← Chapters

ဟိုမှာ... သူ အသက်ရှင်နေတုန်းပဲ

Vol. 112 Ch. 1552

ဟိုမှာ... သူ အသက်ရှင်နေတုန်းပဲ

Vol. 112 Ch. 1552

နာရီနှစ်ဆယ်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကောင်းကင်ခွင်းတပ် စတင် ထွက်ခွာသည်။ စစ်သူကြီးရန်ထျန်းဖန်က တပ်ကို ကိုယ်တိုင်ဦးဆောင်လာသည်။ တည်နေရာပြောင်းရွှေ့အစီအရင်မှ အစောင့်များက ကောင်းကင်ခွင်းတပ်အတွက် လမ်းဖယ်ပေးကြပေသည်။

သိမ်းငှက်ဘုရင်လေး၏ တပ်ဖွဲ့သည် တာဝန်တစ်ခုကို ထမ်းဆောင်ပြီးရုံသာ ရှိသေးပြီး တစ်ရက်သာ အနားယူရသေးသည်။ သို့သော် ကောင်းကင်ခွင်းတပ် တစ်တပ်လုံး ထွက်ခွာရမည်ဖြစ်ရာ သူတို့တပ်ဖွဲ့သာ ကျန်နေခဲ့၍ မရပေ။ ထို့ကြောင့် သိမ်းငှက်ဘုရင်လေး ရွေးချယ်စရာ မရှိတော့ဘဲ သူ့တပ်ဖွဲ့ကိုဦးဆောင်၍ ထွက်ခွာရမည်ဖြစ်သည်။

တပ်သားနှစ်သိန်းစလုံး တည်နေရာပြောင်းရွှေ့နိုင်ရန် စုစုပေါင်း ဆယ်နာရီကြာပေမည်။ သိမ်းငှက်ဘုရင်လေး၏တပ်ဖွဲ့က နောက်ဆုံးမှ ထွက်လာ၏။ သူသည် တပ်စခန်းထဲတွင်သာ စောင့်ဆိုင်းနေခဲ့သည်။ ပထမဆုံးတပ်ဖွဲ့ တည်နေရာပြောင်းရွှေ့သွားပြီးမှ သိမ်းငှက်ဘုရင်လေးသည် သူ၏ရွက်ဖျင်တဲထဲမှ ထွက်လာပြီး လက်ဝှေ့ယမ်းကာ အေးစက်စက် ပြောလိုက်သည်။

“သွားကြစို့...”

သိမ်းငှက်ဘုရင်လေးသည် သူ့လူများကို ဦးဆောင်၍ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ သွားလိုက်၏။ သူသည် သူ့တပ်ဖွဲ့ကိုပင် စစ်ဆေးရန် အချိန်မရလိုက်၍ တပ်ဖွဲ့ထဲ၌ လူစိမ်းငါးယောက် ပိုလာသည်ကို မသိချေ။ အဆိပ်ဝိညာဉ်တို့သည် ကောင်းကင်ခွင်းတပ်၏ စစ်ချပ်ဝတ်များကို ဝတ်ဆင်၍ ကောင်းကင်ခွင်းတပ်သာများအဖြစ် ဟန်ဆောင်ထားကြသည်။ သူတို့က မိုချန်ဟဲစေလွှတ်လိုက်သည့် မိုဟွိုက်စန်း၏ လုံခြုံရေးကို တာဝန်ယူရသော ကိုယ်ရံတော်များဖြစ်သည်ဟုလည်း ပြောထားကြသည်။ ထို့ကြောင့် သူတို့ တပ်ဖွဲ့ထဲ အလွယ်တကူ ဝင်နိုင်ခဲ့ကြပေသည်။

တပ်ဖွဲ့ထဲမှ တပ်သားများသည် ထိုကိုယ်ရံတော်များထဲ၌ အမျိုးသမီးလေးယောက်ပါကြောင်းကို သတိပြုမိကြ၏။ ထို့ပြင် ရီချန်တို့၏ ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေသည်။ ထို့ကြောင့် သူတို့သည် တစ်ခုခု မှားနေသည်ဟု စတင် ခံစားလာရလေသည်။ သို့သော် မည်သူကမှ မေးခွန်းမထုတ်ဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမပျိုလေးများက တိရှဘုံမှ သခင်မလေးများဖြစ်သည်ဟု သူတို့ ထင်ကြ၍ပင်။ မိုဟွိုက်စန်းက သူမ၏မိတ်ဆွေများကို အဖော်ခေါ်လာခြင်း ဖြစ်နိုင်ပေသည်။

အဆိပ်ဝိညာဉ်သည် စုလောရွှယ်၊ ယဉ်ရို့ပင်းနှင့် တိလင်အာတို့ကို ခေါ်မလာလိုပေ။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသည် မဟုတ်လော။ သို့သော် သူမတို့ကို ထားခဲ့ရန်လည်း အဆိပ်ဝိညာဉ် စိတ်မချပေ။ သူ မရှိချိန်တွင် သူမတို့ တစ်ခုခုဖြစ်သွားပါက မည်သို့လုပ်မည်နည်း။ ထို့ပြင် ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့ကလည်း ကျန်းရီကို ရှာရန် အတင်းလိုက်လာလိုနေကြသည်။ တိလင်အာကလည်း အတူလိုက်လာလိုနေသည်။ သို့ဖြစ်ရာ အဆိပ်ဝိညာဉ် ရွေးချယ်စရာမရှိတော့ဘဲ သူမတို့အားလုံးကို ခေါ်လာခဲ့ရလေသည်။

အဆိပ်ဝိညာဉ်၏ အတွေးမှာ ဤသို့ပင်... တိလင်အာနှင့် မိုဟွိုက်စန်းတို့က မျိုးနွယ်ကြီးများမှ ဖြစ်သည်။ အကယ်၍ ရီချန်တို့သုံးယောက်ကသာ သူမတို့နှစ်ယောက်နောက်သို့ လိုက်မည်ဆိုလျှင် မည်သူကမှ သူမတို့ကို အန္တရာယ်မပြုဝံ့လောက်ပေ။

ထို့ကြောင့် အဆိပ်ဝိညာဉ်သည် ရီချန်တို့သုံးယောက်ကို တိလင်အာနှင့် မိုဟွိုက်စန်းတို့အနားမှာပင်နေရန် မှာထားသည်။ သူမတို့ အခြားနေရာများသို့ လျှောက်သွားခွင့်မရှိပေ။ ရီချန်တို့သည် အခြေအနေ၏ လေးနက်ပုံကို သိ၍ တိလင်အာနှင့် မိုဟွိုက်စန်းအနားမှ ခွာမည်မဟုတ်ဟု အဆိပ်ဝိညာဉ်ကို ကတိပေးလိုက်ကြသည်။ ရီချန်က အလွန်အသိဉာဏ်ရှိသူတစ်ယောက်ဖြစ်သည်။ သူမသည် ဆုံးဖြတ်ချက်ချရာတွင် တည်ငြိမ်မှုရှိပြီး အမြော်အမြင်ရှိရှိ တွေးတောတတ်သည်။ အဆိပ်ဝိညာဉ်သည် လူကဲခတ်ရာတွင် လွဲခဲ၏။ ထို့ကြောင့် သူမတို့က မည်သို့လုပ်ရမည်ကို သိလိမ့်မည်ဟု သူ ယုံကြည်ပေသည်။

ရွှီး...

တည်နေရာပြောင်း‌ရွှေ့အစီရင်၏ အလင်းက လွင့်ပြယ်သွား၏။ မိုဟွိုက်စန်းတို့အုပ်စု ထွက်ပေါ်လာသောအခါ မရေမတွက်နိုင်သော ကောင်းကင်စိတ်အာရုံများ ရောက်ရှိလာပေသည်။ ထိုစဉ် တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။

“မိုဟွိုက်စန်း... တောင်ထိပ်မှာပဲနေပါ။ အပြင်ကို မထွက်ပါနဲ့။ ပြီးတော့ တိုက်ပွဲကိုလည်း မပြတ်မှတ်တမ်းတင်ထားပါ”

အော်ပြောလိုက်သူမှာ သိမ်းငှက်ဘုရင်လေး၏ လက်ထောက်ပင်။ မိုဟွိုက်စန်းသည် လှည့်ပတ်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ လက်ထောက်တပ်မှူးမူ... မစိုးရိမ်ပါနဲ့။ ကျွန်မ အပြင်မထွက်ပါဘူး”

တောင်ထိပ်က အချင်းမီတာငါးရာလောက်သာ ကျယ်သည်။ အလွန်ဆုံးမှ တောင်ထိပ်ပေါ်တွင် လူတစ်သောင်းလောက်သာ အတူရပ်နိုင်ပေသည်။ တပ်ဖွဲ့အသီးသီးမှ စာရေးများနှင့်ပင် လူတစ်ထောင်ကျော် ရှိနေပေပြီ။ ဤတစ်ကြိမ်တွင် လသားရဲများကို ရှင်းပစ်နိုင်ရန်အတွက် သူတို့က အလှည့်ကျ အစီအရင်များ ဆင်ရမည်ဖြစ်သည်။ ထိုမှ တပ်သားများက မိစ္ဆာဓာတ်၏ သက်ရောက်မှုကို မခံရမည်ဖြစ်သည်။ ထို့ကြောင့် ထိုအခိုက်တွင် တောင်ထိပ်၌ လူများ ပြည့်နှက်နေပေသည်။

မိုဟွိုက်စန်းသည် သူမ၏ကိုယ်ရံတော်အုပ်စုကို ခေါ်၍ အရှေ့ဘက် ထောင့်စွန်းတစ်နေရာသို့ သွားလိုက်၏။ အဘယ်ကြောင့်ဆိုသော် သိမ်းငှက်ဘုရင်လေးဦးဆောင်သော တပ်ဖွဲ့က အရှေ့ဘက်ကို တာဝန်ယူရသောကြောင့်ပင်။

အဆိပ်ဝိညာဉ်သည် သူ၏အရှိန်အဝါကို ရုတ်သိမ်းထားပြီး ရုပ်ပြောင်းအတတ်ကိုလည်း သုံးထားသည်။ ထို့ပြင် သူက ကောင်းကင်ခွင်းတပ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ မိုဟွိုက်စန်းနောက်မှ လိုက်နေသဖြင့် မည်သူကမှ သူ့ကို များစွာအာရုံမစိုက်ကြချေ။ ရီချန်၊ တိလင်အာနှင့် ကျန်မိန်းမပျိုနှစ်ယောက်သည်လည်း မိုဟွိုက်စန်းနောက်မှ ကပ်လိုက်နေကြသည်။ သူမတို့ ထောင့်စွန်းနေရာသို့ ရောက်သောအခါ မိုဟွိုက်စန်းက သူမတို့ကို အနားယူရန် ပြောလိုက်သည်။ အဆိပ်ဝိညာဉ်သည် ရီချန်ကို လှမ်းကြည့်၍ အသံပို့လွှတ်လိုက်၏။

“အရှင်မ... တစ်ခုခု ခံစားမိပါသလား”

ရီချန်က မည်သို့မှ မပြောဘဲ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်၍ တရားထိုင်လိုက်သည်။ တိလင်အာတို့သည် သူမ တစ်စုံတစ်ခု အာရုံမိမည်ကို စိတ်လှုပ်တရှားဖြင့် စောင့်ဆိုင်းနေကြပေသည်။

ကောင်းကင်ခွင်းတပ်မှ တပ်သားအားလုံးနီးပါး ရောက်နေကြပြီဖြစ်သည်။ သိမ်းငှက်ဘုရင်လေး၏ တပ်ဖွဲ့မှ တပ်သားအနည်းငယ်သာ လိုတော့သည်။ ဧရာမတပ်ကြီးသည် တောင်များကို ဝန်းရံ၍ တပ်ဖွဲ့အားလုံး နေရာယူပြီးမည့်အချိန်ကို တိတ်တဆိတ်စောင့်ဆိုင်းနေကြသည်။ ထို့ပြင် သူတို့သည် အနီရောင်အလင်း ကျဆင်းလာကာ လသားရဲများ စတင် တိုက်ခိုက်ကြမည်ကိုလည်း စောင့်ဆိုင်းနေပေသည်။

လှုပ်ရှားရန် အကောင်းဆုံးအချိန်မှာ လသားရဲများ နိုးကြားလာသောအချိန်ပင်။ ထိုမှ ၎င်းတို့အားလုံးကို အချိန်တိုအတွင်း ရှင်းပစ်နိုင်မည်ဖြစ်သည်။ ကောင်းကင်ခွင်းတပ်၏ စစ်သူကြီးသည် ရှေးဦးစွာ တပ်သားများကို မြေအောက်ထဲမှနေ၍ ဆယ့်ငါးမိနစ်လျှင်တစ်ကြိမ် ထွက်ပေါ်လာသည့် ထူးဆန်းသောအသံနှင့် အသားကျအောင် လု်ပခိုင်းခြင်းက ကောင်းလိမ့်မည်ဟု တွေးသည်။ မဟုတ်လျှင် တိုက်ပွဲစသည်နှင့် မတော်တဆမှုများ အလွယ်တကူ ဖြစ်ပေါ်လာပေလိမ့်မည်။

ဆယ်မိနစ်ကြာပြီးနောက်...

အစီအရင်အပြင်ဘက်မှ တပ်သားအားလုံး၏ မျက်နှာများက ရှုံ့တွလာကြသည်။ သူတို့က နာကျင်နေကြပုံပင်။ တော်သေးသည်မှာ အင်အားအနည်းဆုံး တပ်သားကပင် နတ်ဘုရားဘုရင်အဆင့်၌ ရှိနေ၍ပင်။ ကျန်းရီပင် ထိုနာကျင်မှုကို တောင့်ခံနိုင်ခဲ့ရာ ဤတပ်သားအားလုံးလည်း တောင့်ခံနိုင်ပေလိမ့်မည်။ သူတို့ အစီအရင်အပြင်ဘက်တွင် ကြာကြာမနေသ၍ မိစ္ဆာဓာတ်၏ သက်ရောက်မှုကို များစွာခံရလိမ့်မည် မဟုတ်ချေ။ တောင်ထိပ်ကို လွှမ်းခြုံထားသော အလင်းအကာအရံအလွှာက အလွန်စွမ်းအားကြီးသော အစီအရင်များနှင့် ဖန်တီးထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ထူးဆန်းသောအသံသည် အလင်းလွှာအတွင်း ဖောက်ဝင်မလာနိုင်ပေ။

‘ဒီပုံအတိုင်းဆိုရင်တော့ အခြေအနေက ပရမ်းပတာ ဖြစ်လာမှာတော့ မဟုတ်ပါဘူး’

အဆိပ်ဝိညာဉ် ခေါင်းညိတ်လိုက်သည်။ တပ်သားနှစ်သိန်းသည် အလှည့်ကျ အနားယူ၍ သူတို့ပေါ်မှ မိစ္ဆာဓာတ်၏သက်ရောက်မှုကို ဖယ်ရှားကြမည်ဖြစ်သည်။ စွမ်းအားကြီး သိုင်းသမားများစွာက ပူးပေါင်းဆောင်ရွက်နေကြရာ တပ်က ဖရိုဖရဲဖြစ်မသွားသေး၍ လသားရဲများကို တစ်သုတ်ပြီးတစ်သုတ် အလွယ်တကူ ရှင်းပစ်နိုင်လောက်ပေသည်။

“အန်...”

ရီချန်၏ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်လာကြောင်း အဆိပ်ဝိညာဉ် ရုတ်တရက် သတိပြုမိလိုက်၏။ သူမ မျက်လုံးများဖွင့်လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ စိတ်လှုပ်ရှားလာ၏။ သူမသည် ‌တောင်ဘက်သို့ ကြည့်ကာ တီးတိုးရေရွတ်လိုက်လေသည်။

“ဟိုမှာ... သူ အသက်ရှင်နေတုန်းပဲ”

“အာ...”

တိလင်အာ၊ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားသည်။ သို့သော် မိုဟွိုက်စန်းကမူ အံ့အားသင့်သွားလေသည်။ ကျန်းရီက ဤအပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ရက်နှစ်ဆယ်ကြာအောင် ရှင်သန်နိုင်လိမ့်မည်ဟု သူမ မယုံပေ။ မိုဟွိုက်စန်းအနီးမှ လူများသည် ရီချန်က မည်သည့်အကြောင်းကို ပြောနေကြောင်း မသိကြပေ။ သူတို့ ခိုးလည်း နားမထောင်ဝံ့ပါပေ။

အဆိပ်ဝိညာဉ်၏ လက်နှစ်ဘက်က အတန်ငယ် တုန်ယင်သွား၏။ ထို့နောက် သူ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ နတ်ဘုရားသစ်ပင်က တောင်ဘက်တွင် တည်ရှိသည်။ ထိုနေရာတွင် ကျန့်ရှမျိုးနွယ်ဝင်များ၏ အလောင်းများစွာလည်း ရှိသည်။ ကျန်းရီက အမှန်ပင် ထိုဘက်သို့ သွားခဲ့ခြင်းပင်။ ရီချန်က ကျန်းရီ ဤနယ်မြေထဲတွင် မည်သည့်ဘက်သို့ သွားခဲ့ကြောင်းကို သိမထားနိုင်ပေ။ ယခုတွင် သူမသည် ကျန်းရီက တောင်ဘက်တွင် ရှိနေကြောင်း ပြောနေသည်။ သို့ဖြစ်ရာ ကျန်းရီ အမှန်ပင် အသက်ရှင်နေနိုင်လောက်သေးပေသည်။

ဟူး...ဟူး...

အဆိပ်ဝိညာဉ် သက်ပြင်းရှည်ကြီးနှစ်ချက်ချလိုက်ပြီး လေးသံသောလေသံဖြင့် အသံပို့လွှတ်လိုက်သည်။

“အရှင်မရီ... အရှင်ငယ်က တောင်ဘက် ဘယ်လောက်ဝေးဝေးမှာ ရှိနေလဲဆိုတာကိုရော အာရုံခံနိုင်လား”

“အင်း...”

ရီချန် ယုံကြည်မှုရှိရှိဖြင့် တီးတိုးပြန်ပြောလိုက်သည်။ သူမ ခေတ္တမျှ အာရုံခံလိုက်ပြီးနောက် ခန့်မှန်းအကွာအဝေးကို ပြောပြလိုက်၏။

“သူက အနည်းဆုံး ကီလိုမီတာငါးသန်းအကွာလောက်မှာ ရှိနေတယ်”

ကောင်းကင်ကြယ်တာရာနယ်နမိတ်နှင့် အထက်ဘုံ၏ အတိုင်းအတာများက အတူတူပင်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ ယဉ်ကျေးမှုက အထက်ဘုံမှ ရောက်လာခဲ့ခြင်း ဖြစ်နိုင်သည်။ အဆိပ်ဝိညာဉ်သည် စိတ်ထဲမှနေ၍ တွက်ချက်ကြည့်လိုက်၏။ ရုတ်ခြည်းပင် သူ့မျက်လုံးများ အရောင်လက်သွားသည်။ သူ၏တွက်ချက်မှုအရ နတ်ဘုရားသစ်ပင်က သူတို့ရှိနေသောနေရာနှင့် ကီလိုမီတာငါးသန်းအကွာလောက်တွင် ရှိနေပေသည်။ ကျန်းရီက နတ်ဘုရားသစ်ပင်အနီးတွင်လော။ သူ့ကို ထိုထူးဆန်းသောသစ်ပင်က ဖမ်းချုပ်ထားခြင်းလော။

ကျန်းရီရှိခဲ့သော နောက်ဆုံးနေရာက ထိုနတ်ဘုရားသစ်ပင်အောက်တွင် ဖြစ်သည်။ သို့သော် ထိုနေရာတွင် သူ့ဗျပ်စောင်း၏ အပိုင်းအစများမှလွဲ၍ အဆိပ်ဝိညာဉ်သည် အခြားအရာများကို ရှာမတွေ့ခဲ့ပေ။ ကျန်းရီက အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲခံခဲ့ရခြင်းဆိုလျှင်လည်း အနည်းဆုံးတော့ သူ့သိုလှောင်လက်စွပ် ကျန်ခဲ့သင့်သည်။ သူ့လက်စွပ်ကတော့ အလိုလို ပျောက်ကွယ်မသွားနိုင်ပေ။ ထို့ပြင် သစ်ပင်အနီးတစ်ဝိုက်၌ မည်သည့် လူသားအသားစ၊ အရိုးစကိုမှ မတွေ့ရချေ။ လသားရဲများ၏ တိုက်ခိုက်မှုများက အလွန်ပြင်းထန်သည်။ သူတို့က ကျန်းရီကို အစိတ်စိတ်အမွှာမွှာဖြစ်သွားအောင် လုပ်နိုင်ခဲ့သည်ဆိုစေဦး အနည်းဆုံး အသားစ၊ အရိုးစ တစ်စ၊နှစ်စတော့ ကျန်ခဲ့သင့်ပေသည်။

‘သူ အသက်ရှင်နေသေးတယ်။ အရှင်ငယ်က သေချာပေါက် အသက်ရှင်နေသေးတယ်’

အဆိပ်ဝိညာဉ် အလွန်စိတ်လှုပ်ရှားသွားပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။ သို့သော် ချက်ချင်း သူ့စိတ်သူ ပြန်ထိန်းလိုက်သည်။ အပြင်ဘက်မှ တပ်က စတင် မတိုက်ခိုက်သေးပေ။ ယခု သူ ထူးထူးဆန်းဆန်း ပြုမူလိုက်ပါက သေချာပေါက် သံသယဝင်ခံရပေလိမ့်မည်။ အကယ်၍ သူ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင် စစ်စည်းမျဉ်းများအရ အပြစ်ပေးခံရနိုင်သည်။ ထို့ကြောင့် အပြင်ဘက်တွင် တိုက်ပွဲစမှ သူ တိတ်တဆိတ်ခိုးထွက်သွားရမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင်...

အဆိပ်ဝိညာဉ်တို့ ရှိနေသောနေရာ၏ တောင်ဘက် ကီလိုမီတာငါးသန်းအကွာတွင် ကျန်းရီ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် မယုံနိုင်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ယခု သူ ရီချန်၏ အရှိန်အဝါကို ခံစားနေရပေသည်။

‘အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ကျန်းရီ သူ့အာရုံကိုသူ သံသယဖြစ်နေ၏။ သို့သော် သူ့ခန္ဓာကိုယ်ထဲတွင် ရီချန်၏ ကောင်းကင်မိုးကြိုးအတွင်းအား ရှိနေပေသည်။ ထိုအခိုက်တွင် ရီချန်က အနီး၌ရှိနေကြောင်း သူ ရှင်းလင်းစွာ ခံစားနေရသည်။ သူမက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာပင်။

All Chapters