အဆိပ်ဝိညာဉ်... အတူတူ သေကြတာပေါ့
Vol. 112 Ch. 1556
ဝိညာဉ်မျိုးနွယ်က အလွန်ကြောက်ရွံ့ခံရသည်မှာ သူတို့၏ လုပ်ကြံရေးအတတ်များကြောင့် ဖြစ်သည်။ သူတို့၏ တည်နေရာကို အာရုံမခံနိုင်လျှင် မည်သို့အသတ်ခံလိုက်ရသည်ကိုပင် သိလိုက်မည် မဟုတ်ချေ။ ပုန်းကွယ်ခြင်းအတတ်မှာ အသံမဲ့၊ အရှိန်အဝါမဲ့သောအတတ်ဖြစ်သည်။ ထို့ကြောင့် ရန်သူက မိမိအရှေ့သို့ ရောက်နေလျှင်ပင် ရန်သူကို သတိပြုမိလိမ့်မည် မဟုတ်ပေ။ ထို့ပြင် နတ်ဘုရားဝိညာဉ်ထိုးချက်က ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကိုပင် ဖောက်နိုင်သည်။ ထိုအတတ်နှစ်ခုကို ပေါင်းစပ်အသုံးပြုလိုက်လျှင် လွန်စွာအန္တရာယ်ကြီးပေသည်။
သို့သော် ကိုယ်ယောင်မဖျောက်နိုင်သော ဝိညာဉ်မျိုးနွယ်ဝင်ကိုမူ ကြောက်စရာမလိုပေ။ ဝိညာဉ်မျိုးနွယ်ဝင်များသည် ထိပ်တိုက် တိုက်ခိုက်ရာတွင် မကျွမ်းကျင်ကြချေ။ သူတို့ပိုင်ဆိုင်ထားသော ဆန်းကြယ်စွမ်းရည်များက ထိပ်တိုက် တိုက်ခိုက်ရေးနှင့် မသင့်လျော်ကြပေ။ ထို့ကြောင့် ယခုတွင် အဆိပ်ဝိညာဉ် အသည်းအသန် ခံနေရပေသည်။
ရန်ထျန်းဖန်ကြောင့် သူ့ကိုယ်အစစ် ပေါ်သွားပြီးချိန်တွင် အဆိပ်ဝိညာဉ်သည် အကွာအဝေးတစ်ခုသို့ ရောက်နေခဲ့ပြီဖြစ်သည်။ သို့သော် ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ရာကျော်က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်၍ သူ ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားခဲ့သည်။
အဆိပ်ဝိညာဉ်သည် သွေးထွက်မလွန်စေရန် သူ့သွေးကြောများကို ပိတ်လိုက်၏။ မည်သို့ပင်ဖြစ်စေ ယခု သူ့ကိုယ်ပေါ်၌ သွေးနံ့များ စွဲနေပေပြီ။ သူ့နောက်သို့ လိုက်လာသော ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ရာကျော်ထဲတွင် အနံ့ခံစွမ်းရည် ထက်မြတ်သူများ ပါနိုင်သည်။ သို့ဖြစ်ရာ သူ ကိုယ်ဖျောက်လိုက်မည်ဆိုလျှင်လည်း သူတို့ကို သူ့သွေးနံ့ကိုခံ၍ အလွယ်တကူ ခြေရာခံနိုင်ပေလိမ့်မည်။ အစောတွင် သူ့ကိုယ်ပွားများကြောင့်သာ မဟုတ်လျှင်၊ ထိုသူများ၏ စိတ်ဝိညာဉ်က သူအစစ်အမှန်ကို အာရုံမခံနိုင်လောက်အောင် အားနည်းမနေခဲ့လျှင် သူ သေပြီးနေလောက်ပေပြီ။
ဝှစ်...
ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ရာကျော်သည် လေကိုခွင်း၍ အဆိပ်ဝိညာဉ်နောက်ကို အမီလိုက်လာနိုင်၏။ သူတို့ ပေထောင်ကျော်အကွာသို့ ရောက်သောအခါ အဆိပ်ဝိညာဉ်၏ အထက်တွင် ဧရာမလက်ကြီးတစ်ဘက် ဖြစ်တည်လာ၏။ ထိုလက်ကြီးက အဆိပ်ဝိညာဉ်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပေသည်။
‘လခွမ်းနဲ့...’
အဆိပ်ဝိညာဉ် စိတ်ထဲမှ ဆဲဆိုလိုက်ပြီး လျင်မြန်စွာ လမ်းကြောင်းပြောင်းကာ ရှောင်လိုက်သည်။ ထို့ပြင် ကိုယ်ပွားရာကျော် ဖန်တီး၍လည်း အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားစေလိုက်သည်။ သူကိုယ်တိုင်ကမူ တောင်ဘက်သို့ ဆက်မပျံသန်းတော့ပေ။ သူက တောင်ဘက်သို့ သွားနေကြောင်းကို သူ့နောက်လိုက်လာသူအားလုံးက သိထားပေပြီ။ ထို့ကြောင့် သူသည် ကိုယ်ပွားဆယ်ယောက်ကျော်အား နောက်မှလိုက်လာသူများကို တိုက်ခိုက်စေလိုက်ပြီး အရှေ့ဘက်သို့ ဦးတည်သွားလိုက်လေသည်။
ဖုန်း...ဖုန်း...ဖုန်း...
နောက်မှလိုက်လာသူများသည် ထိုအဆိပ်ဝိညာဉ်ဆယ်ယောက်ကျော်က ကိုယ်ပွားများဖြစ်ကြောင်း သိသော်လည်း သတိလက်လွတ် မဖြစ်ဝံ့ကြပေ။ သူတို့အားလုံး ဆန်းကြယ်စွမ်းရည်အမျိုးမျိုးကို ထုတ်လွှတ်လိုက်ကြပြီး အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူတို့သည် အရပ်မျက်နှာအနှံ့သို့ လူခွဲကာ ကျန်နေသေးသော ကိုယ်ပွားများကို ဖျက်ဆီးလိုက်ကြသည်။
ဝိညာဉ်မျိုးနွယ်၏ ကိုယ်ပွားအတတ်က အလွန်စွမ်းအားကြီးသည်။ ကိုယ်ပွားတိုင်းက တစ်ပုံစံတည်းတူညီပြီး သူတို့ပေါ်တွင် သွေးနံ့လည်း ရှိနေသည်။ ထို့ကြောင့် မည်သူက ကိုယ်ပွား၊ မည်သူက အစစ်အမှန်ဖြစ်ကြောင်းကို ခွဲနိုင်ရန် မလွယ်ပေ။ နောက်မှလိုက်လာသူများထဲက အများစုမှာ ယိုမျိုးနွယ်၊ ပိုင်မျိုးနွယ်၊ ချိုးမျိုးနွယ်နှင့် အခြားသခင်လေးများ၏ လက်အောက်ငယ်သားများဖြစ်ကြသည်။ သူတို့သည် အဆိပ်ဝိညာဉ်ကို ဤတစ်ခေါက်တွင် မသတ်နိုင်ပါက ဤကဲ့သို့သော အခွင့်အရေးမျိုး ထပ်ရလိမ့်မည်မဟုတ်ကြောင်း ကောင်းစွာသိထားသည်။ ထို့ကြောင့် ငါးနာရီကြာအောင် လိုက်ပြီးသည်အထိ အဆိပ်ဝိညာဉ်ကို မသတ်နိုင်သေးသော်လည်း မည်သူကမှ လက်လျှော့ရန် မတွေးကြပေ။
ကိုယ်ပွားအားလုံးကို ဖျက်ဆီးပြီးနောက် အားလုံး လူပြန်စုလိုက်ကြ၏။ ထို့နောက် အဆိပ်ဝိညာဉ်ကိုယ်ပေါ်မှ သွေးနံ့ကို အနံ့ခံကာ သူ့အား ခြေရာခံလိုက်ကြသည်။
အဆိပ်ဝိညာဉ်က အတော်ဝေးဝေးသို့ ရောက်နေပြီဖြစ်၍ သူ့ကို ပြန်မီရန် အချိန်အနည်းငယ် လိုအပ်ပေသည်။ ယိုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က အေးစက်စက် မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။
“ဒီအတိုင်းဆက်သွားလို့ မဖြစ်ဘူး.. ခဏနေလို့ ကိုယ်ပွားတွေ ထွက်လာရင် လူမခွဲဘဲ အတူပေါင်းပြီး ပြန့်ကျယ်ကျယ်တိုက်ကြမယ်။ ကျုပ်တို့ သူ့ကို သတ်စရာမလိုပါဘူး။ ဒဏ်ရာထပ်ရသွားအောင် လုပ်ရုံပဲ။ အဲ့လိုဆို သူ ထွက်ပြေးနိုင်တော့မှာ မဟုတ်ဘူး”
“အဲ့ဒါဟုတ်တယ်...”
“အကြံကောင်းပဲ... အဲ့လိုလုပ်ကြတာပေါ့”
အားလုံးသည် ခေတ္တမျှ တွေးတောပြီးနောက် ထိုအကြံက မဆိုးဟု လက်ခံလိုက်ကြသည်။ အစောတွင် သူတို့သည် အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများ ပျံဝင်လာသောအခါ သေရမည်ကို ကြောက်၍ လူခွဲပြီး ထိုကိုယ်ပွားများကို ရှင်းပစ်ခဲ့ကြသည်။ ထို့ကြောင့် အဆိပ်ဝိညာဉ်အစစ်က ထွက်ပြေးသွားနိုင်ခဲ့သည်။ သို့သော် သူတို့ လူမခွဲဘဲ တစ်နေရာတည်းတွင် စုရပ်၍ အဝေးပစ် တိုက်ခိုက်မှုများ ထုတ်လွှတ်ကာ ပြန့်ကျယ်ကျယ် တိုက်ခိုက်မည်ဆိုလျှင် အဆိပ်ဝိညာဉ်အစစ်က မည်သည့်နေရာတွင် ရှိနေမည်ဖြစ်စေ သေချာပေါက် တိုက်ခိုက်မှုတစ်ခုခု ထိမှန်ခံလိုက်ရပေလိမ့်မည်။ သူ ဒဏ်ရာရသွားလျှင် ဆက်၍ ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။
“ပိုင်ရွှယ်... အာကာသလှိုင်းတွန့်ကို သုံးလိုက်”
ယိုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက် အော်ပြောလိုက်ရာ ပိုင်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်သည် လက်ဝါးချက်တစ်ချက် ရိုက်ထုတ်၍ အရှေ့တွင် အာကာသလှိုင်းတွန့် ဖန်တီးလိုက်လေသည်။ လှိုင်းတွန့်သည် အဆိပ်ဝိညာဉ်ထံသို့ ရွေ့လျားသွားပြီး အဆိပ်ဝိညာဉ်ကို ရုတ်ခြည်း နှေးသွားစေသည်။ ထို့ကြောင့် သူတို့ အဆိပ်ဝိညာဉ်အနားသို့ လျင်မြန်စွာ ကပ်သွားနိုင်လာပေသည်။
“လခွမ်းပဲ...”
အဆိပ်ဝိညာဉ် ဆဲလိုက်၏။ သူက အရှေ့ဆုံးမှဖြစ်ရာ လသားရဲများ၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ခံနေရသည်။ ၎င်းသားရဲများကို ခုခံနိုင်ရန် သူ စိတ်အားရော ကိုယ်အားပါ သုံးနေရသည်။ နာရီများစွာ ထွက်ပြေးပြီးနောက်တွင် သူ၏ဒဏ်ရာများကလည်း ပိုအခြေအနေဆိုးလာသည်။ သူက လိုက်ဖမ်းခံရခြင်းများနှင့် အသားကျနေ၍သာ ဤမျှတောင့်ခံနိုင်ခြင်းဖြစ်ပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ဆယ့်ငါးမိနစ်ဝန်းကျင် ကြာပြီးနောက် နောက်မှလိုက်လာသူများက ပေထောင်ကျော်အကွာသို့ ရောက်လာကြ၏။ အဆိပ်ဝိညာဉ် ထပ်မံ၍ ကိုယ်ပွားများ ဖန်တီးလိုက်ပြီး ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။ ဤတစ်ကြိမ်တွင် ယိုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားက အော်ပြောလိုက်သည်။
“တိုက်ကြ...”
ရွှစ်...ရွှစ်... ဝုန်း...ဝုန်း... ဝှစ်...ဝှစ်... ဖုန်း...ဖုန်း...
အားလုံးသည် အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများကို လျစ်လျူရှုကာ သူတို့၏ အင်အားအကြီးဆုံး ဆန်းကြယ်စွမ်းရည်များကို အဆိပ်ဝိညာဉ်ရှိနေခဲ့သော နေရာတစ်ပြန့်လုံးသို့ ပစ်လွှတ်လိုက်ကြသည်။
အဆိပ်ဝိညာဉ်သည် ထိုတိုက်ခိုက်မှုများကို မရှောင်နိုင်ခဲ့ပေ။ သူ ရုတ်ခြည်းပင် လေထဲ လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်တွင်လည်း အသားနီများ လန်လာလေသည်။ သူ့လက်တစ်ဘက်က ပြတ်ထွက်သွားပြန်၏။ ယခု သူ၏အရိုးများကိုပင် မြင်နေရပေသည်။
‘ပြေးရမယ်...’
အဆိပ်ဝိညာဉ်သည် ပေါက်ကွဲမှုအဟုန်ကို အသုံးချ၍ အရှေ့သို့ လျင်မြန်စွာ အသည်းအသန် ပျံထွက်သွားလိုက်၏။ သူ့ပါးစပ်မှနေ၍ သွေးများစီးကျနေပြီး သူ၏ရင်ဘတ်က ချိုင့်ဝင်နေသည်။ နောက်မှလိုက်လာသူများက ဉာဏ်ကောင်းလာပေပြီ။ ယခုတွင် သူ နတ်ဘုရားသစ်ပင်သို့ ရောက်နိုင်ရန် အလွန်ခက်တော့ပေမည်။
“ဖူး...”
အဆိပ်ဝိညာဉ်သည် တွေးတောရင်း သွေးထပ်မံအန်လိုက်၏။ ရီချန်တို့၏ ကံကြမ္မာကို သူ မသိရသေးပေ။ သိမ်းငှက်ဘုရင်လေးသာ သူမတို့ကို ကာကွယ်မပေးနိုင်လျှင် သူမတို့သုံးယောက် သေချာပေါက် စော်ကားခံရပေလိမ့်မည်။ ထို့ကြောင့် အဆိပ်ဝိညာဉ် အလွန်စိုးရိမ်နေပေသည်။ ထိုအခိုက်တွင် သူ့အရှေ့မှနေ၍ လသားရဲများ ထပ်မံရောက်လာပြန်သည်။ သူ၏ကိုယ်ပွားများက ၎င်းသားရဲများကို အဝေးသို့ မျှားခေါ်သွားပြီးနောက် နောက်မှလိုက်လာသူများက နီးကပ်လာပြန်သည်။
“စွန့်စားကွာ...”
အဆိပ်ဝိညာဉ် အံကြိတ်လိုက်ပြီး အစွမ်းကုန်ထုတ်သုံးရန် ဟန်ပြင်လိုက်သည်။ ရန်သူများက ဉာဏ်ကောင်းလာပြီဖြစ်၍ အချီအနည်းငယ် ဆက်တိုက်ပြီးလျှင် သူ သေရတော့မည်ဖြစ်သည်။ သူ အသက်ဆက်မရှင်နိုင်တော့ရာ သူ့နောက်မှလိုက်လာသူများကို များနိုင်သမျှများများ သေရွာသို့ အပါခေါ်သွားရပေမည်။
ရွှီး...
အနောက်မှလိုက်လာသူများ ပိုနီးကပ်လာသောအခါ အဆိပ်ဝိညာဉ်သည် ကိုယ်ပွားရာကျော် ဖန်တီးလိုက်၏။ ဤတစ်ခေါက်တွင် အဆိပ်ဝိညာဉ်အစစ်သည် ထွက်မပြေးတော့ဘဲ နောက်မှလိုက်လာသည့်အုပ်စုထံသို့ လျှို့လျှို့ဝှက်ဝှက် ဦးတည်သွားလိုက်သည်။ သူ သူသေကိုယ်သေ တိုက်ခိုက်ရန် အသင့်ဖြစ်နေပေပြီ။
“အာ...”
လိုက်လာသော တပ်သားများ ခေတ္တမျှ မှင်တက်သွား၏။ အဘယ်ကြောင့် အဆိပ်ဝိညာဉ်က ဤတစ်ခေါက်တွင် ကိုယ်ပွားများကို စောထုတ်ရသနည်း။ ယိုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားသည် ခေတ္တမျှ တွေးတောပြီးနောက် အော်ပြောလိုက်၏။
“အများကြီး တွေးမနေနဲ့ တိုက်ခိုက်ကြ...”
ဝှစ်...ဝှစ်...ဝှစ်...
ကောင်းကင်ထဲတွင် တိုက်ခိုက်မှုများ ပြည့်နှက်သွားသည်။ အရှေ့မှ အာကာပြင်နေရာ တော်တော်များများလည်း စုတ်ပြဲသွားသည်။ အထက်သို့ ပျံတက်လာကြသည့် လသားရဲများသည် တိုက်ခိုက်မှုများကြား ညပ်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ သို့သော် အဆိပ်ဝိညာဉ်အစစ်က ထွက်ပေါ်မလာခဲ့ချေ။ သူက ထိုနေရာမှနေ၍ ထွက်ပြေးသွားပြီးဖြစ်သည်။
ဝှစ်...
အဆိပ်ဝိညာဉ်၏ ကိုယ်ပွားများက ပျံဝင်လာသဖြင့် အားလုံး ဆန်းကြယ်စွမ်းရည်များ ထပ်ထုတ်လိုက်ရသည်။ ထိုအခိုက်တွင် ဘယ်ဘက်မှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာ၏။ အားလုံး၏ ကောင်းကင်စိတ်အာရုံများက ထိုဘက်သို့ ရောက်သွားကြ၏။ ချိုးမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားခြင်းပင်။ အဆိပ်ဝိညာဉ်၏ခန္ဓာကိုယ်ကလည်း လင်းလက်ကာ ပြန်ပျောက်ကွယ်သွားသည်။
“သတ်ကြ...”
အားလုံးသည် အဆိပ်ဝိညာဉ်၏ လုပ်ကြံမှုကြောင့် လန့်သွားကြသော်လည်း အဆိပ်ဝိညာဉ်က ထွက်ပြေးတော့မည် မဟုတ်ဘဲ သူသေကိုယ်သေ တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းကိုလည်း သိသွားကြသည်။ တစ်ယောက်ချင်းတိုက်ခိုက်ရမည်ဆိုလျှင် မည်သူကမှ အဆိပ်ဝိညာဉ်ကို ယှဉ်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိမည် မဟုတ်ပေ။ သို့သော် ယခုတွင် သူတို့ဘက်က လူများစွာရှိနေရာ အဆိပ်ဝိညာဉ်တစ်ယောက်ကို မသတ်နိုင်ဘဲနေမည် မဟုတ်လောက်ပေ။
ရွှီး...ရွှီး...
အာကာသစည်းမျဉ်းများကို သိမြင်နားလည်ထားသူများသည် ရုတ်ခြည်း သူတို့၏ အာကာသလှိုင်းတွန့်စွမ်းရည်များကို အစောတွင် အဆိပ်ဝိညာဉ်အား မြင်ခဲ့ရသော နေရာသို့ ပစ်လွှတ်လိုက်ကြ၏။ သို့သော် အဆိပ်ဝိညာဉ်က ပေတစ်ရာအကွာရှိ အခြားချိုးမျိုးနွယ်သိုင်းသမားတစ်ယောက်အနီးသို့ ရောက်နေပေပြီ။
“အာ...”
ထိုချိုးမျိုးနွယ်သိုင်းသမားသည် အဆိပ်ဝိညာဉ်၏ ရေခဲတမျှအေးစက်သော မျက်ဝန်းများကို တွေ့လိုက်သောအခါ အလွန်တုန်လှုပ်သွားသည်။ အဆိပ်ဝိညာဉ်သည် အစိမ်းရောင်အလင်းတန်း တစ်တန်းအဖြစ် ပြောင်းလဲ၍ နတ်ဘုရားဝိညာဉ်ထိုးချက်ကို ထုတ်သုံးလိုက်သည်။ ထိုသိုင်းသမားသည် သူက သေချာပေါက် သေရတော့မည် ဖြစ်ကြောင်း သိလိုက်၏။ သူ ထိပ်တန်အဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ထားသော်လည်း ၎င်းချပ်ဝတ်က အဆိပ်ဝိညာဉ်၏ နတ်ဘုရားဝိညာဉ်ထိုးချက်ကို မည်သို့ ကာနိုင်ပါမည်နည်း။
“အဆိပ်ဝိညာဉ်... အတူတူသေကြတာပေါ့”
ထိုသိုင်းသမားသည် သူ အသက်မရှင်နိုင်တော့ကြောင့် သိလိုက်သောအခါ ရူးသွပ်သွား၏။ သူ့အနားတွင် လူများစွာ ရှိနေသေးသည်း သူသည် သူကိုယ့်သူ ဖောက်ခွဲပစ်ကာ အဆိပ်ဝိညာဉ်နှင့်အတူ သေလိုနေပေသည်။
“လခွမ်း...လခွမ်း...လခွမ်း...”
အဆိပ်ဝိညာဉ် အကြိမ်အနည်းငယ် ဆဲလိုက်၏။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူ့ကို ရုတ်ခြည်းနီးပါး တုံ့ပြန်နိုင်စေလိုက်သည်။ သူသည် ဘေးသို့ ချိုးထွက်ကာ အဝေးသို့ အမြန်ဆုံး ပျံသန်းသွားလိုက်သည်။
ဝှစ်...
အနီးမှ လူအားလုံးလည်း အလွန်ကြောက်ရွံ့သွားကြသည်။ သူတို့သည် အဆိပ်ဝိညာဉ်ကို ဆက်တိုက်ခိုက်ရန် အရေးမစိုက်နိုင်တော့ဘဲ အရပ်မျက်နှာအနှံ့သို့ အသည်းအသန် ထွက်ပြေးကြ၏။ အဆင့်မြင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က သူ့ကိုယ်သူ ဖောက်ခွဲပစ်တော့မည်ဖြစ်ရာ သူတို့ ချက်ချင်း ထွက်မပြေးပါက ပေါက်ကွဲမှုအဟုန်ကြောင့် သေရပေလိမ့်မည်။