အားကောင်းသော သတ်ဖြတ်လိုစိတ်
Vol. 112 Ch. 1558
“အရှင်မသုံးယောက်လား”
ကျန်းရီတစ်ယောက် ငယ်ထိပ်မိုးကြိုးပစ်ချခံရသလို ခံစားလိုက်ရ၏။ ရီချန်က အမှန်ပင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ၌ ရှိနေသည်လော။ သူ ခပ်သွက်သွက် ပြန်မေးလိုက်သည်။
“အရှင်မသုံးယောက်ဆိုတာ ရီချန်၊ ယဉ်ရို့ပင်းနဲ့ စုလောရွှယ်တို့လား။ သူတို့က ဘာလို့ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ရောက်နေတာလဲ။ ဘယ်သူက သူတို့ကို အန္တရာယ်ပြုနေတာလဲ”
“ဟုတ်ပါတယ်... သူတို့သုံးယောက်ပါ...”
အဆိပ်ဝိညာဉ် အားမရှိသောလေသံဖြင့် ပြန်ဖြေလိုက်သည်။ သူ ဆက်ရှင်းပြလိုသော်လည်း သူ၏ ပြင်းထန်သော ဒဏ်ရာများကြောင့် ထပ်မံသတိလစ်သွားသည်။ ထို့ကြောင့် ကျန်းရီ သူ့ကို ကောင်းကင်စွမ်းအားဖြင့် ကုသပေးရသည်။ အဆိပ်ဝိညာဉ် မသေနိုင်တော့ကြောင်း သေချာသွားမှ ကျန်းရီ သူ့ကို ဟွင့်သွမ်ချီပုလဲထဲ ထည့်လိုက်လေသည်။
ရွှီး...ရွှီး...
ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်အားလုံးကိုလည်း ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်ပြီး ကျန့်ရှဘုရင်ကို လှည့်ကြည့်ကာ ပြောလိုက်၏။
“ကျန့်ရှဘုရင် သွားကြစို့”
ကျန့်ရှဘုရင်က ကျန်းရီကို ခေါ်၍ မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ကျန်းရီ၏ အနီရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေသည်။ သူ၏ မျက်ဝန်းများကလည်း အနီရောင်အလင်း တောက်ပနေသည်။ သူသည် သူ့ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်အရှိန်အဝါကို ဆက်ထိန်းမထားနိုင်တော့ပေ။ ရီချန်တို့က အဘယ်အကြောင်းကြောင့် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ရောက်နေသည်ဖြစ်စေ သူမတို့ကို အန္တရာယ်ပြုသည့် မည်သူမဆို အသေဆိုးနှင့် သေရပေမည်။
ရီချန်၊ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့က ကျန်းရီ ချစ်ရသော အမျိုးသမီးများပင်။ သူမတို့က သူ၏ အထိမခံနိုင်သော အကြေးခွံများလည်းဖြစ်သည်။ သူမတို့ကို ထိခိုက်အောင် လုပ်သူတိုင်း သေရမည်ဖြစ်သည်။
ဝှစ်...
ကျန်းရီနှင့် ကျန့်ရှဘုရင်တို့ ထွက်သွားပြီးနောက် ငါးမိနစ်အကြာတွင် ညှို့အားကောင်းကာ လှပသော အမျိုးသမီးက အဝေးမှနေ၍ ပျံသန်းရောက်ရှိလာ၏။ သူမ၏ ငွေရောင်ဆံပင်များက အလွန်ဆွဲဆောင်မှု ရှိနေသည်။ သူမ၏ ဝိုင်းစက်သော မျက်ဝန်းများက သိုင်းသမားများ၏ အလောင်းများကို ဝေ့ဝဲကြည့်လိုက်၏။ ထို့နောက် သူမ မျက်ခုံးပင့်ကာ ရေရွတ်လိုက်သည်။
“အဲ့ကောင်လေးရဲ့ သတ်ဖြတ်လိုစိတ်က တော်တော်အားကောင်းတာပဲ။ အဲ့ဒါ မကောင်းဘူး”
“ဒါပေမဲ့...”
အမျိုးသမီးသည် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။
“အထက်ဘုံက လူတွေက တော်တော်လွန်တာပဲ။ သူတို့က ဘာလို့ အဲ့ကောင်လေးကို ဒီလိုဖြစ်လာအောင် ဖိအားပေးရတာလဲ...”
အမျိုးသမီး မြောက်ဘက်သို့ ဆက်ပျံသန်းသွားလိုက်သည်။ သူမသည် နှေးကွေးစွာ ပျံသန်းနေသည်ဟု ထင်ရသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် အဝေးသို့ရောက်ကာ ပျောက်ကွယ်သွားလေသည်။
***
ဝုန်း...ဝုန်း...ဝုန်း...
တည်နေရာပြောင်းရွှေ့အစီအရင်အနားမှ တိုက်ပွဲက မပြီးဆုံးသေးပေ။ ကောင်းကင်ခွင်းတပ်က လသားရဲများနှင့် တိုက်ခိုက်ပြီး သိမ်းငှက်ဘုရင်လေးက ရန်ထျန်းဖန်နှင့် တိုက်ခိုက်နေသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေခဲ့သည်မှာ နာရီများစွာ ကြာခဲ့ပြီဖြစ်သည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်ကြောင့် မည်သူကမှ သူတို့တိုက်ပွဲကို ဝင်မကူနိုင်ပေ။ ရန်ထျန်းဖန်က ဝင်ကူရန် အမိန့်ပေးလျျင်ပင် မည်သူကမှ သိမ်းငှက်ဘုရင်လေးကို တိုက်ခိုက်ဝံ့လိမ့်မည် မဟုတ်ချေ။
သိမ်းငှက်ဘုရင်လေး၏ အဆင့်အတန်းက ထူးခြားသည်။ သူက သိမ်းငှက်စိမ်းဘုရင်၏ တစ်ဦးတည်းသောသားတော်ဖြစ်သည်။ သူ့ကို သတ်ရန်မဆိုထားနှင့် တစ်စုံတစ်ယောက်က သူ့ကို ထိခိုက်အောင် လုပ်မည်ဆိုလျှင်ပင် သိမ်းငှက်စိမ်းဘုရင် ဒေါသထွက်သွားနိုင်သည်။ ထိုအခါ အကျိုးဆက်များက အလွန်ဆိုးဝါးသွားပေလိမ့်မည်။ အထက်ဘုံတွင် သိမ်းငှက်စိမ်းဘုရင်က စွမ်းအားကြီးအကြီးဆုံးဖြစ်ပြီး မင်ရည်တောင်ပံမျိုးနွယ်က အင်အားအကြီးဆုံးဖြစ်သည်။ အကယ်၍ သိမ်းငှက်စိမ်းဘုရင်သာ မင်ရည်တောင်ပံမျိုးနွယ်ကို ဦးဆောင်၍ တိုက်ပွဲထွက်လာမည်ဆိုလျှင် မည်သည့်ဘုံက သူတို့ကို ခုခံနိုင်ပါမည်နည်း။ သူတော်စင်ဝိညာဉ်ဘုံပင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ယိုမျိုးနွယ်ဝင်များသည် ဝင်ကူလိုကြသော်လည်း မကူညီဝံ့ကြဘဲ နှစ်ယောက်ကြားမှတိုက်ပွဲ ပြီးသွားမည်ကိုသာ စောင့်နေကြရပေသည်။
သို့သော် ယိုမျိုးနွယ်၊ ပိုင်မျိုးနွယ်နှင့် ချိုးမျိုးနွယ်မှ လူများက ဉာဏ်တော့ကောင်းကြ၏။ သူတို့သည် သိမ်းငှက်ဘုရင်လေးက မိန်းမပျိုများကို ခေါ်၍ တည်နေရာပြောင်းရွှေ့မသွားစေနိုင်ရန် တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေကြသည်။ ဤနေရာက မိစ္ဆာချေဖျက်တောင်ကြားနှင့် အလွန်ဝေးသည်။ သူတို့၏ သတင်းပို့ ကျောက်စိမ်းအဆောင်များပင် အလုပ်မလုပ်ပေ။ သိမ်းငှက်ဘုရင်လေးထံတွင် သိမ်းငှက်စိမ်းဘုရင်ပေးထားသော အထူးကျောက်စိမ်းအဆောင်မရှိလျှင် သိမ်းငှက်စိမ်းဘုရင်က ဤတိုက်ပွဲအကြောင်းကို သိနိုင်လိမ့်မည် မဟုတ်ချေ။
သို့ရာတွင် သိမ်းငှက်ဘုရင်လေးကဲ့သို့ အမှီအခိုကင်းမှုကို နှစ်သက်သူတစ်ယောက်က အထူးကျောက်စိမ်းအဆောင်ရှိနေလျှင်လည်း သိမ်းငှက်စိမ်းဘုရင်ကို အကူအညီလှမ်းတောင်းပါမည်လော။
သေချာပေါက် တောင်းမည်မဟုတ်ပေ။
ထို့ကြောင့် ရန်ထျန်းဖန်သာ သိမ်းငှက်ဘုရင်လေးကို ပြင်းထန်စွာ ဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်မည်ဆိုလျှင် အခြေအနေက သူတို့၏ထိန်းချုပ်မှုအောက်သို့ ပြန်ရောက်လာမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အခြေအနေက မရှင်းလင်းသေးသ၍ မည်သူကမှ မိုဟွိုက်စန်း၊ တိလင်အာ၊ ရီချန်၊ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့ကို ခေါ်မသွားဝံ့ပေ။ အကယ်၍ သိမ်းငှက်ဘုရင်လေးက ဒေါသအလျောက် သူတို့ကို တိုက်ခိုက်လိုက်မည်ဆိုလျှင် သူတို့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ပါမည်လော။
အခြေအနေက အမှန်ပင် မရှင်းလင်းသေးပေ။ အနည်းဆုံးတော့ ထိုအခိုက်တွင် ရန်ထျန်းဖန် ခေါင်းစားနေပေသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများပြီးလျှင် သူက စွမ်းအားအကြီးဆုံးဖြစ်သည်။ သူသည် အုပ်ချုပ်သူအဆင့် မဟုတ်သူအားလုံးကို တစ်ကိုယ်တော် တိုက်ခိုက်နိုင်သည်။ သို့သော် ယနေ့ သိမ်းငှက်ဘုရင်လေးနှင့် တိုက်ခိုက်ပြီးနောက်တွင် သူ၏ဂုဏ်သတင်းက မြောင်းထဲရောက်သွားတော့မည်ဟု သူ ခံစားနေရသည်။
သိမ်းငှက်ဘုရင်လေး၏ အမြန်နှုန်းက ကြောက်မက်ဖွယ်ကောင်းသည်။ သူက ချီချင်ချန်ထက်ပင် ပိုမြန်သည်။ သူ၏ တိုက်ခိုက်မှုများကလည်း ထပ်တူကြောက်မက်ဖွယ်ကောင်းသည်။ ထို့ပြင် သိမ်းငှက်ဘုရင်းသည် မိစ္ဆာချေဖျက်စစ်တပ်ထဲ ရောက်ကတည်းက အဆက်မပြတ် တာဝန်ထမ်းဆောင်နေခဲ့၍ တိုက်ပွဲအတွေ့အကြုံလည်း သိသိသာသာ များနေပြီဖြစ်သည်။ ရန်ထျန်းဖန်သည် သိမ်းငှက်ဘုရင်လေးကို ချောင်ပိတ်ရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။ သို့သော် သိမ်းငှက်ဘုရင်လေးက ရန်ထျန်းဖန်၏အကြံကို ကြိုမြင်ကာ အကြိမ်တိုင်း ရှောင်ထွက်သွားနိုင်ခဲ့သည်။ အကယ်၍ ရန်ထျန်းဖန်သာ စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို မတတ်မြောက်ထားလျှင် သိမ်းငှက်ဘုရင်လေးကြောင့် သေသွားလောက်ပြီဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်...
ကောင်းကင်ထဲတွင် သိမ်းငှက်ဘုရင်လေးသည် ရွှေတောင်ပံဂဠုန်တစ်ကောင်ကဲ့သို့ ပျံသန်းနေ၏။ သူသည် ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ရန်ထျန်းဖန်ထံ ထိုးဝင်သွားသည်။ သူက အလွန်လျင်မြန်ရာ ဘေးမှလူများသည် သူ့ကို ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်ဘဲ ဝိုးတိုးဝါးတားသာ မြင်ကြရသည်။
သိမ်းငှက်ဘုရင်လေး၏ လက်သည်းများက ရန်ထျန်းဖန်ကို ကုတ်ဆွဲတော့မည့်အချိန်တွက် ရန်ထျန်းဖန်က လက်ချောင်းတစ်ချောင်းဖြင့် လေကို ညင်သာစွာ တို့ထိလိုက်၏။ ထိုအခါ သဏ္ဌာန်မဲ့လှိုင်းများ အရှေ့သို့ စီးဆင်းသွားပြီး တစ်လောကလုံး ရုတ်ခြည်း တိတ်ဆိတ်သွားသည်။
သုံးကီလိုမီတာ အဝန်းအဝိုင်းအတွင်းရှိ အရာအားလုံးလည်း ရပ်တန့်သွား၏။ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်ရသော စောင့်ကြပ်သူမှလွဲ၍ သိမ်းငှက်ဘုရင်လေးအပါအဝင် အခြားသူအားလုံး မလှုပ်နိုင်တော့ပေ။ သို့သော် ထိုစောင့်ကြပ်သူက ဖြစ်ပျက်နေသော တိုက်ပွဲများကို အရေးမစိုက်ဟန်ဖြင့် ထောင့်တစ်နေရာတွင် တင်ပျဉ်ခွေထိုင်နေပေသည်။
ဝှစ်...
ထိုနှစ်စက္ကန့်အတွင်း ရန်ထျန်းဖန်က အလွန်လျင်မြန်စွာ ပျံသန်းကာ အနောက်သို့ ကီလိုမီတာသုံးဆယ် ဆုတ်လိုက်သည်။ ထို့နောက် တစ်လောကလုံး ပြန်၍အသက်ဝင်လာသည်။ သိမ်းငှက်ဘုရင်လေးသည်လည်း ရန်ထျန်းဖန်နောက်သို့ ဆက်လိုက်ပေသည်။
အာကာသအနှစ်သာရ...
၎င်းက အလွန်စွမ်းအားကြီးသော စည်းမျဉ်းဆန်းကြယ်စွမ်းရည်တစ်ခုဖြစ်ပြီး ရန်ထျန်းဖန်က သူ့ကိုယ်သူ အုပ်ချုပ်သူအဆင့် သိုင်းသမားများပြီးလျှင် စွမ်းအားအကြီးဆုံးသူဟု ခေါ်ဝံ့ခြင်း၏ အဓိကအကြောင်းလည်းဖြစ်သည်။ သို့သော် သူက အုပ်ချုပ်သူအဆင့်သို့ မရောက်သေးသဖြင့် သူနှင့် သုံးကီလိုမီတာအတွင်းရှိ အာကာပြင်ကို နှစ်စက္ကန့်သာ ရပ်တန့်နိုင်သေးသည်။ အကယ်၍ သူသာ အာကာပြင်ကို လေးစက္ကန့်လောက် ရပ်တန့်နိုင်မည်ဆိုပါက သိမ်းငှက်ဘုရင်လေး အပြင်းအထန် ဒဏ်ရာရသွားလောက်ပြီဖြစ်သည်။
နှစ်စက္ကန့်က အလွန်တိုတောင်းလွန်းသည်။ သိမ်းငှက်ဘုရင်လေးကလည်း အလွန်လျင်မြန်သည်။ ရန်ထျန်းဖန်သည် ထိုနှစ်စက္ကန့်အတွင်း သိမ်းငှက်ဘုရင်လေးကို တိုက်ခိုက်နိုင်ရန် အကြိမ်များစွာ ကြိုးစားခဲ့၏။ သို့သော် သိမ်းငှက်ဘုရင်လေးက ရှေးဦးဝိညာဉ်ရတနာ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ထို့ကြောင့် သူ သိမ်းငှက်ဘုရင်လေးကို တိုက်ခိုက်ရန် ကြိုးစားလိုက်တိုင်း မအောင်မြင်ခဲ့ရုံသာမက သူကိုယ်တိုင် မသေအောင်လည်း အသည်းအသန် ရှောင်ထွက်ခဲ့ရပေသည်။ သို့ကြောင့် တိုက်ပွဲမှာ သရေအခြေအနေတွင် ဆက်ရှိနေလေသည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးလာသည်။
ရန်ထျန်းဖန်သည် ဤအဓိပ္ပာယ်မဲ့သောတိုက်ပွဲကို အကြိမ်များစွာ ရပ်တန့်လိုခဲ့၏။ သို့သော် သိမ်းငှက်ဘုရင်လေးက တစ်စက္ကန့်ပင် မနားဘဲ သူ့ကို အဆက်မပြတ် လိုက်တိုက်ခိုက်နေသဖြင့် သူ ရွေးချယ်စရာမရှိဘဲ သူ့ကိုယ်သူ ကာကွယ်နေရပေသည်။ ထို့ပြင် သူက စောင့်ဆိုင်းနေခြင်းလည်းဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်က သိမ်းငှက်ဘုရင်လေး၏ကျင့်ကြံခြင်းအဆင့်ထက် မြင့်သည်။ ထို့ပြင် သူ၏စိတ်ဝိညာဉ်ကလည်း များစွာပိုသန်မာသည်။
သိမ်းငှက်ဘုရင်လေး ပင်ပန်းလာသည်နှင့် သူ သိမ်းငှက်ဘုရင်လေးကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်ပေလိမ့်မည်။ ဤနေရာတွင် မိစ္ဆာဓာတ်လည်း ရှိနေသည် မဟုတ်လော။ ထို့ကြောင့် သူက သိမ်းငှက်ဘုရင်လေးထက် ပိုကြာကြာ တောင့်ခံနိုင်လိမ့်မည်ဟု သူ ယုံကြည်နေပေသည်။
ရှစ်နာရီ၊ ဆယ်နာရီ... ဆယ့်တစ်နာရီ...
တပ်သားများသည် ထိုတိုက်ပွဲကို ကြည့်ပင်မကြည့်လိုကြတော့ပေ။ တပ်မှူးများနှင့် လက်ထောက်တပ်မှူးများသည်လည်း သူတို့ခေါင်းထက်မှ တိုက်ပွဲကို လျစ်လျူရှုကာ လသားရဲများကို ရှင်းလင်းရာတွင်သာ အာရုံစိုက်နေကြသည်။ ဝိညာဉ်ခြွေအဖွဲ့၏ အကူအညီကြောင့် လသားရဲများကို ရှင်းလင်းခြင်းလုပ်ငန်းက အလွန်ချောမွေ့နေခဲ့သည်။ အထက်မှတိုက်ပွဲကတော့ ကောင်းကင်ဘုရင်ဝူ ရောက်လာမှသာ အဆုံးသတ်မည့်ပုံ ပေါ်ပေသည်။
မိုဟွိုက်စန်း၊ တိလင်အာ၊ ရီချန်၊ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့လည်း ထုံကျဉ်လာသည်။ သူမတို့၏ နတ်ဘုရားအမြုတေများက ချိပ်ပိတ်ထားရ၏။ ထို့ပြင် သူမတို့ မလှုပ်ရှားနိုင်ကြပေ။ ထို့ကြောင့် မိုဟွိုက်စန်းသည် သူမ၏ ကျောက်စိမ်းအဆောင်ကို ချိုး၍ သူမ၏မျိုးနွယ်ထံ အကူအညီလှမ်းမတောင်းနိုင်ချေ။
“တော်လောက်ပြီ”
အတော်ကြာပြီးနောက် အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာ၏။ အားလုံး ရင်တုန်သွားကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်ရသော အုပ်ချုပ်သူအဆင့် သိုင်းသမားက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လေထဲတွင် သူတင်ကိုယ်တင် တိုက်ခိုက်နေကြသော ရန်ထျန်းဖန်နှင့် သိမ်းငှက်ဘုရင်လေးတို့ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူ စိတ်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
“တမလွန်ဘုံက လူသားမျိုးနွယ်ကို ရန်ရှာနေလို့ အခု လူသားမျိုးနွယ်က ကြီးမားတဲ့အန္တရာယ်ကြီးနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ မင်းတို့ကတော့ အတူတူပူးပေါင်း မလုပ်ဆောင်တဲ့အပြင် အချင်းချင်းတောင် ပြန်တိုက်ခိုက်နေကြသေးတယ်ပေါ့။ မင်းတို့ တိုက်ခိုက်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လောက်ကြာကြာ ဆက်တိုက်ဖို့ရော စဉ်းစားထားလဲ။ မင်းတို့ အဲ့လောက် သတ္တိကောင်းနေရင် ကောင်းကင်ဘုံကိုတက်ပြီး တမလွန်ဘုံစစ်တပ်နဲ့ တိုက်ခိုက်ကြပါလား။ ဒီမှာလာပြီး လူစွမ်းကောင်းလုပ်မနေကြနဲ့”
စောင့်ကြပ်သူများ၏ တာဝန်က ဆန်းကြယ်နယ်မြေများထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်ရုံပင်။ သူတို့သည် အခြားကိစ္စများတွင် ဝင်ပါခွင့်မရှိပေ။ သို့သော် သိမ်းငှက်ဘုရင်လေးနှင့် ရန်ထျန်းဖန်တို့ကို နာရီပေါင်းများစွာကြာအောင် တိုက်ခိုက်နေခဲ့ပြီး ရန်ထျန်းဖန်၏ အာကာသအနှစ်သာရက စောင့်ကြပ်သူ၏ ကျင့်ကြံခြင်းကို အကြိမ်ကြိမ် အနှောင့်အယှက်ပေးနေခဲ့သည်။ ထို့ကြောင့် သူ စိတ်ပျက်လာပြီး ဝင်ပြောရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“အရှင်ဟဲပြောတာ မှန်ပါတယ်”
ရန်ထျန်းဖန်က တရိုတသေလက်ဆုပ်ကာ ပြောလိုက်၏။ ထို့နောက် သူ သိမ်းငှက်ဘုရင်လေးကို လှမ်းကြည့်လိုက်သည်။
“သိမ်းငှက်ဘုရင်လေး... ဒီတိုက်ပွဲကို ဒီမှာပဲ ရပ်လိုက်ကြတာပေါ့။ မင်း မကျေနပ်ရင် ငါတို့ ပြန်ရောက်မှ ထပ်တိုက်ခိုက်လို့ရတယ်။ ဒီနေ့တော့... မင်းက အကြီးအကဲတစ်ယောက်ကို မရိုမသေလုပ်ခဲ့ပြီး အထက်အရာရှိတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်။ ငါတို့ ပြန်ရောက်ရင် ငါ ဒီကိစ္စကို ခေါင်းဆောင်သုံးယောက်ဆီ တင်ပြရမှာပဲ။ မင်း သူတို့အတွက် မတရားသလို ခံစားရတယ်ဆိုရင် ခေါင်းဆောင်တွေဆီသွားပြီး ပြန်စစ်ဆေးပေးဖို့ပြောလိုက်။ ယိုကွေ့... သူတို့ လေးယောက်ကို ခေါ်သွားပြီး စစ်စည်းမျဉ်းတွေအတိုင်း အပြစ်ပေးလိုက်တော့။ ကျန်တဲ့သူတွေက လသားရဲတွေကို ဆက်ရှင်းကြမယ်”