ဧကရာဇ်အဆင့်
Vol. 113 Ch. 1567
“ကျန်းရီလား”
မိစ္ဆာချေဖျက်တောင်ကြားထဲရှိ လူများသည် ရန်ထျန်းဖန်၊ ပိုင်တိထျန်းနှင့် အခြားသူများက ကျန်းရီကို ပထမဆုံး ပြန်မြင်လိုက်စဉ်ကကဲ့သို့ တုံ့ပြန်လိုက်ကြ၏။ သူတို့၏မျက်ဝန်းများထဲတွင် ရှုပ်ထွေးများ ပြည့်နှက်သွားသည်။ တစ်ချိန်တည်းမှာပင် ပြောင်းလဲလာသော အခြေအနေများကြောင့် သူတို့ အော်ရယ်ပစ်လိုစိတ်များလည်း ပေါက်လာကြသည်။ ခေါင်းဆောင်သုံးယောက်သည် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ ထို့နောက် ကောင်းကင်ဘုရင်ယိုက အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။
“ရီဇူ... မင်း ဘာပြောတာလဲ။ ကျန်းရီက အသက်ရှင်နေသေးတာလား။ မင်း သေချာလား”
ရီဇူ ခေါင်းညိတ်ကာ ပြန်ပြောသည်။
“သေချာပါတယ်။ ကျွန်တော် အပြစ်ဆေးကြာဆန်းကြယ်နယ်မြေကို သွားပြီး သေချာစုံစမ်းခဲ့တာပါ။ ကျန်းရီက မသေသေးပါဘူး။ သူက ကောင်းကင်ခွင်းတပ်ရဲ့ တပ်သားတွေအကုန်လုံးကိုတောင် သတ်ပစ်ဖို့ လုပ်ခဲ့တာပါ။ ပိုင်တိထျန်း၊ ချိုးရန်နဲ့ တခြားလူအနည်းငယ်ကလွဲလို့ ကျန်တဲ့သခင်လေးတွေအကုန်လုံး သေသွားပါပြီ။ စစ်သူကြီးရန်က အာကာပြင်ကို စုတ်ဖြဲပြီး ထွက်ပြေးသွားပါတယ်။ သိမ်းငှက်ဘုရင်လေးက ကျန်းရီကို ခေါ်ပြီး စစ်သူကြီးရန်ကို လိုက်ဖမ်းနေပါတယ်။ ခေါင်းဆောင်ယို... မေးခွန်းတွေအများကြီး မေးမနေပါနဲ့တော့။ မဟုတ်ရင် ကျွန်တော်တို့ ရောက်သွားတဲ့အချိန်ကျ အလောင်းတွေပဲကောက်နေရပါလိမ့်မယ်”
“ကျန်းရီ... မျိုးမစစ်ကောင်”
ကောင်းကင်ဘုရင်ယိုက ဒေါသတကြီး အော်လိုက်၏။ ထို့နောက် သူ့ရဲတိုက်ဆီသို့ ချက်ချင်းပျံသန်းသွားလိုက်သည်။ သူ့ရဲတိုက်ထဲတွင် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ တည်နေရာပြောင်းရွှေ့ပေးနိုင်သော ကိုယ်ပိုင်တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိပေသည်။ ရီဇူက ထိုကဲ့သို့သော ကိစ္စမျိုးကို လိမ်နေခြင်း မဟုတ်နိုင်ပေ။ ထို့ကြောင့် ကောင်းကင်ဘုရင်ယို မေးခွန်းများ ဆက်မေးမနေဝံ့တော့ချေ။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေက ကောင်းကင်ယန်ဆန်းကြယ်နယ်မြေနှင့် အလွန်နီးကြောင်း သူသိသည်။ သိမ်းငှက်ဘုရင်လေးက ဦးဆောင်နေလျှင် ကျန်းရီ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ လျင်မြန်စွာ ရောက်သွားနိုင်ပေသည်။
ကျန်းရီက ရန်ထျန်းဖန်ကိုပင် လိုက်ဖမ်းနေသည်။ သူ၏ တိုက်ခိုက်စွမ်းအားက ရန်ထျန်းဖန်၏ တိုက်ခိုက်စွမ်းအားထက် သာလွန်နေလောက်ပေပြီ။ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲတွင် စွမ်းအားကြီး သိုင်းသမားများစွာ ရှိသော်လည်း အုပ်ချုပ်သူအဆင့် သိုင်းသမား မရှိပေ။ အကယ်၍ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်လာပါက ကောင်းကင်ယန်မျိုးနွယ်၏ ကြိုးပမ်းခဲ့ရမှုများက သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
“သွားမယ်...”
ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်နှာထားများက ရှုပ်ထွေးနေသည်။ ကျန်းရီ အသက်ရှင်နေသေးသည့်အတွက် သူတို့ အံ့ဩရမည်လော၊ တုန်လှုပ်ရမည်လောကို မသိပါပေ။ သို့သော် ကျန်းရီက လူများစွာကို သတ်ခဲ့ကြောင်း ကြားလိုက်သောအခါ သူတို့ ဒေါသထွက်သွားကြပေသည်။
ကျန်းရီက အလွန်မိစ္ဆာဆန်စွာ ပြုမူနေသည်။ သူသည် မစဉ်းစားမဆင်ခြင်ဘဲ၊ အကျိုးဆက်များကို အရေးမစိုက်ဘဲ သတ်ဖြတ်နေသည်။ သူက သခင်လေးများစွာကိုလည်း သတ်ခဲ့သေးသည်။ ထို့ကြောင့် ကောင်းကင်ဘုရင်နှစ်ပါး မည်သို့ဆက်လုပ်ရမည်ကို မသိဖြစ်နေကြသည်။ သူတို့ ကျန်းရီကို အရင်ဖမ်းပြီးမှ မည်သို့ဆက်လုပ်ရမည်ကို ဆုံးဖြတ်ရပေမည်။
‘မဟုတ်သေးဘူး...’
လမ်းတစ်ဝက်တွင် ကောင်းကင်ဘုရင်ဝူသည် ရုတ်တရက် ရပ်တန့်ကာ ကောင်းကင်ဘုရင်လုံကို လှည့်ပြောလိုက်၏။
“လောင်လုံ... မိစ္ဆာချေဖျက်တောင်ကြားထဲမှာ နေခဲ့ပြီး ထူးဆန်းတာတစ်ခုခု ဖြစ်လာမလားဆိုတာ စောင့်ကြည့်နေပါ။ သခင်လေးတွေ အများကြီး သေခဲ့ပြီ... အဲ့သတင်းကို ဖုံးဖိထားနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ မျိုးနွယ်ခေါင်းဆောင်တွေ ရောက်လာခဲ့ရင် သူတို့ကို ဒေါသထိန်းပြီး စောင့်နေခိုင်းလိုက်ပါ။ ကျုပ် ကျန်းရီကို ကိုယ်တိုင်သွားဖမ်းပြီး သင့်တင့်တဲ့ ရှင်းပြချက် ပေးပါမယ်”
“ကောင်းပါပြီ”
ကောင်းကင်ဘုရင်လုံသည် ခေတ္တမျှ တွေးတောလိုက်ပြီး ကောင်းကင်ဘုရင်ဝူ၏ စကားများက အဓိပ္ပာယ်ရှိကြောင်း သဘောပေါက်သွားသည်။ သခင်လေးများထံတွင် အခြေခံကျောက်စိမ်းအဆောင်များ ရှိနေနိုင်သည်။ သူတို့ သေသွားသည်နှင့် သူတို့၏ အခြေခံကျောက်စိမ်းအဆောင်များက ပျက်စီးသွားမည်ဖြစ်သည်။ ထိုအခါ သူတို့၏မျိုးနွယ်များက သူတို့ သေဆုံးသွားကြောင်းကို ချက်ချင်း သိသွားပေလိမ့်မည်။ မကြာခင်တွင် မျိုးနွယ်အသီးသီးက မိစ္ဆာချေဖျက်တောင်ကြားသို့ ရောက်လာကာ ရှင်းပြချက် တောင်းလောက်သည်။ အကယ်၍ သူတို့နှစ်ယောက်စလုံး ထွက်သွားပြီး လူအုပ်ကိုထိန်းမည့်သူ တစ်ယောက်မှ မကျန်ခဲ့လျှင် မိစ္ဆာချေဖျက်တောင်ကြားတစ်ခုလုံး ပြောင်းပြန်လန်သွားပေလိမ့်မည်။
ကောင်းကင်ဘုရင်ဝူသည် ကောင်းကင်ဘုရင်ယို၏ ရဲတိုက်ထဲ ပျံဝင်သွား၏။ ကောင်းကင်ဘုရင်ယိုက တည်နေရာပြောင်းရွှေ့ရန် ဟန်ပြင်နေပေပြီ။ ကောင်းကင်ဘုရင်ဝူ ဝင်လာသည်ကို မြင်သောအခါ သူ မည်သို့မှ မပြောပေ။ သူ၏ မျက်ဝန်းများကမူ နီရဲနေသည်။ မကြာခင်မှာပင် တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာပြီး သူတို့နှစ်ယောက်စလုံး အစီအရင်အတွင်းမှာ ပျောက်ကွယ်သွားလေတော့သည်။
***
ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်ယိုတို့ ထွက်သွားပြီးနောက်တွင် မိစ္ဆာချေဖျက်တောင်ကြားတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်လာသည်။ လျှို့ဝှက်သတင်းပို့ အစီအရင်များ တစ်ခုပြီးတစ်ခု လင်းလက်လာကာ မျိုးနွယ်အသီးသီးသို့ သတင်းများ ပို့နေကြသည်။ လူများစွာသည် ရီဇူထံသို့လည်း အသံပို့လွှတ်ကာ ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ် မေးမြန်းနေကြသည်။
ကောင်းကင်ဘုရင်လုံသည် ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို အသေးစိတ် မေးလိုက်၏။ ထို့နောက် သူ့မျက်နှာထား မည်းမှောင်သွားသည်။ အစောတွင် ရီဇူက အသေးစိတ် ပြောမပြခဲ့ခြင်းမှာ အလျင်လိုနေခဲ့၍ပင်။ သူသည် သူကိုယ်တိုင် မြင်ကြားခဲ့ရသော အရာအချို့နှင့် ပိုင်တိထျန်းနှင့် အခြားသူများ ပြောပြခဲ့သော အရာအချို့ကို ထိမ်ချန်ထားခဲ့သည်။
ရီဇူ ပြောပြသောအကြောင်းများတွင် ဟာကွက်အနည်းငယ် ရှိနေပုံပေါ်သည်။ သို့သော် တည်နေရာပြောင်းရွှေ့အစီအရင်ကို ဖျက်ဆီးခဲ့သူက သိမ်းငှက်ဘုရင်လေးဖြစ်ကြောင်း သေချာပေသည်။ ယင်းက ကိစ္စကြီးတစ်ခု မဟုတ်ပေ။ မင်ရည်တောင်ပံမျိုးနွယ်က အင်အားကြီးကာ ကြွယ်ဝသည်။ သူတို့အတွက် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ပြန်ဆောက်ပေးဖို့က ပြဿနာ မဟုတ်ပေ။
အဓိကမှာ ကောင်းကင်ခွင်းတပ်မှ လက်ထောက်တပ်မှူးများ၊ တပ်မှူးများနှင့် ထောင်ချီသော သခင်လေးများကို ကျန်းရီက သတ်ပစ်ခဲ့ခြင်းပင်။ ယင်းကို သံသယဖြစ်စရာ မရှိပေ။ ရီဇူက ချိပ်စည်းကျောက်တုံးကိုသုံး၍ တိုက်ပွဲပြင်မှ မြင်ကွင်းအားလုံးကို မှတ်တမ်းတင်လာခဲ့သည်။ သူတို့ ကျန့်ရှမျိုးနွယ်ဝင်များ၏ အလောင်းအချို့ကို မြင်ရသည်။ ထို့ကြောင့် ထိုလူများက ကျန့်ရှမျိုးနွယ်ဝင်များ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
အဘယ်ကြောင့် ကျန်းရီက ထိုသို့ မဆင်မခြင်၊ ရူးရူးမိုက်မိုက် သတ်ဖြတ်ရသနည်း။
ရန်ထျန်းဖန်က ကျန်းရီ၏ဇနီးများကို အမှန်တကယ် ဖမ်းခဲ့လျှင်ပင်၊ ကျန်းရီ၏ဇနီးများက စစ်စည်းမျဉ်းများကို အမှန်တကယ် ချိုးဖောက်ခဲ့လျှင်ပင် သူမတို့ကို မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ခေါ်လာမည်ဆိုလျှင် ကောင်းကင်ဘုရင်များက သူမတို့ အခက်တွေ့အောင် လုပ်ပါမည်လော။ အဘယ်ကြောင့် ထိုမျှအတွက်နှင့် ကျန်းရီက တပ်တစ်တပ်လုံးကို ရှင်းပစ်လိုခဲ့ရသနည်း။ အဘယ်ကြောင့် ထောင်ချီသော သခင်လေးများကို သတ်ပစ်ခဲ့ရသနည်း။
ကောင်းကင်ဘုရင်လုံသည် ထိုအကြောင်းများကို တွေးနေလျှင်လည်း အကျိုးမရှိတော့ဟု မြင်၏။ ဖြစ်ပြီးသည်က ဖြစ်ပြီးသွားပေပြီ။ ကျန်းရီက ခွင့်လွှတ်ပေး၍မရနိုင်သော အမှားတစ်ခုကို ကျူးလွန်ခဲ့သည်။ မိစ္ဆာချေဖျက်စစ်တပ်က သူ့ကို မသတ်လျှင်ပင် ထောင်ချီသော မျိုးနွယ်ကြီးများက သူ့ကို အလွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ သေချာပေါက် သေရတော့မည်ဖြစ်သည်။
ရွှီး...ရွှီး...ရွှီး...
ကောင်းကင်ဘုရင်လုံ အတွေးနက်နေစဉ်တွင် တည်နေရာပြောင်းရွှေ့အစီအရင် ခုနစ်ခု၊ ရှစ်ခုလောက်က တစ်ချိန်တည်း လင်းလက်လာသည်။ ကောင်းကင်ဘုရင်လုံ ခေါင်းခါကာ ခါးသက်သက် ပြုံးလိုက်သည်။ မျိုးနွယ်ကြီးများ ရောက်လာပေပြီ။ မိစ္ဆာချေဖျက်တောင်ကြားက စည်ကားလာပေတော့မည်။
ဘုံကြီးများမှ မျိုးနွယ်ခေါင်းဆောင်များ အမှန်ပင် ရောက်ရှိလာကြသည်။ ကောင်းကင်ဘုရင်လုံသည် ထိုမျိုးနွယ်ခေါင်းဆောင်များကို သူ့ရဲတိုက်ထဲသို့ ဖိတ်ခေါ်၍ ဖြစ်ပျက်ခဲ့သည်များကို အမှန်အတိုင်း ရှင်းပြလိုက်သည်။ ကောင်းကင်ဘုရင်ယိုနှင့် ကောင်းကင်ဘုရင်ဝူတို့က ကျန်းရီကို ဖမ်း၍ ပြန်ခေါ်လာကာ အားလုံးကို ရှင်းပြချက် ပေးပါလိမ့်မည်ဟုလည်း သူ ကတိပေးလိုက်သည်။
ရွှီး...ရွှီး...
တည်နေရာပြောင်းရွှေ့အစီအရင်များက တစ်ခုပြီးတစ်ခု လင်းလက်လာပြီး မျိုးနွယ်အသီးသီးမှ လူများ ဆက်၍ ရောက်ရှိလာကြသည်။ မိစ္ဆာချေဖျက်တောင်ကြားထဲတွင် လူများ ပြည့်ကြပ်လာသည်။ ရောက်လာသူများအားလုံးက အလွန်စွမ်းအားကြီးကြသည်။ အကယ်၍ ကောင်းကင်ဘုရင်လုံသာ ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်ယိုတို့က ကျန်းရီကို ဖမ်းခေါ်လာမည်ဖြစ်ကြောင်း မကြာမကြာ ပြောပေးမနေလျှင် ထိုလူများသည် ကျန်းရီကို ကိုယ်တိုင်လိုက်ဖမ်းကြလောက်ပေသည်။
***
တိရှဘုံ၊ အတွေးမဲ့ပင်လယ်...
မိုလင်းချိုးသည် မြန်နိုင်သမျှအမြန်ဆုံး ပျံသန်းနေ၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ အတွေးမဲ့ပင်လယ်ကို ဖြတ်ကျော်သွားသည်။ အမည်မဲ့ကျွန်းပတ်ပတ်လည်မှ အစီအရင်များက လင်းလက်နေဆဲပင်။ တိရှအရှင်က ကျင့်ကြံနေဆဲဖြစ်သည်။ ထို့ကြောင့် မိုလင်းချိုး ကျွန်းပေါ် မတက်နိုင်ချေ။
မိုလင်းချိုးသည် ခေတ္တမျှစောင့်နေပြီးနောက် အံကြိတ်ကာ အလင်းတန်းတစ်တန်း ထုတ်လွှတ်၍ အမည်မဲ့ကျွန်း ပတ်ပတ်လည်မှ အကာအရံများကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ အကာအရံများက အလင်းက စူးရှလာသဖြင့် မိုလင်းချိုး မျက်လုံးပင်ကျိန်းသွားသည်။ ထို့နောက် အိုမင်းသောအသံတစ်သံ ထွက်ပေါ်လာသည်။
“လင်းချိုး... ဘာဖြစ်လို့လဲ”
မိုလင်းချိုး ခပ်သွက်သွက် ဦးညွှတ်ကာ ပြန်ဖြေလိုက်သည်။
“အရှင်... ကျန်းရီက မသေသေးပါဘူး။ ကျွန်တော်တို့ သူ့သတင်းကို ရပါပြီ”
ဝှစ်...
ကျွန်းပေါ်မှနေ၍ လူတစ်ယောက် ပျံထွက်လာသည်။ တိရှအရှင်၏ မျက်နှာထားက ရွှင်ပြနေပေသည်။ သူ မိုလင်းချိုးကို ကြည့်လိုက်ပြီး မိုလင်းချိုးက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း အတည်ပြုလိုက်သည်။ ပြီးမှ သူ ဝမ်းသာအားရရယ်ကာ ပြောလိုက်၏။
“ဟားဟားဟား... ငါ သိသားပဲ။ သူ့ရဲ့ဆက်ခံသူက ဘယ်လိုလုပ် အလွယ်လေး သေနိုင်မှာလဲ။ အဲ့ကောင်စုတ်က အထဲမှာ ရက်နှစ်ဆယ်တောင် ရှင်သန်နိုင်ခဲ့တာပေါ့လေ။ ဟားဟားဟား...”
“အရှင်...”
မိုလင်းချိုးက ခါးသီးသော မျက်နှာထားဖြင့် ခေါင်းခါလိုက်၏။
“ကျန်းရီက မသေသေးပေမဲ့... အခု သေတော့မှာပါ။ သူက အမှားကြီးတစ်ခုကို ကျူးလွန်ပြီး လူတွေအများကြီးကို သတ်ခဲ့ပါတယ်။ အခု ကောင်းကင်ဘုရင်ဝူနဲ့ ကောင်းကင်ဘုရင်ယိုတို့က သူ့ကို ကိုယ်တိုင်လိုက်ဖမ်းနေကြပါတယ်”
“အာ...”
တိရှအရှင်၏အပြုံး ပျောက်ကွယ်သွားသည်။ သူ မျက်နှာထားတည်တည်ဖြင့် ခေတ္တမျှတွေးကာ မေးလိုက်သည်။
“ဘာဖြစ်ခဲ့တာလဲ။ ငါ့ကို အသေးစိတ်ပြောပြပါ။ ဘာတစ်ခုမှ မချန်ခဲ့နဲ့”
“အဲ့ဒါက ကျွန်တော့်ရဲ့အပြစ်လည်း ပါပါတယ်”
မိုလင်းချိုးသည် အဆိပ်ဝိညာဉ်တို့ မိစ္ဆာချေဖျက်တောင်ကြားသို့ သွားရန် တွေးခဲ့သည်မှစ၍ ဇာတ်ကြောင်းပြန်လိုက်၏။ သူ တိရှအရှင်ကို အရာအားလုံး ပြောပြလိုက်သည်။ တိလင်အာ ပို့လိုက်သော သတင်းကိုလည်း ပြောပြလိုက်သည်။ တိရှအရှင်သည် ထိုအကြောင်းများကို ကြားပြီးနောက် အတွေးနက်သွား၏။ ခေတ္တနေမှ သူ ပြောလိုက်သည်။
“ဝိညာဉ်ဘုရင်ဆီ သတင်းသွားပို့လိုက်။ သူ့ကို ကောင်းကင်ယန်ဆန်းကြယ်နယ်မြေဆီ အမြန်ဆုံးလာပြီး ငါနဲ့အတူ ကျန်းရီကိုကယ်ဖို့ ပြောလိုက်။ သူ့မြေးက ပါရမီထူးတဲ့သူတစ်ယောက်ဆိုတာလည်း ပြောပြလိုက်။ ကျန်းရီသာ ဒီကိစ္စမှာ ရှင်သန်နိုင်မယ်ဆိုရင် သူနဲ့ သိမ်းငှက်စိမ်းဘုရင်ကို ဖြတ်ကျော်ပြီး ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာလိမ့်မယ်”
“ဧကရာဇ်အဆင့် သိုင်းသမားလား။ အဲ့ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မိုလင်းချိုး မျက်လုံးပြူးသွားသည်။ သမိုင်းတစ်လျှောက်တွင် ဧကရာဇ်အဆင့် သိုင်းသမား ဘယ်နှစ်ယောက်သာ ရှိခဲ့သနည်း။ ငါးယောက်သာ ရှိခဲ့သည်။ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က တိုက်ပွဲထဲတွင် ကျဆုံးခဲ့သဖြင့် ယခု လေးယောက်သာ ကျန်တော့သည်။ သို့သော် တိရှအရှင်သည် ကျန်းရီက ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာလိမ့်မည်ဟု ပြောနေခြင်းလော။
ရွှစ်...
တိရှအရှင်သည် မိုလင်းချိုးကို အရေးမစိုက်ဘဲ အရှေ့သို့ ပျံသန်းကာ အာကာပြင်ကို စုတ်ဖြဲလိုက်၏။ ထို့နောက် သူ စုတ်ပြဲရာအတွင်းဝင်ကာ ပျောက်ကွယ်သွားလေသည်။
***