ဒါက ထောင်ချောက်တစ်ခုပဲ
Vol. 112 Ch. 1554
‘မကောင်းတော့ဘူး’
အဆိပ်ဝိညာဉ်၊ တိလင်အာနှင့် ရီချန်တို့အားလုံး စိတ်ထဲမှ တစ်ပြိုင်တည်း ရေရွတ်လိုက်ကြ၏။ အဆိပ်ဝိညာဉ်က တစ်ခုကို မေ့သွားခဲ့သည်။ အနီးတွင် အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူတစ်ယောက် ရှိနေပေသည်။
ထိုစောင့်ကြပ်သူ၏ တာဝန်မှာ တည်နေရာပြောင်းရွှေ့အစီအရင်ကို ကာကွယ်ရန်သာဖြစ်သော်လည်း အဆိပ်ဝိညာဉ်က အလွန်ခိုးကြောင်းခိုးဝှက် ပြုမူခဲ့ပြီး တောင်ကို ကာကွယ်ထားသည့် အစီအရင်များကို အနှောင့်အယှက် ဖြစ်စေခဲ့ရာ စောင့်ကြပ်သူက မည်သို့ ဝင်မပါဘဲ နေပါမည်နည်း။
ရန်ထျန်းဖန်၊ သိမ်းငှက်ဘုရင်လေးနှင့် အခြားသူများစွာ၏ ကောင်းကင်စိတ်အာရုံများ ရောက်ရှိလာသည်ကို ခံစားလိုက်ရသောအခါ အဆိပ်ဝိညာဉ် စိတ်ထဲမှ ဆဲဆိုလိုက်သည်။ ထို့နောက် သူ မူလပုံစံ ပြန်ပြောင်းလိုက်ပြီး လက်ဆုပ်ကာ ပြောလိုက်လေသည်။
“အဆိပ်ဝိညာဉ် အားလုံးကို အရိုအသေပေးပါတယ်။ အားလုံး လုပ်စရာရှိတာ ဆက်လုပ်ကြပါ... ကျုပ်က ဖြတ်သွားရုံပါ...”
စွမ်းအားကြီး သိုင်းသမားများ၏ ကောင်းကင်စိတ်အာရုံများက သူ၏ရုပ်ဖျက်အတတ်ကို ဖောက်မြင်နိုင်မည်ဖြစ်ရာ အဆိပ်ဝိညာဉ်သည် သူကိုယ်တိုင်သာ သူကမည်သူဖြစ်ကြောင်း ပြသလိုက်ပေသည်။ ကျန့်ရှဆန်းကြယ်နယ်မြေတိုက်ပွဲနောက်ပိုင်းတွင် သူ၏ဂုဏ်သတင်းက ကျော်ဇောလာခဲ့သည်။ ယခုတွင် သူ၏အဆင့်အတန်းက အတော်လေး အရေးပါနေပေပြီ။ ထို့ကြောင့် ရန်ထျန်းဖန်ပင် သူ အခက်တွေ့အောင် မလုပ်နိုင်လောက်ပေ။
သို့သော် အဆိပ်ဝိညာဉ် အထင်မှားခဲ့ပေသည်။
ရန်ထျန်းဖန်၏ ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်လာ၏။ ထိုအရှိန်အဝါသည် ထက်ရှသော ဓားတစ်လက်ကဲ့သို့ ရွေ့လျားသွားပြီး အဆိပ်ဝိညာဉ်နှင့် ပေတစ်သောင်းအကွာတွင် ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် ဘွဲ့ထူးရစစ်နတ်ဘုရားဆယ်ယောက်ကလည်း အဆိပ်ဝိညာဉ်ကို ဝန်းရံလိုက်ကြသည်။ ရန်ထျန်းဖန်သည် အဆိပ်ဝိညာဉ်ကို စိုက်ကြည့်ကာ လှမ်းပြောလိုက်၏။
“အဆိပ်ဝိညာဉ်... ခင်ဗျားက ကျုပ်ရဲ့ ကောင်းကင်ခွင်းတပ်ထဲမှာ ပုန်းနေရဲတယ်ပေါ့လေ။ ပြော... ခင်ဗျား ဘာတွေကြံနေတာလဲ”
မိုဟွိုက်စန်းတို့အားလုံး အလွန်တုန်လှုပ်သွားကြပြီး လှုပ်ပင်မလှုပ်ဝံ့ကြတော့ပေ။ အထူးသဖြင့် မိစ္ဆာချေဖျက်စစ်တပ်၏ စစ်စည်းမျဉ်းများကို ကောင်းစွာသိထားသော တိလင်အာက ပို၍ပင် ကြောက်ရွံ့နေသည်။ အကယ်၍ ရန်ထျန်းဖန်သာ ဤကိစ္စကို ဆက်လိုက်မည်ဆိုလျှင် သူမတို့ မည်မျှပြဿနာတက်သွားနိုင်ကြောင်းကို သူမ သိပေသည်။
အဆိပ်ဝိညာဉ်က မျက်နှာသေဖြင့် ပခုံးတွန့်ကာ ပြန်ပြောလိုက်သည်။
“အထင်မလွဲပါနဲ့ အရှင်ရန်... ကျုပ်က တစ်ခုခုကို စစ်ဆေးချင်လို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်လာချင်ရုံပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ခင်ဗျားတို့ ကောင်းကင်ခွင်းတပ်ကလည်း လသားရဲတွေကို ရှင်းပစ်ဖို့ ဒီကိုလာရမှာ ဖြစ်နေတာကိုး... အဲ့ဒါနဲ့ ကျုပ်လည်း တပ်တွင်းရေးရာဌာနကို သတင်းပို့မနေတော့ဘဲ ခင်ဗျားတို့နဲ့အတူ ဒီကိုလိုက်လာခဲ့တာပါ။ အရှင်ရန်... ဒါက ကိစ္စအသေးလေးပါ... ပုံကြီးချဲ့နေဖို့ မလိုဘူးမလား”
မိစ္ဆာချေဖျက်စစ်တပ်၏ စစ်စည်းမျဉ်းများက အလွန်တင်းကြပ်သော်လည်း ကောင်းကင်ဘုရင်ဝူပြောခဲ့သလိုပင် စည်းမျဉ်းကို လူကလုပ်ခြင်းဖြစ်သည်။ မိမိ၏ အဆင့်အတန်းနှင့် အင်အားက လုံလောက်သောအဆင့်တစ်ခုတွင် ရှိနေလျှင် စည်းမျဉ်းများကို ချိုးဖောက်သော်လည်း အကျိုးဆက်များ ခံရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အဆိပ်ဝိညာဉ်၏ အဆင့်အတန်းနှင့် အင်အားအရဆိုလျှင် စည်းမျဉ်းအသေးလေးတစ်ခုကို ချိုးဖောက်ခြင်း၏ အကျိုးဆက်က မပြင်းထန်လောက်ပေ။
သို့သော် ရန်ထျန်းဖန်က အမှန်ပင် ဒေါသထွက်သွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သူ ခက်ထန်စွာ နှာမှုတ်၍ အော်ပြောလိုက်သည်။
“အဆိပ်ဝိညာဉ်... ခင်ဗျားက ငြင်းချင်သေးတာလား။ ခင်ဗျား အမှန်အတိုင်း ပြောမှာလား၊ မပြောဘူးလား။ ခင်ဗျား ဘာလို့ ကျုပ်ရဲ့တပ်ထဲကို ခိုးဝင်ရတာလဲ။ ခင်ဗျားက ဘယ်သူ့ကို လုပ်ကြံချင်တာလဲ။ အမှန်အတိုင်း မပြောရင်တော့ ကျုပ်တို့ နှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့။ ကျုပ် ခင်ဗျားကို ဒီနေရာမှပဲ သတ်ပစ်လိုက်မယ်”
ရွှီး...
အဆိပ်ဝိညာဉ်ကို ဝန်းရံထားသော ဘွဲ့ထူးရစစ်နတ်ဘုရား ဆယ်ယောက်က သူတို့၏ လက်နက်များကို ထုတ်လိုက်ကြ၏။ ထိုလက်နက်များသည် စွမ်းအားကြီး ရန်သူတစ်ယောက်ကို တိုက်ခိုက်ရန် တလက်လက်ဖြင့် အသင့်ဖြစ်နေကြပေသည်။ ရန်ထျန်းဖန်ကလည်း တလက်လက်တောက်ပနေသော ဓားရှည်တစ်လက်ကို ထုတ်ကာ တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
“ကျုပ်ကို သတ်မှာလား”
အဆိပ်ဝိညာဉ် မျက်နှာထား တည်သွား၏။ တစ်ခုခုတော့ မှားနေပေပြီ။ ရန်ထျန်းဖန်က ဤကဲ့သို့ ကိစ္စအသေးလေးအတွက်နှင့် သူ့ကို သတ်လိုနေသည်လော။ သူက စည်းမျဉ်းများကို အမှန်တကယ် ချိုးဖောက်ခဲ့လျှင်ပင် အလွန်ဆုံးမှ စစ်ခုံရုံးတွင် တရားစီရင်ခံရုံသာ မဟုတ်ပါလား။ အဘယ်ကြောင့် နေရာမှာပင် အသတ်ခံရမည်နည်း။
မည်သို့ပင်ဖြစ်စေ အခြေအနေများက ဤသို့ဖြစ်လာပြီဖြစ်၍ အဆိပ်ဝိညာဉ် ရွေးချယ်စရာ မရှိတော့ဘဲ အံကြိတ်ကာ ပြန်ပြောလိုက်ရသည်။
“အရှင်ရန်... ကျုပ်သာ အမှန်တကယ် တစ်ယောက်ယောက်ကို လုပ်ကြံချင်ရင် သိမ်းငှက်ဘုရင်လေးကလွဲလို့ ကျုပ်ရဲ့တိုက်ခိုက်မှုကို ဘယ်သူကာနိုင်မလဲ။ ရှင်းရှင်းပြောရရင် ကျုပ်သာ ခင်ဗျားကို လုပ်ကြံချင်ရင် ခင်ဗျား သေပြီးနေလောက်ပြီ။ ကျုပ်က တကယ်ပဲ ကိစ္စတစ်ခုကို စုံစမ်းဖို့ လာခဲ့တာပါ။ ကျုပ် စုံစမ်းပြီးသွားရင် စစ်ခုံရုံးကိုသွားပြီး အပြစ်ခံယူပါမယ်... ဟုတ်ပြီလား”
“ဟားဟားဟား...”
အဆိပ်ဝိညာဉ်၏ တင်စီးသော စကားများက ရန်ထျန်းဖန်ကို အလွန်ဒေါသထွက်သွားစေသည်။ သူ အေးစက်စက် ပြုံးကာ ပြန်ပြောလိုက်သည်။
“ကောင်းတယ်... အရမ်းကောင်းတယ်။ ခင်ဗျား ကျုပ်ကို ဘယ်လိုလုပ်ကြံဖို့ ကြံစည်ထားလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ပြီးတော့ ခင်ဗျားကိုယ်တိုင် အပြစ်သွားခံယူနေစရာ မလိုပါဘူး... ကျုပ် ခင်ဗျားကို စစ်ခုံရုံးဆီ ချက်ချင်း ပို့ပေးမယ်။ တပ်မှူးအားလုံး နားထောင်ကြ။ အဆိပ်ဝိညာဉ်ကို ဖမ်းပါ။ သူက ပြန်ခုခံရင် သတ်ပစ်လိုက်”
‘သွားပြီ...’
မိုဟွိုက်စန်းတို့ စိတ်ဓာတ်ကျသွားကြ၏။ ထိုအခိုက်တွင် သူမတို့အနီးမှ တပ်သားတစ်ယောက် ရုတ်တရက်အော်ပြောလိုက်သည်။
“စစ်သူကြီး... ဒီမှာ ကောင်းကင်ခွင်းတပ်က မဟုတ်တဲ့သူတွေ ရှိနေပါတယ်”
အကြည့်များနှင့် ကောင်းကင်စိတ်အာရုံများက ထိုနေရာသို့ ကျရောက်သွား၏။ သိမ်းငှက်ဘုရင်လေး၏ ကောင်းကင်စိတ်အာရုံလည်း ရောက်ရှိလာသည်။ သူ တိလင်အာနှင့် ရီချန်တို့သုံးယောက်ကို အာရုံခံမိသောအခါ မိုဟွိုက်စန်းကို ရေခဲတမျှအေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ ထို့နောက် သူ ကြိမ်းမောင်းလိုက်သည်။
“မိုဟွိုက်စန်း... မင်း ဘာတွေကြံနေတာလဲ။ သူတို့က ဘယ်သူတွေလဲ”
“ဟွန်း...”
ရန်ထျန်းဖန်က နှာမှုတ်ကာ ဝင်ပြောသည်။
“သိမ်းငှက်ဘုရင်လေး... မင်းက တပ်မှူးတစ်ယောက်အနေနဲ့ တာဝန်ပေါ့လျော့လွန်းတယ်။ မင်းရဲ့တပ်ဖွဲ့ထဲကို အပြင်လူတွေအများကြီး ရောက်နေတာတောင် မင်းက မသိဘူးတဲ့လား။ သူတို့သာ လုပ်ကြံရေးသမားတွေဆို ငါတို့အကုန်လုံး သေပြီးနေလောက်ပြီ။ တစ်ယောက်ယောက် လာစမ်း... အဲ့လူတွေကို ဖမ်းလိုက်”
ဝှစ်...ဝှစ်...ဝှစ်...
တောင်ထိပ်ပေါ်မှ စွမ်းအားကြီး သိုင်းသမားအချို့သည် ရုတ်တရက် လှုပ်ရှားကာ တိလင်အာနှင့် ရီချန်တို့ထံသို့ သွားလိုက်ကြ၏။ ရီချန်တို့က ပြန်မခုခံသဖြင့် ချက်ချင်း အဖမ်းခံလိုက်ရသည်။ တိလင်အာနှင့် မိုဟွိုက်စန်းလည်း အဖမ်းခံလိုက်ရသည်။
‘တစ်ခုခုတော့ မှားနေပြီ...’
အဆိပ်ဝိညာဉ် စိတ်ထဲတွင် မသင်္ကာဖြစ်လာ၏။ သူ ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားသခင်လေးအချို့ကို လှမ်းကြည့်လိုက်သည်။ ထင်ထားသလိုပင် ထိုသခင်လေးများ၏ မျက်ဝန်းများထဲ၌ မကောင်းသော အရိပ်အယောင်များ ရှိနေပေသည်။ သူတို့သည် လှောင်ပြုံးလည်းပြုံးနေသည်။
‘ငါတို့ လှည့်စားခံလိုက်ရပြီ။ ဒါက ထောင်ချောက်တစ်ခုပဲ။ ရန်ထျန်းဖန်က ကောင်းကင်ဘုရင်ဝူရဲ့လူ မဟုတ်ဘူး။ သူက သေချာပေါက် ကောင်းကင်ဘုရင်ယိုရဲ့လူပဲ’
အဆိပ်ဝိညာဉ်သည် ကျွမ်းကျင်လုပ်ကြံရေးသမားတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံများသူတစ်ယောက်လည်း ဖြစ်၍ ခေတ္တမျှ တွေးကြည့်လိုက်သည်နှင့် အခြေအနေကို သဘောပေါက်သွားသည်။ သူ မှင်တက်နေသော မိုဟွိုက်စန်းနှင့် ဒေါသထွက်နေသော သိမ်းငှက်ဘုရင်လေးတို့ကို ကြည့်လိုက်၏။ ထိုနှစ်ယောက်က ဤကိစ္စကို သိသည့်ပုံ မပေါ်ပေ။ သိမ်းငှက်ဘုရင်လေးက စိတ်ဆတ်သော်လည်း ကောက်ကျစ်တတ်သူ မဟုတ်ချေ။ မိုဟွိုက်စန်းသည်လည်း ကျန်းရီ၏ဇနီးများကို ဒုက္ခပေးလိမ့်မည် မဟုတ်ပေ။ သူမက အသုံးချခံခဲ့ရခြင်းသာ။
တစ်စုံတစ်ယောက်က အကောက်ကြံခဲ့ပေပြီ။ ပစ်မှတ်မှာ အဆိပ်ဝိညာဉ်နှင့် ရီချန်တို့သုံးယောက်ဖြစ်သည်။ အကောက်ကြံသူက ပိုင်တိထျန်း၊ ချိုးရန်၊ ယိုထျန်းနီ သို့မဟုတ် ကောင်းကင်ဘုရင်ယိုပင် ဖြစ်နိုင်သည်။
ဤထောင်ချောက်က အလွန်သပ်ရပ်သည်။ ကောင်းကင်ခွင်းတပ်တစ်တပ်လုံးပင် တစ်ထောင့်တစ်နေရာက ပါဝင်နေသည်။ ထို့ကြောင့်လည်း အဆိပ်ဝိညာဉ်တို့ ထောင်ချောက်ထဲ ဝင်မိသွားခဲ့ခြင်းဖြစ်သည်။
နောင်တွင် ဤကိစ္စမှာ ထောင်ချောက်ဖြစ်ကြောင်း တစ်ယောက်ယောက်က ခန့်မှန်းမိသွားလျှင်ပင် ထောင်ချောက်ဆင်သူကို မည်သူကမှ မည်သို့မှ လုပ်နိုင်မည် မဟုတ်ပေ။ အဆိပ်ဝိညာဉ်က အမှန်ပင် မိစ္ဆာချေဖျက်စစ်တပ်၏ စစ်စည်းမျဉ်းများကို ချိုးဖောက်မိခဲ့သည် မဟုတ်ပါလား။ ရန်ထျန်းဖန်တွင် သူ့တို့ကို ဖမ်းခွင့်ရှိပေသည်။ အကယ်၍ အဆိပ်ဝိညာဉ်က ပြန်ခုခံမည်ဆိုလျှင် ရန်ဖန်းထျန်သည် အဆိပ်ဝိညာဉ်ကို နေရာမှာပင် သတ်ပစ်နိုင်ပေသည်။
အဆိပ်ဝိညာဉ် ပြန်မခုခံလိုက်ပေ။ သူက သေရမည်ကိုကြောက်၍ မခုခံခြင်း မဟုတ်ပေ။ ခုခံလျှင်လည်း အကျိုးမရှိသဖြင့် မခုခံခြင်းသာ။ သူ ရန်ထျန်းဖန်ကို သတ်နိုင်လိုက်လျှင်လည်း မည်သို့ အကျိုးရှိမည်နည်း။ ဤနေရာတွင် အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူ ရှိနေပေသေးသည်။
အဆိပ်ဝိညာဉ်သည် လွတ်လမ်းကိုတော့ အသည်းအသန် တွေးတောနေ၏။ နောက်ဆုံးတွင် သူ၏အကြည့်က သိမ်းငှက်ဘုရင်လေးအပေါ် ကျရောက်သွားသည်။ သိမ်းငှက်ဘုရင်လေးသာ ကူညီမည်ဆိုလျှင် လွတ်လမ်းတစ်ခု ရှိနိုင်သေးပေသည်။
အဆိပ်ဝိညာဉ် အော်ပြောလိုက်သည်။
“နေပါဦး”
အဆိပ်ဝိညာဉ်ထံသို့ လျင်မြန်စွာ ပျံသန်းလာနေသော ဘွဲ့ထူးရစစ်နတ်ဘုရားဆယ်ယောက် ရပ်တန့်သွား၏။ အဆိပ်ဝိညာဉ်က ခေသူမဟုတ်သဖြင့် သူတို့ သူ့ကို အမှန်တကယ် ထိပ်တိုက် တိုက်ခိုက်ရန် ရွံ့နေကြပေသည်။ ထိပ်တိုက် တိုက်ခိုက်မည်ဆိုလျှင် အနည်းဆုံး သူတို့ထဲမှ တစ်ဝက်လောက် သေရပေလိမ့်မည်။
“သိမ်းငှက်ဘုရင်လေး... အဲ့မိန်းကလေးသုံးယောက်က ကျန်းရီရဲ့ဇနီးတွေပါ။ မိုဟွိုက်စန်းနဲ့ တိလင်အာကိုတော့ သခင်လေးသိမှာပေါ့။ ကျုပ်တို့ ဒီထဲကို ဝင်လာခဲ့တာက ကျုပ်ရဲ့အရှင်ငယ်ကို ကယ်ဖို့ပါ။ အရှင်ငယ်က... မသေသေးပါဘူး။ သူက နတ်ဘုရားသစ်ပင်ထဲမှာ ပိတ်မိနေတာ ဖြစ်နိုင်ပါတယ်။ ရန်ထျန်းဖန်က ကောင်းကင်ဘုရင်ယိုရဲ့လူပါ။ ဒီနေ့ ကျုပ်တို့ကိုသတ်ဖို့ တစ်ယောက်ယောက် ထောင်ချောက်ဆင်ထားတာပါ။ သခင်လေး သခင်လေးရဲ့ညီမမျက်နှာကိုထောက်ပြီး ကျုပ်တို့ကို ကူညီပေးလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်...”
အဆိပ်ဝိညာဉ် သိမ်းငှက်ဘုရင်လေးထံသို့ လျင်မြန်စွာ အသံပို့လွှတ်လိုက်သည်။ ထို့နောက် သူ ရန်ထျန်းဖန်ကိုကြည့်ကာ ပြောလိုက်လေသည်။
“စစ်သူကြီး... ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့။ အမှန်ကို ပြောရရင် အရှင်ငယ်က အသက်ရှင်နေတုန်းပဲ။ ခင်ဗျား ကျုပ်တို့ကို ဖမ်းမယ်ဆိုရင် ကျုပ်အရှင်ငယ် ပြန်ရောက်လာတာနဲ့ ဘာဖြစ်မယ်ဆိုတာကို ခင်ဗျား ကောင်းကောင်းသိမှာပါ။ ပိုင်တိထျန်း၊ ချိုးရန်နဲ့ ကျန်တဲ့ကောင်တွေ... မင်းတို့ နားထောင်ကြ။ ငါ့အရှင်ငယ်ရဲ့ ဒေါသကို မင်းတို့ အသိဆုံး ဖြစ်မှာပါ။ အရှင်မသုံးယောက်ကို ထိဝံ့သူတိုင်း အကျိုးဆက်တွေ ခံစားရလိမ့်မယ်”