သိမ်းငှက်ဘုရင်လေး၏ ဒေါသ
Vol. 112 Ch. 1555
“ဝိုး...”
အုတ်အော်သောင်းနင်း ဖြစ်သွား၏။ သိမ်းငှက်ဘုရင်လေး၊ ချိုးရန်၊ ပိုင်တိထျန်းနှင့် ရန်ထျန်းဖန်တို့ မှင်တက်သွားကြသည်။ အဆိပ်ဝိညာဉ်၏ စကားလုံးများက ထိချက်ပြင်းသည်။ သခင်လေးများစွာ၏ မျက်ဝန်းများထဲတွင် အကြောက်တရား ထွက်ပေါ်လာသည်။ ကျန်းရီက မည်သူနည်း။ အရူးတစ်ယောက်ပင်။ သူသာ မသေသေးဘဲ ပြန်ရောက်လာမည်ဆိုလျှင် သူ့ဇနီးများကို ထိခဲ့သူများက အသေဆိုးနှင့် သေရလောက်သည် မဟုတ်ပါလား။
“ဟာသပဲ...”
သို့သော် ခေတ္တကြာပြီးနောက် အားလုံးသည် ထိုအရာက ရယ်စရာကောင်းသည်ဟု တွေးမိသွားကြ၏။ ကျန်းရီက မသေသေးသည်လော။ ယင်းက မည်သို့ဖြစ်နိုင်မည်နည်း။ ရက်နှစ်ဆယ်ကြာသွားခဲ့ပြီဖြစ်ရာ ကောင်းကင်ဘုရင်ယိုဆိုလျှင်ပင် သေနေလောက်ပေပြီ။ ထို့ကြောင့် အားလုံးသည် အဆိပ်ဝိညာဉ်က သူတို့ကို ခြောက်လှန့်ရန် ကြိုးစားနေခြင်းဖြစ်မည်ဟု ကောက်ချက်ချလိုက်ကြလေသည်။
သိမ်းငှက်ဘုရင်လေးသည်လည်း အဆိပ်ဝိညာဉ်က သူတို့ကို အရူးလုပ်နေခြင်းဟု ခံစားနေရ၏။ ကျန်းရီက အသက်ရှင်မနေနိုင်ပေ။ သိမ်းငှက်ဘုရင်လေးသည် ဤအပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲသို့ အကြိမ်များစွာ ရောက်ခဲ့ဖူးသည်။ သူပင် ဤနယ်မြေထဲ၌ အလွန်ဆုံးတစ်ရက်လောက်သာ နေနိုင်ခဲ့၏။ ထိုသို့နေနိုင်ခြင်းမှာလည်း မင်ရည်တောင်ပံမျိုးနွယ်၏ သာလွန်သော အမြန်နှုန်းနှင့် စွမ်းအားကြီး စိတ်ဝိညာဉ်တို့ကြောင့် ဖြစ်သည်။
သို့သော် အဆိပ်ဝိညာဉ်က ကျန်းရီ အသက်ရှင်နေသေးသည်ဟု ပြောခဲ့ပေသည်။
မျက်နှာစိမ်းမိန်းမပျိုသုံးယောက်က ကျန်းရီ၏ဇနီးများဖြစ်သဖြင့် ကျန်းရှောင်နူ၏မျက်နှာကိုထောက်ကာ ကူညီပေးပါဟု အဆိပ်ဝိညာဉ်က သိမ်းငှက်ဘုရင်လေးကို အကူအညီတောင်းခဲ့သည်။ ထိုအခိုက်တွင် သိမ်းငှက်ဘုရင်လေး တုံ့ဆိုင်းနေသည်။ သူ ကျန်းရီကို သဘောမကျပေ။ ဆိုရလျှင် သူ ကျန်းရီကို အလွန်မုန်းသည်။ သို့သော် ထိုမိန်းမပျိုသုံးယောက်က အမှန်ပင် ကျန်းရီ၏ဇနီးများ ဖြစ်မည်ဆိုလျှင် သူ ကျန်းရှောင်နူ၏မျက်နှာကို ထောက်ထား၍ သေချာပေါက် ကူညီရပေမည်။ သူ၏အာရုံများက အလွန်စူးရှသည်။ ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားသခင်လေးများ၏ မျက်နှာထားကြောင့် တစ်စုံတစ်ခု လွဲနေပြီဖြစ်ကြောင်း သူ သိထားပြီးလည်းဖြစ်သည်။
ဤကိစ္စက အမှန်တကယ် ထောက်ချောက်တစ်ခုပင်။
ကျန်းရီက သေသွားပြီဖြစ်သော်လည်း ထိုလူများက ဒေါသမပြေကြသေးပေ။ ထို့ကြောင့် သူတို့က ကျန်းရီ၏ဇနီးများအပေါ် ဒေါသပုံချလိုကြခြင်းဖြစ်မည်။ သိမ်းငှက်ဘုရင်လေးသည် ထိုကဲ့သို့သောအရာမျိုးကို အလွန်မုန်းတီးသည်။ ယောက်ျားများကြားမှ ပဋိပက္ခများကို ယောက်ျားချင်းသာ ထိပ်တိုက်ရှင်းသင့်သည်ဟု သူ ယုံကြည်သည်။ အကောက်ကြံခြင်းများ၊ အပြစ်မဲ့သူများကို ဆွဲထည့်ခြင်းများကို မလုပ်သင့်ပေ။ အားနည်းသော မိန်းမပျိုများကို အနိုင်ကျင့်ခြင်းက မည်မျှစက်ဆုပ်ဖွယ်ကောင်းသနည်း။ သူတို့ အဆိပ်ဝိညာဉ်ကို သတ်လိုသည်ဆိုလျှင် ထိပ်တိုက်လက်ရည်ချင်းယှဉ်ကာ သတ်သင့်သည်။ မည်သို့သော ယောက်ျားမျိုးက ဤသို့အကောက်ကြံကာ သတ်ဖြတ်ရန် ကြိုးစားမည်နည်း။
ထို့ကြောင့် သိမ်းငှက်ဘုရင်လေးသည် အတန်ငယ် တုံ့ဆိုင်းခဲ့သော်လည်း ဝင်ပြောလိုက်သည်။
“စစ်သူကြီး... ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် သူတို့ကို စစ်ခုံရုံးဆီခေါ်သွားပြီး ခေါင်းဆောင်သုံးယောက်ကို တရားစီရင်ခိုင်းမယ်ဆိုရင် ဘယ်လိုပါလဲ။ အဆိပ်ဝိညာဉ်... ခင်ဗျား အညံ့ခံပြီး စစ်ခုံရုံးမှာ အပြစ်လိုက်ခံယူဖို့ ဆန္ဒရှိလား”
အဆိပ်ဝိညာဉ်သည် သိမ်းငှက်ဘုရင်လေးကို ကျေးဇူးတင်ဟန်ဖြင့်ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“သိမ်းငှက်ဘုရင်လေးကိုယ်တိုင် လိုက်ပို့မယ်ဆိုရင် ကျုပ် လုံးဝခုခံမှာ မဟုတ်ပါဘူး”
“အာ...”
ဤတစ်ကြိမ်တွင် ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားသခင်လေးများ ဆွံ့အသွားကြသည်။ ရန်ထျန်းဖန်၏ မျက်ဝန်းများလည်း တောက်ပလာသည်။ သူ မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေကြောင်း ထင်ရှားပေသည်။ အကယ်၍ သိမ်းငှက်ဘုရင်လေးသာ အဆိပ်ဝိညာဉ်တို့ကို ခေါ်သွားမည်ဆိုလျှင် ယနေ့ထောက်ချောက်က သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။ စစ်ခုံရုံးတွင် တရားစီရင်မှုခံမည်ဆိုလျှင် ကောင်းကင်ဘုရင်ဝူက အဆိပ်ဝိညာဉ်ကို အပြစ်ပေးရုံလောက်သာ လုပ်မည်ဖြစ်သည်။ သူ့ကို သတ်လိမ့်မည် မဟုတ်ချေ။ ကျန်းရီ၏ဇနီးသုံးယောက်ကလည်း လုံခြုံပေလိမ့်မည်။
အဆိပ်ဝိညာဉ်၏ ခန့်မှန်းမှုက မှန်ခဲ့၏။
ရန်ထျန်းဖန်က အပေါ်ယံတွင် ကောင်းကင်ဘုရင်ဝူ၏လူအဖြစ် ဟန်ဆောင်နေသော်လည်း အမှန်တွင်မူ ယိုမျိုးနွယ်မှလူတစ်ယောက် ဖြစ်ပေသည်။ ကောင်းကင်ဘုရင်ယိုက အလွန်ရည်မှန်းချက်ကြီးသည်။ သူသည် မိစ္ဆာချေဖျက်စစ်တပ်ကို သူတစ်ဦးတည်း အုပ်စိုးလိုသည်။ ထို့ကြောင့် တပ်ထဲတွင် သူ့လူများကို လျှို့ဝှက်ထည့်သွင်းထားခဲ့သည်။ ရန်ထျန်းဖန်မှာ ထိုလူများထဲကတစ်ယောက် ဖြစ်ပေသည်။
ထို့ပြင် ကောင်းကင်ဘုရင်ယိုသည် ဤတစ်ခေါက်ကိစ္စကို သိသည်။ ကောင်းကင်ဘုရင်ယိုသာ ခွင့်မပြုခဲ့လျှင် ရန်ထျန်းဖန်သည် သူ့ရပ်တည်သည့်ဘက်ကို ဖော်ပြဝံ့မည် မဟုတ်ချေ။
ကောင်းကင်ဘုရင်ယို သဘောတူခဲ့ခြင်းမှာ အဆိပ်ဝိညာဉ်ကို သေစေလို၍ဖြစ်သည်။ ကျန့်ရှဆန်းကြယ်နယ်မြေထဲတွင် အဆိပ်ဝိညာဉ်က သူ့လက်ချောင်းကို ဖြတ်ခဲ့သည်။ ယင်းကြောင့် သူ အလွန်မျက်နှာပျက်ခဲ့ရသည်။ အဆိပ်ဝိညာဉ်က တိရှဘုံတွင်သာ နေနေမည်ဆိုလျှင် သူ ထိုကိစ္စကို လျှော်ပေးလိုက်မည်ဖြစ်သည်။ သို့သော် ယခု အဆိပ်ဝိညာဉ်က သူ့ပိုင်နက်ထဲ ရောက်လာပြီဖြစ်ရာ သူ မည်သို့ လက်စားမချေဘဲ နေနိုင်ပါမည်နည်း။
ကျန်းရီ သေသွားပြီဖြစ်၍ ဝိညာဉ်မျိုးနွယ်၏ သစ္စာဖောက်တစ်ယောက်ဖြစ်သော အဆိပ်ဝိညာဉ်ထံတွင် ကျောထောက်နောက်ခံ မရှိတော့ပေ။ သို့ဖြစ်၍ နောင်တွင် ဤထောင်ချောက်အကြောင်းကို တစ်ယောက်ယောက်က သိသွားမည်ဆိုလျှင်လည်း ဘာအရေးနည်း။ ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့က ထိုအကြောင်းကို သိသွားမည်ဆိုလျှင်လည်း ဘာဖြစ်သေးသနည်း။ ကောင်းကင်ဘုရင်နှစ်ပါးသည် အဆိပ်ဝိညာဉ်အတွက်ကြောင့် ကောင်းကင်ဘုရင်ယိုနှင့် ထိပ်တိုက်တွေ့မည် မဟုတ်ချေ။ ထို့ပြင် ထုတ်ပြော၍မရနိုင်သော ကိစ္စများကို မလုပ်ဖူးသူ မည်သူရှိသနည်း။ ကောင်းကင်ဘုရင်သုံးပါး၏ ဖြောင့်မတ်မှန်ကန်မှုက အပြင်လူများအတွက် မျက်နှာဖုံးတစ်ခုသာ ဖြစ်ပေသည်။
ရန်ထျန်းဖန်သည် ခေတ္တမျှ တွေးတောပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ ဤတစ်ကြိမ်တွင် သူရပ်တည်သည့်ဘက် ပေါ်သွားပေပြီ။ ထို့ကြောင့် ဤအစီအစဉ်အောင်မြင်ရမည်။ သူ မအောင်မြင်လျှင် နောင်တွင် ဤကဲ့သို့သော အခွင့်အရေးတစ်ခု ထပ်ရနိုင်တော့မည် မဟုတ်ချေ။ အဆိပ်ဝိညာဉ်နှင့် ကျန်းရီ၏ဇနီးသုံးယောက်က တူညီသောအမှားကို နှစ်ကြိမ်လုပ်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် သူက သူတို့ကို မိစ္ဆာချေဖျက်တောင်ကြားထဲ သို့မဟုတ် တိရှဘုံတွင် အန္တရာယ်ပေး၍ မရပေ။ ဤအချိန်၊ ဤနေရာတွင်သာ အပြတ်ရှင်းရမည်ဖြစ်သည်။
ရန်ထျန်းဖန် အေးစက်စက်ပြုံးကာ ပြောလိုက်သည်။
“သိမ်းငှက်ဘုရင်လေး... ဒီကိစ္စမှာ မင်းရော ပတ်သတ်နေလားဆိုတာတောင် ငါ မစစ်ဆေးရသေးဘူး... မင်းက မင်းဘာသာ ရှေ့ထွက်လာတယ်ပေါ့လေ။ မင်း သူတို့ကို ဘာလို့ လိုက်ပို့ချင်နေရတာလဲ။ အဆိပ်ဝိညာဉ်က ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာကို မင်းသိလား။ သူသာ ငါ့ကို လုပ်ကြံခဲ့မယ်ဆိုရင် ငါ အသက်ရှင်နိုင်ဖို့က လွယ်မှာ မဟုတ်ဘူး။ ပြီးတော့ သူတို့က ဘာလို့ မင်းရဲ့တပ်ဖွဲ့ထဲမှာ ပုန်းနေရတာလဲ။ မင်း ငါ့ကို ရှင်းပြနိုင်မလား”
ထိုအခိုက်တွင် ငါးမိနစ်ပြည့်သွားပြီဖြစ်၍ ကောင်းကင်မှ အနီရောင်အလင်းက ပြန်ပျောက်ကွယ်သွားပြီဖြစ်သည်။ လသားရဲများလည်း ပြန်ဆုတ်ခွာသွားပြီဖြစ်ပြီး ပတ်ဝန်းကျင်က ပြန်မှေးမှိန်လာသည်။ ရန်ထျန်းဖန်၏ စကားများကို ကြားလိုက်သောအခါ သိမ်းငှက်ဘုရင်လေး၏မျက်နှာက ပို၍ပင် မည်းမှောင်သွားလေသည်။
သိမ်းငှက်ဘုရင်လေး၏ မျက်ဝန်းများက အစိမ်းရောင်အလင်း တောက်ပလာ၏။ သူ၏ အတောင်ပံများနှင့် လက်သည်းများကလည်း အစိမ်းရောင်အလင်းနှင့်အတူ ထွက်ပေါ်လာသည်။ သူသည် ခက်ထန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ကာ ရန်ထျန်းဖန်ကိုကြည့်၍ အော်ပြောလိုက်သည်။
“စစ်သူကြီး... ကျွန်တော်က ခင်ဗျားကို အမြဲလေးစားခဲ့တယ်။ ကျွန်တော် တိုက်ပွဲအမှတ်တွေ အလုံအလောက် စုဆောင်းထားပြီးပေမဲ့ ခင်ဗျားကို စိန်ခေါ်ပြီး ခင်ဗျားရဲ့နေရာကို မယူသေးတာ ခင်ဗျားကို လေးစားခဲ့လို့ပဲ။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ကို နောင်တရရအောင် မလုပ်ပါနဲ့။ ကျွန်တော် ခင်ဗျားကို သတ်လိုက်ရင်တောင် ခေါင်းဆောင်သုံးယောက်က ကျွန်တော့်ကို သတ်ရဲလိမ့်မယ်လို့ ခင်ဗျားထင်လား”
“ဝိုး...”
အုတ်အော်သောင်းနင်း ထပ်ဖြစ်သွားသည်။ လသားရဲများကို လိုက်သတ်လိုနေကြသော တပ်သားများပင် ရုတ်တရက် ပြန်လှည့်လာကြသည်။ အားလုံး၏ မျက်ဝန်းများထဲ၌ သံသယများနှင့် ပြည့်နှက်နေပေသည်။ သိမ်းငှက်ဘုရင်လေး၏ အဆင့်အတန်းက အလွန်ထူးခြားပြီး ရန်ထျန်းဖန်က ကောင်းကင်ခွင်းတပ်၏ စစ်သူကြီးဖြစ်သည်။ ယခု သူတို့နှစ်ယောက်က အမှန်ပင် တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုနေကြသည်လော။
ထိုနှစ်ယောက်သာ အမှန်တကယ် တိုက်ခိုက်မည်ဆိုလျှင် ကျန်လူများ မည်သို့လုပ်ရမည်ကို သိမည် မဟုတ်ပေ။ သူတို့ မည်သည့်ဘက်ကို ကူညီပါစေ တစ်ဘက်ကို အပြစ်ပြုမိသွားမည်ဖြစ်သည်။
“ဟားဟားဟား...”
ရန်ထျန်းဖန်က ကျယ်လောင်စွာ ရယ်လိုက်၏။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်သည်။
“သိမ်းငှက်ဘုရင်လေး... သိမ်းငှက်စိမ်းဘုရင်က မင်းအဖေ ဖြစ်နေတာနဲ့ အထက်ဘုံမှာ မင်းကြိုက်သလို လုပ်လို့ရလိမ့်မယ်လို့ ထင်နေတာလား။ မင်းက ငါ့ကို သတ်ချင်တာလား။ လာလေ... မင်းမှာ အစွမ်းအစရှိလားဆိုတာ ကြည့်ရသေးတာပေါ့။ အားလုံး ငါ့အမိန့်ကို နားထောင်ကြ။ အဆိပ်ဝိညာဉ်ကိုဖမ်း... သူခုခံရင် သတ်ပစ်လိုက်”
ဝှစ်...
ရန်ထျန်းဖန်သည် အမိန့်ပေးပြီးနောက် အဆိပ်ဝိညာဉ်နှင့် သိမ်းငှက်ဘုရင်လေးကြားကို ပျံသန်းသွားလိုက်၏။ သိမ်းငှက်ဘုရင်လေးက အဆိပ်ဝိညာဉ်ကို ကယ်လိုလျှင် ရန်ထျန်းဖန်က သေချာပေါက် တားမည်ဖြစ်သည်။ လက်ရှိတွင် ရန်ထျန်းဖန်ဘက်က အကြောင်းပြချက်ရှိနေသည်။ သူ မည်သည်ကိုမှ ကြောက်နေစရာ မလိုပေ။ သိမ်းငှက်ဘုရင်လေးက အလွန်စွမ်းအားကြီးသော်လည်း ရန်ထျန်းဖန်မှာ အုပ်ချုပ်သူအဆင့် သိုင်းသမားများအောက်မှ နံပါတ်တစ်ဖြစ်သည်။ သူ သိမ်းငှက်ဘုရင်လေးကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်မှုရှိနေပေသည်။
“ဟုတ်ကဲ့ပါ စစ်သူကြီး... အားလုံး တိုက်ခိုက်ကြ”
ပိုင်တိထျန်း၊ ချိုးရန်နှင့် သခင်လေးများ အော်ပြောလိုက်ကြ၏။ စွမ်းအားကြီး သိုင်းသမားအားလုံး အဆိပ်ဝိညာဉ်ထံ ပျံသန်းသွားကြသည်။ အဆိပ်ဝိညာဉ် ဝေ့ဝဲကြည့်လိုက်၏။ သူ ယခု ထွက်မပြေးလျှင် ယနေ့ ဤနေရာ၌ သေရပေလိမ့်မည်။ သူ့ထံပျံဝင်လာသူအားလုံးကို သူ သတ်ပစ်နိုင်မည် မဟုတ်ချေ။
‘သွားဖို့ အချိန်ကျပြီ...’
အဆိပ်ဝိညာဉ်သည် တုံ့ဆိုင်းမနေဘဲ ကိုယ်ပွားရာကျော် ပွားထုတ်လိုက်ပြီး ထိုကိုယ်ပွားများကို အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးစေလိုက်သည်။ သူသည် သေရမည်ကို မကြောက်သော်လည်း အချည်းနှီးမသေလိုပေ။ သူ နတ်ဘုရားသစ်ပင်ဆီသို့ ရောက်အောင်သွား၍လည်း ကျန်းရီကို ကယ်ထုတ်လိုသေးသည်။ မဟုတ်လျှင် ရီချန်တို့ အန္တရာယ်နှင့် ကြုံရပေလိမ့်မည်။
“ရန်ထျန်းဖန်... ခင်ဗျား တိုက်ချင်ရင် တိုက်ပေးရတာပေါ့”
သိမ်းငှက်ဘုရင်လေးက ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ သူ အဆိပ်ဝိညာဉ်ကို အရေးမစိုက်နိုင်သေးပေ။ အရင်ဆုံး ရန်ထျန်းဖန်ကို ရှင်းပစ်ရပေမည်။ သူသာ ရန်ထျန်းဖန်ကို အနိုင်ရသွားလျှင် ရီချန်တို့ကို ကာကွယ်ပေးနိုင်လောက်သည်။ သူ၏အတောင်ပံများက တဖြန်းဖြန်းခတ်နေ၏။ သူ၏အစိမ်းရောင်လက်သည်းနှစ်ဘက်ကလည်း ရန်ထျန်းဖန်၏မျက်လုံးများထဲတွင် ကြီးမားလာသည်။ ထိုလက်သည်းများသာ ရန်ထျန်းဖန်ကို ထိသွားလျှင် ရန်ထျန်းဖန် သေချာပေါက် သေသွားပေလိမ့်မည်။
“တောင်ဘက်ကို တိုက်ခိုက်ကြ။ အရူးတွေ... အဆိပ်ဝိညာဉ်အစစ်က ထွက်ပြေးနေပြီ”
ရန်ထျန်းဖန်သည် အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများကို လှမ်းကြည့်လိုက်၏။ ဘွဲ့ထူးရစစ်နတ်ဘုရားများက အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများကို တိုက်ခိုက်နေကြပြီး အဆိပ်ဝိညာဉ်အစစ်က တောင်ဘက်သို့ ထွက်ပြေးနေကြောင်း တွေ့လိုက်သောအခါ သူ လျင်မြန်စွာ အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ သိမ်းငှက်ဘုရင်လေးနှင့် စတင်တိုက်ခိုက်လိုက်လေသည်။
ဝှစ်...ဝှစ်...ဝှစ်...
မရေမတွက်နိုင်သော တိုက်ခိုက်မှုများက တောင်ဘက်သို့ ပျံထွက်သွားကြ၏။ အဆိပ်ဝိညာဉ်အစစ် ထွက်ပေါ်လာသည်။ တိုက်ခိုက်မှုများက သူ့တစ်ကိုယ်လုံးကို ထိမှန်သွားသဖြင့် သူ့ကိုယ်မှသွေးများထွက်လာသည်။ သို့သော် အဆိပ်ဝိညာဉ်သည် လုံးဝနောက်မလှည့်ဘဲ တောင်ဘက်သို့သာ ဆက်ပျံသန်းသွားသည်။ ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ရာကျော်ကလည်း သူ့အနောက်သို့ အသည်းအလန် လိုက်လာကြပေသည်။
တစ်ဘက်တွင်လည်း သိမ်းငှက်ဘုရင်လေးနှင့် ရန်ထျန်းဖန်တို့ စတင် တိုက်ခိုက်နေကြသည်။ သာမန်တပ်သားများက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ရသည်။ အခြေအနေက ပရမ်းပတာ ဖြစ်လာပေပြီ။