နှလုံးသားကင်းမဲ့သော
Vol. 112 Ch. 1557
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံက ကီလိုမီတာသန်းချီအဝေးအထိ ပဲ့တင်ထပ်သွားပြီး တည်နေရာပြောင်းရွှေ့အစီအရင်အနီးမှ လူများပင် အတန်ငယ် တုန်ယင်သွားကြသည်။
မြင်ကွင်းက အလွန်ဆိုးဝါး၏။ မြေပြင်က ပွင့်ထွက်သွားပြီး ဧရာမအက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာသည်။ တိုက်ခိုက်ရန် ပျံတက်လာကြသော လသားရဲများလည်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားကြသည်။ ၎င်းတို့၏ အသားစများမှနေ၍လည်း မီးခိုးများ ထွက်နေသည်။ ကီလိုမီတာငါးထောင် အဝန်းအဝိုင်းတစ်ခုလုံး ပျက်စီးသွားသည်။
နောက်မှလိုက်လာသူ ရာကျော်ထဲမှ သုံးပုံတစ်ပုံနီးပါး ဆိုးဆိုးဝါးဝါး ထိခိုက်သွားသည်။ အချို့က ခြေလက်များ ဆုံးရှုံးသွားကြပြီး တစ်ဒါဇင်လောက်က ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ အဆိပ်ဝိညာဉ်၏ အခြေအနေက ပိုဆိုးပေသည်။ သူ့ခန္ဓာကိုယ်အောက်ပိုင်း တစ်ပိုင်းလုံး မရှိတော့ပေ။ သူ မြေကြီးထဲလည်း နစ်ဝင်နေသည်။ သူ သေမည်၊ ရှင်မည်ကိုတော့ အတပ်မပြောနိုင်သေးချေ။
နောက်မှလိုက်လာသူများက အနည်းဆုံး ငါးဆယ်ကီလိုမီတာအကွာသို့ ထွက်ပြေးနိုင်ခဲ့ကြသည်။ ထိုအခိုက်တွင် ပေါက်ကွဲရာနေရာမှနေ၍ မီးခိုးများ၊ ဖုန်မှုန့်များ အူထွက်နေသည်။ အပြင်းအထန် ဒဏ်ရာရထားသူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်နေကြပေသည်။ လူများစွာသည် မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်သော သိုင်းသမားကို စိတ်ထဲမှ ကျိန်ဆဲနေကြသည်။ သူ သေရမည်ဆိုလျှင်လည်း သူ့ဘာသာ သေလိုက်သင့်သည်။ အဘယ်ကြောင့် အခြားသူများကိုပါ ဆွဲထည့်ရသနည်း။ အဆိပ်ဝိညာဉ်က ထွက်ပြေး၍မရနိုင်သော အခြေအနေထဲတွင် ရှိနေပြီဖြစ်ရာ သူ့ကို အလွယ်တကူ သတ်နိုင်မည် ဖြစ်သည်။ မိမိကိုယ်ကိုယ် ဖောက်ခွဲခြင်းမျိုး လုပ်စရာ မလိုပေ။ မိမိကိုယ်ကိုယ် ဖောက်ခွဲလိုက်သော သိုင်းသမားသည် သူ၏နတ်ဘုရားဝိညာဉ်ကိုလည်း ဖျက်ဆီးပစ်ခဲ့ပေသည်။
ဝှစ်...
ယိုမျိုးနွယ်ဝင်အချို့သည် ပေါက်ကွဲချက်ဗဟိုသို့ ပျံသန်းသွားလိုက်၏။ အဆိပ်ဝိညာဉ်က ပေါက်ကွဲမှုကြောင့် သေသွားသည်ဖြစ်စေ၊ မသေသေးသည်ဖြစ်စေ သူတို့ကို အဆိပ်ဝိညာဉ်၏ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုနေပေသည်။
“အာ...”
ပေါက်ကွဲချက်ဗဟိုနှင့် ကီလိုမီတာငါးထောင်အကွာမှနေ၍ အရိပ်နှစ်ခု လျင်မြန်စွာ ပျံသန်းလာ၏။ အရိပ်တစ်ခုက ဆူးချွန်များ ပြည့်နှက်နေသော ခန္ဓာကိုယ်ရှိသည့် ရုပ်သေးရုပ်တစ်ရုပ်ဖြစ်ပြီး ကျန်တစ်ခုက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ဖြစ်သည်။ အနက်ရောင်ဝတ်စုံနှင့် လူငယ်သည် ပေါက်ကွဲချက်ဗဟိုနှင့် နီးကပ်လာသောအခါ အာကာပြင်ထဲမှ ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရသည်။
“တော်တော်ကြောက်စရာကောင်းတဲ့ ပေါက်ကွဲမှုပဲ။ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က သူ့ကိုယ်သူ ဖောက်ခွဲပစ်လိုက်တာ ဖြစ်မယ်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက အရမ်းအန္တရာယ်များလို့ ပုံမှန်ဆို ဒီကို ဘယ်သူမှ မလာကြပါဘူး...”
ဝတ်စုံနက်နှင့် လူငယ်၏ မျက်ဝန်းများက ရုတ်တရက် တောက်ပသွား၏။ ထို့နောက် သူ အော်ပြောလိုက်သည်။
“ကျန့်ရှဘုရင် မြန်မြန်...”
ထိုလူငယ်က ကျန်းရီပင်။ သူသည် ရီချန်တို့ တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှ ထွက်လာကတည်းက ပြန်လာခဲ့ခြင်းဖြစ်သည်။ ကျန့်ရှဘုရင်က အဆိပ်ဝိညာဉ်ထက် ပိုလျင်မြန်သည်။ အဆိပ်ဝိညာဉ် ထွက်ပြေးနေစဉ်တွင် ကျန်းရီကလည်း ဆန့်ကျင်ဘက်အရပ်သို့ လျင်မြန်စွာ ပျံသန်းနေခဲ့သည်။
ပုံမှန်ဆိုလျှင် နှစ်ဘက်က ဦးတည်ရာမတူသဖြင့် ကြားတွင် မတွေ့ဆုံသင့်ပေ။ ပေါက်ကွဲမှုကြောင့်သာ မဟုတ်လျှင် သူတို့ လမ်းတွင် လွှဲသွားလောက်ပေသည်။ သို့သော် ကျယ်လောင်သော ပေါက်ကွဲမှုကြီးက ကျန်းရီကို ဆွဲဆောင်ခဲ့သည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲသို့ လာမည်သူ့ သိပ်မရှိပေ။ ထို့ပြင် သူသည် ရီချန်၏ အရှိန်အဝါကိုလည်း ခံစားမိထား၍ ပေါက်ကွဲရာနေရာကို သွားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်းနေရာက သူနှင့်လည်း သိပ်ဝေးပုံမပေါ်ပေ။
‘အဲ့မှာ လူတွေအများကြီး ရှိနေတာလား’
ကီလိုမီတာငါးထောင်က မဝေးသဖြင့် မကြာခင်မှာပင် ကျန်းရီ နီးကပ်လာသည်။ လူများစွာ၏ ကောင်းကင်စိတ်အာရုံများကို သူ ခံစားမိသည်။ သူလည်း သူ့ကောင်းကင်စိတ်အာရုံကို ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် နှစ်ဘက်စလုံး အံ့အားသင့်သွားကြ၏။
‘အဆိပ်ဝိညာဉ်လား...’
ကျန်းရီသည် မြေကြီးထဲနစ်ဝင်နေသော အဆိပ်ဝိညာဉ်၏ကိုယ်တစ်ခြမ်းကို အာရုံခံမိလိုက်၏။ ထိုအခိုက်တွင် တစ်စုံတစ်ယောက်က အဆိပ်ဝိညာဉ်၏လည်ပင်းကို ဆုပ်ကိုင်၍ မြေတွင်းထဲမှ ပျံထွက်လာနေသည်။ ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူရင်ထဲတွင်လည်း ဒေါသများ ထိုးထွက်လာသည်။ သူသည် ကောင်းကင်တစ်ခုလုံးကို မီးရှို့ပစ်တော့မည့်ပုံပင်။
အဘယ်ကြောင့် အဆိပ်ဝိညာဉ်က ဤနေရာတွင် ရှိနေရခြင်းနည်း။ ထိုလူများက မည်သူများနည်း။ အဘယ်ကြောင့် သူတို့ကို အဆိပ်ဝိညာဉ်ကို တိုက်ခိုက်နေရသနည်း။
ကျန်းရီ၏ ခေါင်းထဲတွင် အထက်ပါမေးခွန်းများ ထွက်ပေါ်လာသည်။ သို့သော် သူ ထိုမေးခွန်းများကို ချက်ချင်း ဘေးဖယ်ထားလိုက်၏။ သူတို့က မည်သူများဖြစ်စေ၊ အဘယ်ကြောင့် အဆိပ်ဝိညာဉ်ကို တိုက်ခိုက်နေခြင်းဖြစ်စေ သူတို့ အဆိပ်ဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည့်အတွက် အပြစ်ရှိပေသည်။ ကျန်းရီသည် သူ၏လူများကို ဂရုစိုက်ကာ ကာကွယ်ပေးတတ်သူတစ်ယောက်ပင်။ သူ့လူများကို အနိုင်ကျင့်ဝံ့သူတိုင်း သေရပေမည်။ သူသည် ထိုသူများအတွက် ‘အရင်သတ်၊ ပြီးမှမေး’ဟူသော ဆောင်ပုဒ်အတိုင်း လုပ်ဆောင်ပေသည်။
ရွှီး...
ကျန်းရီ၏လက်ထဲတွင် ဗျပ်စောင်းအိုတစ်လက် ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပဲ ဆောင်းဥတုပုလဲက လင်းလက်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များ ထွက်လာသည်။ ထို့နောက် သူ အော်ပြောလိုက်၏။
“ကျန့်ရှဘုရင်... သတ်...”
“ကျန်းရီလား...”
တပ်သားတစ်ရာကျော်သည် အလွန်မှင်တက်နေကြ၏။ ဒဏ်ရာရထားသူများဆိုလျှင် သူတို့က ဒဏ်ရာများကြောင့် ထင်ယောင်ထင်မှား မြင်မိနေခြင်းဟုပင် တွေးမိသွားကြသည်။ ထို့ကြောင့် သူတို့ အကြိမ်ကြိမ် မျက်တောင်ပုတ်ခတ်ကာ အကြိမ်ကြိမ် အတည်ပြုလိုက်ကြ၏။ အားလုံး နားမလည်နိုင်ပေ။ ကျန်းရီက ဤနယ်မြေထဲတွင် ရက်နှစ်ဆယ်ကြာအောင် နေခဲ့ပြီးနောက်မှာပင် အသက်ရှင်နေသေးသည်လော။
“မကောင်းတော့ဘူး...”
ယခုက ထိုအကြောင်းများကို တွေးနေရမည့်အချိန် မဟုတ်ပေ။ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင် တစ်သိန်းကျော်ကို ထုတ်လွှတ်လိုက်ပြီဖြစ်ပြီး သူကိုယ်တိုင်လည်း သတ်ဖြတ်အရှိန်အဝါများနှင့် ပျံသန်းလာနေသည်။ ကျန့်ရှမျိုးနွယ်ဝင်များကို ရှေ့ဆုံးမှ ဦးဆောင်လာသော ကျန့်ရှဘုရင်၏ သတ်ဖြတ်အရှိန်အဝါက ကြောက်မက်ဖွယ်ပင်။ ထို့ကြောင့် တပ်သားအားလုံး အလွန်ကြောက်ရွံ့တုန်လှုပ်သွားကြသည်။
“သတ်ကြ...”
ထိုကဲ့သို့သော အခြေအနေတွင် မည်သူကမှ မည်သို့မှ ပြောမနေလိုတော့ပေ။ ကျန်းရီက မသေသေးသဖြင့် သူတို့ ဤနေရာ၊ ဤအချိန်မှာပင် သေရတော့မည်ဖြစ်သည်။ ထိုစဉ် အဆိပ်ဝိညာဉ်ကို ကိုင်ထားသော စွမ်းအားကြီး သိုင်းသမား၏ မျက်ဝန်းများက အရောင်လက်သွား၏။ သူ့လက်ထဲတွင် ဓားစာခံတစ်ယောက် ရှိနေပေသည်။ ထို့ကြောင့် သူ အော်ပြောလိုက်သည်။
“ကျန်းရီ... မဆင်မခြင် မလုပ်နဲ့။ မဟုတ်ရင် ငါ အဆိပ်ဝိညာဉ်ကို ချက်ချင်း သတ်ပစ်လိုက်မယ်...”
တန်...
ဗျပ်စောင်းမှနေ၍ ညင်သာသောအသံတစ်သံ ထွက်ပေါ်လာပြီး ထိုသိုင်းသမား ချက်ချင်း စကားပြောရပ်သွား၏။ ကျန်းရီထံသို့ ပျံသန်းလာသော စွမ်းအားကြီး သိုင်းသမားအားလုံးလည်း ရုတ်ခြည်း ရပ်တန့်သွားကြသည်။
ယခုတွင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က မည်မျှစွမ်းအားကြီးနေပြီနည်း။ ယင်းကို ကျန်းရီကိုယ်တိုင်ပင် မသိချေ။
မူလတွင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်က ရီထူနှင့် မိုလင်းချိုးတို့အပေါ်ပင် သက်ရောက်နိုင်နေပြီဖြစ်သည်။ ယခု သူ၏သတ်ဖြတ်အရှိန်အဝါက အဆင့်တက်သွားပြီဖြစ်ရာ သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်၏ စွမ်းအားကလည်း အနည်းဆုံး သုံးဆလောက် တက်သွားလောက်သည်။ ထို့ပြင် သူက အနှစ်သာရ၏ ကနဦးအဆင့်ကို သိမြင်နားလည်နေပြီဖြစ်သည်။ ထို့ကြောင့် သူ့နတ်ဘုရားအသံ ကောင်းကင်အတတ်က ပို၍ပင် စွမ်းအားကြီးလာပေသည်။
မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမား တစ်ရာကျော်သည် အနိမ့်ဆုံး စစ်နတ်ဘုရားအဆင့်တွင် ရှိကြသည်။ သူတို့ထဲက အများစုမှာ ဘွဲ့ထူးရစစ်နတ်ဘုရားများပင် ဖြစ်ကြသည်။ သို့သော် မည်သူကမှ ထိပ်သီးများ မဟုတ်ကြပေ။ မျိုးနွယ်များမှ ထိပ်သီးသိုင်းသမားများက အရေးကြီး တာဝန်များကို ထမ်းဆောင်ရသည်ဖြစ်ရာ ပိုင်တိထျန်းနှင့် ချိုးရန်တို့လို သခင်လေးများ၏ ကိုယ်ရံတော်များအဖြစ် အချိန်ဖြုန်းနေမည် မဟုတ်ပေ။ ထို့ကြောင့် ဤနေရာမှ စွမ်းအားကြီး သိုင်းသမားအားလုံးက ဗျပ်စောင်းသံ၏ သက်ရောက်မှုကို ခံရမည်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိချေ။ သူတို့၏ မျက်လုံးများက နီရဲလာကြသည်။ သူတို့ မကောင်းသောအရှိန်အဝါ၏ သက်ရောက်မှုကို ခံလိုက်ရပြီဖြစ်ကြောင်းလည်း ထင်ရှားပေသည်။
ထိုသိုင်းသမားများက မကောင်းသောအရှိန်အဝါ၏ သက်ရောက်မှုကို ခံရသော်လည်း ကျန့်ရှမျိုးနွယ်ဝင်များက မခံရပေ။ ၎င်းတို့သည် အလင်းတန်းများအလား ပျံသွားကာ ၎င်းတို့၏ ဓားကဲ့သို့သော လက်များဖြင့် ထိုသိုင်းသမားများကို ခုတ်ပိုင်းလိုက်ကြသည်။
ရွှက်...ရွှမ်း...
ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် ဝတ်ဆင်ထားသူများက ကံကောင်းသွားပြီး လွင့်ထွက်ရုံသာ လွင့်ထွက်သွားကြသည်။ ထိုချပ်ဝတ် မရှိသူများကတော့ ရုတ်ခြည်း အပိုင်းပိုင်းပြတ်သွားကြပေသည်။ အဆိပ်ဝိညာဉ်ကို ကိုင်ထားသည့် သူသည်လည်း ကျန့်ရှဘုရင်၏ ခုတ်ပိုင်းမှုကို ခံလိုက်ရသည်။ ထို့နောက် ကျန့်ရှဘုရင်သည် အဆိပ်ဝိညာဉ်ကို ကျန်းရီထံသို့ ခေါ်သွားပေးလိုက်သည်။
အဆိပ်ဝိညာဉ်က သတိလစ်နေပေပြီ။ သို့သော် သူ အသက်ရှူနေသေးသည်။ ယခုတွင် ကျန်းရီ အဆိပ်ဝိညာဉ်ကို ဂရုမစိုက်အားသေးပေ။ သူ မသေသေးသ၍ ပြန်ကုသပေးနိုင်ပေသည်။ ယခင် သူ ခြေထောက်နှစ်ချောင်းလုံး ပြတ်သွားခဲ့စဉ်ကလည်း ခြေထောက်များ ပြန်ပေါက်လာအောင် လုပ်နိုင်ခဲ့သည် မဟုတ်ပါလား။
ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်၍ ဆက်တိုက်ခိုက်လိုက်သည်။ ထို့ပြင် ဗျပ်စောင်းကိုလည်း အဆက်မပြတ် တီးခတ်နေသည်။ တစ်ချီတိုက်ခိုက်ပြီးနောက်တွင် သိုင်းသမားတစ်ရာကျော်ထဲမှ တစ်ဝက်ကျော်လောက် အသတ်ခံလိုက်ရသည်။ ကျန်တစ်ဝက်ကလည်း လွင့်ပျံထွက်သွားခဲ့သည်။
“ဖူး...”
လူများစွာ သွေးအန်လိုက်ကြ၏။ သူတို့၏ခန္ဓာကိုယ်များကလည်း ပြင်းထန်စွာ နာကျင်လာသည်။ ထိုစဉ် ယိုမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က အော်ပြောလိုက်သည်။
“ကျန်းရီ... ရပ်လိုက်။ ဒါက နားလည်မှုလွဲတာပဲ။ မင်း ငါတို့ကို သတ်လိုက်ရင် ကောင်းကင်ဘုရင်သုံးပါးက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး”
“ဟုတ်တယ်... ဟုတ်တယ်...”
အခြားလူတစ်ယောက်ကလည်း အသိပြန်ကပ်လာပြီး ဝင်အော်ပြော၏။
“ကျန်းရီ... အရင်ကလည်း မင်း ဒီလို မဆင်မခြင်သတ်ဖြတ်လို့ အပြစ်ပေးခံခဲ့ရပြီးပြီ။ မင်း ဒီတစ်ခေါက်လည်း မဆင်မခြင် သတ်ဖြတ်မယ်ဆိုရင် ကောင်းကင်ဘုရင်ဝူနဲ့ ကောင်းကင်ဘုရင်လုံတို့ကို မင်းကို ချက်ချင်း သေဒဏ်ချလိမ့်မယ်”
“ကျန်းရီ ရပ်လိုက်”
တန်...တောင်...
ထိုအော်သံများကို ဗျပ်စောင်းသံက လွှမ်းခြုံသွားသည်။ အားလုံး တေးသွားအောက်တွင် ပြန်အသိပျောက်သွားကြသည်။ ကျန်းရီ၏မျက်နှာပေါ်တွင် ခံစားချက်တစ်ခုမှ ပေါ်မနေပေ။ ယခုတွင် သူ၏နှလုံးသားက သံမဏိကဲ့သို့ မာကြောနေပေပြီ။ သူ ကျန့်ရှဘုရင်ကို အမိန့်ပေးလိုက်သည်။
“သူတို့အကုန်လုံးကို သတ်ပစ်လိုက်။ တစ်ယောက်ကိုမှ အရှင်မထားနဲ့”
ကျန်းရီသည် ထိုသူများထဲမှ အယောက်ငါးဆယ်ကျော်လောက်ကို သတ်ပစ်လိုက်ပြီးဖြစ်ရာ အဘယ်ကြောင့် ယခုတွင် ရပ်တန့်ရပါမည်နည်း။
လူတစ်ယောက်ကို သတ်မည်ဆိုလျှင် အပြစ်သားဖြစ်သွားမည်ဖြစ်သည်။ လူတစ်သောင်းကို သတ်မည်ဆိုပါက သူရဲကောင်း ဖြစ်သွားပေလိမ့်မည်။ လူကိုးသိန်းကိုးသောင်းကို သတ်မည်ဆိုလျှင်မူ သူရဲကောင်းများကြားမှ သူရဲကောင်းတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ ဤလောကထဲတွင် တရားမျှတမှုမရှိဟု ကောင်းကင်ဘုရင်ဝူက ပြောခဲ့သည်။ အင်အားကသာ အခရာပင်။ ကျန်းရီသည် လက်ရှိတွင် သူ့အင်အားက မည်မျှကြီးနေပြီဖြစ်ကြောင်း မသိသေးသော်လည်း သူ့နှလုံးသားက ရက်စက်တတ်နေပြီဖြစ်ကြောင်းကိုမူ ကောင်းကောင်းသိပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
ကျန့်ရှမျိုးနွယ်ဝင်များသည် အရှေ့သို့ ပျံသန်းကာ ရန်သူများကို ဆက်သတ်ဖြတ်လိုက်ကြသည်။ ကျန်းရီသည် ထိုသူများ မလှုပ်နိုင်ရန် ဗျပ်စောင်းသံဖြင့် ဖိနှိပ်ထားသည်။ ကျန့်ရှဘုရင်က ရပ်တန့်၍ မရနိုင်ပေ။ ၎င်း တိုက်ခိုက်လိုက်တိုင်း ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် ဝတ်ဆင်ထားသော သိုင်းသမား သေသွားကြသည်။
တစ်မိနစ်ကြာပြီးနောက်... တစ်မိနစ်သာကြာပြီးနောက်...
သိုင်းသမားတစ်ရာကျော်စလုံး အပိုင်းပိုင်းပြတ်သွားပေပြီ။ သူတို့၏ သိုလှောင်လက်စွပ်များက လေထဲတွင် မျောလွင့်နေကြသည်။ ဖျက်ဆီးမခံလိုက်ရသော ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များကလည်း လေထဲတွင် ဝဲလွင့်နေကြသည်။ အချို့သိုင်းသမားများသည် နုတ်နုတ်စင်းခံထားရပြီး ဦးနှောက်များလည်း ပွင့်ထွက်ကြေမွနေကြသည်။ ထိုမြင်ကွင်းမှာ အလွန်ဆိုးဝါးပေသည်။
ဝှစ်...
ကျန်းရီသည် ဗျပ်စောင်းကို သိမ်းလိုက်ပြီး အဆိပ်ဝိညာဉ်ကို လက်တစ်ဘက်ဖြင့်ပွေ့ကာ ပျံသန်းသွားလိုက်သည်။ သူ သိုလှောင်လက်စွပ်များနှင့် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်အားလုံးကို သိမ်းလိုက်သည်။ ထို့နောက် အားဖြည့်ဆေးလုံးတစ်လုံး ထုတ်ကာ အဆိပ်ဝိညာဉ်ကို တိုက်လိုက်ပြီး အဆိပ်ဝိညာဉ်၏ ဒဏ်ရာများကို ကောင်းကင်စွမ်းအားဖြင့် ကုသပေးလိုက်သည်။
“ဖူး...”
ကျန်းရီ၏ကောင်းကင်စွမ်းအားက ကိုယ်ထဲဝင်လာသောအခါ အဆိပ်ဝိညာဉ် သွေးအန်ကာ သတိလည်လာ၏။ သူ ကျန်းရီကို ခေတ္တမျှ ကြောင်ကြည့်နေမိပြီး မျက်မှောင်ကြုတ်လိုက်၏။ ရုတ်ခြည်းပင် သူ့မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူ တုန်ယင်သော နှုတ်ခမ်းများဖြင့် အားတင်းကာ ပြောလိုက်လေသည်။
“အရှင်ငယ်.. မြန်မြန်... အရှင်မသုံးယောက်ကို မြန်မြန်သွားကယ်ပါ။ သူတို့က တည်နေရာပြောင်းရွှေ့အစီအရင်နားမှာပါ”