ချန်သည် ထန်တိုက်လင်ကို ပိုမေ့အား သူ သွားရောက်ကူညီမည့်အကြောင်း မပြောရန် ဆုံးဖြတ်ထားသည်။ သမာဓိကောင်စီခေါင်းဆောင်သုံးယောက်က အချိန်မရွေး ထွက်ပေါ်လာနိုင်သည်။ ထိပ်တန်းကျင့်ကြံသူများ၏ တိုက်ပွဲသို့ ထန်တိုက်လင်ဝင်ပါမည်ကို သူက စိုးရိမ်နေသည်။ သူမက ရေခဲပြာမျိုးနွယ်၏ပိုင်နက်အတွင်း ပို၍လုံခြုံပေသည်။ ခေါင်းဆောင်သုံးယောက်က အလွန်အစွမ်းထက်သော်လည်း ရေအောက်တွင် ခွန်အား၏ဆယ်ပုံတစ်ပုံကိုသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူတို့က ထန်တိုက်လင်ကို သွားရောက်ဒုက္ခပေးရန် မဖြစ်နိုင်ချေ။
လမ်းတလျှောက်တွင် တောတောင်မြစ်ချောင်းများကို ယဲ့ချန် တရိပ်ရိပ်ကျော်ဖြတ်လာသည်။ သူက ဝိညာဥ်အသိစိတ်ကို အသက်သွင်းထား၍ တွေ့သမျှ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲတိုင်းကို သတ်ဖြတ်ခဲ့သည်။ အလောင်းများကိုမူ လက်မောင်းကာအတွင်း သိမ်းဆည်းထားခဲ့သည်။ လက်ရှိတွင် ကပ်ဘေးက ပိုမိုပြင်းထန်လာပြီး မိုင်တစ်သောင်းအချင်းဝက်အတွင်း နတ်ဘုရင်အဆင့်များ ရာချီသည်အထိ တိုးပွားလာနေသည်။ ဤအချက်က ယဲ့ချန်ကို စိုးရိမ်စေခဲ့သည်။ ဝိညာဥ်သားရဲကပ်ဘေးက အချိန်တိုင်း မြင့်တက်လာနေချိန်တွင် သမာဓိကောင်စီက လမ်းမှားကို တဟုန်ထိုးလျှောက်လှမ်းနေသည်။
ဝိညာဥ်သားရဲများကို သတ်ဖြတ်ပြီးနောက် အလောင်းများအတွင်း စစ်ဆေးလိုက်သောအခါ ဆည်းဆာရွှေများ ထွက်ပေါ်လာ၏။ ဆည်းဆာရွှေဆယ်သန်းက ကောင်းကင်မူလတိုက် ဝင်ခွင့်တစ်ခု ဝယ်ယူနိုင်သည်။ ဤအရေအတွက်က စုဆောင်းရန် အလွန်ခက်ခဲသော်လည်း ယဲ့ချန်က ကြိုးစားရပေလိမ့်မည်။ ဤခရီးတွင် သူက ကံကောင်းနေပြီး ဆည်းဆာရွှေများအပြင် ကျင့်စဥ်ကျောက်စိမ်းငါးခုကိုလည်း ရရှိခဲ့သည်။ သွေးစက်ချ၍ စမ်းသပ်ပြီးနောက် သူက နောက်ထပ်လျှို့ဝှက်ကျင့်စဥ်ကျောက်စိမ်းတစ်ခုကို အသက်သွင်းနိုင်ခဲ့သည်။ သူက ဆန်းကျယ်သော နေရာလပ်အတွင်း နောက်တစ်ဖန်ပြန်ရောက်သွားကာ လျှို့ဝှက်ကျင့်စဥ်မျိုးစုံ၏ ပုံရိပ်များ ထွက်ပေါ်လာနေသည်။
"လူငယ်လေး မင်း ဘယ်လျှို့ဝှက်ကျင့်စဥ်ကို လိုချင်လဲ"
အဘိုးအို၏စကားသံ ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်က ကျင့်စဥ်များကို တစ်ခုပြီးတစ်ခု စစ်ဆေးနေသည်။ ကြယ်အဆင့်ကျင့်စဥ်တစ်ခုမှ ထွက်ပေါ်နေသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်က သူ့ကို ဆွဲဆောင်နေသည်။ သို့သော် အချိန်ယူ၍ စဥ်းစားပြီးနောက် ၎င်းကိုမယူရန် ဆုံးဖြတ်လိုက်သည်။ သူ့ထံတွင် တိုက်ခိုက်ရေးကျင့်စဥ်များစွာရှိနေပြီး ကောင်းကင်ဓားပျံများ၊ ကောင်းကင်တုန်ခါဆေးအိုးစသော အစွမ်းထက် တိုက်ခိုက်ရေးရတနာများစွာလည်း ပိုင်ဆိုင်ထားသည်။ သူမျက်စိကျနေသော လျှို့ဝှက်ကျင့်စဥ်က သာမန်ကျင့်ကြံသူများကို တိုက်ခိုက်ရာတွင် အသုံးဝင်မည်ဖြစ်သော်လည်း သမာဓိကောင်စီ၏ ခွေးသုံးကောင်ကို ဆန့်ကျင်ရန် မလုံလောက်ပေ။ သူက ခွေးအိုကြီးသုံးကောင်ကို ရင်ဆိုင်နိုင်မည့် လျှို့ဝှက်ကျင့်စဥ်မျိုးကို စဥ်းစားနေခဲ့လေသည်။