← Chapters

ဒီနေ့ သူတို့ သေရမယ်

Vol. 112 Ch. 1564

ဒီနေ့ သူတို့ သေရမယ်

Vol. 112 Ch. 1564

ဝှစ်...ဝှစ်...ဝှစ်...

ကျန်းရီက အော်ပြောလိုက်သောအခါ လေထဲတွင် ကျန်နေသေးသော လက်ထောက်တပ်မှူးများနှင့် တပ်မှူးများ ခါးသီးစွာ ပြုံးလိုက်ကြ၏။ ကျန့်ရှဘုရင်က ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်၍ အရှေ့သို့ ပျံသန်းလာနေပေပြီ။ ၎င်းတို့သည် ခါးကိုင်း၍လည်း ၎င်းတို့ ကျောမှ ဆူးချွန်များကို ပစ်လွှတ်လိုက်ကြသည်။ ရုတ်ခြည်းပင် ကောင်းကင်ထဲမှ ဆူးချွန်များ ပြည့်နှက်သွားသည်။

စစ်နတ်ဘုရား သို့မဟုတ် နတ်ဘုရားဧကရာဇ်များအတွက် ကျန့်ရှမျိုးနွယ်ဝင်များ၏ ဆူးချွန်များက ပြောရလောက်အောင် ကြောက်စရာမကောင်းပေ။ ပုံမှန်ဆိုလျှင် သူတို့သည် ၎င်းဆူးချွန်များကို အလွယ်တကူ ရှောင်ရှားနိုင်သည်။ ထို့ပြင် သူတို့၏လက်နက်များကို အသုံးပြု၍လည်း ဆူးချွန်များကို ခတ်ထုတ်နိုင်သည်။ သို့သော် ကျန်းရီက သူ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်နေရာ အားလုံး အသိစိတ်မကပ်နိုင် ဖြစ်နေကြသည်။ သူတို့ မကောင်းသောအရှိန်အဝါ၏ သက်ရောက်မှုကိုလည်း ခံနေကြရသည်။ သို့ဖြစ်ရာ ဝိညာဉ်ခြွေအဖွဲ့မှ တပ်သားအနည်းငယ်မှလွဲ၍ အခြားသူများ မလှုပ်နိုင်ကြတော့ပေ။

ဖုန်း...ဖုန်း...ဖုန်း...

ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် ဝတ်ဆင်ထားသူများက ကံကောင်းသည်ဟု ဆိုရမည်။ ဆူးချွန်များ လာရောက်ထိမှန်သောအခါ သူတို့ လွင့်ထွက်ရုံသာ လွင့်ထွက်သွားကြသည်။ နတ်ဘုရားချပ်ဝတ် ဝတ်ဆင်မထားသူများမှာတော့ ရုတ်ခြည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြပေသည်။ ကျန့်ရှမျိုးနွယ်ဝင်ငါးသိန်းက ဆူးချွန်းငါးသန်း ပစ်လွှတ်နိုင်သည်။ ဆူးချွန်များက အဆက်မပြတ် ကျရောက်လာရာ အလယ်အလတ်အဆင့် နတ်ဘုရားချပ်ဝတ်များပင် တောင့်မခံနိုင်ကြပေ။

“အား...အား...”

နာကျင်တကြီး အော်လိုက်သံများ ထွက်ပေါ်လာပြီး ကောင်းကင်ထဲမှ တပ်သားတစ်ဝက်လောက် ရုတ်ခြည်း အသတ်ခံလိုက်ရသည်။ သူတို့ထဲတွင် မျိုးနွယ်ကြီးများမှ သခင်လေးအချို့လည်း ပါပေသည်။

“ကျန်းရီ... မဆင်မခြင်သတ်တာကို ရပ်လိုက်တော့”

သိမ်းငှက်ဘုရင်လေးသည် နာကျင်တကြီး အော်လိုက်သံများကြောင့် အသိပြန်ကပ်လာ၏။ မျိုးနွယ်ကြီးများမှ သခင်လေးများ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်ကို တွေ့လိုက်သောအခါ သူ မှင်တက်သွားသည်။ ကျောထောက်နောက်ခံအဖြစ် သိမ်းငှက်စိမ်းဘုရင်ရှိသော သူသည်ပင် ထိုသို့ မဆင်မခြင် မသတ်ဝံ့ပေ။ ထိုသခင်လေးများကို သတ်ဖြတ်ခြင်းက ကျန်းရီတစ်ယောက် ဘုံတစ်သောင်းလုံးမှ မျိုးနွယ်ကြီးများ၏ ရန်သူ ဖြစ်သွားတော့မည်ဆိုသော အဓိပ္ပာယ်ပင်။

ဘုံတစ်သောင်းနှင့် ရန်သူဖြစ်ရခြင်း...

ကျန်းရီ မဆိုထားနှင့် သိမ်းငှက်စိမ်းဘုရင်သည်ပင် ဘုံတစ်သောင်းလုံးကို တစ်ဦးတည်း ယှဉ်နိုင်မည် မဟုတ်ချေ။ အတိတ်တွင် ကောင်းကင်ယန်မျိုးနွယ်က မည်မျှအင်အားကြီးခဲ့ပါသနည်း။ သို့သော် သူတို့သည် အားလုံးကို ဒေါသထွက်သွားအောင် လုပ်မိခဲ့သဖြင့် ဘုံအားလုံး၏ ပူးပေါင်းသုတ်သင်မှုကို ခံခဲ့ရသည်။

သို့သော်...

ကျန်းရီသည် အလွန်ဒေါသထွက်နေသဖြင့် သိမ်းငှက်ဘုရင်လေး၏ သတိပေးမှုကို အရေးမစိုက်နိုင်တော့ပေ။ သူသည် ဗျပ်စောင်းကို အဆက်မပြတ်တီး၍ ကောင်းကင်ခွင်းတပ် တစ်တပ်လုံးကို ဖိနှိပ်ထားသည်။ ကျန့်ရှဘုရင်ကလည်း ကျန့်ရှမျိုးနွယ်ဝင်များကို ဦးဆောင်၍ လေထဲရှိ လက်ထောက်တပ်မှူးများ၊ တပ်မှူးများနှင့် သခင်လေးများကို သတ်ဖြတ်နေသည်။ ထိုတိုက်ခိုက်မှုများအောက်တွင် ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် သေမင်း၏ အငွေ့အသက်က နီးကပ်လာကြောင်း အနံ့ခံမိလာကြသည်။

“သခင်လေးရန်... မြန်မြန် ထွက်ပြေးပါတော့”

“တိထျန်း... တောင်ထိပ်ကိုသွား...”

သန်မာသောစိတ်ဝိညာဉ်ရှိသည့် စွမ်းအားကြီး သိုင်းသမားအချို့က ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများကို ကာရင်း သခင်လေးများကို အသည်းအသန် အော်ပြောလိုက်ကြ၏။ အချို့ဆိုလျှင် သူတို့၏သခင်လေးများကို တောင်ထိပ်ဆီသို့ ကန်ထုတ်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများက နီရဲလာလိုက် ပုံမှန်ပြန်ဖြစ်သွားလိုက်နှင့် ရှိနေသည်။ သူတို့သည် တိုက်ခိုက်ခံရမှ နာကျင်မှုကြောင့် အသိပြန်ကပ်လာသည်။ ထို့နောက်တွင် ချက်ချင်းပင် ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုအောက်သို့ ပြန်ရောက်သွားကြသည်။ သူတို့၏ တိုက်ခိုက်စွမ်းအားက ပုံမှန်၏ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ သို့ဖြစ်ရာ သူတို့ ကျန့်ရှမျိုးနွယ်ဝင်များကို မည်သို့တားနိုင်ပါဦးမည်နည်း။

သခင်လေးများနှင့် စွမ်းအားကြီး သိုင်းသမားများသည် ကျန့်ရှမျိုးနွယ်ဝင်များ၏ ဝိုင်းရံမှုကို ခံလိုက်ကြရ၏။ သူတို့အားလုံး အသတ်ခံရတော့မည်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။

ဝှစ်...

ပိုင်တိထျန်းနှင့် ချိုးရန်တို့၏ စိတ်ဝိညာဉ်က အတာ်လေး သန်မာ၏။ သူတို့သည် သူတို့မျိုးနွယ်၏ လူငယ်မျိုးဆက်တွင် နံပါတ်တစ် သခင်လေးများဖြစ်ကြရာ အရင်းအမြစ်များ အလျှံပယ်ရပေသည်။ ထို့ကြောင့် သူတို့က အသိလွတ်သွားလိုက်၊ အသိပြန်ကပ်လာလိုက် ဖြစ်နေကြသော်လည်း သူတို့၏ရင်ထဲမှ အသက်ရှင်လိုစိတ်က သူတို့ကို တောင်ထိပ်ရှိ အလင်းလွှာထဲသို့ရောက်အောင် ထွက်ပြေးသွားနိုင်စေလေသည်။

“အားလုံး မြန်မြန် အထဲဝင်ခဲ့ကြပါ”

ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် အလင်းလွှာထဲ ရောက်သွားသောအခါ ဝမ်းမြောက်သွားကြ၏။ အလင်းလွှာကြောင့် ကျန်းရီ၏ ဗျပ်စောင်းသံက အတော်လေး အားပျော့သွားပေသည်။ သို့သော် တောင်ထိပ်ပေါ်ရှိ ကောင်းကင်ခွင်းတပ်မှ စာရေးစာချီများကတော့ မလှုပ်နိုင်ကြပေ။ သူတို့၏ မျက်ဝန်းများကလည်း နီရဲနေကြသည်။ သူတို့၏ တိုက်ခိုက်စွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်လွန်းပေသည်။

“မြန်မြန်ပြေးကြ”

စွမ်းအားကြီး သိုင်းသမားများက အော်ပြောနေကြပြီး သခင်လေးများသည် အလင်းလွှာကို ကြည့်ကာ ထိုသို့ရောက်အောင် အသည်းအသန် ပျံသန်းနေကြသည်။ ထိုအလင်းလွှာထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ရှိပေသည်။ သူက တစ်ချက်မှ မလှုပ်သေးသော်လည်း သူတို့ သူ့အနောက်တွင် ပုန်းနေလိုက်မည်ဆိုလျှင် ကျန်းရီက တိုက်ခိုက်နိုင်လောက်တော့မည် မဟုတ်ချေ။

“အား...”

သခင်လေးအများစု၏ စိတ်ဝိညာဉ်များက အလွန်အားနည်းကြသည်။ ထို့ကြောင့် သူတို့ အလင်းလွှာထဲထိရောက်အောင် ပျံမပြေးနိုင်ကြပေ။ သူတို့၏ တိုက်ခိုက်စွမ်းအားက ပို၍ပင် အားနည်ရာ ကျန့်ရှမျိုးနွယ်ဝင်များ၏ ဝန်းရံမှုကို ဒုတိယအကြိမ် ခံလိုက်ရသည်နှင့် သူတို့၏အလောင်းများ ကောင်းကင်ထက်မှ ပြုတ်ကျသွားကြလေသည်။

“သွားပြီ...”

သိမ်းငှက်ဘုရင်လေး၏ မျက်ဝန်းများကလည်း နီသွားလိုက်၊ နက်သွားလိုက်နှင့် ရှိနေသည်။ သူသည် မျိုးနွယ်ကြီးများမှ သခင်လေးများက တစ်ယောက်ပြီးတစ်ယောက် သေသွားနေပြီး တပ်မှူးများလည်း အသတ်ခံနေရသည်ကို တွေ့လိုက်သောအခါ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

ဤတစ်ခေါက်တွင် ကျန်းရီ အပြစ်ကြီးတစ်ခုကို ကျူးလွန်လိုက်ပေပြီ။ သူက သခင်လေးနှစ်ထောင်ကျော်ကို သတ်ပစ်ခဲ့သည်။ ယခု သူသည် မျိုးနွယ်ကြီးနှစ်ထောင်ကျော်နှင့် ရန်သူဖြစ်သွားပြီဖြစ်သည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားပါက အထက်ဘုံတစ်ခုလုံး ပူးပေါင်းကာ ကျန်းရီကို ရှင်းပစ်ပေလိမ့်မည်။

အပြစ်ကို ကျူးလွန်ခဲ့ပြီးပြီဖြစ်၍ မည်သူမှ ကျန်းရီကို ကယ်နိုင်တော့မည် မဟုတ်ပေ။

တိရှအရှင်နှင့် ဝိညာဉ်ဘုရင်တို့လည်း ကျန်းရီကို ကယ်နိုင်လိမ့်မည်မဟုတ်သလို သိမ်းငှက်စိမ်းဘုရင် ရောက်လာလျှင်ပင် များစွာတတ်နိုင်မည်မဟုတ်ချေ။ ထိုသုံးယောက်က ပူးပေါင်းပြီး သတင်းများကို ဖိနှိပ်ကာ ကျေနပ်လောက်သော တန်ကြေးတစ်ခု ပေးမည်ဆိုလျှင်တော့ မျိုးနွယ်ထောင်ဂဏန်းလောက်၏ ဒေါသကို ဖြေပေးနိုင်လောက်သည်။

သို့သော် ယင်းက ဖြစ်နိုင်ပါသလော။ မဖြစ်နိုင်ပေ။ သိမ်းငှက်ဘုရင်လေးသည် သူသာ ကျန်းရီကို ဤသို့ သေခွင့်ပေးလိုက်လျှင် ကျန်းရှောင်နူက သူ့အား တစ်သက်လုံး မည်မျှမုန်းနေတော့မည်ကိုတွေးကာ မျက်မှာင်ကြုတ်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

ကောင်းကင်ထဲတွင် တိုက်ပွဲဆက်ဖြစ်နေဆဲပင်။ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက တပ်သားထောင်ဂဏန်းကို ဝန်းရံတိုက်ခိုက်နေကြသည်။ ဆူးချွန်များကလည်း အရပ်မျက်နှာအနှံ့သို့ ပျံသန်းကာ တပ်သားများ၏ ခန္ဓာကိုယ်များကို ထိုးဖောက်နေသည်။ အလောင်းများသည် အောက်ဘက်ရှိ သာမန်တပ်များအပေါ် တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျသွားပြီး ထိုတပ်သားများကို နိုးထလာစေလေသည်။ သို့သော် ထို့နောက်တွင် ၎င်းတပ်သားများ ပြန်သတိလစ်သွားကြပေသည်။

တစ်မိနစ်ဝန်းကျင်အတွင်းမှာပင် တိုင်ပွဲပြီးဆုံးသွားသည်။ လေထဲရှိ တပ်သားကိုးထောင်လောက်ထဲတွင် တစ်ရာလောက်သာ တောင်ထိပ်သို့ ရောက်အောင် သွားခဲ့နိုင်ခဲ့သည်။ ကျန်တပ်သားအားလုံး အသတ်ခံလိုက်ရသည်။ လေထဲတွင် ထောင်ချီသော သိုလှောင်လက်စွပ်များနှင့် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များ ဝဲလွင့်နေပေသည်။ ၎င်းတို့က အလင်းရောင်ခပ်ရေးရေး ထုတ်လွှတ်နေ၍ ကြယ်တာရာများအလား မှင်တက်ဖွယ်ကောင်းပေသည်။

ဝှစ်...

ကျန်းရီသည် တီးခတ်ခြင်းကို ရပ်လိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်များနှင့်အတူ အလင်းလွှာဆီသို့ ပျံသန်းသွားလိုက်သည်။ သူသည် နီရဲသောမျက်ဝန်းများဖြင့် အုပ်ချုပ်သူအဆင့် စောင့်ကြပ်သူနောက်ရှိ ပိုင်တိထျန်းနှင့် ချိုးရန်တို့ကို ကြည့်လိုက်၏။ သူ့အကြည့်ကြောင့် ထိုနှစ်ယောက် တုန်ယင်သွားကြသည်။

ဝှစ်...

ကျန့်ရှမျိုးနွယ်ဝင်အုပ်ကြီးသည် အရှေ့သို့ လျင်မြန်စွာ ပျံသန်းကာ အလင်းလွှာဆီ တိမ်မည်းတစ်အုပ်အလား ရောက်သွား၏။ ကျန်းရီ၏ နှလုံးသားက သံမဏိကဲ့သို့ မာကြောနေပေပြီ။ သူသည် လူများစွာကို သတ်ခဲ့ပြီးဖြစ်ရာ ပိုင်တိထျန်းနှင့် ချိုးရန်တို့ကို သေချာပေါက် အလွှတ်ပေးမည် မဟုတ်ပေ။

“ထွက်လာခဲ့”

တစ်ချိန်လုံး မလှုပ်မယှက် ရှိနေခဲ့သော စောင့်ကြပ်သူသည် ကျန်းရီ ရောက်လာသောအခါ ရုတ်တရက် မျက်လုံးဖွင့်၍ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး... မင်း ဒီအလင်းလွှာအပြင်ဘက်မှာ သတ်ဖြတ်တာကို ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါက ဒီနေရာကို ကာကွယ်ရမှာ။ မင်း ဒီထဲဝင်လာပြီး သတ်ဖြတ်မယ်ဆိုရင်တော့ ငါ့ကို လူကြီးက လူငယ်ကို အနိုင်ကျင့်တယ်ဆိုပြီး အပြစ်မတင်နဲ့”

စောင့်ကြပ်သူသည် ထိုနေရာကို ကာကွယ်ရန် တာဝန်ရှိသည်။ သူက ထိုတောင်၊ တောင်ပေါ်မှ အစီအရင်များနှင့် တည်နေရာပြောင်းရွှေ့အစီအရင်ကို ကာကွယ်ရမည်ဖြစ်သည်။ ကျန်းရီ၏ အပြင်ဘက်မှ သတ်ဖြတ်မှုများကို သူ အရေးမစိုက်ပေ။ သို့သော် ကျန်းရီက အလင်းလွှာထဲ ဝင်လာပြီး လူများကို သတ်ဖြတ်မည်ဆိုလျှင်တော့ သူ လှုပ်ရှားရပေလိမ့်မည်။ ကျန်းရီက သူ့မျက်နှာကို မထောက်လျှင် သူကလည်း ကျန်းရီကို သက်ညှာနေစရာအကြောင်းမရှိသည် မဟုတ်လော။

“သတ်ကြ...”

သတ်ဖြတ်အရှိန်အဝါများ ပြည့်နှက်နေသည့် အသံတစ်သံ ထွက်ပေါ်လာ၏။ ကျန့်ရှမျိုးနွယ်ဝင်အများစုသည် အလင်းလွှာထဲ ဖောက်ဝင်သွားကြပြီး တစ်သိန်းလောက်က အောက်ဘက်သို့ ပျံဆင်းသွားသည်။ ကျန်းရီက ရူးသွပ်နေပုံပေါ်၏။ ကောင်းကင်ခွင်းတပ်သားအားလုံး မသေသေးသ၍ သူ ရပ်မည်မဟုတ်ပေ။

“ကျန်းရီ... မင်း ရူးသွားပြီလား”

သိမ်းငှက်ဘုရင်လေးသည် ဆက်ကြည့်မနေနိုင်တော့သဖြင့် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“မင်း သခင်လေးတွေကို သတ်ရဲတာကို ငါ လေးစားပါတယ်။ ဒါပေမဲ့ မင်းက အခု အပြစ်မဲ့တဲ့ တပ်သားတွေကိုပါ သတ်ချင်နေပြီလား။ ဘယ်လိုယောက်ျားမျိုးက ကိုယ့်ထက် အားနည်းတဲ့သူကို အနိုင်ကျင့်လဲ။ မင်းရဲ့ လူသားဆန်မှုကရော ဘယ်ရောက်သွားပြီလဲ”

“အပြစ်မဲ့တဲ့ တပ်သားတွေတဲ့လား”

ကျန်းရီ အသိပြန်ကပ်လာ၏။ အစောတွင် သူ၏ ခေါင်းထဲ၌ မကောင်းသောအရှိန်အဝါများ ပြည့်နေခဲ့သဖြင့် သူ မည်သည်ကိုမှ မတွေးတောနိုင်ခဲ့ပေ။ သူသည် သူ၏ဒေါသကို ဖြေရန် အားလုံးကို သတ်ပစ်လိုခဲ့သည်။

သို့သော် သိမ်းငှက်ဘုရင်လေး၏ စကားများက ကျန်းရီကို အသိပြန်ကပ်သွားစေပေသည်။ သူ ချက်ချင်း အောက်သို့ ငုံ့ကြည့်လိုက်၏။ သာမန်တပ်သားများသည် ပျံဆင်းလာသည့် ကျန့်ရှမျိုးနွယ်ဝင်များကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ သူ လက်ဝှေ့ယမ်းကာ ကျန့်ရှမျိုးနွယ်ဝင်များကို ပြန်ခေါ်လိုက်၏။ ထို့နောက် သူ အလင်းလွှာထဲရှိ ပိုတိထျန်းနှင့် ချိုးရန်တို့ကို လှမ်းကြည့်ကာ ပြောလိုက်လေသည်။

“ကျန်တဲ့သူတွေက အပြစ်ရှိလား၊ အပြစ်မဲ့လားကို ကျွန်တော် မသိပေမဲ့... သူတို့တို့နှစ်ယောက်ကတော့ အပြစ်ရှိတယ်ဆိုတာကို ကျွန်တော်သေချာတယ်။ ဒီနေ့ သူတို့ သေရမယ်။ အဘိုးကြီး... ခင်ဗျား ကျွန်တော့်ကို သတ်မယ်ဆိုရင်တောင် ကျွန်တော် ဒီနေ့ သူတို့ကို သတ်ရလိမ့်မယ်”

All Chapters