← Chapters

ကောင်းကင်ခွင်းတပ် တစ်တပ်လုံးကို ရှင်းပစ်

Vol. 112 Ch. 1563

ကောင်းကင်ခွင်းတပ် တစ်တပ်လုံးကို ရှင်းပစ်

Vol. 112 Ch. 1563

ရွှက်...ရွှက်...ရွှက်...

ရန်ထျန်းဖန်သည် အရပ်မျက်နှာအနှံ့ကို ခုတ်လိုက်ပြီး တိုက်ခိုက်မှုများစွာကို ကာ၍ ကျန့်ရှမျိုးနွယ်ဝင်အချို့ကို သတ်နိုင်လိုက်သည်။ သို့သော် ထိုကျန့်ရှမျိုးနွယ်ဝင်များက အသိဉာဏ်မရှိသဖြင့် ရန်ထျန်းဖန်က ၎င်းတို့ကို တိုက်ခိုက်သည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ ကျန်းရီ၏အမိန့်ကို နောက်မရွံ့စတမ်း ထမ်းဆောင်ကြမည်သာ။ ၎င်းတို့သည် ၎င်းတို့၏ ဓားကဲ့သို့သော လက်များနှင့် ရန်ထျန်းဖန်ကို ဆက်ခုတ်နေကြသည်။

ရန်ထျန်းဖန်က ကျန်းရီနှင့် အလွန်နီးကပ်နေသဖြင့် ဗျပ်စောင်းသံ၏ သက်ရောက်မှုကို အတော်လေးခံနေရသည်။ ထို့ပြင် ကျန်းရီ တီးခတ်နေသော တေးသွားက အလွန်ကြမ်းတမ်းသည်။ ၎င်းတေးသွားနှင့်အတူ မကောင်းသောအရှိန်အဝါလည်း ပါလာသည်။ ထိုမကောင်းသောအရှိန်အဝါများသည် ရန်ထျန်းဖန်ဆီသို့ ဧရာမလှိုင်းလုံကြီးများအလား ရွေ့လျားကာ သူ့ကို လှိုင်းထန်နေသော ပင်လယ်ထဲမှ လှေငယ်လေးတစ်စင်းကဲ့သို့ ခံစားနေရစေ၏။ သူသည် လှိုင်းလုံးများကို အန်မတုနိုင်သဖြင့် သူ့အား သယ်ဆောင်သွားခွင့်ပေးလိုက်ရတော့သည်။

ရွှက်...ရွှက်...ရွှက်...

စက္ကန့်အနည်းငယ်အတွင်းမှာပင် ရန်ထျန်းဖန်၏ခန္ဓာကိုယ်က ဓားချက်ထောင်နှင့်ချီ၍ ခံလိုက်ရ၏။ ရန်ထျန်းဖန်သည် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူက ကောင်းကင်ခွင်းတပ်၏ စစ်သူကြီးဖြစ်သဖြင့် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်တစ်ထည်ကို အလွယ်တကူ ရနိုင်ပေသည်။ မည်သို့ပင်ဖြစ်စေ ရန်ထျန်းဖန်၏ အရိုးများ ကျိုးကုန်ပြီး ကိုယ်တွင်းအင်္ဂါများ သွေးထွက်လာသေးသည်။ ယခု သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေပေသည်။

ဝှစ်...

နောက်ဆုံးတွင် ကျန့်ရှဘုရင် ရှေ့ထွက်လာပေပြီ။ ၎င်းက အနီးကို မရောက်သေးခင်မှာပင် ရေခဲတမျှအေးစက်သော သတ်ဖြတ်အရှိန်အဝါတစ်ခုက ရန်ထျန်းဖန်ကို လွှမ်းခြုံသွားပြီဖြစ်သည်။ ထိုသတ်ဖြတ်အရှိန်အဝါကြောင့် ရန်ထျန်းဖန် အသိပြန်ကပ်သွား၏။

‘ဟာ...’

ကျန့်ရှဘုရင်က သူ့ထံသို့ နီရဲသော မျက်ဝန်းများဖြင့် ပျံသန်းလာသည်ကို တွေ့လိုက်သောအခါ ရန်ထျန်းဖန် ဆက်တုံ့ဆိုင်းမနေတော့ပေ။ သူက ကျန်းရီ၏ပြိုင်ဘက် မဟုတ်ချေ။ အချိန်ဆက်ဆွဲနေလျှင် သူ သေချာပေါက် သေရပေလိမ့်မည်။

ရန်ထျန်းဖန်သည် ကျန်းရီ၏အကျင့်စရိုက်ကို အတန်ငယ် နားလည်လာပြီလည်းဖြစ်သည်။ ကောင်းကင်ဘုရင်ယိုကို တိုက်ခိုက်ခဲ့ပြီး ယိုထျန်းနီကို သတ်ရန်ကြိုးစားခဲ့သူမှာ အလွန်ခက်ထန်ပေလိမ့်မည်။ သို့ဖြစ်ရာ ရန်ထျန်းဖန် ထွက်မပြေးလျှင် ကျန်းရီက သူ့ကို သေချာပေါက် အပိုင်းပိုင်း ဖြတ်ပစ်ပေလိမ့်မည်။

သို့သော် တည်နေရာပြောင်းရွှေ့အစီအရင်က ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ရန်ထျန်းဖန် မည်သို့ ပြေးနိုင်ပါဦးမည်နည်း။

စက္ကန့်ဝက်အတွင်းမှာပင် ရန်ထျန်းဖန်၏ ဦးနှောက်က အလွန်လျင်မြန်စွာ အလုပ်လုပ်နေလေသည်။ နောက်ဆုံး သူ အော်ပြောလိုက်သည်။

“ကျန်းရီ... ရပ်လိုက်၊ မဟုတ်ရင် ငါ မင်းရဲ့ဇနီးသုံးယောက်ကို သတ်ပစ်လိုက်မယ်”

ရွှီး...

ရန်ထျန်းဖန်၏ လက်ထဲတွင် လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူ ၎င်းကို သူ့အရှေ့တွင် ထား၍ ‌အေးစက်စက် ပြောလိုက်လေသည်။

“လုပ်လေ... ကျန့်ရှမျိုးနွယ်ဝင်တွေကို ဆက်တိုက်ခိုင်းလိုက်။ ဒီလေဟာနယ်နတ်ဘုရားအသုံးအဆောင်သာ ပျက်စီးသွားရင် မင်းရဲ့ ဇနီးသုံးယောက်လည်း အသုံးအဆောင်ထဲမှာ အပိုင်းပိုင်းပြတ်ပြီး သေသွားမှာပဲ”

တန်...

ဗျပ်စောင်းကြိုးတစ်ကြိုးကို တီးလိုက်ပြီးနောက် ကျန်းရီ ဗျပ်စောင်းတီးခတ်ခြင်းကို ရပ်တန့်လိုက်သည်။ ကျန့်ရှမျိုးနွယ်ဝင်အားလုံးလည်း မလှုပ်ရှားကြတော့ပေ။ ရန်ထျန်းဖန်နှင့် မီတာရာဂဏန်းအနည်းငယ်သို့ ရောက်နေပြီဖြစ်သော ကျန့်ရှဘုရင်လည်း ရပ်တန့်သွားသည်။

ကျန်းရီ၏ မျက်ဝန်းများကလည်း အနီရောင်လျော့ကျလာသည်။ ထို့နောက် သူ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို စိုက်ကြည့်လိုက်သည်။ သူက မည်သို့မှမပြောဘဲ ကြည့်နေခြင်းဖြစ်ရာ ပတ်ဝန်းကျင်က ပြန်၍ တိတ်ဆိတ်လာပေသည်။ မူလတွင် လေထဲ၌ရှိခဲ့သော တပ်သားနှစ်သိန်းက ယခု ကိုးထောင်လောက်သာ ကျန်တော့သည်။ ကျန်တပ်သားအားလုံး မြေပေါ်သို့ ပြုတ်ကျသွားပေပြီ။

ဗျပ်စောင်းသံ ရပ်တန့်သွားပြီဖြစ်သော်လည်း မြေပေါ်တွင် လဲကျနေကြသူများ အသိပြန်မကပ်လာကြသေးပေ။ အသိပြန်ကပ်လာပြီးသူများကလည်း မဆင်မခြင် မလှုပ်ရှားဝံ့ကြချေ။ သူတို့အားလုံးသည် အကြောက်တရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ကျန်းရီကို ကြည့်နေကြပေသည်။

‘အဲ့ကောင်က... မယုံနိုင်စရာပဲ’

သိမ်းငှက်ဘုရင်လေး၏ မျက်ဝန်းများလည်း ပြန်ကြည်လင်လာသည်။ သူ၏ ကျန်းရီအပေါ်အမြင် ထပ်ပြောင်းသွားသည်။ အစောတွင် သူပင် ဗျပ်စောင်းသံ၏ သက်ရောက်မှုကို ခံလိုက်ရသည် မဟုတ်ပါလား။ သူ သက်ရောက်ခံရမှုမှာ တစ်စုံတစ်ယောက်က သူ့ကို လာသတ်မည်ဆိုလျှင်ပင် မသိနိုင်လောက်အောင်တော့ မဟုတ်ပေ။ သို့သော် မင်ရည်တောင်ပံမျိုးနွယ်ဝင်တစ်ယောက်၏ စိတ်ဝိညာဉ်အပေါ် သက်ရောက်နိုင်မှုမှာ ကျန်းရီ၏ ဆန်းကြယ်စွမ်းရည်က အလွန်စွမ်းအားကြီးနေပြီဆိုသော အဓိပ္ပာယ်ပင်။

အရေးအကြီးဆုံးမှာ ကျန်းရီက အလွန်ငယ်ရွယ်သေးခြင်းပင်။ သူက ကျန်းရှောင်နူထက် အနည်းငယ်သာ ပိုကြီးသည်။ သိမ်းငှက်ဘုရင်လေးသည် ကျန်းရှောင်နူကို ကလေးတစ်ယောက်ဟုသာ မြင်သည်။ ထို့ကြောင့် သိမ်းငှက်ဘုရင်လေးသည် သူ ကျန်းရီ၏အသက်အရွယ်တုန်းက ကျန်းရီထက် များစွာပို၍ အားနည်းကြောင်း ဝန်ခံရပေသည်။

‘ဓားစာခံသုံးနေတာလား၊ ရန်ထျန်းဖန်က အဲ့အဆင့်တောင် ရောက်သွားပြီလား’

သိမ်းငှက်ဘုရင်လေးသည် အတွေးများကို ပြန်စုစည်း၍ ရန်ထျန်းဖန်ကို အာရုံခံလိုက်၏။ ရန်ထျန်းဖန်သည် ကျန့်ရှမျိုးနွယ်ဝင်များကြားတွင် ရှိနေပြီး သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ကိုင်ကာ ခပ်လှောင်လှောင်ပြုံး၍ ရပ်နေသည်။ သိမ်းငှက်ဘုရင်လေးသည် ရန်ထျန်းဖန်က ဂုဏ်သိက္ခာရှိရှိနှင့် သေသည်အထိ တိုက်ခိုက်လိမ့်မည်ဟု ထင်ခဲ့၏။ ဤကဲ့သို့ ဓားစာခံသုံးခြင်းမျိုးကို လုပ်လျှင် လောကထဲမှ လူအားလုံး၏ လှောင်ပြောင်မှုကို ခံရမည်ဖြစ်သည်။

“ကျန်းရီ... ကျန့်ရှမျိုးနွယ်ဝင်တွေကို ပြန်ဆုတ်ခိုင်းလိုက်”

ရန်ထျန်းဖန်သည် ကျန်းရီက စကားစပြောမည့်လက္ခဏာ မရှိကြောင်း တွေ့လိုက်သောအခါ သူကစ၍ အော်ပြောလိုက်သည်။ ကျန်းရီသည် ကျန့်ရှဘုရင်ကို လှမ်းကြည့်လိုက်၏။ ရန်ထျန်းဖန်အနောက်မှ ကျန့်ရှမျိုးနွယ်ဝင်များက ဘေးဖယ်ကာ လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်သည်။ ထိုအခါ ရန်ထျန်းဖန်သည် အလင်းတန်းတစ်တန်းအလား ဝန်းရံခံထားရမှုထဲမှ လျင်မြန်စွာ ပျံထွက်သွားလိုက်လေသည်။

ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေသည်။ အားလုံးသည် ရန်ထျန်းဖန်နှင့် ကျန်းရီတို့ကို ကောင်းကင်စိတ်အာရုံများဖြင့် အာရုံခံနေကြရာ ထိုအခိုက်တွင် စိတ်မသက်မသာ ခံစားလိုက်ကြရပေသည်။ ရန်ထျန်းဖန်ပင် ကျန်းရီကို မယှဉ်နိုင်လျှင် စောင်ကြပ်သူက သူတို့ကို မကူညီပါက ကျန်းရီကို မည်သူ ဖိနှိပ်နိုင်မည်နည်း။ အကယ်၍ အခြေအနေများ ဆိုးဝါးသွားလျှင် ယနေ့တွင် သူတို့အားလုံး ဤနေရာ၌ သေရပေလိမ့်မည်။

“အရှင်ဟဲ... သူက အရမ်းဉာဏ်နီဉာဏ်နက်များပါတယ်။ ကျွန်တော် သူ့ရဲ့ပြိုင်ဘက် မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး သူ့ကို ဖမ်းနိုင်ဖို့ ကျွန်တော့်ကို ကူညီပေးပါ”

ရန်ထျန်းဖန်သည် တောင်ထိပ်မှ စောင့်ကြပ်သူကို လှမ်းကြည့်၍ အသံပို့လွှတ်လိုက်၏။ သို့သော် စောင့်ကြပ်သူသည် မည်သို့မှ ပြန်မပြောဘဲ မျက်လုံးများ မှိတ်ထားသည်။ သူက ဤကိစ္စတွင် ဝင်မပါလိုကြောင်း ထင်ရှားပေသည်။

“ကျန်းရီ...”

ထို့ကြောင့် ရန်ထျန်းဖန် အံကြိတ်၍ ကျန်းရီကို ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဒီကိစ္စကို ဆွေးနွေးကြမလား”

“လူတွေကို အရင်လွှတ်ပေးလိုက်။ အဲ့ဒါဆို ဆွေးနွေးနိုင်မယ်”

ကျန့်ရှမျိုးနွယ်ဝင်များကြားမှနေ၍ ကျန်းရီ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။

“ခင်ဗျား လွှတ်မပေးဘူးဆိုရင် ကောင်းကင်ခွင်းတပ် တစ်တပ်လုံး သေရမယ်။ ရန်ထျန်းဖန်... ခင်ဗျားက ဒီတပ်ရဲ့ စစ်သူကြီးတစ်ယောက်ပဲ။ ခင်ဗျားကြောင့်နဲ့ ခင်ဗျားရဲ့တပ်တစ်တပ်လုံး သေသွားရမယ်ဆိုရင်၊ ခင်ဗျားကြောင့် ပိုင်တိထျန်း၊ ချိုးရန်နဲ့ တခြားသခင်လေးတွေ သေသွားမယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမယ်ဆိုတာ ခင်ဗျား တွေးကြည့်ပါ”

ဟား...ဟား...

လူများ၏ပင့်သက်ရှိုက်သံများကို ကြားလိုက်ရ၏။ ရန်ထျန်းဖန်လည်း စိတ်ဓာတ်ကျသွားသည်။ ကျန်းရီ၏စကားက မှန်ပေသည်။ အကယ်၍ ဤနေရာတွင် ကောင်းကင်ခွင်းတပ် တစ်တပ်လုံး ကျဆုံးသွားမည်ဆိုလျှင် သူကိုယ်တိုင်လည်း တာဝန်ခံကာ သေရမည်ဖြစ်သည်။ ထို့ပြင် ပိုင်မျိုးနွယ်နှင့် ချိုးမျိုးနွယ်တို့က သူ၏မျိုးနွယ်ကို အလွှတ်ပေးလိမ့်မည် မဟုတ်ချေ။ သို့သော် သူ ဓားစာခံများကို လွှတ်ပေးလိုက်လျှင်လည်း အသက်ရှင်နိုင်ပါမည်လော။

ရန်ထျန်းဖန်က အရူးတစ်ယောက် မဟုတ်ပေ။ သူ ဓားစာခံများကို လွှတ်ပေးလိုက်သည်နှင့် ကောင်းကင်ခွင်းတပ်တစ်တပ်လုံး ရှင်းပစ်ခံရမည်၊ မခံရမည်ကို သူ မသိသော်လည်း သူကတော့ သေချာပေါက် သေပေလိမ့်မည်။

ရန်ထျန်းဖန်သည် ထိုအကြောင်းများကို တွေးတောရင်းဖြင့် အကြံတစ်ခု ရလိုက်၏။ ထို့ကြောင့် သူ အံကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ... ငါ သူတို့ကို လွှတ်ပေးမယ်။ ဒါပေမဲ့ ငါ့ရဲ့လုပ်ရပ်တွေအတွက် ငါ့ကိုပဲ တာဝန်ခံခိုင်းပါ။ မင်း လူသတ်ချင်ရင် ငါ့ကိုပဲ သတ်ပါ။ တကယ်လို့ မင်း တခြားသူတွေကို ထိမယ်ဆိုရင် ကောင်းကင်ဘုရင်ဝူက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး”

ရွှီး...

ရန်ထျန်းဖန်၏ လက်ထဲမှ လေဟာနယ်နတ်ဘုရားအသုံးအဆောင်က လင်းလက်လာပြီး လူတစ်ယောက် ထွက်လာ၏။ ထိုသူက မိုဟွိုက်စန်းပင်။ ရန်ထျန်းဖန်သည် မိုဟွိုက်စန်း၏ခေါင်းကို ပုတ်၍ သူမကို နှိုးကာ ပြောလိုက်၏။

“မိုဟွိုက်စန်း... ကျန်းရီကို ဖျောင်းဖျလိုက်ပါ။ ငါ့တို့အကုန်လုံးကို မသတ်ဖို့ သူ့ကို ပြောလိုက်ပါ”

မိုဟွိုက်စန်းသည် မူးဝေစွာဖြင့် မျက်တောင်ပုတ်ခတ်လိုက်၏။ သူမ မည်သည်ကိုမှ နားမလည်သော်လည်း ရန်ထျန်းဖန်၏ စကားများက ဩဇာပါသဖြင့် ကျန်းရီဆီသို့ အလိုလို ပျံသန်းသွားမိ၏။ ရန်ထျန်းဖန်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်က ထပ်မံလင်းလက်လာသည်။ သို့သော် ဤတစ်ကြိမ်တွင် မည်သူမှ ထွက်မလာတော့ဘဲ အဖြူရောင်လက်အိတ်တစ်စုံသာ ထွက်လာလေသည်။

‘ဟမ်... အာကာစုတ်ဖြဲလက်အိတ်တွေလား’

သိမ်းငှက်ဘုရင်လေး အံ့အားသင့်သွားပြီး ချက်ချင်း အော်ပြောလိုက်သည်။

“ကျန်းရီ... မြန်မြန် တိုက်ခိုက်လိုက်။ ရန်ထျန်းဖန်က ထွက်ပြေးတော့မယ်...”

ကျန်းရီက မိုဟွိုက်စန်းကို အာရုံစိုက်နေခဲ့၍ ရန်ထျန်းဖန်က လက်အိတ်များ ထုတ်လိုက်သည်ကို သတိမပြုမိလိုက်ပေ။ သူ သိသွားသည့်အချိန်တွင် ရန်ထျန်းဖန်က သူ၏အဖြူရောင်လက်အိတ်များနှင့် ကောင်းကင်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားအောင် လုပ်ပြီးသွားပေပြီ။

ဗြိ...

ကောင်းကင်သည် အဝတ်ပြဲသကဲ့သို့ စုတ်ပြဲသွားကာ မည်းမှောင်သည့် အာကာသ ထွက်ပေါ်လာသည်။ ရန်ထျန်းဖန်သည် ထိုစုတ်ပြဲရာအတွင်းသို့ လျင်မြန်စွာ ဝင်သွားလိုက်ပြီး လှောင်ရယ်ကာ အော်ပြောလိုက်၏။

“ကျန်းရီ... မင်း ကောင်းကင်ခွင်းတပ်ထဲက တစ်ယောက်ယောက်ကို ထိဝံ့ရင် မင်းရဲ့ ဇနီးသုံးယောက် သေချာပေါက် သေရလိမ့်မယ်”

ရန်ထျန်းဖန်သည် ကြံမိကြံရာ ကြံခဲ့ခြင်းပင်။ သူ အာကာသထဲမှနေ၍ ထွက်ပြေးမည်ဖြစ်သည်။ သူ့လက်ထဲတွင် ဓားစာခံများ ရှိနေပြီး ဤနေရာတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်လည်း ရှိနေသဖြင့် ကျန်းရီက ကောင်းကင်ခွင်းတပ် တစ်တပ်လုံးကို ရှင်းမပစ်ဝံ့လောက်ပါပေ။

ကောင်းကင်ခွင်းတပ်က ဘေးကင်းသေးသ၍ ကောင်းကင်ဘုရင်ဝူနှင့် အခြားသူများ ဤကိုရောက်လာသည်နှင့် အရာအားလုံး အဆင်ပြေသွားမည်ဖြစ်သည်။ အလွန်ဆုံးမှ သူတို့ စစ်ခုံရုံးတွင် တရားစီရင်ခံရုံသာ ရှိမည်။ ကျန်းရီက စွမ်းအားကြီး သိုင်းသမား တစ်ရာကျော်ကို သတ်ပစ်ခဲ့သည်။ ယင်းမှာ ငြင်း၍မရသော အမှန်တရားတစ်ခုပင်။ ထို့ကြောင့် နောက်ဆုံးတွင် ရန်ထျန်းဖန်သာ နိုင်ပေလိမ့်မည်။

ရန်ထျန်းဖန်၏ အကြံက မဆိုးပေ။ သို့သော် သူ ကျန်းရီ၏ အကျင့်စရိုက်ကို အကဲခတ်မှားခဲ့ပေသည်။

ရန်ထျန်းဖန်က အာကာပြင်စုတ်ပြဲရာထဲ ဝင်၍ ပျောက်ကွယ်သွားပြီး စုတ်ပြဲရာက လျင်မြန်စွာ ပြန်ဆက်သွားသည်ကို တွေ့လိုက်သောအခါ ကျန်းရီ၏ မျက်ဝန်းများ ပြန်နီရဲလာသည်။ ရုတ်ခြည်းပင် သူ အရှေ့သို့ ပျံသန်းကာ မိုဟွိုက်စန်းကို သူ၏ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်ပြီး ဗျပ်စောင်းကို ကြမ်းတမ်းစွာ တီးခတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ ကျန့်ရှမျိုးနွယ်ဝင်များကို အော်ပြောလိုက်သည်။

“တိုက်ကြ... ကောင်းကင်ခွင်းတပ် တစ်တပ်လုံးကို ရှင်းပစ်”

All Chapters