ခွေးအိုကြီး
Vol. 112 Ch. 1559
“ဘယ်သူလှုပ်ရဲလဲ”
သိမ်းငှက်ဘုရင်လေး၏ သတ်ဖြတ်အရှိန်အဝါ ထိုးထွက်လာ၏။ မိုဟွိုက်စန်းတို့ကို ဖမ်းထားသော စွမ်းအားကြီး သိုင်းသမားငါးယောက်ကို သူ လှမ်းကြည့်လိုက်သည်။
“သူတို့ကို ခေါ်သွားရမယ်ဆိုလည်း ကျွန်တော်ကိုယ်တိုင် လုပ်မယ်။ ကျွန်တော်မပါဘဲ သူတို့ကို အတင်းခေါ်သွားတဲ့သူတိုင်း ကျွန်တော့်လက်ချက်နဲ့ သေရလိမ့်မယ်”
ရန်ထျန်းဖန်သည် ပခုံးတွန့်လိုက်ပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားကို ကြည့်ကာ လက်ဆုပ်၍ ပြောလိုက်သည်။
“အရှင်ဟဲ... အရှင်ကိုယ်တိုင် မြင်တာပါပဲ။ သိမ်းငှက်ဘုရင်လေးက စစ်စည်းမျဉ်းတွေနဲ့ သူ့ရဲ့အထက်အရာရှိကို မလေးစားပါဘူး။ သူက အရှင့်ရှေ့မှာတောင် လူသတ်ဖို့ လုပ်နေပါတယ်...”
စောင့်ကြပ်သူသည် သိမ်းငှက်ဘုရင်လေးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီးနောက် စတင် ဒေါသထွက်လာ၏။ သူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ငါ မင်းရဲ့ကိစ္စတွေကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်း ငါ့ရှေ့မှာ လူသတ်မယ်ဆိုရင်တော့ မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါ သက်ညှာမှာ မဟုတ်ဘူး”
စောင့်ကြပ်သူသည် သိမ်းငှက်ဘုရင်လေးကို မဲလိုစိတ်မရှိပေ။ သူ့ပတ်ပတ်လည်တွင် ဖြစ်ပျက်နေသည်များကြောင့် သူ စိတ်ရှုပ်နေခြင်းသာ။ သူ အသက်ရှင်ရမည့်အချိန် သိပ်မကျန်တော့ပေ။ ထို့ကြောင့် ဖြစ်ရပ်ဆန်းကြယ်တစ်ခု ဖြစ်ပေါ်လာပြီး နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ရန် မျှော်လင့်ချက်နှင့် သူ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်လိုပေသည်။ သူသည် အထက်ဘုံမှ ကိစ္စများကိုလည်း အရေးမစိုက်ချေ။ တိတ်ဆိတ်အေးချမ်းမှုကိုသာ အလိုရှိသည်။
သို့သော်...
သိမ်းငှက်ဘုရင်လေးသည် စောင့်ကြပ်သူက သူ့ကိုမဲနေခြင်းဟု ထင်ကာ ဒေါသထွက်သွားလေသည်။ ထို့ကြောင့် သူ စောင့်ကြပ်သူကို အေးစက်စက် ပြန်ပြောလိုက်သည်။
“အရူးအိုကြီး... ခင်ဗျား ကန်းနေတာလား။ သူ အဆိပ်ဝိညာဉ်ကို သတ်ဖို့လုပ်ခဲ့တုန်းကကျ ခင်ဗျား ဘာလို့ မတားခဲ့တာလဲ။ အဲ့မိန်းကလေးတွေကို တစ်ယောက်ယောက်က အကောက်ကြံနေတယ်ဆိုတာ ခင်ဗျား မမြင်နိုင်ဘူးလား။ ခင်ဗျားက အရမ်းအိုနေပြီဆိုတော့ လသားရဲတွေလို ဦးနှောက်မရှိတော့ဘူးပဲ။ ဒါမှမဟုတ် ခင်ဗျားက သူတို့နဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်းလား”
သိမ်းငှက်ဘုရင်လေးသည် မင်ရည်တောင်ပံမျိုးနွယ်မှဖြစ်ပြီး သူ့ဖခင်မှာ အထက်ဘုံ၏ စွမ်းအားအကြီးဆုံးသူဖြစ်သည်။ ထို့ပြင် သူ၏ကိုယ်ပိုင်စွမ်းရည်များကလည်း လူငယ်မျိုးဆက်ထဲတွင် ပြိုင်ဘက်ကင်းသည်။ သူနှင့် သိမ်းငှက်စိမ်းဘုရင်၏ ပတ်သတ်မှုကြောင့် သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် သူ့ကို ယဉ်ကျေးစွာ ဆက်ဆံကြမည်ဖြစ်သည်။ သို့ဖြစ်ရာ သူ မောက်မာနေခြင်းကို နားလည်ပေးနိုင်ပေသည်။ သူသည် အားလုံးကို အထင်သေးပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကိုပင် ဒေါသအလျောက် ကြိမ်းမောင်းဝံ့ပေသည်။
အထက်ဘုံတွင် သူ့ကို အမှန်တကယ်သတ်ဝံ့သူ မရှိကြောင်း သိမ်းငှက်ဘုရင်လေးသိသည်။ ထိုသေခါနီး စောင့်ကြပ်သူအိုကြီး မဆိုထားနှင့် ကောင်းကင်ဘုရင်ဝူနှင့် ဝိညာဉ်ဘုရင်သည်ပင် သူ့ကို သတ်ဝံ့မည် မဟုတ်ပေ။
“အတင့်ရဲလိုက်တာ...”
စောင့်ကြပ်သူသည် အမှန်ပင် သိမ်းငှက်ဘုရင်လေးကို မသတ်ဝံ့ပါချေ။ သူက သေခါနီးပြီဖြစ်သော်လည်း သူ့မိသားစု ရှိနေသေးသည်။ သို့သော် ယင်းက သူ ဒေါသမထွက်နိုင်ဟုသော မဆိုလိုပေ။ သူ သိမ်းငှက်ဘုရင်လေးကို မသတ်နိုင်လျှင်ပင် အနည်းဆုံးတော့ ရိုက်နှက်နိုင်သေးသည် မဟုတ်ပါလား။
စောင့်ကြပ်သူ၏ မျက်ဝန်းများ တောက်ပလာ၏။ သူ လှုပ်ရှားလိုက်သည်ကို မည်သူမှ မမြင်လိုက်သော်လည်း ကောင်းကင်မှနေ၍ ဧရာမလက်ဝါးရာကြီး ကျဆင်းလာလေသည်။ သိမ်းငှက်ဘုရင်လေးက ချက်ချင်း ရှောင်ရန်ကြိုးစားလိုက်သော်လည်း နောက်ကျသွားပေပြီ။ လက်ဝါးရာကြီးက သူ့ပေါ်သို့ ပိကျလာပြီဖြစ်သည်။ သူ အဟုန်ကြောင့် အောက်သို့ ကျမသွားသေးခင်မှာပင် အရိုးကျိုးသံများကို အားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
‘ဟုတ်ပြီ...’
ရန်ထျန်းဖန်၊ ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားသူများ၏ မျက်လုံးများ အရောင်လက်သွား၏။ သူတို့သည် သူတို့ခံစားနေရသော ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်တော့ပေ။ သိမ်းငှက်ဘုရင်လေးကို ထိခိုက်အောင် လုပ်ခဲ့သူမှာ သူတို့မဟုတ်ပေ။ ထို့ကြောင့် သိမ်းငှက်စိမ်းဘုရင်က လက်စားချေလိုလျှင်ပင် သူတို့အပေါ် အပြစ်ပုံချနိုင်လိမ့်မည် မဟုတ်ချေ။ ယခု သိမ်းငှက်ဘုရင်လေးက အပြင်းအထန် ဒဏ်ရာရသွားပြီဖြစ်ရာ ကျန်းရီ၏ဇနီးသုံးယောက်ကို အလွယ်တကူ ခေါ်သွားနိုင်တော့ပေမည်။ ကောင်းကင်ဘုရင်ယိုနှင့် ယိုထျန်းနီတို့က ပေးအပ်လိုက်သော တာဝန်ကို သူတို့ ကျေပွန်စွာ ထမ်းဆောင်နိုင်တော့မည်ဖြစ်သည်။
ဝုန်း...
အောက်ဘက်မှ မြေပြင်က လှုပ်ခတ်သွားပြီး တည်နေရာပြောင်းရွှေ့အစီအရင် ရှိသော တောင်ကြီး တုန်ခါသွားသည်။ လက်ဝါးရာကြီးကြောင့် လသားရဲအနည်းငယ်ပင် သေဆုံးသွားသည်။ သိမ်းငှက်ဘုရင်လေးသည် မြေပြင်ပေါ်တွင် အဖိခံထားရ၏။ သူ့အစိမ်းရောင်တောင်ပံများက သွေးချင်းချင်းရဲနေ၏။ သူ၏ဒဏ်ရာများက ပြင်းလည်းမပြင်းသလို ပျော့လည်းမပျော့ပေ။ ဤတစ်ကြိမ်တွင် စောင့်ကြပ်သူသည် သူ့စွမ်းအားကိုထိန်း၍ တိုက်ခိုက်ခဲ့ခြင်းပင်။
“ခွေးအိုကြီး... ခင်ဗျားက ကျွန်တော့်ကို တိုက်ခိုက်ရဲတယ်ပေါ့လေ။ ကျွန်တော် အုပ်ချုပ်သူအဆင့်ကို ရောက်တဲ့အထိ စောင့်နေလိုက်။ ကျွန်တော် ခင်ဗျားကို ဖိချေပစ်မယ်”
သိမ်းငှက်ဘုရင်လေး၏အော်သံက အောက်ဘက်မှနေ၍ အထက်သို့ လွင့်တက်လာ၏။ သို့သော် လေထဲတွင် ဧရာမလက်ဝါးရာကြီး နောက်တစ်ခု ပေါ်လာကာ အောက်ဘက်သို့ ကျဆင်းသွားသည်။ ဤတစ်ခေါက်တွင်မူ လက်ဝါးရာကြီးက သိမ်းငှက်ဘုရင်လေးကို အတော်လေးပြင်းထန်စွာ ဖိနှိပ်ခဲ့သည်။ သိမ်းငှက်ဘုရင်လေး၏ အတောင်ပံနှစ်ဘက်စလုံး ကျိုးသွားသည်။ သူ ထပ်မပျံနိုင်တော့ပေ။
“ခွေးအိုကြီး...”
“ခွေးအိုကြီး...”
“ခွေးအိုကြီး...”
သိမ်းငှက်ဘုရင်လေး၏ အော်သံများက ဆက်ထွက်ပေါ်လာသည်။ သူ တစ်ခါအော်လိုက်တိုင်း လက်ဝါးရာကြီး၏ တစ်ခါဖိနှိပ်မှုကို ခံရသည်။ သူ၏ ဒေါသတကြီး အော်လိုက်သံများက ကီလိုမီတာငါးထောင်အဝန်းအဝိုင်းအတွင်း ပဲ့တင်ထပ်နေသည်။ တပ်သားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့လုပ်ရမည်ကိုမသိ ဖြစ်နေကြသည်။ မိုဟွိုက်စန်းနှင့် အခြားမိန်းမပျိုလေးများ၏ မျက်ဝန်းများထဲတွင် နာကျင်မှုများနှင့် ပြည့်နှက်နေပေသည်။ သခင်မလေးများက သိမ်းငှက်ဘုရင်လေး၏ ထိုသို့ရဲတင်းမှုကို သဘောကျခဲ့ကြခြင်းဖြစ်သည်။ သူ၏ အကျင့်စရိုက်နှင့် ဝံ့ကြွားမှုတို့က လောကကို အုပ်စိုးသူများထံတွင်သာ ရှိတတ်သောအရာများပင်။ သူ၏အရှိန်အဝါနှင့်ပင် မိန်းမပျိုလေးများက သူ့ကို အရူးအမူးဖြစ်သွားကြပေသည်။
“မျိုးနွယ်ခေါင်းဆောင်ငယ်...”
“အရှင်ဟဲ... ရပ်လိုက်ပါတော့...”
မင်ရည်တောင်ပံမျိုးနွယ်မှ တပ်သားများက စိတ်လှုပ်ရှားလာပြီး စတင်အော်ဟစ်အသနားခံလိုက်ကြ၏။ သူတို့ထဲမှ အချို့သည် ဤအခြေအနေကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်း တွေးတောနေကြသည်။ သို့သော် သူတို့ အလျင်စလို ပြုမူလိုက်လျှင် စောင့်ကြပ်သူက ပို၍ဒေါသထွက်သွားနိုင်ကြောင်း သူတို့ သိပေသည်။ ထို့ကြောင့် သူတို့ စိတ်လှုပ်တရှားဖြင့်သာ ကြည့်နေရလေသည်။
ခြောက်ခုမြောက် လက်ဝါးရာကြီး ကျဆင်းသွားပြီးနောက် သိမ်းငှက်ဘုရင်လေး၏ ဒေါသတကြီး အော်ဟစ်သံများ ရပ်တန့်သွားသည်။ ဆက်အော်နေလျှင်လည်း အကျိုးမရှိကြောင်း သူသိသည်။ ယခု သူ့ကိုယ်တွင်းမှ အရိုးအားလုံး ကျိုးနေပေပြီ။ သူ့အတောင်နှစ်ဘက်ကလည်း သုံးမရတော့ပေ။ သူ၏တိုက်ခိုက်စွမ်းအားမှာလည်း ခုနစ်ဆယ်ရာခိုင်နှုန်း လျော့ကျသွားပြီဖြစ်သည်။ သူက အရူးတစ်ယောက် မဟုတ်ပေ။ နှိပ်စက်ခံရရန် ဆက်အော်နေ၍ မဖြစ်တော့ကြောင်း သူသိသည်။ ထို့ပြင် သူ့တွင် အရေးကြီးလုပ်စရာများ ရှိနေသေးသည်။ သူ ကျန်းရီ၏ဇနီးသုံးယောက်ကို ကာကွယ်ပေးရမည်။ အခြားသူများသာ သူမတို့ကို ခေါ်သွားမည်ဆိုလျှင် သူမတို့၏ကံကြမ္မာက မတွေ့ဝံ့အောင် ဖြစ်သွားပေလိမ့်မည်။
“ကျွန်တော်ကို ဆက်ဖိမနေနဲ့တော့။ ကျွန်တော့်မှာ ပြောစရာတစ်ခုရှိတယ်”
သိမ်းငှက်ဘုရင်လေး ကုန်းရုန်းထကာ ပျံတက်လိုက်၏။ ဤတစ်ကြိမ်တွင် စောင့်ကြပ်သူက သူ့ကို လက်ဝါးရာဖြင့် မဖိတော့ဘဲ သူ မြင်ကွင်းထဲ ရောက်လာသည်အထိ စောင့်နေလိုက်သည်။ သိမ်းငှက်ဘုရင်လေးက သူ့အတောင်ပံများကို မသုံးနိုင်တော့သော်လည်း အလွယ်တကူ ပျံတက်နိုင်ပေသေးသည်။ သူ တောင်ထိပ်သို့ရောက်သည်အထိ ပျံတက်လိုက်ပြီး စောင့်ကြပ်သူကို ငေးကြည့်ကာ စောင့်ကြပ်သူအနားသို့ ဖြည်းဖြည်းချင်း ကပ်သွားလိုက်သည်။
“ဟဲပုယွီ... ခင်ဗျားက အကန့်အသတ်မဲ့ဘုံကမလား။ ခင်ဗျား ကျွန်တော့်ကို ဒီလိုဆက်ဆံရင် ကျွန်တော် ခင်ဗျားရဲ့ဘုံကို အန္တရာယ်ပေးမှာ မစိုးရိမ်ဘူးလား။ ကျွန်တော် အကန့်အသတ်မဲ့ဘုံမှာ မျိုးတုံးသတ်ဖြတ်တာမျိုး လုပ်ပစ်မယ်ဆို ဘယ်လိုလုပ်မလဲ”
သိမ်းငှက်ဘုရင်လေးသည် ခပ်ဖြည်းဖြည်း ပျံသန်းကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
စောင့်ကြပ်သူသည် သိမ်းငှက်ဘုရင်လေး ချဉ်းကပ်လာသည်ကို အရေးစိုက်ပုံ မပေါ်ပေ။ သူ အုပ်ချုပ်သူအဆင့်သို့ ရောက်နေခဲ့သည်မှာ နှစ်တစ်ရာရှိခဲ့ပေပြီ။ သိမ်းငှက်ဘုရင်လေး၏ အဘိုးခေတ်မှာကတည်းက သူက ကျော်ကြားနေခဲ့ပြီဖြစ်သည်။ သိမ်းငှက်ဘုရင်လေး၏ တိုက်ခိုက်စွမ်းအားလောက်က သူ့ကို မခြောက်လှန့်နိုင်ချေ။
သိမ်းငှက်ဘုရင်လေးက သူ့ကို ခြိမ်းခြောက်နေသော်လည်း စောင့်ကြပ်သူ ပြန်လှောင်ပြောင်လိုက်သည်။
“ငါ့မှာ ရန်သူတွေအများကြီးရှိတယ်။ အဲ့ရန်သူစာရင်းထဲ မင်ရည်တောင်ပံမျိုးနွယ်ကို ထည့်ဖို့လည်း ဝန်မလေးဘူး။ ငါ ကြာကြာ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။ ငါ့ရဲ့မျိုးဆက်တွေကလည်း ပုန်းအောင်းဖို့ လျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခုကို တွေ့ထားပြီ။ သိမ်းငှက်ဘုရင်လေး... မင်း အဲ့စကားတွေပြောနေတာက ငါ ကောင်းကင်ဘုံဆီ မသွားခင် မင်းကို သတ်ပစ်ခဲ့အောင်မလား...”
‘တစ်ခုခုတော့ မှားနေပြီ...’
စောင့်ကြပ်သူသည် စကားမဆုံးသေးခင်မှာပင် မျက်နှာထားပြောင်းသွား၏။ ရုတ်ခြည်း သူ သိမ်းငှက်ဘုရင်လေးထံသို့ ပျံသန်းသွားကာ အော်ပြောလိုက်သည်။
“သိမ်းငှက်ဘုရင်လေး... မင်း လုပ်ရဲလား”
ဝှစ်...
သိမ်းငှက်ဘုရင်လေးက လှုပ်ရှားပြီးနေပေပြီ။ သူသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို လက်သည်းများဖြင့် ပြင်းထန်စွာ ကုတ်ချလိုက်သည်။ စောင့်ကြပ်သူက သူ့အနား မရောက်သေးခင်မှာပင် တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာပြီး ပေါက်ကွဲသွားလေသည်။
“လခွမ်းပဲ...”
စောင့်ကြပ်သူ ဒေါသတကြီး အော်လိုက်၏။ ထို့နောက် သူ သိမ်းငှက်ဘုရင်လေးကို လက်တစ်ဘက်ဖြင့် ရိုက်ထုတ်လိုက်သည်။ သူက အလွန်စွမ်းအားကြီးရာ သိမ်းငှက်ဘုရင်လေး ဂုံနီအိတ်တစ်လုံးကဲ့သို့ လွင့်ထွက်သွားသည်။ လေထဲတွင် သူ သွေးအန်သွား၏။ သူ့ကိုယ်ပေါ်တွင် ရှေးဦးဝိညာဉ်ရတနာရှိသော်လည်း စောင့်ကြပ်သူ၏ ရိုက်ချက်က အလွန်ပြင်းထန်ရာ သူ့ကိုယ်ထဲမှအရိုးအားလုံး ကျိုးသွားသည်။
“ဟားဟားဟား”
သိမ်းငှက်ဘုရင်လေးသည် အလွန်နာကျင်နေသော်လည်း အဆက်မပြတ် အော်ရယ်နေပေသည်။ သူ တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးလိုက်ပေပြီ။ မည်သူကမှ မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်သွားနိုင်တော့မည် မဟုတ်ပေ။ ကောင်းကင်ဘုရင်ဝူနှင့် အခြားကောင်းကင်ဘုရင်နှစ်ပါးသည်လည်း ဤဆန်းကြယ်နယ်မြေထဲ၌ တစ်စုံတစ်ခု ဖြစ်နေကြောင်း ချက်ချင်း သိသွားပေလိမ့်မည်။ ထို့ကြောင့် အခြေအနေက မည်သို့ဖြစ်လာပါစေ ရီချန်တို့ လုံခြုံလောက်ပေပြီ။
“သိမ်းငှက်ဘုရင်လေး... မင်းက တော်တော်အတင့်ရဲတယ်ပေါ့လေ”
ရန်ထျန်းဖန် မျက်နှာပျက်နေသည်။ ဤကဲ့သို့သော ဆန်းကြယ်နယ်မြေထဲတွင် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု တည်ဆောက်နိုင်ရန် အရင်းအမြစ်များစွာ အသုံးပြုရပြီး အချိန်များစွာပေးရသည်။ မဟုတ်လျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများက ထိုတည်နေရာပြောင်းရွှေ့အစီအရင်များကို စောင့်ကြပ်နေကြမည် မဟုတ်ပေ။
ယခု တည်နေရာပြောင်းရွှေ့အစီအရင်က ပျက်စီးသွားပြီဖြစ်ရာ အသစ်တစ်ခု ပြန်ဆောက်ရန် အနည်းဆုံး လပေါင်းများစွာ အချိန်လိုအပ်ပေလိမ့်မည်။ ထိုလများအတွင်း တမလွန်ဘုံက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအတွင်းသို့ တမလွန်ဘုံတပ်များ စေလွှတ်မည်ဆိုလျှင် အထက်ဘုံတွင် ကပ်ဘေးကြီးတစ်ခု ဖြစ်လာလောက်ပေသည်။
ကောင်းကင်ဘုရင်ဝူတို့သည် တည်နေရာပြောင်းရွှေ့အစီအရင် ပျက်စီးသွားခြင်းကို ချက်ချင်းသိသွားမည်ဖြစ်သည်။ ဤတစ်ခေါက်တွင် ရန်ထျန်းဖန်တို့၏ တာဝန်က လုံးဝကျရှုံးသွားပေပြီ။ သူတို့ကြိုးပမ်းခဲ့သမျှ အချည်းနှီးဖြစ်သွားပေပြီ။
“ဟားဟားဟား...”
သိမ်းငှက်ဘုရင်လေးသည် အဝေးရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ သူ့အရိုးအားလုံး ကျိုးကြေသွားသည်။ သူ ပြန်ထရပ်လိုလျှင်ပင် ရပ်နိုင်တော့မည် မဟုတ်ပေ။ ရယ်မောခြင်းက သူ့ကို ပိုနာကျင်စေသည်။ သို့သော် သူ အဆက်မပြတ် ရယ်နေဆဲပင်။ သူ၏ရယ်သံက ကီလိုမီတာငါးထောင်အတွင်း ပဲ့တင်ထပ်နေပေသည်။