ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ်
Vol. 113 Ch. 1566
ရီဇူက ဝိညာဉ်မျိုးနွယ်မှဖြစ်သော်လည်း သူတော်စင်ဝိညာဉ်ဘုံမှ မဟုတ်ပေ။ တစ်နည်းဆိုရလျှင် သူက ရီမျိုးနွယ်အပေါ်တွင် မဟုတ်ဘဲ မိစ္ဆာချေဖျက်စစ်တပ်အပေါ်သာ သစ္စာစောင့်သိခြင်းဖြစ်သည်။ မဟုတ်လျှင် သူ ထောက်လှမ်းရေးတပ်၏ တပ်မှူး ဖြစ်လာမည် မဟုတ်ချေ။
ဝိညာဉ်မျိုးနွယ်သည် မိစ္ဆာချေဖျက်စစ်တပ်ဆီသို့ တစ်နှစ်လျှင်တစ်ကြိမ် ကလေးများ ပို့ပေးသည်။ ကလေးဆိုသည်မှာ မွေးကင်းစကလေးများကို ဆိုလိုခြင်းပင်။ ထိုကလေးများသည် အသိဉာဏ်ပင် မရှိကြသေးချေ။ မိစ္ဆာချေဖျက်စစ်တပ်သည် ထိုကလေးများကို သူတို့အလိုရှိသည့်အတိုင်း ပျိုးထောင်မည်ဖြစ်သည်။ ၎င်းကလေးများက မိစ္ဆာချေဖျက်စစ်တပ်ထဲတွင်သာ ကြီးပြင်းလာကြသည်။ သူတို့မှာ ဝိညာဉ်မျိုးနွယ်က မိစ္ဆာချေဖျက်စစ်တပ်ကို ပေးနိုင်သော အကောင်းဆုံး အရင်းအမြစ်များပင် ဖြစ်ပေသည်။
ထို့ကြောင့် ရီဇူသည် ကျန်းရီ၏အသက်ကို အရေးမစိုက်ပေ။ ကျန်းရီက ရီဖျောင်ဖျောင်၏သား ဖြစ်ကြောင်းကိုလည်း သူ မသိချေ။ သိခဲ့လျှင်လည်း ကျန်းရီ အသတ်ခံရသည်ဖြစ်စေ၊ အသတ်မခံရသည်ဖြစ်စေ သူ ဂရုစိုက်မည် မဟုတ်ပေ။ သူသည် မိစ္ဆာချေဖျက်စစ်တပ်အပေါ် သက်ရောက်မှုရှိမည့် အရာများကိုသာ အရေးစိုက်ပေသည်။
ယခုကိစ္စက စစ်တပ်အပေါ် သက်ရောက်မှုကြီးတစ်ခု ရှိမည်ဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ ထောင်ချီသော သခင်လေးများ သေခဲ့သည်။ ထို့ကြောင့် ထောင်ချီသော မျိုးနွယ်ကြီးများက မိစ္ဆာချေဖျက်စစ်တပ်ကို ပြဿနာရှာကြပေတော့မည်။ သူတို့၏ သခင်လေးများက တာဝန်ထမ်းဆောင်ရင်း တမလွန်ဘုံ၏ လက်ချက်ဖြင့် သေသွားခြင်းဆိုလျှင် သူတို့ မည်သို့မှ ပြောမည် မဟုတ်ပေ။ သို့သော် ပြဿနာမှာ သခင်လေးများက မိစ္ဆာချေဖျက်စစ်တပ်မှ တပ်သားတစ်ယောက်၏ လက်ချက်ဖြင့် သေသွားခဲ့ကြခြင်းပင်။
ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ကလည်း ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ သွားနေလောက်သည်။ ကျန်းရီသည် မျက်တောင်တစ်ချက်မခတ်ဘဲ သတ်ဖြတ်နိုင်သော မိစ္ဆာတစ်ကောင်ဖြစ်သည်။ သိမ်းငှက်ဘုရင်လေးကလည်း ကျန်းရီကဲ့သို့ပင် ခက်ထန်သူတစ်ယောက်ဖြစ်သည်။ သူတို့သာ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေတွင် သတ်ဖြတ်မှုများ ကျူးလွန်မည်ဆိုလျှင် ကောင်းကင်ဘုရင်ယိုသည် သူ၏မျိုးဆက်အားလုံးကို အမှန်တကယ် ဆုံးရှုံးရပေလိမ့်မည်။
‘ငါတို့ သတင်းပြန်ပို့ဖို့ နည်းလမ်းတစ်ခု စဉ်းစားရမယ်။ ကျန်းရီနဲ့ သိမ်းငှက်ဘုရင်လေးကိုလည်း တားရမယ်’
ရီဇူ၏ မျက်လုံးများ အရောင်လက်နေသည်။ သူက ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေမှ လာခဲ့ခြင်းဖြစ်သည်။ ထိုနယ်မြေက ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထက် ပိုဝေးသည်။ သူ ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေအထိ ပြန်သွားပြီးမှ မိစ္ဆာချေဖျက်တောင်ကြားဆီ သတင်းပို့မည်ဆိုလျှင် အလွန်နောက်ကျသွားပေလိမ့်မည်။
ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိသည်။ သို့သော် ပြဿနာမှာ အုပ်ချုပ်သူအဆင့် သိုင်းသမားများ မရှိခြင်းပင်။ ကျန်းရီက ရန်ထျန်းဖန်ကိုပင် အနိုင်ယူနိုင်ရာ သူ့ကို အုပ်ချုပ်သူအဆင့် သိုင်းသမားများမှလွဲ၍ အခြားမည်သူက ထိန်းနိုင်ပါမည်နည်း။ ရီဇူ ဟဲပုယွီကို လှမ်းကြည့်လိုက်၏။ သူ တစ်စုံတစ်ခုကို တွေးမိသွားသည်။ အလွန်စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည်တစ်ခု ဖြစ်သည့် ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ်အကြောင်းကို သူ ကြားဖူးပေသည်။
ရီဇူ ခပ်သွက်သွက် လက်ဆုပ်ကာ အသနားခံလိုက်သည်။
“အရှင်ဟဲ... ဒီကိစ္စက အရမ်းအရေးကြီးနေပါတယ်။ ကျေဇူးပြုပြီး အရှင့်ရဲ့ ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ်ကို သုံးပြီးတော့ ကျွန်တော့်ကို ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေဆီ ပို့ပေးပါ။ ကျွန်တော် အထက်လူကြီးတွေကို ချက်ချင်း ပြန်တင်ပြရပါမယ်။ မဟုတ်ရင် အကျိုးဆက်တွေက ဆိုးဝါးသွားပါလိမ့်မယ်”
ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ်...
အမည်က ရည်ညွှန်းသကဲ့သို့ ၎င်းဆန်းကြယ်စွမ်းရည်သည် အသုံးပြုသူအား အာကာသကိုဖြတ်သန်း၍ အလွန်လျင်မြန်စွာ သွားနိုင်စေပေသည်။ ဟဲပုယွီသာ ကူညီမည်ဆိုလျှင် ရီဇူ ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေဆီ အမြန်ဆုံး ပြန်ရောက်သွားနိုင်သည်။ ထိုအခါ သူ မိစ္ဆာချေဖျက်တောင်ကြားသို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ပြီး ကောင်းကင်ဘုရင်သုံးပါးကို သတင်းပေးနိုင်မည်ဖြစ်သည်။
“ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ်လား”
ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် ထိုဆန်းကြယ်စွမ်းရည်ကို ကြားဖူးကြ၏။ သူတို့နှစ်ယောက်စလုံး မျက်လုံးများ တောက်ပသွားပြီး ဒူးတစ်ဘက်ထောက်ကာ အသနားခံလိုက်ကြသည်။
“အရှင်... ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ကို ကယ်ပါ။ ဟိုမိစ္ဆာကောင် ဆက်ပြီး မကောင်းမှုတွေ မကျူးလွန်နိုင်အောင် တားပေးပါ”
“ဟင့်အင်း...”
ဟဲပုယွီ ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“ငါ လောကရေးရာတွေထဲ ဝင်မပတ်သတ်တော့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ မင်းတို့ပြဿနာတွေကို မင်းတို့ဘာသာ ရှင်းကြပါ။ ငါက ဒီနေရာကို ကာကွယ်ဖို့ပဲ တာဝန်ရှိတယ်”
အစောတွင် ဟဲပုယွီသည် သိမ်းငှက်ဘုရင်လေးကို အပြစ်ပြုလိုက်မိပြီးဖြစ်သည်။ ယနေ့ အခြေအနေက ရှုပ်ထွေးသည်ထက် ပိုရှုပ်ထွေးလာနေသည်။ ထို့ကြောင့် သူ ထိုကိစ္စများကြားတွင် ဝင်မပါလိုတော့ပေ။
ရီဖူ မျက်နှာပျက်သွား၏။ ပိုင်တိထျန်းနှင့် ချိုးရန်တို့လည်း စိတ်လှုပ်ရှားလာသည်။ ကျန်းရီက ကောင်းကင်ယန်ဆန်းကြယ်နယ်မြေတွင် သွားရောက်သတ်ဖြတ်မည်ကို သူတို့ အရေးမစိုက်ပေ။ သူတို့က ကျန်းရီကို သေဆိုလိုခြင်းသာ။ ကျန်းရီသာ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲတွင် သူအလိုရှိသည်ကို ရခဲ့မည်ဆိုလျှင် သိမ်းငှက်ဘုရင်လေးက အာကာပြင်ကို ထပ်စုတ်ဖြဲ၍ သူတို့ အခြားဆန်းကြယ်နယ်မြေတစ်ခုထဲတွင် သွားပုန်းနေနိုင်ပေသည်။ သူတို့ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေသို့ပင် ပြန်သွားနိုင်သည်။
ထိုအခါ ကျန်းရီကို မည်သူက သွားရှာဝံ့ပါတော့မည်နည်း။ သူ နောက်ထက်ရှစ်နှစ် သို့မဟုတ် ဆယ်နှစ် ကျင်ကြံလိုက်ပြီး အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သွားမည်ဆိုလျှင် သူ့ကို မည်သူက သတ်နိုင်တော့မည်နည်း။ ထိုသို့ဖြစ်လာလျှင် ပိုင်မျိုးနွယ်ဝင်များနှင့် ချိုးမျိုးနွယ်ဝင်များက အချည်းနှီးသေခဲ့ရသလို ဖြစ်သွားပေလိမ့်မည်။
ချိုးရန်သည် ဟဲပုယွီကို ခြေဆုံးခေါင်းဆုံးကြည့်၍ ပြောင်းပြန်စိတ်ပညာကို သုံးလိုက်ပေသည်။
“အရှင်... တည်နေရာပြောင်းရွှေ့အစီအရင်က ဖျက်ဆီးခံလိုက်ရပြီပဲ။ အရှင်က ဘာကို သွားကာကွယ်တော့မှာလဲ။ အရှင် အရှင့်ရဲ့တာဝန်ကို မကျေပွန်ခဲ့ဘူးမလား။ ဘာလို့ ဒီအခွင့်အရေးကို အသုံးချပြီး အမှားကို ပြန်မပြင်တာလဲ။ ကိုယ့်မျိုးနွယ်ရဲ့ဂုဏ်ကို ဘာလို့ မဆောင်တာလဲ။ တကယ်လို့ အရှင်သာ ကျွန်တော်တို့ကို ကူညီပေးမယ်ဆိုရင် ကျွန်တော် ချိုးရန် နောက်ကျ အာဏာရှိလာတာနဲ့ အရှင့်ရဲ့မျိုးနွယ်ကို သေချာပေါက် ကာကွယ်ပေးမှာပါ။ ကျွန်တော် ကတိမတည်ဘူးဆိုရင် အသေဆိုးနဲ့သေပါစေ”
ချိုးရန်၏ ရှေ့ပိုင်းစကားများကို ကြားလိုက်ရချိန်တွင် ဟဲပုယွီ၏ သတ်ဖြတ်အရှိန်အဝါ ထွက်လာခဲ့၏။ သူသည် ချိုးရန်ကို တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် လုပ်မိမလိုပင် ဖြစ်သွားသည်။ သို့သော် ဒုတိယပိုင်းကို ကြားပြီးသောအခါ သူ နှုတ်ဆိတ်သွားသည်။ သူ့မျိုးဆက်ထဲတွင် အုပ်ချုပ်သူအဆင့် သိုင်းသမား နောက်တစ်ယောက် ထွက်ပေါ်မလာခဲ့ပေ။ သူကလည်း အိုမင်းကာ သေဆုံးတော့မည်ဖြစ်သည်။
အတိတ်တွင် ဟဲပုယွီ၌ ရန်သူများစွာ ရှိခဲ့သည်။ ရလဒ်အနေဖြင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ သူ့မိသားစုတစ်စုလုံးကို လျှို့ဝှက်ဆန်းကြယ်နယ်မြေတစ်ခုသို့ ပို့ခဲ့ရသည်။ ချိုးမျိုးနွယ်မှာ အင်အားကြီးမျိုးနွယ်တစ်ခုဖြစ်သည်။ သူတို့က ဘုံတစ်ဘုံကို ထိန်းချုပ်ထားသည်။ အကယ်၍ ချိုးရန် အာဏာရလာပြီး ဟဲပုယွီ၏မိသားစုကို ကာကွယ်ပေးမည်ဆိုလျှင် ကောင်းပေလိမ့်မည်။
ပိုင်တိထျန်းသည် ဟဲပုယွီက တုံ့ဆိုင်းသွားကြောင်း တွေ့လိုက်သောအခါ ခပ်သွက်သွက် ဝင်ပြောလိုက်၏။
“အရှင်ဟဲ... ကျွန်တော် ပိုင်တိထျန်းလည်း နောက်ကျ ဘုံအရှင်တစ်ပါး ဖြစ်လာရင် အရှင့်ရဲ့မိသားစုကို စောင့်ရှောက်ပေးပါမယ်လို့ ကတိပေးပါတယ်”
ရီဇူလည်း ဝင်ပြောသည်။
“အရှင်ဟဲ... ကျန်းရီက ဘယ်ကိုသွားလဲဆိုတာ အရှင်လည်း သိတယ်မလား။ အရှင်သာ ဝင်ကူညီပေးမယ်ဆိုရင် ကောင်းကင်ဘုရင်ယိုက အရှင့်ကို ကျေးဇူးတင်မှာပါ”
“ကောင်းပြီလေ...”
ရီဇူ၏ နောက်ဆုံးစကားက ဟဲပုယွီကို စိတ်ပိုင်းဖြတ်စေသွားသည်။ သူ ဝင်ပါရန် ဆုံးဖြတ်လိုက်ပေပြီ။ သူ ထရပ်ကာ ကောင်းကင်ခွင်းတပ်သားများကို ဝေ့ဝဲကြည့်၍ ပြောလိုက်၏။
“အကုန်လုံး ဒီတောင်ထိပ်ပေါ်မှာ စုဝေးနေကြပါ။ ငါ မကြာခင် ပြန်လာခဲ့မယ်”
ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနှင့် နီးသည်။ ဟဲပုယွီ၏ ဆန်းကြယ်စွမ်းရည်နှင့်ဆိုလျှင် အသွားအပြန် နှစ်နာရီလောက်သာ ကြာပေလိမ့်မည်။ အလင်းလွှာက ကောင်းကင်ခွင်းတပ်တစ်တပ်လုံးကို နှစ်နာရီလောက် ကာကွယ်ပေးထားနိုင်ပေသည်။
“ရီဇူ... လုပ်လိုက်ပါ”
ဟဲပုယွီ အော်ပြောလိုက်သည်။ ရီဇူသည် ဝိညာဉ်မျိုးနွယ်၏ အထူးဆန်းကြယ်စွမ်းရည်တစ်မျိုးကို သုံး၍ အာကာပြင်ကို စုတ်ဖြဲလိုက်၏။ ထို့နောက် ဟဲပုယွီသည် ရီဇူကို ဆုပ်ကိုင်၍ အာကာပြင် စုတ်ပြဲရာထဲ လျင်မြန်စွာ ပျံဝင်သွားလိုက်လေသည်။
“ဟင်းဟင်း...”
ဟဲပုယွီနှင့် ရီဇူတို့ ထွက်သွားပြီးနောက် ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခြောက်ကပ်ကပ် ရယ်လိုက်ကြသည်။ ရီဇူသာ အချိန်မီပြန်ရောက်သွားလျှင် ကောင်းကင်ဘုရင်သုံးပါးက သေချာပေါက် လျင်မြန်စွာ တုံ့ပြန်နိုင်ပေလိမ့်မည်။ အချိန်က သိပ်မကြာသေးသဖြင့် ကျန်းရီ ဝေးဝေးသို့ ရောက်ဦးမည် မဟုတ်ပေ။ ယနေ့ကိစ္စများ ဖြစ်ပြီးနောက်တွင် တိရှအရှင်ပင် ကျန်းရီကို ကယ်နိုင်တော့မည် မဟုတ်ချေ။
***
“အရှင်... ကျွန်တော့်ကို ကောင်းကင်ယန်ဆန်းကြယ်နယ်မြေဆီ အရင်ခေါ်သွားပေးမယ်ဆိုရင်ရော ဘယ်လိုပါလဲ။ အဲ့ဒါဆို ကျွန်တော် ကောင်းကင်ယန်မျိုးနွယ်ကို သတိပေးလို့ရတာပေါ့”
ပတ်ဝန်းကျင်တွင် အရာအားလုံး မည်းမှောင်နေသည်။ ထိုပတ်ဝန်းကျင်ထဲ၌ ဟဲပုယွီက ရီဇူကို ကိုင်၍ ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ် ထုတ်သုံးရန် ဟန်ပြင်နေသည်။ ထိုအခိုက်တွင် ရီဇူက ဟဲပုယွီကို ပြောလိုက်သည်။ ဟဲပုယွီသာ ရီဇူကို ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ ခေါ်သွားပေးမည်ဆိုလျှင် သူတို့ ကျန်းရီထက်စော၍ ရောက်သွားပေလိမ့်မည်။ ကောင်းကင်ယန်မျိုးနွယ်ကို ကြိုတင်သတိပေးလိုက်မည်ဆိုလျှင် ကောင်းကင်ယန်မျိုးနွယ်သည် ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားနိုင်ပေမည်။ ထို့ပြင် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေမှနေ၍ ကောင်းကင်ဘုရင်ယိုထံ သတင်းလှမ်းပို့နိုင်သည်။ ထိုအခါ ကောင်းကင်ဘုရင်များ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ ကျန်းရီမရောက်ခင် ရောက်လာနိုင်သည်။ သို့ဆိုလျှင် ကျန်းရီ ရောက်လာသည်နှင့် စွမ်းအားကြီး သိုင်းသမားများကို ရင်ဆိုင်ရပေလိမ့်မည်။
“မဖြစ်ဘူး...”
ဟဲပုယွီက ပြတ်သားစွာ အသံပို့လွှတ်လိုက်၏။
“ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ ပတ်ပတ်လည်မှာ အာကာသဝဲကတော့တွေ ရှိတယ်။ အဲ့ဒါတွေက ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို မင်းလည်း သိမှာပါ။ ငါ ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ်နဲ့ သွားလိုက်လို့ တစ်ခုခုမှားသွားရင် မင်းရော ငါပါ သေရလိမ့်မယ်။ ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေကိုပဲ သွားကြတာပေါ့။ အဲ့ကိုသွားလည်း ဘာမှသိပ်ကွာမှာ မဟုတ်ဘူး”
“အာ... အရှင်ပြောတာ မှန်ပါတယ်”
ရီဇူ ခေါင်းညိတ်လိုက်ရသည်။ ထို့နောက် ဟဲပုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အလင်း လင်းလက်လာ၏။ သူသည် ရီဇူကိုဆွဲခေါ်၍ တိမ်မည်းတစ်အုပ်အဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့ အမှောင်ထုထဲ၌ ပျောက်ကွယ်သွားလေသည်။
ဟဲပုယွီ ဟင်းလင်းပြင်ရှောင်တိမ်းခြင်းအတတ်ကို ထုတ်သုံးလိုက်သည်နှင့် သူ၏အမြန်နှုန်းက အလွန်လျင်မြန်သွား၏။ သူ၏အမြန်နှုန်းက ဟွင့်သွမ့်နတ်ဘုရားလှေထက်ပင် အဆများစွာ ပိုမြန်သည်။ ရီဇူတစ်ယောက် အမြန်နှုန်းကြောင့် ခေါင်းပင်မူးလာပေသည်။ သူသည် တည်နေရာပြောင်းရွှေ့အစီအရင်ကို ဆက်တိုက်သုံးမိသော စိတ်ဝိညာဉ်အားနည်သူတစ်ယောက်ကဲ့သို့ ခံစားနေရပေသည်။
“ငါတို့ရောက်ပြီ”
တစ်နာရီအတွင်းမှာပင် ရီဇူ အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရ၏။ သူ မူးဝေစွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့အရှေ့တွင် ရွှေရောင်အလင်းပြင်တစ်ခု တောက်ပနေသည်။ သူ့မျက်လုံးများက အလင်းကို အသားကျလာမှ သူတို့ အမှန်ပင် ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေသို့ ရောက်လာပြီဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့လိုက်ရပေသည်။ သူ လျင်မြန်စွာ လက်ဆုပ်၍ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အရှင်... ကျွန်တော် ကိစ္စတွေကို ခေါင်းဆောင်သုံးယောက်ဆီ သွားတင်ပြလိုက်ပါမယ်”
ဝှစ်...
ဟဲပုယွီသည် စကားတစ်ခွန်းမှ မပြောဘဲ တိမ်မည်းတစ်အုပ်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ ရီဇူ သူ့အရှေ့ရှိ ရွှေရောင်အလင်းဆီသို့ လျှောက်သွားလိုက်သည်။ သူ ရွှေရောင်အလင်းကို ဖြတ်သန်းလိုက်သောအခါ သူ့ခန္ဓာကိုယ်က ကြည်လင်လာပြီး ရွှေရောင်အလင်းနှင့် တစ်သားတည်းဖြစ်သွား၏။ ထို့နောက် သူ ဆန်းကြယ်နယ်မြေထဲ၌ ပြန်ပေါ်လာပေသည်။
ဝှစ်...
ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေက ဆန်းကြယ်နယ်မြေအသေးလေးတစ်ခုပင်။ ၎င်းကို မျိုးနွယ်ကြီးတစ်ခုက အုပ်စိုးထားသည်။ ရီဇူသည် လက်ထဲတွင် အမိန့်ပြားတစ်ပြားကိုကိုင်၍ တောင်မြင့်တစ်လုံးပေါ်သို့ ပြေးတက်ကာ ၎င်းတောင်ပေါ်ရှိ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုထဲ ဝင်လိုက်သည်။
ရွှီး...
တည်နေရာပြောင်းရွှေ့အစီအရင်၏ အလင်းက ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ နာရီများစွာ တည်နေရာပြောင်းရွှေ့ပြီးနောက်တွင် ရီဇူ မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရောက်သွားသည်။
ရဲတိုက်များထဲမှနေ၍ စွမ်းအားကြီး သိုင်းသမားများ ပျံထွက်လာကြ၏။ ခေါင်းဆောင်သုံးယောက်လည်း ချက်ချင်း ထွက်ပေါ်လာသည်။ ကောင်းကင်ဘုရင်ဝူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။
“ရီဇူ... ဘာတွေဖြစ်နေတာလဲ။ တည်နေရာပြောင်းရွှေ့အစီအရင်ကို ဘယ်သူက ဖျက်ဆီးခဲ့တာလဲ”
ရီဇူတစ်ယောက် အသက်ရှူချိန်ပင် မရဘဲ တင်ပြလိုက်ရ၏။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို သိမ်းငှက်ဘုရင်လေးက ဖျက်ဆီးခဲ့တာပါ။ နောက်မှ ကျွန်တော် အသေးစိတ်တင်ပြပါမယ်။ ခေါင်းဆောင်ယို... အခုချက်ချင်း ခေါင်းဆောင်ရဲ့ မျိုးနွယ်ဆီ ပြန်သွားလိုက်ပါ။ ဆက်စောင့်နေရင် ကျန်းရီက ခေါင်းဆောင်ရဲ့ မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်လိုက်လောက်ပါတယ်”