← Chapters

တံခါးကိုပိတ်၍ ခွေးကိုရိုက်

Vol. 112 Ch. 1562

တံခါးကိုပိတ်၍ ခွေးကိုရိုက်

Vol. 112 Ch. 1562

ကျန်းရီ၏အော်သံက တပ်သားများကို ကြောက်ရွံ့သွားစေသည်။ သူတို့သည် အစကပင် ကြောက်ရွံ့ကာ စိတ်မသက်မသာ ဖြစ်နေကြပြီးဖြစ်သည်။ ယခုတွင်မူ လေထဲတွင် ရပ်တန့်သွားကြတော့သည်။ ကျန်းရီက မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် မကောင်းသတင်းဖြင့် ကျော်ကြားသည်။ သူသည် ကျန့်ရှဆန်းကြယ်နယ်မြေထဲတွင် သူ သတ်လိုသူကို သတ်ပစ်ခဲ့သည်။ လူတစ်သောင်းလောက်က လက်ဖျောက်တစ်ချက်အတွင်း သေသွားခဲ့ရသည်။ ကောင်းကင်ဘုရင်ယိုသည်ပင် သူ့ကို မတိုက်ခိုက်ဝံ့ခဲ့ပေ။ အစောတွင်လည်း သူက ကောင်းကင်ခွင်းတပ်၏ တပ်သားတစ်ရာကျော်လုံးကို သတ်ပစ်လိုက်သည်ဟု ဆိုသည်။ သူက သတ်ဖြတ်ခြင်းတွင် လက်ယဉ်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။ သို့ဖြစ်ရာ ယခုတွင်လည်း သူ သာမန်တပ်သားများကို ညှာတာပါမည်လော။

သာမန်တပ်သားများနှင့် လက်ထောက်တပ်မှူးများ နှေးသွားကြ၏။ ရန်ထျန်းဖန်က အလွန်စွမ်းအားကြီးသော်လည်း ကျန်းရီကို ကောင်းကင်ဘုရင်ယိုပင် မသတ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူတို့ နောက်တွန့်နေကြသည်။ နောက်ဆုံးစက္ကန့်တွင်မှ ထွက်ပြေးမည်ဆိုလျှင် သူတို့ လွတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က ထိုအတွက် အလွန်နှေးပေသည်။ သို့ဖြစ်၍ သူတို့သည် နောက်တွန့်ကာ ရန်ထျန်းဖန် စတင်တိုက်ခိုက်မည်ကို စောင့်နေလိုသည်။ ရန်ထျန်းဖန် အခြေအနေမကောင်းကြောင်း တွေ့သည်နှင့် သူတို့ ချက်ချင်း လှည့်ပြေးကြမည်ဖြစ်သည်။

“ရန်ထျန်းဖန်... သေပေတော့”

ကျန်းရီသည် သူ့ကို ငေးကြည့်နေကြသော လေထဲမှ တပ်သားများကို အရေးမစိုက်ဘဲ ရန်ထျန်းဖန်ဆီသို့ လျှပ်စီးတန်းတစ်တန်းအလား ပျံဝင်သွား၏။ ရန်ထျန်းဖန်နှင့် မနီးမဝေးသို့ ရောက်သောအခါ သူ လေထဲတွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဗျပ်စောင်းကို ပေါင်ပေါ်တင်ကာ လက်နှစ်ဘက်စလုံးဖြင့် ဗျပ်စောင်းစတင်တီးခတ်လိုက်သည်။ စည်းချက်ကျသော တေးသွားတစ်ပုဒ် ထွက်ပေါ်လာပေသည်။

တန်...တောင်...

တေးသွားထွက်ပေါ်လာသည့်အခိုက်တွင် နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကျန်းရီထံ ပျံလာကြသူများလည်း ရပ်တန့်သွားသည်။ သူတို့၏ မျက်ဝန်းများထဲတွင် တုန်လှုပ်ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ ထိုအခိုက်တွင် တစ်လောကလုံး ပြောင်းလဲသွားသကဲ့သို့ပင်။ နတ်ဘုရားဘုရင်များစွာ၏ မျက်လုံးများက သိသိသာသာ နီရဲလာကြ၏။ သူတို့က မကောင်းသောအရှိန်အဝါ၏ သက်ရောက်မှုကို ခံနေရပေပြီ။

လက်ရှိတွင် လှုပ်နိုင်သူ သုံးယောက်သာ ရှိတော့သည်။ ထိုသုံးယောက်မှာ အုပ်ချုပ်သူအဆင့် သိုင်းသမား၊ သိမ်းငှက်ဘုရင်လေးနှင့် လေထဲတွင် ပျံနေဆဲဖြစ်သော ရန်ထျန်းဖန်တို့ပင်။

အုပ်ချုပ်သူအဆင့် သိုင်းသမား၏ မျက်ဝန်းများက အတန်ငယ် ကြည်လင်နေသေးသော်လည်း တုန်လှုပ်မှုအရိပ်အယောင်များ ထင်လာပေသည်။ မင်ရည်တောင်ပံမျိုးနွယ်ဝင်များ၏ စိတ်ဝိညာဉ်က မွေးရာပါသန်မာကြသော်လည်း သိမ်းငှက်ဘုရင်လေး၏ မျက်ဝန်းများ စတင်ဝေဝါးလာသည်။ သူ သူ့ဘာသာပင် မရပ်နိုင်တော့ပေ။

ရန်ထျန်းဖန်တစ်ယောက်သာ ကျန်းရီထံ ဆက်ပျံသန်းနေသည်။ သူက မသက်ရောက်ခံရခြင်း မဟုတ်ပေ။ သူက လျင်မြန်စွာပျံသန်းနေချိန်ဖြစ်၍ ကျန်လူများကဲ့သို့ နက်နက်ရှိုင်းရှိုင်း သက်ရောက်မခံလိုက်ရခြင်းသာ။ ထို့ကြောင့်လည်း သူ အရှေ့သို့ ဆက်ပျံသန်းနိုင်ခြင်းဖြစ်သည်။

“အာ...”

မည်သို့ပင်ဖြစ်စေ ရန်ထျန်းဖန်တစ်ယောက် အသက်အန္တရာယ်ထဲ ကျရောက်နေပေပြီ။ ရုတ်တရက် သူ အသိစိတ်ပြန်ကပ်လာသည်။ သူ့မျက်လုံးများထဲမှ အနီရောင်အလင်း ပျောက်ကွယ်သွားသည်။ သို့သော် သူ ပထမဆုံး သတိပြုမိသောအရာမှာ သူ့အရှေ့ရှိ ကျန့်ရှဘုရင်ပင်။ ၎င်း၏ ဓားကဲ့သို့သော အနီရောင်လက်နှစ်ဘက်က သူ့ခေါင်းထံသို့ ရွေ့လျားလာနေသည်။ သူ့အနောက်တွင်မူ တပ်သားတစ်ယောက်မှ ပါမလာချေ။

“အာကာသအနှစ်သာရ”

ရန်ထျန်းဖန်၏ တစ်ကိုယ်လုံး အစိမ်းရောင်အလင်း တောက်ပလာ၏။ ထို့နောက် သူ သူ့အရှေ့ရှိ လေထုကို လက်ချောင်းတစ်ချောင်းဖြင့် တို့ထိလိုက်သည်။ အာကာပြင်ထဲတွင် လှိုင်းတွန့်များ ဖြစ်ပေါ်လာပြီး သူ့ပတ်ပတ်လည်မှ အရာအားလုံး ရပ်တန့်သွားသည်။ ကျန့်ရှမျိုးနွယ်ဝင်များလည်း ရပ်သွားကြသည်။ ကျန့်ရှဘုရင်က သူနှင့် မီတာရာကျော်အကွာတွင် ရှိနေခြင်းပင်။ ထိုအခိုက်တွင် ၎င်းက အရှေ့သို့ ကိုင်းထားပြီး ၎င်း၏ ဓားကဲ့သို့သော အနီရောင်လက်နှစ်ဘက်က လေထဲမြောက်နေကာ သတ်ဖြတ်အရှိန်အဝါ ထုတ်လွှတ်နေပေသည်။

“ဟူး...”

ရန်ထျန်းဖန် သက်ပြင်းချလိုက်၏။ သူ ရင်တုန်နေဆဲပင်။ သူသာ တစ်စက္ကန့်နောက်ကျပြီးမှ အသိစိတ်ပြန်ကပ်လာခဲ့လျှင် ကျန့်ရှဘုရင်၏ ခုတ်ချက်ကြောင့် သေနေလောက်ပေပြီ။ သူ မသေလျှင်ပင် သေချာပေါက် အပြင်းအထန် ဒဏ်ရာရသွားမည်ဖြစ်သည်။ ထိုအခါ သူ ကျန်းရီကို မည်သို့ သတ်နိုင်ပါတော့မည်နည်း။

‘နတ်ဘုရားအသံစည်းမျဉ်းလား။ ကျန်းရီက အဲ့လောက်စွမ်းအားကြီးတဲ့ နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်ကို ဘယ်တုန်းက တတ်သွားတာလဲ။ ပြီးတော့... သူက နတ်ဘုရားဘုရင်အဆင့်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘယ်တုန်းက နတ်ဘုရားဧကရာဇ်အဆင့်(စစ်နတ်ဘုရားအဆင့်)ကို ရောက်သွားတာလဲ’

ရန်ထျန်းဖန်၏ အတွေးထဲတွင် မေးခွန်းများစွာ ထွက်ပေါ်လာသည်။ သို့သော် သူ့တွင် ထိုအကြောင်းများကို ဆက်တွေးရန် အချိန်မရှိပေ။ နှစ်စက္ကန့်ကြာပြီးနောက် ကျန့်ရှဘုရင်နှင့် ကျန့်ရှမျိုးနွယ်ဝင်များ ပြန်၍လှုပ်ရှားလာသည်။ ၎င်းတို့သည် ရေခဲထဲမှ ထွက်လာသော သူရဲကောင်းများကဲ့သို့ ရန်ထျန်းဖန်ထံ ဆက်ပျံဝင်လာကြသည်။ သို့သော် ကျန်းရီက သူ့ဗျပ်စောင်းကို ဆက်မတီးသေးပေ။ သူက အာကာပြင်ထဲတွင် အေးခဲနေပုံပင်။

‘ဟုတ်ပြီ...’

ရန်ထျန်းဖန်သည် ကျန်းရီက လေးစက္ကန့်ကြာပြီးမှ မျက်တောင်ပြန်ခတ်လာသည်ကို မြင်လိုက်သောအခါ ဝမ်းမြောက်သွား၏။ အာကာသအနှစ်သာရကြောင့် ရပ်တန့်နေမည့်အချိန်မှာ မိမိ၏ကျင့်ကြံခြင်းအဆင့်အပေါ်တွင် မူတည်သည်။ ကျန်းရီက တစ်နည်းနည်းဖြင့် နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်သွားသော်လည်း သူ မကြာသေးခင်ကမှ အဆင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ သူ၏ရုပ်ခန္ဓာက အလွန်အားနည်းနေဆဲပင်။

ဝှစ်...

ရန်ထျန်းဖန် အောက်ဘက်သို့ တတ်နိုင်သမျှအမြန်ဆုံး ပျံဆင်းသွားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့အရှေ့မှ လေထုကို တို့ထိ၍ သူ၏အာကာသအနှစ်သာရဆန်းကြယ်စွမ်းရည်ကို ထပ်မံ အသုံးပြုလိုက်သည်။ သူ၏ကောင်းကင်စိတ်အာရုံကလည်း ကျန်းရီကို အာရုံခံကာ မည်သည့်ထောင့်မှ တိုက်ခိုက်သင့်သည်ကို အကဲခတ်နေသည်။ သူ ကျန်းရီကို သတ်လိုလျှင် ကျန့်ရှမျိုးနွယ်ဝင်အုပ်ကြီးကို ဖြတ်ကျော်ရပေမည်။

ရန်ထျန်းဖန်သည် တိုက်ခိုက်ရန် အကောင်းဆုံးထောင့်ကို လျင်မြန်စွာ ဆုံးဖြတ်လိုက်၏။ သို့သော် ကျန်းရီက ဗျပ်စောင်းပြန်တီးလာ၍ သူ မူးဝေသွားပြန်သည်။ သူသည် သူနှင့်ကျန်းရီကြားမှ အကွာအဝေးကို အချိန်တိုအတွင်း ချုံ့မပစ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရီကို အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းပြီးနောက် သူ ဓားရှည်ကိုမြှောက်ကာ ကျန်းရီထိုင်နေသောနေရာသို့ ခုတ်ချလိုက်သည်။ ဓားအလင်းတန်းတစ်ခုက အာကာပြင်ကို ဖြတ်၍ ကျန်းရီထံသို့ ပျံဝင်သွား၏။ ဓားအလင်းတန်း လမ်းကြောင်းရှိ ကျန့်ရှမျိုးနွယ်ဝင်များ တစ်ကောင်ပြီးတစ်ကောင် အနောက်သို့ လွင့်ထွက်သွားကြသည်။ ကျန့်ရှမျိုးနွယ်ဝင်အချို့က ကျန်းရီနှင့် သွားဆောင့်ကြသဖြင့် ကျန်းရီ ဗျပ်စောင်းဆက်မတီးနိုင် ဖြစ်သွားသည်။

‘အခုပဲ...’

ရန်ထျန်းဖန်၏ မျက်ဝန်းများက ကြယ်တာရာများ ပြည့်နှက်နေသော ညကောင်းကင်ကဲ့သို့ တောက်ပသွား၏။ တစ်ချိန်တည်းမှာပင် သူ အရှေ့ရှိ လေထုကို လက်ချောင်းဖြင့် တို့ထိကာ ကျန်းရီနှင့် သူ့ပတ်ပတ်လည်မှ ကျန့်ရှမျိုးနွယ်ဝင်များကို ထပ်မံရပ်တန့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အေးစက်စက် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူသည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ကျန်းရီထံသို့ ပျံသန်းသွားသည်။ သူ၏ဓားရှည်ကိုလည်း အနက်ရောင်အခိုးအငွေ့များက ဝန်းရံလှည့်ပတ်နေပေသည်။ သူက အပြင်းထန်ဆုံးသော အဖျက်စည်းမျည်းဆန်းကြယ်စွမ်းရည်ကို ထုတ်သုံးရန် ကြံနေကြောင်း ထင်ရှားပေသည်။

“မဖြစ်ဘူး...”

သိမ်းငှက်ဘုရင်လေးသည် ထိုအဖြစ်အပျက်များကို လှမ်းကြည့်နေ၏။ သို့သော် သူ့တွင် ဝင်ကူရန် အင်အားမရှိတော့ပေ။ ထို့ပြင် ဤအကွာအဝေး၌ အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူကသာ တစ်ခုခု မလုပ်လျှင် ကျန်းရီကို မည်သူမှ ကယ်နိုင်လိမ့်မည် မဟုတ်ချေ။

အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူက ကူညီပါမည်လော။ ကူညီလိမ့်မည် မဟုတ်ချေ။ အစောတွင် သူ၏ဝင်ပါခဲ့မှုက သိမ်းငှက်ဘုရင်လေး တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးပစ်ခဲ့မှုနှင့် အဆုံးသတ်ခဲ့သည်။ ယခုတွင် စောင့်ကြပ်သူသည် သူ၏လုပ်ရပ်များကို နောင်တရနေလောက်ပေသည်။ ထို့ကြောင့် သူ ကျန်းရီနှင့် ရန်ထျန်းဖန်တို့၏ တိုက်ပွဲကြားတွင် ဝင်ပါလိမ့်မည် မဟုတ်ချေ။ သူသည် အတိတ်တွင် တိုက်ပွဲပေါင်းများစွာကို မြင်ခဲ့ဖူးပေပြီ။ ကျန်းရီက ပရမ်းပတာနိုင်လွန်းသည်။ ထို့ပြင် အစောတွင် သူ သိမ်းငှက်ဘုရင်လေးကြောင့် သွေးအန်သည်အထိ ဒေါသထွက်ခဲ့ရသည်။ သို့ဖြစ်ရာ သူ့တွင် ကျန်းရီ၏ သေခြင်း၊ ရှင်ခြင်းကို အရေးစိုက်လိုစိတ် ရှိမနေပေ။

ဝှစ်...

ရန်ထျန်းဖန်က အလွန်လျင်မြန်စွာ ပျံသန်းသွား၏။ ကျန်းရီကို ကျန့်ရှမျိုးနွယ်ဝင်များက ဝန်းရံထားသော်လည်း နှစ်စက္ကန့်အတွင်းမှာပင် ရန်ထျန်းဖန် ၎င်းတို့အများစုကို ဖယ်ပစ်နိုင်လိုက်သည်။ သူ ကျန်းရီအနီးသို့ ရောက်တော့ပေမည်။ သူ့ဓားပေါ်တွင် လျှပ်စီးတန်းများ ထွက်ပေါ်လာသည်။ ထိုတိုက်ကွက်နှင့် ကျန်းရီကို မသတ်နိုင်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားအောင်တော့ လုပ်နိုင်ပေလိမ့်မည်။

‘တစ်ခုခုမှားနေပြီ...’

ထိုအခိုက်တွင် ရန်ထျန်းဖန် ပြဿနာတစ်ခုကို ရုတ်တရက် သတိပြုမိသွား၏။ ကျန်းရီက အာကာပြင်ထဲတွင် မလှုပ်မယှက်ရှိနေသော်လည်း သူ၏မျက်လုံးများက ပွင့်နေပြီး ရန်ထျန်းဖန်ကို စိုက်ကြည့်နေသည်။ ထိုမျက်ဝန်းများထဲတွင် တုန်လှုပ်မှုအနည်းငယ်ပင် ရှိမနေဘဲ လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခုသာ ရှိနေပေသည်။

ရွှီး...

ကျန်းရီ၏ခန္ဓာကိုယ်က ရုတ်တရက် တောက်ပစွာ လင်းလက်လာ၏။ သူသည် ရေခဲထဲမှ ထိုးထွက်လာနိုင်သကဲ့သို့ ပြန်လှုပ်ရှားလာ၏။ သူ၏ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် သူ မလှုပ်နိုင်သင့်သေးပေ။ သို့သော် သူ့တွင် မဟာနတ်ဘုရားအတတ်ဟုခေါ်သော လျှို့ဝှက်အတတ်တစ်ခု ရှိနေပေသည်။

ကျန်းရီသည် ရန်ထျန်းဖန်ကို ရည်ရွယ်ချက်ရှိရှိ မျှားခေါ်ခဲ့ခြင်းပင်။ ထိုမှ သူ တံခါးကိုပိတ်၍ ခွေးကိုရိုက်နိုင်မည်ဖြစ်သည်။ သူ မိုးမြေစွမ်းအားထုတ်သုံးကာ သူ့ရုပ်ခန္ဓာကို အဆတစ်ရာ ပိုသန်မာလာအောင် လုပ်ထားသည်။ ယင်းမှာ မည်သည့်အဓိပ္ပာယ်နည်း။ သူ၏ရုပ်ခန္ဓာက ချီချင်ချန်၏ရုပ်ခန္ဓာလောက် သန်မာနေပြီဆိုသော အဓိပ္ပာယ်ပင်။ ထို့ပြင် သူက ရန်ထျန်းဖန်ထက်ပင် သန်မာနေလောက်ပေသည်။

တောင်...တန်...

ကျန်းရီ၏ အေးစက်စက်မျက်ဝန်းများက ပိုနီရဲလာသည်။ သူသည် လက်နှစ်ဘက်စလုံးဖြင့် ဗျပ်စောင်းကို လျင်မြန်စွာ ပြန်တီးခတ်လိုက်သည်။ လေထဲတွင် ဗျပ်စောင်းသံများ ပြည့်နှက်သွားသည်။ သာမန်တပ်သားများက ထိုအသံများကို မခံနိုင်ကြပေ။ သူတို့သည် သူတို့၏ဦးခေါင်းများကို ဆုပ်ကိုင်ကာ အောက်ဘက်သို့ ပြုတ်ကျကုန်ကြသည်။ ရန်ထျန်းဖန်၏ မျက်ဝန်းများလည်း ရုတ်ခြည်း ဝေဝါးနီရဲလာသည်။ သို့သော် သေရေးရှင်ရေးအခိုက်အတန့်ဖြစ်၍ သူ၏စိတ်ဝိညာဉ်က သူ့လက်ထဲမှ ဓားရှည်ကို လေထဲတွင် အလိုလို ဝှေ့ယမ်းစေလိုက်သေးသည်။

ရွှက်...ရွှက်...ရွှက်...

ရန်ထျန်းဖန်၏ ပတ်ပတ်လည်မှ ကျန့်ရှမျိုးနွယ်ဝင်များက ၎င်းတို့၏ ဓားကဲ့သို့သော လက်များနှင့် သူ့ကို ခုတ်ချလိုက်ကြသည်။ ကျန့်ရှဘုရင်ကလည်း ကျန်းရီထံသို့ ပြန်လှည့်လာ၏။ ၎င်းသည် အနီရောင်အလင်းတောက်ပနေသော လက်နှစ်ဘက်ကို မြှောက်၍ ရန်ထျန်းဖန်၏ နောက်ဆုံးတိုက်ကွက်ကို ခုခံရန် အသင့်ပြင်ထားပေသည်။

“အန်...”

တိုးညင်းသောအသံတစ်သံ ထွက်ပေါ်လာ၏။ အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူ၏ ဝေဝါးနေသော မျက်ဝန်းများ လင်းလက်လာသည်။ သူက ကျန်းရီနှင့် ရန်ထျန်းဖန်တို့၏ တိုက်ပွဲကြားတွင် ဝင်မပါလိုသော်လည်း တိုက်ပွဲကို အာရုံခံနေခဲ့ပေသည်။ ကျန်းရီက မိုးမြေစွမ်းအားကိုသုံး၍ သူ့ခန္ဓာကိုယ်ကို အဆတစ်ရာ ပိုသန်မာလာအောင် လုပ်ခဲ့ခြင်းကို သူ မည်သို့သတိမထားမိဘဲ နေပါမည်နည်း။

“မဟာနတ်ဘုရားအတတ်လား”

အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူ တွေးတောကာ ရေရွတ်လိုက်သည်။ မဟာနတ်ဘုရားအတတ်မှလွဲ၍ မိမိ၏ရုပ်ခန္ဓာကို ထိုမျှ ပိုသန်မာလာအောင် လုပ်နိုင်သည့် အတတ်မျိုးကို သူ မကြားဖူးပေ။ သို့သော် မဟာနတ်ဘုရားမျိုးနွယ်က ကောင်းကင်ကချီးမြှင့်ထားသော ပါရမီများကို ပိုင်ဆိုင်ထားသည့် ဆန်းကြယ်သောမျိုးနွယ်တစ်ခုဖြစ်၍ ထိုမျိုးနွယ်ဝင်များသည် အရပ်ခြောက်မီတာမှ ကိုးမီတာလောက် မြင့်ကြသည်။ ကျန်းရီက ထိုမျိုးနွယ်ဝင်တစ်ယောက်နှင့် မတူပါပေ။

All Chapters