← Chapters

ခိုးထွက်ခြင်း

Vol. 112 Ch. 1553

ခိုးထွက်ခြင်း

Vol. 112 Ch. 1553

“အာ...”

ကျန်းရီသည် သူ့ခန္ဓာကိုယ်က တစ်ခုခုကွဲပြားနေကြောင်း သိလိုက်၏။ သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်စွမ်းအားများက အရောင်ပြောင်းလဲနေသည်။ ယခုတွင် သူ၏ကောင်းကင်စွမ်းအားမှာ စစ်နတ်ဘုရားအဆင့်သို့ ရောက်နေပေပြီ။ သူသည် မှား၍အာရုံခံမိသည်ဟုထင်၍ ကောင်းကင်စိတ်အာရုံကိုသုံးကာ သူ့ခန္ဓာကိုယ်ကို ထပ်မံအာရုံခံလိုက်၏။ သို့သော် ရလဒ်က အတူတူပင်။

‘ငါ အိပ်မက် မက်နေတာလား။ ဒါက ပုံရိပ်ယောင်တစ်ခုလား’

ကျန်းရီ သူ့မျက်နှာကိုသူ ဆိတ်ဆွဲကြည့်လိုက်၏။ ထို့ပြင် ကောင်းကင်စွမ်းအားထုတ်ကာ အရှေ့သို့ လက်ဝါးဖြင့် ရိုက်လိုက်သည်။ သူ့လက်ထဲမှနေ၍ သိပ်သည်းသော ကောင်းကင်စွမ်းအားများ ထွက်လာပြီး ဧရာမလက်ဝါးရာကြီးအဖြစ် စုစည်းကာ အရှေ့သို့ ပျံထွက်သွားပြီး လသားရဲများနှင့် ကျန့်ရှမျိုးနွယ်ဝင်များ၏ အလောင်းများကို အမှုန့်ဖြစ်သွားအောင် လုပ်ပစ်လိုက်သည်။

‘ငါ့ရဲ့ကောင်းကင်စွမ်းအားက တကယ်ပဲ စစ်နတ်ဘုရားအဆင့်ကို ရောက်သွားပြီ။ အာ... လသားရဲအလောင်းတွေက သွေးတွေက ခြောက်နေပါလား။ သူတို့က ပုပ်တောင်ပုပ်တော့မှာပဲ။ အချိန်ဘယ်လောက်တောင် ကြာသွားပြီလဲ။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ’

ယခုတွင် ကျန်းရီ ပို၍ပင် ခေါင်းရှုပ်လာသည်။ အချိန်တစ်ခဏသာ ကုန်ဆုံးသေးသည်ဟု သူ ခံစားရသည်။ လသားရဲများပင် သူ့ကို ထပ်မံလာရောက်၍ မတိုက်ခိုက်ကြသေးပေ။ ထိုအချိန်တိုအတွင်း သူ့ကောင်းကင်စွမ်းအားက အဘယ်သို့ အဆင့်တက်သွားခြင်းနည်း။ ထို့ပြင် လသားရဲများ၏ အလောင်းများက ပုပ်ပင်ပုပ်တော့မည်လော။

‘ထားလိုက်တော့ကွာ။ သွားကြတာပေါ့’

ကျန်းရီ ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူ့ကိုယ်ထဲမှ ကောင်းကင်မိုးကြိုးအတွင်းအားက ထိုးထနေသည်။ ရီချန်က အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ရောက်နေသည်ဖြစ်စေ၊ ရောက်မနေသည်ဖြစ်စေ သူ တည်နေရာပြောင်းရွှေ့အစီအရင်ဆီသို့ ပြန်သွားရပေမည်။ ဤဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသည်။

“ကျန့်ရှဘုရင်...”

ကျန်းရီသည် သူ့ခန္ဓာကိုယ်ကို စစ်ဆေးကာ မည်သည့်ထိခိုက်မှုမှ ရှိမနေကြောင်း အတည်ပြုပြီးသည်နှင့် အော်ခေါ်လိုက်၏။ ထိုအခါ မီးနဂါးဓား လင်းလက်လာပြီး ကျန့်ရှဘုရင်က သူ့အရှေ့တွင် ထွက်ပေါ်လာသည်။ ထို့နောက် ကျန့်ရှဘုရင်သည် သူ့ကိုဆွဲခေါ်ကာ မြောက်ဘက်သို့ ပျံသန်းသွားလိုက်လေသည်။

ရွှီး...

ကျန်းရီ ထွက်သွားလိုက်သည့် အခိုက်တွင် နတ်ဘုရားသစ်ပင်က အဆက်မပြတ် လင်းလက်လာ၏။ ထို့နောက် မယုံနိုင်လောက်အောင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်လာသည်။ နတ်ဘုရားသစ်ပင် ပတ်ပတ်လည်မှ အလင်းက ပို၍ ပို၍ တောက်ပလာ၏။ နောက်ဆုံးတွင် သစ်ပင်၏ပုံစံကိုပင် မမြင်ရတော့ချေ။ ခေတ္တကြာပြီးနောက် အဖြူရောင်အလင်း ပျောက်ကွယ်သွားပြီး နတ်ဘုရားသစ်ပင်နေရာ၌ နတ်ဘုရားသစ်ပင်အစား လှပ၍ ဆွဲဆောင်မှုရှိနေသော အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို တွေ့ရလေသည်။

ထိုအမျိုးသမီးက အလွန်ငယ်ပုံ ပေါ်သော်လည်း ထင်ရသည်ထက် များစွာပို၍ အသက်ကြီးမည်ဖြစ်ကြောင်း ကျန်းရီ ခံစားရပေသည်။ သူမ၏ ဆံပင်က ငွေရောင်ဖြစ်ပြီး နတ်ဘုရားသစ်ပင်၏ သစ်ကိုင်းများကဲ့သို့ အထုံးလေးများပုံစံနှင့် ရှိနေသည်။ ၎င်းက အလွန်ထူးဆန်းသော ဆံပင်ပုံစံပင်။ သူမ၏နားထင်များအပေါ်တွင်မူ ဆံစရှည်နှစ်စ ဝဲကျနေသည်။ သူမ၏ အကြည့်က အလွန်တောက်ပသည်။ သူမ၏ခန္ဓာကိုယ်ကလည်း ခရမ်းရောင်အလင်း လင်းလက်နေသည်။ ထို့ကြောင့် သူမ၏ပုံစံက အလွန်ထူးခြားနေပေသည်။

“ကောင်လေး... မင်းက အလောသုံးဆယ်နဲ့ ဘယ်ကို သွားမလို့လဲ”

အမျိုးသမီးသည် ကျန်းရီ ပျံသန်းသွားရာဘက်သို့ လှမ်းကြည့်လိုက်၏။ ခေတ္တမျှ တွေးတောပြီးနောက် သူမ ထိုဘက်သို့ လိုက်ပျံသွားလိုက်သည်။ သူမက လျင်မြန်စွာ ပျံသန်းနေသည်ဟု မထင်ရသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုင်သောင်းချီကို ဖြတ်ကျော်သွားသည်။ ထို့ပြင် သူမပျံသန်းသွားရာလမ်းတစ်လျှောက်တွင် မည်သည့်လသားရဲကမှ မြေကြီးထဲမှနေ၍ ခုန်ထွက်မလာပေ။ ၎င်းတို့က သူမကို မမြင်နိုင်သကဲ့သို့ပင်။

***

ကျန်းရီနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးတို့ ထွက်သွားပြီးနောက် နှစ်နာရီအကြာတွင် ကောင်းကင်ထဲ၌ အနီရောင်အလင်း ထပ်မံလင်းလက်လာ၏။

အနီရောင်အလင်းနှင့်အတူ ပါလာမည့် လသားရဲများ၏ တိုက်ခိုက်မှုက ကျန်းရီကို မခြောက်လှန့်နိုင်တော့ပေ။ သူ၏ သတ်ဖြတ်အရှိန်အဝါက အဆင့်တက်သွားပြီဖြစ်၍ သူ့နတ်ဘုရားအသံ ကောင်းကင်အတတ်က ပို၍စွမ်းအားကြီးလာပြီဖြစ်သည်။ ထို့ပြင် သူသည် မိုးမြေအနှစ်သာရတစ်ခုကို စတင် သိမြင်နားလည်လာပေပြီ။ အနှစ်သာရကို အပြည့်အဝ နားလည်နိုင်ရန် များစွာလိုအပ်သေးသော်လည်း စတင်နားလည်နိုင်ခဲ့ခြင်းကပင် အတော်လေးကောင်းနေပြီဖြစ်သည်။ ယခုတွင် သူ ကောင်းကင်စမ်းရေစည်းချက်ကို အနည်းငယ် နားလည်နေပြီဖြစ်၍ ထိုနားလည်မှုကို သူ၏နတ်ဘုရားအသံ ကောင်းကင်အတတ်အပေါ်တွင် အသုံးချမည်ဆိုလျှင် သူ၏စွမ်းအားများက သေချာပေါက် ပို၍တိုးတက်လာပေလိမ့်မည်။

တစ်ချိန်တည်းမှာပင်...

တောင်ပတ်ပတ်လည်ရှိ အလင်းလွှာအပြင်ဘက်တွင် ကောင်းကင်ခွင်းတပ်က လသားရဲများကို ရှင်းပစ်ရမည့် တာဝန်ကို စတင်ထမ်း‌ဆောင်နေပေပြီ။ တောင်ထိပ်တွင် စွမ်းအားကြီး အစီအရင်များ ဆင်ထားသဖြင့် ထိုတောင်တစ်ဝိုက်၌ လသားရဲများစွာ ထွက်မလာကြပေ။ ထို့ကြောင့် အနီရောင်အလင်း ထွက်ပေါ်လာပြီး လသားရဲများ စတင်လှုပ်ရှားလာသော်လည်း ကောင်းကင်ခွင်းတပ်က တုန်လှုပ်မသွားခဲ့ချေ။

“တိုက်ကွက်ဆင်ကြ”

စစ်သူကြီးရန်ထျန်းဖန်က အသက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ပင်။ သူ၏ရုပ်သွင်က ခံ့ညားပြီး သူ၏မျက်ဝန်းများက ဆူးရှသည်။ သူ့ကို မြင်သည်နှင့် သူက အလွန်စည်းကမ်းတင်းကြပ်ကာ စွမ်အားကြီးသောလူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူက သက်ညှာတတ်ပုံလည်း မပေါ်ပေ။ လသားရဲများ စတင်တိုက်ခိုက်သည်နှင့် သူ အမိန့်များ အော်ပေးနေခဲ့သည်။ သူ၏ကောင်းကင်ခွင်းတပ်က အမှန်ပင် စည်းစနစ်ကျပေသည်။ တပ်သားများသည် အစတွင် အတန်ငယ် တုန်လှုပ်နေကြသော်လည်း သူ၏အမိန့်များကို ကြားလိုက်သည်နှင့် တိုက်ကွက်များဖော်ကာ အောက်ဘက်သို့ ပျံဆင်း၍ လသားရဲများကို တိုက်ခိုက်ကြလေသည်။

“အန်...”

အနီရောင်အလင်း ထွက်ပေါ်လာသည်နှင့် အဆိပ်ဝိညာဉ်သည် တောင်ထိပ်မှ စတင်ထွက်ခွာလိုက်၏။ သူသည် တပ်သားများကြား မသိမသာ ဝင်ရောကာ ခိုးထွက်သွားလိုပေသည်။ သို့သော် တပ်သားများက ဖရိုဖရဲ ဖြစ်မသွားသေးသဖြင့် ထိုအခိုက်တွင် သူ ဝင်ရောမည်ဆိုလျှင် သေချာပေါက် ပေါ်သွားပေလိမ့်မည်။ ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ ပြန်ထိုင်ကာ ဆက်စောင့်နေလိုက်ရသည်။

ဝှစ်...ဝှစ်...ဝှစ်...

လသားရဲများက အဆက်မပြတ် ပျံသန်းလာနေသည်။ အဝေးမှ လသားရဲများကလည်း လူသားအရှိန်အဝါများကြောင့် ဤဘက်သို့ ပျံသန်းလာကြသည်။ သို့သော် ရန်ထျန်းဖန်က မလှုပ်ရှားသေးပေ။ သူ လေထဲတွင် ဆက်ရပ်၍သာ အခြေအနေတစ်ခုလုံးကို ခြုံကြည့်နေသည်။ သိမ်းငှက်ဘုရင်လေးနှင့် အခြားတပ်မှူးအားလုံးကမူ တိုက်ခိုက်နေကြပြီဖြစ်သည်။ သူတို့သည် ရောင်စုံအလင်းတန်းများအလား ရှေ့နောက်အထက်အောက် ပျံသန်းကာ အဆင့်မြင့် လသားရဲများကို ရှင်းပစ်နေကြပေသည်။

အဆင့်မြင့် လသားရဲများက အလွန်စွမ်းအားကြီးသည်။ ၎င်းတို့၏ တိုက်ခိုက်မှုများက အလွန်လျင်မြန်ပြီး ၎င်းတို့၏ ခံနိုင်ရည်ကလည်း အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့်ပင် ယှဉ်နိုင်သည်။ သို့‌သော် ၎င်းတို့သည် မည်သည့်ဆန်းကြယ်စွမ်းရည်၊ မည်သည့်အတတ်ကိုမှ မသိကြပေ။ ထို့ပြင် ၎င်းတို့က အသိဉာဏ်လည်း မရှိချေ။ သို့ဖြစ်၍ ၎င်းတို့၏ တိုက်ခိုက်စွမ်းအားက ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်တွင်သာ ရှိပေသည်။

သို့ပင်လျှင်...

ဆယ်ချီသော အဆင့်မြင့် လသားရဲများ ပျံဝင်လာသောအခါ တပ်က စတင်၍ ဖရိုဖရဲဖြစ်လာ၏။ သာမန်တပ်သားများသည် အဆင့်မြင့် လသားရဲများကို ထိခိုက်အောင် မတိုက်ခိုက်နိုင်ကြပေ။ ၎င်းသာရဲများ နီးကပ်လာသောအခါ သာမန်တပ်သားများ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။

“ဝိညာဉ်ခြွေအဖွဲ့... တိုက်ကြ၊ တပ်မှူးတွေ တိုက်ကြ၊ အဆင့်မြင့် လသားရဲတွေကို ရှင်းပစ်ကြ”

ရန်ထျန်းဖန် မလှုပ်ရှားသေးပေ။ သူ အမိန့်သာ ထပ်ပေးနေသည်။ ရာချီသော တပ်သားများက တောင်ထိပ်ပေါ်မှနေ၍ ပျံထွက်လာကြ၏။ ထိုတပ်သားများသည် အဖွဲ့များခွဲ၍ အဆင့်မြင် လသားရဲတစ်ကောင်စီကို တာဝန်ယူကြပေသည်။ သူတို့သည် ကောင်းကင်စွမ်းအား၊ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များနှင့် ဆန်းကြယ်စွမ်းရည်များကို မသုံးဘဲ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို သုံး၍သာ တိုက်ခိုက်လိုက်ကြသည်။

လသားရဲများက အလွန်လျင်မြန်ကာ၊ အလွန်သန်မာကြသည်။ သို့သော် ၎င်းတို့၏ စိတ်ဝိညာဉ်ကတော့ အားနည်းပေသည်။ ရန်ထျန်းဖန် ဤတာဝန်ကို လက်ခံခဲ့ခြင်းမှာ ကောင်းကင်ခွင်းတပ်ထဲရှိ ဝိညာဉ်ခြွေအဖွဲ့ကြောင့်ဖြစ်သည်။ ထိုအဖွဲ့ကို လူလေးရာနှင့် ဖွဲ့စည်းထားခြင်းပင်။ သူတို့အားလုံးသည် စွမ်းအားကြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို တတ်မြောက်ထားသော စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြပေသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

ဝိညာဉ်ခြွေအဖွဲ့က စတင်တိုက်ခိုက်သည်နှင့် အဆင့်မြင့် လသားရဲများကို ဖိနှိပ်နိုင်လိုက်သည်။ သိမ်းငှက်ဘုရင်လေးနှင့် အခြားတပ်မှူးများကလည်း ကူညီပေးနေရာ အဆင့်မြင့် လသားရဲများကို သတ်ဖြတ်ရန် ပိုလွယ်ကူလာသည်။ အဆင့်နိမ့် လသားရဲများကမူ ပြဿနာမဟုတ်ပေ။ လက်ထောက်တပ်မှူးများနှင့် သူတို့၏တပ်စုများက အဆင့်နိမ့် လသားရဲများကို ကိုင်တွယ်နိုင်ပေသည်။ တပ်သားများသည် တစ်ချီပြီးတစ်ချီ တိုက်ခိုက်ကာ လသားရဲများကို တစ်ကောင်ပြီးတစ်ကောင် ရှင်းပစ်နေကြသည်။

‘ကောင်းကင်ခွင်းတပ်က တကယ့်ကို မိစ္ဆာချေဖျက်စစ်တပ်ရဲ့ တပ်ဆယ်တပ်ထဲက အင်အားအကြီးဆုံးတပ်ပဲ။ သူတို့က ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်’

အဆိပ်ဝိညာည် စိတ်ထဲမှ ချီးကျူးလိုက်၏။ ကောင်းကင်ခွင်းတပ်သည် ပူးပေါင်းဆောင်ရွက်ရာတွင် အလွန်စည်းစနစ်ကျပေသည်။ သူတို့ ဖရိုဖရဲဖြစ်မသွားသေးသ၍ ပြောင်မြောက်သော တိုက်ပွဲဗျူဟာများကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ မည်သည့် စည်းမျဉ်းဆန်းကြယ်စွမ်းရည်ဖြစ်စေ၊ အတတ်ဖြစ်စေ ပေါင်းစပ်အသုံးပြုလိုက်လျှင် အလွန်စွမ်းအားကြီးသွားသည်ချည်းသာ။ ဥပမာအားဖြင့် အာကာသစည်းမျဉ်းများနှင့် လေဓာတ်စည်းမျဉ်းများက လသားရဲများ၏ အမြန်နှုန်းကို လျှော့ချပေးနိုင်သည်။ မြေဓာတ်စည်းမျဉ်းများနှင့် အချိန်စည်းမျဉ်းများက တပ်ကို ကာကွယ်ပေးနိုင်သည်။ မီးဓာတ်စည်းမျဉ်းများနှင့် လေဓာတ်စည်းမျဉ်းကို အတူပေါင်းသုံးမည်ဆိုလျှင် လသားရဲများကို သတ်ပစ်နိုင်မည်ဖြစ်သည်။

‘ငါတို့ ဘာလုပ်သင့်လဲ’

လသားရဲများ တစ်သုတ်ပြီးတစ်သုတ် လာနေသော်လည်း ကောင်းကင်ခွင်းတပ်က ဖရိုဖရဲ ဖြစ်မသွားသေးပေ။ တပ်ဖွဲ့ဆယ်ဖွဲ့သည် နေရာတစ်ခုစီကို တာဝန်ယူ ထားကြပြီး ရန်ထျန်းဖန်က အခြေအနေတစ်ခုလုံးကို ခြုံငုံကြည့်ကာ အမိန့်ပေးညွှန်ကြားနေသည်။ အရာအားလုံးက ရန်ထျန်းဖန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ အကယ်၍ အဆိပ်ဝိညာဉ်သာ ခြေတစ်လှမ်းမှားသွားလျှင် ရန်ထျန်းဖန်က ချက်ချင်း သိသွားမည်ဖြစ်သည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများပြီးလျှင် ထိုလူက စွမ်းအားအကြီးဆုံးဟုပင် ဆိုကြသည်။ သူက အုပ်ချုပ်သူအဆင့်သို့ မရောက်သေးသော်လည်း သူ၏တိုက်ခိုက်စွမ်းအားက ချီချင်ချန်၏ တိုက်ခိုက်စွမ်းအားနှင့် သိပ်မကွာတော့ပေ။

ငါးမိနစ်က မကြာခင်တွင် ကုန်ဆုံးသွားပေတော့မည်။ အဆိပ်ဝိညာဉ် ယခု မလှုပ်ရှားလျှင် နောက်ထပ် နာရီနှစ်ဆယ် စောင့်ရပေလိမ့်မည်။ ထို့ကြောင့် သူသည် မြွေဆိုးတစ်ကောင်ကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ အရှေ့ဘက်မှနေ၍ လသားရဲတစ်အုပ် လာနေပေသည်။ ရန်ထျန်းဖန်နှင့် တောင်ထိပ်ပေါ်မှ လူများစွာက ထိုလသားရဲအုပ်ကို အာရုံစိုက်နေကြသည်။ အဆိပ်ဝိညာဉ် ရီချန်တို့ထံ ချက်ချင်းအသံပို့လွှတ်လိုက်ပြီး သူမတို့ကို တောင်ထိပ်မှ ထွက်မသွားရန် မှာလိုက်သည်။ ထို့နောက် သူ ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ တောင်ဘက်သို့ ပျံသွားလိုက်လေသည်။

“ဘယ်သူ ခိုးထွက်သွားတာလဲ”

အဆိပ်ဝိညာဉ် အလင်းလွှာထဲမှ ထွက်သွားသည့်အခိုက်တွင် ထောင့်တစ်နေရာ၌ ထိုင်နေသော အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူက မျက်လုံးများ ဖွင့်လိုက်၏။ သူ၏ ဓားမြောင်ကဲ့သို့ စူးရှသောအကြည့်က ပုန်းကွယ်ခြင်းအတတ်သုံးထားသော အဆိပ်ဝိညာဉ်ပေါ်သို့ ကျရောက်လာသည်။ အားကောင်းသော အရှိန်အဝါတစ်ခုလည်း သူ့အပေါ် ဖိကျလာသည်။ ထို့ကြောင့် အဆိပ်ဝိညာဉ် ချက်ချင်း ကိုယ်ပြန်ဖော်လိုက်ရလေသည်။

All Chapters