လှိုင်းကြီးလေထန်
Vol. 112 Ch. 1560
ဝုန်း...
မိစ္ဆာချေဖျက်တောင်ကြားထဲရှိ ရင်ပြင်ပေါ်မှ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ထို့ကြောင့် တောင်ကြားထဲရှိ လူများ လန့်သွားကြသည်။ တည်နေရာပြောင်းရွှေ့အစီအရင်ကို စောင့်ကြပ်နေကြသော တပ်သားများနှင့် တပ်မှူးတို့လည်း မျက်နှာပျက်သွားကြသည်။
“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေလား”
တပ်မှူးတစ်ယောက် မျက်လုံးပြူးမျက်စံပြူးနှင့် တုန်လှုပ်သွား၏။ ကောင်းကင်ခွင်းတပ် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ ဝင်သွားသည်မှာ မကြာသေးပေ။ ထိုတပ်ထဲတွင် သခင်လေးများစွာပါပေသည်။ သိမ်းငှက်ဘုရင်လေး၊ ချိုးရန်၊ ပိုင်တိထျန်းနှင့် အခြားသခင်လေးများက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ဖြစ်သည်။ အကယ်၍ သူတို့ တစ်ခုခုဖြစ်သွားလျှင် အထက်ဘုံတစ်ခုလုံး ကစဉ့်ကလျား ဖြစ်သွားပေလိမ့်မည်။
ဝှစ်...ဝှစ်...
ရဲတိုက်များထဲမှနေ၍ စွမ်းအားကြီး သိုင်းသမားများ တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြသည်။ ကောင်းကင်ဘုရင်ဝူ၊ ကောင်းကင်ဘုံလုံနှင့် ကောင်းကင်ဘုရင်ယိုတို့လည်း သူတို့၏ရဲတိုက်များထဲမှနေ၍ ပျံထွက်လာသည်။ ဤနေရာမှ တည်နေရာပြောင်းရွှေ့အစီအရင် ပျက်စီးသွားခြင်းက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်လည်း ပျက်စီးသွားပြီဆိုသော အဓိပ္ပာယ်ပင်။ ထိုတည်နေရာပြောင်းရွှေ့အစီအရင်ကို အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် စောင့်ကြပ်နေသည်။ သို့သော် ဤကဲ့သို့ ကိစ္စတစ်ခု ဖြစ်လာသေးသည်လော။ ထိုနယ်မြေထဲတွင် သေချာပေါက် ကိစ္စကြီးတစ်ခု ဖြစ်နေပေလိမ့်မည်။
“ဘာတွေဖြစ်နေတာလဲ”
ကောင်းကင်ဘုရင်ဝူ အော်ပြောလိုက်ပြီး ရင်ပြင်ထဲရှိ တပ်မှူးများကို အေးစက်စက် ကြည့်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲဆိုတာ ဘယ်သူ ငါ့ကို ပြောနိုင်မလဲ”
အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှ တည်နေရာပြောင်းရွှေ့အစီအရင် ပျက်စီးသွားခြင်းကို မိစ္ဆာချေဖျက်တောင်ကြားထဲမှ လူများက မည်သို့ သိနိုင်ပါမည်နည်း။ လက်ရှိတွင် တိချန်းကျွင်းက တည်နေရာပြောင်းရွှေ့အစီအရင်များကို ကြီးကြပ်နေရသူဖြစ်သည်။ ထို့ကြောင့် သူ လက်ဆုပ်ကာ ပြောလိုက်ရလေသည်။
“ခေါင်းဆောင်ဝူကို တင်ပြပါတယ်။ လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက ကောင်းကင်ခွင်းတပ်က လသားရဲတွေကို ရှင်းပစ်ရမဲ့တာဝန်တစ်ခုကို လက်ခံခဲ့ပါတယ်။ သူတို့ တည်နေရာပြောင်းရွှေ့အစီအရင်နားမှာ တာဝန်ထမ်းဆောင်နေကြလောက်မှာပါ။ လသားရဲတွေက တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးလိုက်တာများ ဖြစ်နေမလားပဲ...”
“ပေါက်ကရတွေ...”
ကောင်းကင်ဘုရင်ဝူ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
“တည်နေရာပြောင်းရွှေ့အစီအရင် ပတ်ပတ်လည်က အကာအရံတွေက အရမ်းစွမ်းအားကြီးတယ်။ လသားရဲတွေက အဲ့အကာအရံတွေကိုဖြတ်ပြီး တည်နေရာပြောင်းရွှေ့အစီအရင်ကို တိုက်ခိုက်နို်ငမှာ မဟုတ်ဘူး။ ပြီးတော့... တည်နေရာပြောင်းရွှေ့အစီရင်ကို ဟဲပုယွီက စောင့်ကြပ်နေတာပဲ။ တကယ်လို့ တစ်ခုခု ဖြစ်လာရင် သူ ငါတို့ကို သတင်းပို့ပြီး စစ်ကူလှမ်းတောင်းမှာပေါ့”
“ကောင်းကင်ခွင်းတပ်လား”
ကောင်းကင်ဘုရင်လုံ၏ မျက်နှာက အတန်ငယ် အရောင်လက်သွားသည်။ အခြားတပ်များဆိုလျှင် သူ များစွာအရေးစိုက်မည် မဟုတ်ချေ။ သို့သော် ကောင်းကင်ခွင်းတပ်ထဲတွင် သခင်လေးများစွာရှိနေသည်။ သိမ်းငှက်ဘုရင်လေးကလည်း ထိုတပ်ထဲတွင် ဖြစ်သည်။ အကယ်၍ သူတို့ တစ်ခုခု ဖြစ်သွားမည်ဆိုလျှင် အဘိုးကြီးများက မိစ္ဆာချေဖျက်တောင်ကြားကို မြေလှန်ပစ်လိမ့်ပေမည်။
ကောင်းကင်ဘုရင်ယို၏ မျက်ဝန်းများလည်း တောက်ပလာသည်။ သူ တုန်လှုပ်အံ့အားသင့်နေသည်။ အပေါ်ယံတွင် ကောင်းကင်ခွင်းတပ်က တာဝန်သွားထမ်းဆောင်ခြင်း ဖြစ်သော်လည်း သူ ရန်ထျန်းဖန်ကို အခြားတာဝန်တစ်ခု လျှို့ဝှက်ပေးခဲ့သည်။ ရန်ထျန်းဖန်အတွက် ထိုတာဝန်က အသေးအဖွဲပင်။ သို့သော် ယခု ထိုနယ်မြေထဲ၌ တစ်ခုခု ဖြစ်နေပုံပင်။ ထို့ကြောင့် ကောင်းကင်ဘုရင်ယို စိတ်မသက်မသာ ခံစားလာရလေသည်။
ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ကောင်းကင်ဘုရင်ဝူသည် တိချန်းကျွင်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနဲ့ အနီးဆုံး ဆန်းကြယ်နယ်မြေကဘာလဲ။ ရီဇူ... အဲ့ကို ချက်ချင်း တည်နေရာပြောင်းရွှေ့သွား.... ပြီးရင် ဟွင့်သွမ့်နတ်ဘုရားလှေနဲ့ အာကာသကိုဖြတ်ပြီး အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို သွားစုံစမ်း။ ဘာဖြစ်နေတာလဲဆိုတာ သိရတာနဲ့ ချက်ချင်း သတင်းပြန်လာပို့”
မိစ္ဆာချေဖျက်တောင်ကြားမှနေ၍ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ဟွင့်သွမ့်နတ်ဘုရားလှေနှင့် သွားမည်ဆိုလျှင် တစ်နှစ်ကျော် သွားရပေလိမ့်မည်။ အကယ်၍ ထိုနယ်မြေထဲ၌ အမှန်ပင် တစ်ခုခု ဖြစ်နေသည်ဆိုလျှင် ကောင်းကင်ဘုရင်များထံ သတင်းပြန်ရောက်လာချိန်၌ အလောင်းများပင် ပုပ်နေတော့မည်ဖြစ်သည်။
ထို့ကြောင့် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနှင့် အနီးဆုံးဆန်းကြယ်နယ်မြေသို့သွားကာ ထိုမှတဆင့် အာကာသကိုဖြတ်သွားရုံသာ ရှိတော့သည်။ ရီဇူမှာ မိစ္ဆာချေဖျက်စစ်တပ်၏ ထောက်လှမ်းရေးတပ်မှ တပ်မှူးတစ်ယောက်ဖြစ်ပြီး သတင်းထောက်လှမ်းရေးတွင် တာဝန်ယူရသည်။ သူက ဝိညာဉ်မျိုးနွယ်မှဖြစ်ကြောင်းကို ပြောနေရန်ပင် လိုမည်မထင်ပေ။ မိစ္ဆာချေဖျက်စစ်တပ်၏ ထောက်လှမ်းရေးတပ်မှ တပ်မှူများမှာ ဝိညာဉ်မျိုးနွယ်ဝင်များသာ ဖြစ်ကြသည်။ ဝိညာဉ်မျိုးနွယ်၏ ထောက်လှမ်းစွမ်းရည်နှင့် လုပ်ကြံစွမ်းရည်များက အထက်ဘုံတွင် အစွမ်းအထက်ဆုံးဖြစ်သည်။ ထိုအပိုင်းများတွင် သူတို့ထက်သာသူ မရှိချေ။
“အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနဲ့ အနီးဆုံး ဆန်းကြယ်နယ်မြေက... ကောင်းကင်...”
တိချန်းကျွင်း ခေတ္တမျှ စဉ်းစားကို အမည်ကိုပြောရန် လုပ်လိုက်၏။ သို့သော် သူ ချက်ချင်း စကားစရပ်လိုက်သည်။ အထက်ဘုံတွင် ထိုနယ်မြေအကြောင်းကိုသိသူ အနည်းငယ်သာရှိသည်။ သူ ထိုနယ်မြေကို လူကြားထဲတွင် ထုတ်ပြောလိုက်လျှင် ကောင်းကင်ဘုရင်ယိုက သူ့ကို နုတ်နုတ်စင်းပစ်လောက်ပေသည်။
တိချန်းကျွင်းသည် တပ်တွင်းရေးရာများကို တာဝန်ယူရသဖြင့် အလျှို့ဝှက်ဆုံး သတင်းအချက်အလက်များကို ကြည့်ခွင့်ရခဲ့သည်။ ထို့ကြောင့် သူ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေအကြောင်းကို သိနေခြင်းဖြစ်သည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနှင့် အနီးဆုံး ဆန်းကြယ်နယ်မြေမှာ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေဖြစ်သည်။ ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့သည်လည်း ထိုအကြောင်းကို သိကြလောက်သည်။ တိချန်ကျွင်း တွေးတောပြီးနောက် စကားကို ပြောင်းလိုက်ပေသည်။
“ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေ... ဟုတ်ပါတယ်.. ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေပါ”
ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ အနီးတွင် ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေ ရှိနေသည်။ သို့သော် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေနှင့်ယှဉ်လျှင် ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနှင့် အများကြီးပိုဝေးသည်။ သို့သော် တိချန်ကျွင်းသည် အသက်ဆုံးရှုံးရမည်ကို ကြောက်သဖြင့် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ တည်ရှိမှုကို ထုတ်မပြောဝံ့ပေ။
ကောင်းကင်ဘုရင်ဝူက ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းလိုက်သည်။
“ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေဆီ တည်နေရာပြောင်းရွှေ့ပါ။ ရီဇူ... မင်း အမြန်ဆုံး ဆောင်ရွက်ရမယ်။ တခြားဘာကိုမှ အရေးမစိုက်နဲ့... ငါ သတင်းကို အမြန်ဆုံး ရချင်တယ်”
“ဟုတ်ကဲ့ပါ”
မည်သူမှ ရှင်းလင်းစွာမမြင်နိုင်သော အရိပ်တစ်ခုက ကောင်းကင်ဘုရင်ဝူနောက်မှနေ၍ လွင့်မျောသွား၏။ ထိုအရိပ်မှာ ရီဇူပင်။ ရီဇူသည် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုသို့ ပျံသန်းသွားလိုက်၏။ သူ့တစ်ကိုယ်လုံးကို ဝတ်ရုံနက်နှင့် လွှမ်းခြုံထားပြီး သူ့မျက်နှာကိုလည်း ကာထားသည်။ တည်နေရာပြောင်းရွှေ့အစီအရင်က ရုတ်ခြည်းနိုးထလာပြီး ရီဇူ ၎င်းအတွင်းတွင် ပျောက်ကွယ်သွားလေသည်။
ကောင်းကင်ဘုရင်ဝူသည် ခေတ္တမျှ ဆက်တွေးတောနေ၏။ သူ စိတ်မအေးသေးပေ။ ထို့ကြောင့် ကောင်းကင်ဘုရင်လုံကို လှည့်ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“လောင်လုံ... ဒီအခြေအနေကို သိမ်းငှက်ဘုရင်အိုကြီးဆီ သတင်းပို့ထားမှနဲ့တူတယ်။ တကယ်လို့ မကောင်းတာတစ်ခုခု ဖြစ်လာရင် သိမ်းငှက်ဘုရင်အိုကြီးရဲ့ အကျင့်စရိုက်နဲ့ဆို...”
“ဟုတ်တယ်... တိချန်ကျွင်း... သိမ်းငှက်စိမ်းဘုရင်ဆီ သတင်းပို့လိုက်”
ကောင်းကင်ဘုရင်လုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သိမ်းငှက်စိမ်းဘုရင်ထံတွင် အဖိုးတန်သားတော် တစ်ယောက်သာ ရှိသည်။ ယခုတွင် ထူးဆန်းသော အရာများဖြစ်နေသည်။ အကယ်၍ သူတို့ သိမ်းငှက်စိမ်းဘုရင်ကို ကြိုအကြောင်းမကြားထားမိဘဲ သိမ်းငှက်ဘုရင်လေး သေသွားမည်ဆိုလျှင် သိမ်းငှက်စိမ်းဘုရင်က မိစ္ဆာချေဖျက်တောင်ကြားကို သေချာပေါက် မြေလှန်ပစ်ပေလိမ့်မည်။ သူတို့သုံးယောက်တည်းနှင့် သိမ်းငှက်စိမ်းဘုရင်ကို တားနိုင်လိမ့်မည် မဟုတ်ချေ။
“ဘာတွေ ဖြစ်နေတာလဲ”
ကောင်းကင်ဘုရင်ဝူတို့ သူတို့၏ရဲတိုက်များသို့ ပြန်သွားပြီးနောက် ရင်ပြင်တစ်ခွင်လုံး လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ နောက်ဆုံးအကြိမ် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ပျက်စီးခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်း မည်သူမှ မသိပေ။ သို့သော် မည်သည့်ကိစ္စဖြစ်စေ ထိုကိစ္စက အတော်ကြီးမည်ဖြစ်ကြောင်းတော့ သူတို့ သိကြပေသည်။
လှိုင်းကြီးလေထန်မှုက မုန်တိုင်း၏ လက္ခဏာများ မဟုတ်ပါလော။
***
အပြစ်ဆေးကြောနယ်မြေထဲတွင် အမှန်ပင် ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေပေသည်။ ထိုအခိုက်တွင် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ၌ လုံးဝတိတ်ဆိတ်နေ၏။ လူများသည် မကောင်းသောနမိတ်တစ်ခုကို ခံစားနေကြရသည်။ မကြာခင်တွင် ဆိုးဝါးသောအရာတစ်ခု ဖြစ်လာပေတော့မည်။
အစောတွင် သိမ်းငှက်ဘုရင်လေးနှင့် ရန်ထျန်းဖန်တို့ တိုက်ခိုက်ခဲ့ကြသည်။ ယခုတွင် မင်ရည်တောင်ပံမျိုးနွယ်မှ တပ်သားသုံးယောက်က သိမ်းငှက်ဘုရင်လေးကို အခြားတောင်ထိပ်တစ်ခုတွင် ကုသပေးနေကြသည်။ ပတ်ဝန်းကျင်က အကြွင်းမဲ့တိတ်ဆိတ်နေသည်။ လူများမှာ ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးနေကြသည်။
အဆိပ်ဝိညာဉ်နောက်သို့ လိုက်သွားသော စွမ်းအားကြီး သိုင်းသမားတစ်ရာကျော်ကလည်း ယခုအထိ ပြန်မလာသေးပေ။ တစ်ယောက်ပင် ပြန်မလာချေ။ ထို့ပြင် မည်သည့်သတင်းမှလည်း မရချေ။
အဆိပ်ဝိညာဉ်က တစ်ယောက်တည်းဖြစ်ပြီး ဒဏ်ရာလည်းရထားသည်။ ထို့ပြင် သူ နတ်ဘုရားဝိညာဉ်ထိုးချက်ကို တတ်မြောက်ထားလျှင်လည်း ဘာအရေးနည်း။ သူတစ်ယောက်တည်းနှင့် လူအယောက်မည်မျှ သတ်နိုင်မည်မို့နည်း။ ယခု ဆယ့်တစ်နာရီကျော် ဆယ့်နှစ်နာရီနီးပါး ကြာခဲ့ပြီဖြစ်သည်။ ထိုသိုင်းသမားများက အဆိပ်ဝိညာဉ်ကို လိုက်မမီခဲ့လျှင်ပင် ယခုလောက်ဆို ပြန်ရောက်လာသင့်နေပေပြီ။ အနည်းဆုံးတော့ သူတို့ အကျိုးအကြောင်း သတင်းလှမ်းပို့သင့်နေပြီဖြစ်သည်။ သို့သော် ပိုင်တိထျန်း၊ ချိုးရန်နှင့် ရန်ထျန်းဖန်တို့သည် မည်သည့်သတင်းမှ မရကြသေးပေ။
မည်သည့်ကိစ္စများ ဖြစ်ခဲ့ခြင်းနည်း။
ရန်ထျန်းဖန်သည် ပိုင်တိထျန်းနှင့် ချိုးရန်တို့ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။ သူတို့ စိတ်မသက်မသာ ခံစားနေရပေသည်။ ထိုခံစားချက်က မကြာခင်မှာပင် တုန်လှုပ်မှုအဖြစ် ပြောင်းလဲလာသည်။ ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် အဆိပ်ဝိညာဉ်နောက်သို့ လိုက်သွားသူများထံသို့ အသံပို့လွှတ်လိုက်ကြ၏။ သို့သော် သူတို့၏အသံပို့လွှတ်မှုကို လက်ခံမည့်သူ မရှိပေ။
ရန်ထျန်းဖန် ယိုမျိုးနွယ်မှ လူတစ်ယောက်ကို လှမ်းကြည့်လိုက်၏။ ထိုယိုမျိုးနွယ်ဝင်သည်လည်း သူတို့မျိုးနွယ်မှ သိုင်းသမားများထံ ချက်ချင်း အသံလှမ်းပို့လွှတ်ကြသည်။ သို့သော် လက်ခံမည့်သူ မရှိသေးချေ။ သူတို့အားလုံး မျက်နှာပျက်သွားကြသည်။ အဆိပ်ဝိညာဉ်က ထိုသိုင်းသမားတစ်ရာကျော်လုံးကို သတ်မပစ်နိုင်လောက်သည် မဟုတ်လော။ သူက သတ်ပစ်နိုင်မည်ဆိုလျှင်ပင် ထိုအယောက်တစ်ရာကျော်က အရူးများ မဟုတ်ပေ။ သူတို့သည် ချက်ချင်း သတင်းပို့ကာ သေချာပေါက် စစ်ကူတောင်းမည်ဖြစ်သည်။
ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ထိုလူများက တစ်ချိန်တည်း ရှင်းပစ်ခံလိုက်ရခြင်းပင်။ သူတို့သည် စစ်ကူတောင်းရန်ပင် အချိန်မရခဲ့ခြင်းဖြစ်မည်။
ရန်ထျန်းဖန်တစ်ယောက် တွေးလေလေ၊ စိုးရိမ်လာလေလေဖြစ်နေ၏။ သူ တောင်ထိပ်ပေါ် ဆင်းသက်လိုက်ပြီး ရီချန်တို့ကို ပါးရိုက်လိုက်သည်။ သူမတို့ငါးယောက်စလုံး သတိလစ်သွားသောအခါ သူ သူမတို့ကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်လေသည်။ ထိုလူများက အဆိပ်ဝိညာဉ်၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ထိုမိန်းမပျိုများသာ သူ့လက်ထဲတွင် ရှိနေလျှင် သူ့ထံ၌ နိုင်ကွက်တစ်ကွက် ရှိနေမည်ဖြစ်သည်။
“ဟွန်း...”
မင်ရည်တောင်ပံမျိုးနွယ်ဝင်များ၏ အတင်းကုသပေးခြင်းကို ခံနေရသော သိမ်းငှက်ဘုရင်လေးသည် ရန်ထျန်းဖန်၏လုပ်ရပ်ကို အာရုံခံမိလိုက်သောအခါ ခြောက်ကပ်ကပ်ရယ်၍ ပြောလိုက်သည်။
“စစ်သူကြီးရန်... အခု ခင်ဗျားက ဓားစာခံတောင် ယူနေပြီပေါ့လေ။ ကောင်းကင်ဘုရင်ဝူရဲ့ လူတွေက ဒီကိုလာနေကြပြီ။ ကျွန်တော်တို့ မိစ္ဆာချေဖျက်တောင်ကြားကို ပြန်ရောက်တာနဲ့ ခင်ဗျားအရဲ့အကြံတွေအကုန်လုံး ပေါ်သွားမှာပဲ။ အဲ့ကျရင် ခင်ဗျား စစ်သူကြီးရာထူးကို ဆုံးရှုံးရလိမ့်မယ်...”
“ဟင်းဟင်း...”
ရန်ထျန်းဖန်က အရေးမစိုက်ဟန်ဖြင့် ရယ်လိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“ဓားစာခံတဲ့လား။ ငါက သူတို့ကို စစ်စည်းမျဉ်းတွေအရ ဖမ်းထားတာပဲ။ စစ်တပ်ကို ပြန်ရောက်တာနဲ့ ငါ သူတို့ကို စစ်ခုံရုံးတင်မှာ။ ပြီးတော့အကြံတွေတဲ့လား... ဘာအကြံတွေလဲ။ သိမ်းငှက်ဘုရင်လေး... မင်း အတွေးလွန်နေပြီ။ မင်းက တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးခဲ့တယ်။ ဒီကို မင်းအဖေ ရောက်လာမယ်ဆိုရင်တောင် မင်း သေချာပေါက် အပြစ်ပေးခံရမှာပဲ”
သိမ်းငှက်ဘုရင်လေးကလည်း အရေးမစိုက်ပေ။ သူသည် သိမ်းငှက်အကြည့်ကဲ့သို့ စူးရှသောအကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ သူ တစ်စုံတစ်ခု ပြန်ပြောရန် ဟန်ပြင်လိုက်သော်လည်း ထိုအခိုက်တွင် တောင်ဘက်ရှိ အာကာပြင်မှ ထူးဆန်းသော လှုပ်ရှားမှုများကို သူ သတိပြုမိလိုက်သည်။ အဆိပ်ဝိညာဉ်နောက်သို့ လိုက်သွားကြသူများ ပြန်လာခြင်းဟု သူတွေးလိုက်သည်။ သို့သော် သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍တော့ အာရုံခံကြည့်လိုက်သေးသည်။
အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူ၊ ရန်ထျန်းဖန်၊ ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားဘွဲ့ထူးရစစ်နတ်ဘုရားများအားလုံးလည်း တောင်ဘက်မှ ထူးဆန်းသော လှုပ်ရှားမှုများကို သတိပြုမိကြသည်။ ကောင်းကင်စိတ်အာရုံများက ရေလှိုင်းများအလား တောင်ဘက်သို့ ရွေ့လျားသွားကြသည်။ နောက်ဆုံးတွင် အားလုံး မျက်လုံးပြူးကုန်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားကြ၏။ သူတို့သည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ပင်။
“အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူသည် မျက်တောင်ပုတ်ခတ်ကာ ရေရွတ်လိုက်၏။ သူ၏ပါးရေတွန့်နေသော မျက်နှာကလည်း စတင်တုန်ယင်လာသည်။ ထို့နောက် သူ မယုံနိုင်ဟန်ဖြင့် ဆက်ရေရွတ်လိုက်သည်။
“အဲ့ကောင်စုတ်လေးက... အသက်ရှင်တုန်းပဲလား”