အဲ့ဒါ
Vol. 112 Ch. 1565
ဟဲပုယွီ မည်သို့ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွား၏။ အစောတွင် သိမ်းငှက်ဘုရင်လေး ရောက်လာခဲ့သည်။ ယခု ကျန်းရီ ရောက်လာပြန်ပေပြီ။ ခေတ်က အမှန်ပင် ပြောင်းလဲသွားပြီလော။ ယနေ့ခေတ်မှ လူငယ်အားလုံးက ခက်ထန်ကာ မဆင်မခြင် လုပ်တတ်ကြသူများလော။
ဟဲပုယွီသည် ကျန်းရီ၏ ပါရမီကြောင့် ကျန်းရီအပေါ် ခင်တွယ်မှုတစ်ခု ရှိနေသည်။ လူတိုင်း အပြစ်ဆေးကြောနယ်ဆန်းကြယ်နယ်မြေထဲတွင် ရက်နှစ်ဆယ်ကြာအောင် နေနိုင်ကြသည် မဟုတ်ပေ။ သူ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ၏ စောင့်ကြပ်သူ ဖြစ်နေခဲ့သည်မှာ နှစ်အနည်းငယ် ရှိခဲ့ပြီဖြစ်သည်။ ထိုအတောအတွင်း ဤဆန်းကြယ်နယ်မြေသို့ လာခဲ့သည့် လူငယ်များသည် နယ်မြေထဲ၌ အလွန်ဆုံး သုံးရက်သာ နေနိုင်ခဲ့ကြသည်။ သို့သော် သုံးရက်နေနိုင်သည်ပင် ဂုဏ်ယူစရာ ဖြစ်နေပြီဖြစ်သည်။
ရွှီး...
ဟဲပုယွီသည် ကျန်းရီကို သဘောကျသော်လည်း သတ်ဖြတ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကျန်းရီသာ အလင်းလွှာထဲဝင်လာပြီး သခင်လေးများကို သတ်မည်ဆိုလျှင် သူ ကျန်းရီကို ညှာမည် မဟုတ်ချေ။ သူ ဤနေရာမှ မခွာခဲ့သည်မှာ နှစ်နှင့်ချီခဲ့ပြီဖြစ်သည်။ အထက်ဘုံထဲမှ လူများက သူ့ကို မေ့သွားလောက်ပေပြီ။ သူ၏ ဂုဏ်ပုဒ်က ဒေါသနတ်ဘုရား ဖြစ်ကြောင်းကိုလည်း မေ့သွားကြလောက်ပြီဖြစ်သည်။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်သည် သူ၏ ဂုဏ်သိက္ခာနှင့် မာနကို အလွယ်တကူ ထိပါးခံမည် မဟုတ်ပေ။ လာ၍ထိပါးသူက မည်သူဖြစ်စေ သူတို့ ပြန်တုံ့ပြန်ကြမည်သာ။
“ဟူး...”
သိမ်းငှက်ဘုရင်လေးသည် ဟဲပုယွီ၏ သတ်ဖြတ်အရှိန်အဝါကို အာရုံခံမိလိုက်၍ သက်ပြင်းချလိုက်၏။ ဟဲပုယွီက သူ့ကို မသတ်ဝံ့သော်လည်း ကျန်းရီကိုတော့ သေချာပေါက် သတ်ဝံ့ပေသည်။ စွမ်းအားကြီး သိုင်းသမားအားလုံးက မာနကြီးကြသည်။ သူတို့၏မာနကို လာထိပါးသူတိုင်း သွေးဖြင့် ပေးဆပ်ရပေလိမ့်မည်။
သိမ်းငှက်ဘုရင်လေးသည် ကျန်းရီ၏အသက်ကို ကယ်နိုင်မည့် နည်းလမ်းတစ်ခုကို အသည်းအသန် တွေးတောလိုက်၏။ ကျန်းရှောင်နူက သူ့အား တစ်သက်လုံး မုန်းတီးနေမည်ကို သူ မလိုလားပေ။ သူကိုယ်တိုင်ကလည်း ကျန်းရီကဲ့သို့ ထူးချွန်သည့်ပါရမီရှင်တစ်ယောက်ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် သေမသွားစေလိုချေ။
‘အို့...ဟုတ်သား...’
သိမ်းငှက်ဘုရင်လေး၏ မျက်ဝန်းများ ရုတ်တရက် အရောင်လက်သွား၏။ သူ အလင်းလွှာထဲဝင်ရန် ဟန်ပြင်နေသော ကျန်းရီကို အော်ပြောလိုက်သည်။
“ကျန်းရီ... နေဦး”
“အန်...”
ကျန်းရီသည် သိမ်းငှက်ဘုရင်လေးကို လှည့်ကြည့်လိုက်၏။ သိမ်းငှက်ဘုရင်လေးက ပျံတက်လာပြီး အသံပို့လွှတ်လိုက်သည်။
“ကျန်းရီ... ဆက်သတ်မနေနဲ့တော့။ အရင်ဆုံး မင်းရဲ့ဇနီးသုံးယောက်ကို သွားကယ်ကြတာပေါ့”
“သူတို့ကို ကယ်လို့ရတယ်လား”
ကျန်းရီ၏ မျက်ဝန်းများထဲရှိ အနီရောင်အလင်းက မှေးမှိန်သွားသည်။ သူသည် ရီချန်တို့ကို မကယ်နိုင်တော့ဟု ထင်ခဲ့၍ ဤသို့ သွေးရူးသွေးတန်းဖြင့် သတ်ဖြတ်နေခြင်းဖြစ်သည်။ ရီချန်တို့ကို သူ့မျက်စိရှေ့မှ ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရခြင်းက သူ့ရင်ကို ဗလောင်ဆူသွားစေခဲ့သည်။ သူ အသိစိတ်ပျောက်သွားတော့မည်ဖြစ်သည်။ သို့သော် သူမတို့ကို ကယ်နိုင်မည်ဆိုလျှင်တော့ သူ သေချာပေါက် ကယ်တင်လိုပေသည်။
ရန်ထျန်းဖန်းထံတွင် အာကာပြင်ကို စုတ်ဖြဲ၍ အာကာသထဲ ဝင်နိုင်သော မူလရတနာတစ်ခု ရှိသည်။ စွမ်းအားကြီး သိုင်းသမားများက အာကာပြင်ထဲတွင် အက်ကြောင်းများ ဖန်တီးနိုင်ကြသော်လည်း ထိုအက်ကြောင်းများက အလွန်မတည်ငြိမ်ကြပေ။ ထို့ပြင် ၎င်းတို့က သေးလည်းသေးရာ လူဝင်ဖို့ မဖြစ်နိုင်ချေ။ အကယ်၍ အတင်းတိုးဝင်မည်ဆိုလျှင် အာကာပြင်ထဲတွင် ညပ်ကာ ပိပြားသေသွားပေလိမ့်မည်။ ထို့ပြင် ကျန်းရီထံ၌ ဟွင့်သွမ့်နတ်ဘုရားလှေ မရှိပေ။ ထို့ကြောင့် သူ အာကာသထဲတွင် သေချာပေါက် သေဆုံးသွားပေလိမ့်မည်။ သူ မသေလျှင်ပင် အဆုံးမဲ့ကျယ်ပြောသော အာကာသထဲ၌ ရန်ထျန်းဖန်ကို မည်သို့နေရာတွင် သွားရှာရမည်နည်း။
“ဒါပေါ့ သူတို့ကို ကယ်လို့ရတာပေါ့”
သိမ်းငှက်ဘုရင်လေးက လျင်မြန်စွာ အသံပြန်ပို့လွှတ်လိုက်၏။
“ငါ့ရဲ့ လက်သည်းတွေက အာကာပြင်ကို စုတ်ဖြဲပစ်နိုင်တယ်။ ပြီးတော့ ငါ့မှာ ဟွင့်သွမ့်နတ်ဘုရာလှေတစ်စင်းလည်း ရှိတယ်။ အရေးအကြီးဆုံးက ရန်ထျန်းဖန် ဘယ်ကိုသွားမယ်ဆိုတာကို ငါသိတာပဲ”
“တကယ်လား”
ကျန်းရီ၏ မျက်ဝန်းများက ကြယ်တာရာများကဲ့သို့ တောက်ပလာသည်။ သူ့အတွက် ရီချန်တို့၏အသက်က အရေးအကြီးဆုံးဖြစ်သည်။ ပိုင်တိထျန်းနှင့် ချိုးရန်တို့ကို နောက်မှ သွားသတ်နိုင်သည်။
“ဒါပေါ့... ငါက လိမ်မှာတဲ့လား”
သိမ်းငှက်ဘုရင်လေးသည် ခေတ္တမျှ ကုသခံခဲ့ပြီဖြစ်၍ ဒဏ်ရာများ သက်သာနေပြီဖြစ်သည်။ သို့သော် သူ့အရိုးတော်တော်များများက အပြည့်အဝ ပြန်မကောင်းသေးပေ။ သူ သူ့ဘေးမှ မင်ရည်တောင်ပံမျိုးနွယ်ဝင် သုံးယောက်ကို ကြည့်ကာ အော်ပြောလိုက်သည်။
“အသင့်ပြင်ကြ”
ထိုသုံးယောက်သည် သိမ်းငှက်ဘုရင်လေး၏ အမိန့်ကို မဆန့်ကျင်ဝံ့ပေ။ ရီချန်တို့ကို သွားကယ်မည့်ကိစ္စက အလွန်အန္တရာယ်များနိုင်သော်လည်း မည်သူကမှ သိမ်းငှက်ဘုရင်လေးကို အတွန့်မတက်ရဲချေ။ ကျန်းရီသည် သိမ်းငှက်ဘုရင်လေးက နောက်နေခြင်းမဟုတ်ကြောင်း တွေ့သောအခါ ကျန့်ရှမျိုးနွယ်ဝင်များကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်သည်။
ရွှီး...
ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်အားလုံးကို သိမ်းပြီးနောက် သိမ်းငှက်ဘုရင်လေး၏ လက်များက သိမ်းငှက်လက်သည်းများ ဖြစ်သွားပြီး အလင်းရောက်တောက်ပလာသည်။ ထို့နောက် သူ အာကာပြင်ကို လက်သည်းများဖြင့် စုတ်ဖြဲလိုက်လေသည်။
ဗြီး...
စူးရှသောအသံ တစ်သံ ထွက်ပေါ်လာပြီး သိမ်းငှက်ဘုရင်လေးအရှေ့မှ အာကာပြင်က စုတ်ပြဲသွားသည်။ မင်ရည်တောင်ပံမျိုးနွယ်ဝင်သုံးယောက်ကလည်း သူတို့၏ လက်သည်းများဖြင့် စုတ်ပြဲရာကို ပိုကျယ်လာအောင် ဆွဲဖြဲလိုက်ကြသည်။ ထို့နောက် သိမ်းငှက်ဘုရင်လေး အော်ပြောလိုက်သည်။
“ကျန်းရီ... မြန်မြန် အထဲကို ဝင်လိုက်”
ဝှစ်...
ယခင်တွင် ကျန်းရီသည် သိမ်းငှက်ဘုရင်လေးကို သဘောမကျခဲ့ပေ။ သို့သော် အစောမှ သိမ်းငှက်ဘုရင်လေး၏ အသံပို့လွှတ်မှုများကြောင့် ကျန်းရီ၏ သိမ်းငှက်ဘုရင်လေးအပေါ် အမြင်က ပြောင်းလဲသွားပြီဖြစ်သည်။ ယခု သူ သိမ်းငှက်ဘုရင်လေးကို လုံးဝယုံကြည်နေပြီဖြစ်၍ အာကာပြင်စုတ်ပြဲရာထဲသို့ တုံ့ဆိုင်းမှုမရှိဘဲ ဝင်သွားလိုက်သည်။
သိမ်းငှက်ဘုရင်လေးကလည်း အမှန်ပင် ကျန်းရီကို လှည့်စားခဲ့ခြင်း မဟုတ်ပေ။ သူ ကျန်းရီနောက်မှ လိုက်ဝင်လိုက်သည်။ မင်ရည်တောင်ပံမျိုးနွယ်ဝင်သုံးယောက်လည်း လျင်မြန်စွာ ဝင်လိုက်ကြသည်။ ထို့နောက်တွင် စုတ်ပြဲရာက လျင်မြန်စွာ ပြန်ဆက်သွားပေသည်။
***
“ဟူး...”
တစ်မိနစ်မျှကြာပြီးနောက် မြေပြင်ပေါ်မှ သာမန်တပ်သားများ၊ စာရေးစာချီများ၊ ချိုးရန်၊ ပိုင်တိထျန်းနှင့် အခြားသခင်လေးများ သက်ပြင်းချလိုက်ကြသည်။ သူတို့က ကြောက်ရွံ့ရင်တုန်နေကြဆဲပင်။ သူတို့ သေမင်းခံတွင်းဝမှ လွတ်လာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် သူတို့ရှေ့တွင် သူတို့၏ ‘ညီနောင်များ’နှင့် ‘မိတ်ဆွေများ’ သေဆုံးသွားသည်ကို မြင်ခဲ့၍ ကျောစိမ့်အောင် ကြောက်ရွံ့ခဲ့ကြသည်။ ယခု သူတို့၏ခန္ဓာကိုယ်များက အတန်ငယ် တုန်ယင်နေသေးပေသည်။
“ဟူး...”
စောင့်ကြပ်သူ ဟဲပုယွီလည်း သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။ သူသည် ဖြစ်နိုင်လျှင် ကျန်းရီကို မသတ်လိုပေ။ သူတို့အားလုံးက လူသားများ မဟုတ်ပါလား။ ကျန်းရီက အလွန်ပါရမီထူးသည်။ သူ့ကိုသာ နှစ်အနည်းငယ်ပေးလိုက်လျှင် သူ မည်မျှ စွမ်းအားကြီးလာမည်နည်း။ တွေးကြည့်၍ပင် မရနိုင်ချေ။
“ဟူး...”
ဟဲပုယွီ သက်ပြင်းထပ်ချလိုက်၏။ ယနေ့တွင် မျိုးနွယ်ကြီးများမှ သခင်လေးများစွာ သေခဲ့သည်။ ဤတစ်ကြိမ်တွင် ကျန်းရီက လူများစွာ သတ်ခဲ့ရာ မျိုးနွယ်ကြီးများက သူ့ကို အလွှတ်ပေးပါမည်လော။ ကောင်းကင်ဘုရင်သုံးပါးကရော သူ့ကို အသက်ရှင်ခွင့်ပေးပါမည်လော။
ရွှီး...
ထိုအခိုက်တွင် ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ ပျောက်ကွယ်သွားသောနေရာမှ အာကာပြင်က အတန်ငယ် တုန်ယင်သွားပြီး အက်ကြောင်းအသေးလေးတစ်ကြောင်း ထွက်ပေါ်လာ၏။ ဟဲပုယွီသည် အဖြူရောင်အလင်းတစ်ချက် လက်သွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် အက်ကြောင်းက ပြန်ပျောက်ကွယ်သွားလေသည်။
“ဒါက...”
ဟဲပုယွီ ရုတ်တရက် မျက်လုံးပြူးသွား၏။ သူ့ကဲ့သို့ အုပ်ချုပ်သူအဆင့်ရှိသူသည်ပင် ထိုအရာ၏ ပုံစံအစစ်အမှန်ကို အာရုံမခံနိုင်လိုက်သည်လော။ သူသာ အနီးတွင် ရှိမနေလျှင် မည်သည်ကိုမှ သတိပြုမိလိုက်မည် မဟုတ်ချေ။ သူပင် ထိုသို့ဖြစ်ရာ ပိုင်တိထျန်းတို့ မည်သည်ကိုမှ မသိလိုက်ပေ။
“အဲ့ဒါများ ဖြစ်နေမလား”
ဟဲပုယွီ ရေရွတ်လိုက်၏။ ‘အဲ့ဒါ’မှာ မည်သူဖြစ်ကြောင်း သူ မသိပေ။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ၌ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခု ရှိနေကြောင်းကိုသာ သူသိထားသည်။ ထိုဖြစ်တည်မှုက လူသားလော၊ သားရဲလော သို့မဟုတ် မိစ္ဆာလောကိုမူ သူ မသိချေ။ ၎င်း၏ပုံစံအစစ်အမှန်ကိုလည်း သူ အာရုံမခံနိုင်ပေ။
“ဘာလို့ အဲ့ဒါက ကျန်းရီနောက်ကို လိုက်သွားရတာလဲ။ ကျန်းရီ ဒီထဲမှာ ရက်နှစ်ဆယ် ရှင်သန်နိုင်ခဲ့တာ အဲ့ဒါကြောင့်များ ဖြစ်နေမလား။ ဒါမှမဟုတ်... ကျန်းရီက အဲ့ဒါကို အပြစ်ပြုမိခဲ့လို့ အဲ့ဒါက သူ့နောက်ကို လိုက်သွားတာလား”
ဟဲပုယွီ ထပ်မံ၍ တီးတိုးရေရွတ်လိုက်ပြန်၏။ သူက ဤနေရာမှ ခွာ၍မရပေ။ မဟုတ်လျှင် သူ သေချာပေါက် နောက်မှလိုက်ကြည့်မည်ဖြစ်သည်။
ဝှစ်...ဝှစ်...
လသားရဲတစ်အုပ်က အဝေးမှနေ၍ ထပ်မံပျံသန်းလာကြသည်။ ဟဲပုယွီသည် ကျန်နေသေးသော ကောင်းကင်ခွင်းတပ်သားများကို ကြည့်ကာ အမိန့်ပေးလိုက်ရ၏။
“အကုန်လုံး အလင်းလွှာနားမှာ စုဝေးနေကြ။ မင်းတို့ အဲ့သားရဲတွေကို ခုခံနိုင်ဖို့ ခဏလောက်တော့ ငါ ကူညီပေးမယ်”
***
ရွှီး...ရွှီး...
နာရီအနည်းငယ်ကြာပြီးနောက် တောင်ထိပ်အနီးမှ အာကာပြင်က တုန်ခါလာပြီး အက်ကြောင်းတစ်ခု ပေါ်လာ၏။ ထိုအက်ကြောင်းက ဆက်၍ ကျယ်ပြန့်လာပြီး ၎င်းအတွင်းမှနေ၍ အရိပ်နက်တစ်ခု ပျံထွက်လာသည်။
ထိုအဖြစ်အပျက်ကြောင့် ပိုင်တိထျန်းတို့ အလွန်လန့်သွားကြ၏။ ကျန်းရီ ပြန်ရောက်လာခြင်းလော။ ဟဲပုယွီသည်လည်း ‘အဲ့ဒါ’ ပြန်လာပြီဟုထင်၍ ချက်ချင်း ကောင်းကင်စိတ်အာရုံပို့လွှတ်ကာ အာရုံခံလိုက်၏။ အားလုံးသည် အရိပ်နက်ကို အာရုံခံပြီးနောက် စိတ်အေးသွားကြသည်။ ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရောက်လာခြင်းပင်။ ထိုစွမ်းအားကြီး သိုင်းသမားက အာကာပြင်ကို စုတ်ဖြဲ၍ ဤသို့လာနိုင်ခဲ့ရာ မိစ္ဆာချေဖျက်စစ်တပ်၏ ထောက်လှမ်းရေးတပ်မှ တပ်မှူးတစ်ယောက် ဖြစ်နိုင်ပေသည်။
ဝှစ်...
ဝတ်ရုံနက် ဝတ်ဆင်ထားသော အရိပ်နက်သည် အလင်းလွှာဆီသို့ ပျံသန်းလာပြီး ဟဲပုယွီကို ရိုရိုသေသေ ဦးညွှတ်ကာ ပြောလိုက်သည်။
“ကျွန်တော်က မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ထောက်လှမ်းရေးတပ်က တပ်မှူးရီဇူပါ။ ခေါင်းဆောင်သုံးယောက်က ကျွန်တော့်ကို ဒီကိုလာပြီး ဘာလို့ တည်နေရာပြောင်းရွှေ့အစီအရင်က ပေါက်ကွဲသွားတာလဲဆိုတာကို စုံစမ်းခိုင်းလိုက်ပါတယ်။ ပြီးတော့... ဘာလို့ ဒီမှာ လူတွေအများကြီး သေထားတာပါလဲ”
“တပ်မှူးရီ... ကျန်းရီကြောင့်ပေါ့... အဲ့ကောင်စုတ်က...”
ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် အနိုင်ကျင့်ခံနေရစဉ်တွင် လူကြီးတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရသော ကလေးများကဲ့သို့ အော်ပြောကာ တိုင်တောလိုက်ကြ၏။ သူတို့သည် အမှန်အတိုင်း ပြောလိုက်ကြသော်လည်း သူတို့က အဆိပ်ဝိညာဉ်နှင့် ရီချန်တို့ကို အကောက်ကြံရန် ကြိုးစားခဲ့ခြင်းကိုတော့ ထိမ်ချန်ထားလိုက်ကြသည်။ သူတို့၏စကားများအရဆိုလျှင် အဆိပ်ဝိညာဉ်နှင့် ကျန်းရီတို့ကသာ တာဝန်ခံရမည်ဖြစ်ပြီး သိမ်းငှက်ဘုရင်လေးကိုလည်း ခွင့်လွှတ်ပေး၍မရချေ။
“ကျန်းရီနဲ့ သိမ်းငှက်ဘုရင်လေးတို့က ရန်ထျန်းဖန်ကို လိုက်ဖမ်းကြတာလား”
ရီဇူသည် ထိုစကားကို ကြားလိုက်သောအခါ ရုတ်ခြည်း မျက်နှာထားပြောင်းသွား၏။ လူအများစုက မသိကြသော်လည်း သူက ထောက်လှမ်းရေးတပ်မှ တပ်မှူးဖြစ်၍ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအနီးတွင် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေရှိကြောင်း သိထားသည်။ ရန်ထျန်းဖန်က သေချာပေါက် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ ထွက်ပြေးခြင်းဖြစ်မည်။ ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးကလည်း ရန်ထျန်းဖန်ကို ရှာရန် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ သွားကြပေလိမ့်မည်။
ကောင်းကင်ယန်ဆန်းကြယ်နယ်မြေက ကောင်းကင်ယန်မျိုးနွယ်၏ လျှို့ဝှက်စခန်းဖြစ်သည်။ အကယ်၍ ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့က ထိုနယ်မြေသို့သွား၍ သတ်ဖြတ်ကြမည်ဆိုလျှင် ကောင်းကင်ဘုရင်ယို ဒေါသူပုန်ထမသွားနိုင်လောက်သလော။ ယနေ့တွင် သခင်လေးများစွာ သေခဲ့ပြီးပေပြီ။ အကယ်၍ လူများ ထပ်သေဦးမည်ဆိုလျှင် ဤကိစ္စက ကြီးသည်ထက် ကြီးထွားလာပေလိမ့်မည်။ ထိုအခါ အထက်ဘုံတစ်ခုလုံး ရှုပ်ထွေးသွားနိုင်ပေသည်။