← Chapters

ယိုမျိုးနွယ်က လူတွေကိုတော့ သတ်သင့်တယ်

Vol. 113 Ch. 1568

ယိုမျိုးနွယ်က လူတွေကိုတော့ သတ်သင့်တယ်

Vol. 113 Ch. 1568

“ဟင့်အင်း...”

သူတော်စင်ဝိညာဉ်တောင်ပေါ်ရှိ စာကြည့်ခန်းတစ်ခန်းထဲတွင် ရီပုဟွေနှင့် ရီထူတို့က ဒူးထောက်နေကြ၏။ ဝိညာဉ်ဘုရင်က သူတို့နှစ်ယောက်ကို ကျောခိုင်းကာ ခြောက်ကပ်ကပ် ရယ်နေသည်။

ဝိညာဉ်ဘုရင်သည် ရယ်ပြီးမှ ဆက်ပြောသည်။

“အဲ့မျိုးမစစ်ကောင်လေးက လူဘယ်နှစ်ယောက် သတ်ခဲ့လဲ။ ငါ သွားရင်ရော ဘာအကျိုးထူးမှာလဲ။ မိစ္ဆာချေဖျက်တောင်ကြားကနေပြီး ငါ သတင်းရထားပြီးပါပြီ။ သူက ကောင်းကင်ခွင်းတပ်ထဲက သခင်လေးထောင်ကျော်ကို သတ်ခဲ့တာတဲ့။ သူက လုပ်ရဲတဲ့သတ္တိရှိမှ‌တော့ ခံရဲတဲ့သတ္တိလည်း ရှိရမှာပေါ့။ ငါ သူ့ကို သွားမကယ်နိုင်ဘူး။ အဲ့လိုလုပ်လိုက်ရင် လူတွေအများကြီးကို အပြစ်ပြုလိုက်သလို ဖြစ်သွားလိမ့်မယ်။ မင်းတို့တွေက ဘာလို့ ကိုယ့်အတွက် အကျိုး၊ အပြစ်ကို မတွက်တတ်ရတာလဲ”

“သားတော်သိပါတယ်”

ရီထူက တည်ငြိမ်စွာခေါင်းညိတ်၍ ပြန်ပြောသည်။

“ခမည်းတော်... ဖြစ်ခဲ့တဲ့ကိစ္စက တကယ့်ကို ကြီးပါတယ်။ ဒါပေမဲ့ ခမည်း‌တော် ညီမတော်အတွက် တွေးမပေးတော့ဘူးလား။ သားတော်တို့ ဝင်မပါခဲ့လို့ ကျန်းရီ သေလုနီးပါး ဖြစ်ခဲ့ရပါတယ်။ သူက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှ အခက်အခဲတွေအများကြီးကို ဖြတ်ကျော်ပြီး ရှင်သန်‌အောင် နေခဲ့ရတာပါ။ အခုလည်း သားတော်တို့က ဘာမှမလုပ်ဘဲ ဘေးက ရပ်ကြည့်နေဦးမယ်ဆိုရင် အဲ့အကြောင်းကို ညီမတော်သိသွားရင်... သူ ဆက်ရှင်သန်နိုင်ပါဦးမလား”

ရီပုဟွေလည်း ဦးချကာ တောင်းဆိုလိုက်သည်။

“အဘိုးတော်... အဘိုးတော်က ကျန်းရီကို အထင်သေးတယ်ဆိုရင်တောင် သူက အဘိုးတော်ရဲ့ မြေးပါပဲ။ သူက မြေးတော်ရဲ့ တစ်ဝမ်းကွဲညီတော်ပါ။ သွေးက ရေထက်ပစ်ပါတယ်။ တကယ်လို့ ကျန်းရီ သေသွားရင် အရီးတော် အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ မြေးတော်တို့က အရီးတော်သေမှာကို ရပ်ကြည့်နေရမှာပါလား”

“အာ...”

ဝိညာဉ်ဘုရင်၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ မျက်လုံးမှိတ်လိုက်၏။ သူ့မျက်နှာပေါ်တွင် နာကျင်မှုနှင့် ရှုပ်ထွေးမှုတို့ ရောယှက်နေသည်။ သူ အတော်ကြာအောင် နှုတ်ဆိတ်နေပြီးမှ အံကြိတ်ကာ ပြောလိုက်လေသည်။

“ငါက နှလုံးသားမရှိလို့ မဟုတ်ပါဘူး။ ဝိညာဉ်မျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မျိုးနွယ်တစ်ခုလုံးအတွက် ကြည့်ရတယ်။ ဒီနေ့ ငါ ဝင်ပါပြီး အဲ့ကောင်စုတ်လေးကို ကူညီလိုက်မယ်ဆိုရင် တခြားမျိုးနွယ်ကြီးတွေနဲ့ ရန်သူဖြစ်ရလိမ့်မယ်။ အတိတ်တုန်းက ကောင်းကင်ယန်မျိုးနွယ် ဘယ်လိုဖျက်ဆီးခံခဲ့ရလဲ။ ငါက ကျန်းရီအတွက်နဲ့ ငါ့မျိုးနွယ်တစ်ခုလုံးကို ရင်းရမှာလား။ ကျန်းရီမပြောနဲ့ မင်းတို့နှစ်ယောက်နဲ့ ဖျောင်ဖျောင်ရဲ့ အသက်ကတောင် မျိုးနွယ်တစ်ခုလုံးကို ရင်းဖို့ မတန်ဘူး။ ရီထူ... မင်း အဲ့ဒါကို နားမလည်ရင် ငါ့နေရာကို ဆက်ခံလို့ရမှာ မဟုတ်ဘူး။ ကဲ သွားကြတော့”

“ဟူး...”

ရီထူနှင့် ရီပုဟွေတို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ ဝိညာဉ်ဘုရင် ပြောသည်က မှန်ပေသည်။ မျိုးနွယ်၏အကျိုးက ပုဂ္ဂလအကျိုးထက် များစွာပို၍ အရေးပါသည်။ သူတို့သည်လည်း ထိုသင်ခန်းစာများကို သင်ကြားရင်း ကြီးပြင်းလာကြသူများဖြစ်သည်။ ဝိညာဉ်ဘုရင်သည် ခေါင်းမာသူတစ်ယောက်ဖြစ်သဖြင့် သူ့စိတ်ကို မည်သည့်အခါတွင်မှာ ပြင်မည် မဟုတ်ပေ။

သို့ဖြင့် ရီထူနှင့် ရီပုဟွေတို့နှစ်ယောက် မည်းမှောင်သော မျက်နှာထားများဖြင့် စာကြည့်ခန်းထဲမှ ထွက်ခဲ့ရတော့သည်။ သူတို့ အပြင်သို့ ရောက်သောအခါ အဘိုးအိုတစ်ယောက်က သူတို့ထံသို့ ပျံသန်းလာသည်။ အဘိုးအိုသည် ရီထူအား စာတစ်စောင် ပေးကာ ပြောလိုက်သည်။

“အစ်ကိုထူ.. ဒါက တိရှအရှင် ပို့လိုက်တဲ့ မျိုးနွယ်ခေါင်းဆောင်အတွက် သတင်းစကားပါ”

“အန်...”

ထိုစာမှာ လျှို့ဝှက်သတင်းပို့ အစီအရင်မှ ပို့လိုက်သည့် သတင်းစကားကို ချရေးထားသော စာဖြစ်သည်။ ရီထူသည် စာကို ဖတ်ပြီးနောက် မျက်လုံးများ တောက်ပသွား၏။ သူ ချက်ချင်းပင် စာကြည့်ခန်းထဲ ပြန်ဝင်လိုက်ပြီး ဝိညာဉ်ဘုရင်ထံ လျှောက်သွားကာ စာကိုကမ်းပေး၍ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ခမည်းတော်... အခု ခမည်းတော် ဝင်ပါရတော့မယ်။ ကျန်းရီကို ကယ်တာက ဝိညာဉ်မျိုးနွယ်တစ်ခုလုံးကို ဆက်တည်ရှိစေမှာပါ။ အဲ့ဒါက သားတော်တို့ မျိုးနွယ်အတွက် အရမ်းအကျိုးရှိပါတယ်”

ဝိညာဉ်ဘုရင်သည် မျက်ခုံးပင့်၍ စာကိုယူကာ ဖတ်လိုက်၏။ သူ့မျက်လုံးများလည်း လင်းလက်လာသည်။ ထို့နောက် သူ အံ့ဩသံဖြင့် ရေရွတ်လိုက်သည်။

“ဧကရာဇ်အဆင့် သိုင်းသမားတဲ့လား။ တိရှအရှင်က ငါ့ကို လိမ်ဖို့ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”

မိုလင်းချိုးသည် တိရှအရှင်၏ စကားလုံးများအတိုင်း အတိအကျ သတင်းပို့ခဲ့ခြင်းပင်။ တိရှအရှင်သည် ကျန်းရီက အနာဂတ်တွင် ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။ ဝိညာဉ်ဘုရင်အတွက် ထိုစကားက ဟာသတစ်ခုနှင့်တူသည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းတစ်လျှောက်တွင် ဧကရာဇ်အဆင့် သိုင်းသမား ငါးယောက်သာ ရှိခဲ့ဖူး၍ပင်။ သို့သော် မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်က ကံဆိုးစွာ ကျဆုံးသွားခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာ ထွက်ပေါ်ခဲ့သည်။ သို့သော် ဧကရာဇ်အဆင့် သိုင်းသမားများ ထပ်မံထွက်ပေါ်မလာခဲ့ပေ။ စွမ်းအားကြီး သိုင်းသမားများသည် အုပ်ချုပ်သူအဆင့်သို့ ရောက်ပြီးနောက်တွင် အဆင့်ထပ်မတက်နိုင်ကြတော့ဘဲ အိုမင်း သေဆုံးသွားကြသည်။ အုပ်ချုပ်သူအဆင့်နှင့် ဧကရာဇ်အဆင့်က တစ်ဆင့်သာခြားသည်။ သို့သော် ထိုတစ်ဆင့်က မိုးနှင့်မြေလောက် ကွာဝေးသည်ဟု ထင်ရပေသည်။

သမိုင်းတစ်လျှောက်တွင် ဟဲပုယွီကဲ့သို့ အုပ်ချုပ်သူအဆင့် သိုင်းသမားများ မည်မျှ ရှိခဲ့သနည်း။

ရှေးဦးဆန်းကြယ်နယ်မြေ၊ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေတို့မှ စောင့်ကြပ်သူများသည် အုပ်ချုပ်သူအဆင့်နှင့်ပင် သေဆုံးသွားခဲ့ကြသည်။ သူတို့အများစုသည် ထိုဆန်းကြယ်နယ်မြေများထဲ၌ နှစ်ပေါင်းဆယ်နှင့်ချီအောင် နေခဲ့ကြသည်။ သို့သော် အဆင့်ထက်မတက်နိုင်ဘဲ သေဆုံးသွားကြသည်ချည်းသာ။ ထို့ကြောင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းရန် မည်မျှခက်ခဲကြောင်း သိနိုင်ပေသည်။

ထို့ကြောင့် ကျန်းရီက ဧကရာဇ်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာနိုင်လိမ့်မည်ဆိုခြင်းကို ဝိညာဉ်ဘုရင် သံသယဖြစ်နေခြင်းဖြစ်သည်။ ရီထူလည်း သံသယဖြစ်နေသည်။ သို့သော် သူ ခေတ္တမျှ တွေးတောကာ ပြောလိုက်လေသည်။

“ခမည်းတော်... ကျန်းရီရဲ့အသက်က ဘယ်လောက်ပဲ ရှိပါသေးလဲ။ သူက ဒီအသက်ရွယ်မှာတင် ရန်ထျန်းဖန်ကို လိုက်ဖမ်းနိုင်နေပြီ။ အထက်ဘုံမှာ သူ့လို ပါရမီရှင်တစ်ယောက် ပေါ်မလာခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ။ သူ့ရဲ့ ပါရမီက မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်ရဲ့ ပါရမီနဲ့ သိပ်မကွာဘူးမလား။ သူက ဒုတိယ မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ် ဖြစ်လာနိုင်မယ်ဆိုရင်...”

“ကောင်းပြီ...”

ဝိညာဉ်ဘုရင် စိတ်ဆုံးဖြတ်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“ငါ အဲ့ကို သွားလိုက်ပါမယ်။ တိရှအရှင်... ခင်ဗျား ကျုပ်ကို လိမ်ရင်တော့ ကျုပ် ခင်ဗျားကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ရီထူ... သူတော်စင်ဝိညာဉ်တောင်ကို စောင့်ရှောက်ထားပါ။ ငါ အရင်သွားနှင့်မယ်... မင်းက ရီဖူတို့ကို ကောင်းကင်ယန်ဆန်းကြယ်နယ်မြေနားကို လိုက်ခဲ့ပြီး ငါစုံစမ်းတာကို စောင့်နေဖို့ ပြောလိုက်”

ရွှက်...

ဝိညာဉ်ဘုရင်သည် ရုတ်ခြည်း လေထုကို စုတ်ဖြဲ၍ စုတ်ပြဲရာအတွင်း ဝင်ကာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားသည်။ စာကြည့်ခန်းထဲရှိ လေထုက တုန်ခါသွားပြီး စုတ်ပြဲရာက ဖြည်းဖြည်းချင်း ပြန်ဆက်သွားပေသည်။

“ဟုတ်ပြီ...”

ရီထူသည် လက်အောက်ငယ်သားအချို့ကို ချက်ချင်း ဆင့်ခေါ်၍ ဝိညာဉ်ဘုရင်၏ အမိန့်များကို ပြောလိုက်သည်။ ထို့နောက် သူ ဝမ်းမြောက်မှုများ ပြည့်နေသော မျက်နှာထားဖြင့် ရွေတ်လိုက်လေသည်။

“ဒီတစ်ခေါက် ခမည်းတော်နဲ့ တိရှအရှင်တို့ ပူးပေါင်းကြမှာဆိုတော့ ကောင်းကင်ဘုရင်ဝူတို့တောင် သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ သူတို့ ကျန်းရီကိုကယ်ပြီး တစ်နေရာရာမှာ ဖွက်ပေးထားနိုင်ရင်... ကျန်းရီ အုပ်ချုပ်သူအဆင့်ကို ရောက်သွားတာနဲ့ သူ့ကို ဘယ်သူမှ သတ်နိုင်တော့မှာ မဟုတ်ဘူး။ ကျန်းရီ... မင်း တောင့်ခံထားရမယ်။ ခမည်းတော်နဲ့ တိရှအရှင်တို့ ရောက်လာတဲ့အထိ မင်း တောင့်ခံထားရမယ်”

***

ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်ယိုတို့ တည်နေရာပြောင်းရွှေ့ခဲ့သော အချိန်က တိရှအရှင် အာကာသထဲ ဝင်သွားသည့်အချိန်နှင့် တစ်ထပ်တည်းနီးပါး တူညီပေသည်။ ထိုအချိန်မှာ ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ အာကာသထဲဝင်၍ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေဆီသို့ သွားပြီးနောက် ဆယ့်နှစ်နာရီအကြာတွင်ဖြစ်သည်။

မည်းမှောင်နေသော အာကာသထဲတွင် အလင်းတစ်ပွင့်ပင် ရှိမနေချေ။ ဧရာမ ဟွင့်သွမ့်နတ်ဘုရားလှေကြီးတစ်စင်းက အာကာသကို ဖြတ်ကာ ပျံသန်းနေသည်။ ၎င်းလှေကြီး၏ အကာအရံများက ခပ်မှိန်မှိန် အစိမ်းရောင်အလင်း ထုတ်လွှတ်နေသည်။ လှေက အသံတစ်ချက်မထွက်ဘဲ အလွန်လျင်မြန်စွာ ပျံသန်းနေရာ ကြောက်မက်ဖွယ်ပင် ကောင်းပေသည်။ ၎င်းသည် ညကောင်းကင်ကိုဖြတ်၍ ပျံသန်းနေသော ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ပင်။

ထိုဟွင့်သွမ့်နတ်ဘုရားလှေမှာ အထူးတည်ဆောက်ထားသော လှေတစ်စင်းပင်။ လှေက အလွန်ဈေးကြီးပြီး အလွန်လျင်မြန်သည်။ ၎င်း၏အကာအရံများကလည်း အလွန်စွမ်းအားကြီးသည်။ မဟုတ်လျှင် ၎င်းက အာကာသကိုဖြတ်၍ ပျံသန်းနိုင်မည် မဟုတ်ချေ။ သာမန်မျိုးနွယ်များသည် သူတို့ပိုင်သော အရာအားလုံးကို ရောင်းလိုက်မည် ဆိုလျှင်ပင် ထိုလှေတစ်စင်းကို တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့သော လှေတစ်စင်းကို ပိုင်ဆိုင်သည့် မျိုးနွယ်ကြီးများလည်း ရှားပေသည်။ ဟွင့်သွမ့်နတ်ဘုရားလှေကို ဘုံကြီးများက အာကာသထဲတွင် ကင်းလှည့်ရန်နှင့် ၎င်းတို့၏လက်အောက်ခံ ဘုံငယ်များကို စောင့်ကြည့်ရန် သုံးကြသည်။

ယခု အာကာသကိုဖြတ်၍ ပျံသန်းနေသော ဟွင့်သွမ့်နတ်ဘုရားလှေ၏ အနောက်လှေဝမ်းထဲတွင် လူတစ်ယောက်မှ ရှိမနေပေ။ အရှေ့လှေဝမ်းထဲတွင်သာ လူငါးယောက်ရှိနေသည်။ အစိမ်းရောင်ဆံပင်နှင့် လူငယ်က တင်ပျဉ်ခွေထိုင်ကာ သူ၏ဒဏ်ရာများကို ကုသနေသည်။ အခြား အစိမ်းရောင်ဆံပင်နှင့် စွမ်းအားကြီး သိုင်းသမားသုံးယောက်က ပတ်ဝန်းကျင်ကို မပြတ်အာရုံခံကာ အလစ်တိုက်ခိုက်မှုများကို ကာကွယ်ရန် အသင့်ပြင်ထားကြသည်။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အနီရောင်ဆံပင်နှင့် လူငယ်က စိတ်လှုပ်တရှားနှင့် ပတ်ဝန်းကျင်ကို ကြည့်နေပေသည်။ သူသည် ငြိမ်ငြိမ်ထိုင်မနေနိုင်သဖြင့် အရှေ့လှေဝမ်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ အတော်ကြာပြီးနောက် သူ ‌မေးလိုက်လေသည်။

“ကောင်းကင်ယန်ဆန်းကြယ်နယ်မြေကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ”

“အရှင်ကျန်း... စိတ်မလောပါနဲ့”

အစိမ်းရောင်ဆံပင်နှင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ပြန်ဖြေလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ် တွက်ချက်တာသာ မမှားဘူးဆိုရင် ကျုပ်တို့ တစ်နာရီအတွင်း ရောက်မှာပါ”

“တစ်နာရီ...”

အနီရောင်ဆံပင်နှင့် လူငယ်သည် မျက်မှောင်ကြုတ်၍ အရှေ့လှေဝမ်းထဲတွင် ဆက်၍ ခေါက်တုံ့ခေါက်ပြန် လျှောက်နေလိုက်သည်။ ထိုအခိုက်တွင် အရှေ့ဘက်မှနေ၍ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ တစ်စုံတစ်ခုက အာကာသကို ဖြတ်သန်းလာသောအသံကိုလည်း ကြားလိုက်ရသည်။ အစိမ်းရောင်ဆံပင်နှင့် သိုင်းသမားသုံးယောက် ချက်ချင်း မျက်နှာထားပြောင်းသွားပြီး နတ်ဘုရားလှေကို ထိုအသံနှင့် ဝေးရာသို့ မှောင်းနှင်လိုက်၏။ လှေက ကွေ့ဝိုက်ကာ အောက်ဘက်သို့ ပျံဆင်းသွားလေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ရွှေရောင်အလင်းတန်းများက လှေအထက်မှနေ၍ တစ်တန်းပြီးတစ်တန်း ဖြတ်သန်းသွား၏။ ၎င်းတို့သည် ကြယ်ကြွေများကဲ့သို့ အလွန်လှပ၏။ မကြာခင်တွင် ၎င်းတို့ မည်းမှောင်သော အာကာသထဲတွင် ပျောက်ကွယ်သွားပေသည်။ ထိုအခါမှ အစိမ်းရောင်ဆံပင်နှင့် သိုင်းသမားသုံးယောက် သက်ပြင်းချလိုက်ကြသည်။ အာကာသဟင်းလင်းပြင်က ကြောက်မက်ဖွယ်တုန်ခါနေဆဲပင်။ လှေသာ ထိုရွှေရောင်အလင်းတန်းများ ထိမှန်ခံလိုက်ရမည်ဆိုလျှင် စွမ်းအင်များစွာ ကုန်သွားပေလိမ့်မည်။ အကယ်၍ နောက်တစ်ကြိမ် ထပ်မံ၍ ထိမှန်ခံရမည်ဆိုလျှင်မူ လှေက သေချာပေါက် ပျက်စီးသွားမည်ဖြစ်ပေသည်။

တစ်နာရီက အလွန်လျင်မြန်စွာ ကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် အရှေ့၌ တောက်ပလေသာ အလင်းစက်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် ထိုအလင်းစက်ပတ်ပတ်လည်တွင် အလွန်ပြင်းထန်သော တုန်ခါလှိုင်းများ ရှိနေပုံပင်။ အဝေးမှကြည့်မည်ဆိုလျှင် ထိုအလင်းစက်အနီးရှိ ဆယ်ချီသော အာကသဝဲကတော့များကို မြင်ရပေသည်။

“ဝဲကတော့တွေက အဲ့လောက်တောင်များတယ်လား”

အစိမ်းရောင်ဆံပင်နှင့် သိုင်းသမားသုံးယောက်၏ မျက်နှာထားများ မည်းမှောင်သွားကြသည်။ သူတို့ တင်ပျဉ်ခွေထိုင်သော လူငယ်ကို လှမ်းကြည့်ကာ ပြောလိုက်ကြသည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်... ကောင်းကင်ယန်ဆန်းကြယ်နယ်မြေနားမှာ အာကာသဝဲကတော့တွေ အများကြီးရှိနေပါတယ်။ ကျုပ်တို့ စွန့်စားလို့ မဖြစ်ပါဘူး”

အစိမ်းရောင်ဆံပင်နှင့် လူငယ်က မျက်လုံးဖွင့်ကာ အေးစက်စက်ကြည့်လိုက်၏။

“အဲ့ဒါတွေက အာကာသဝဲကတော့တွေပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ ဂရုစိုက်ရင် အဆင်ပြေမှာပါ...”

“ကျန်းရီ...”

အစိမ်းရောင်ဆံပင်နှင့် လူငယ်သည် အနီရောင်ဆံပင်နှင့် လူငယ်ကို ခြေဆုံးခေါင်းဆုံးကြည့်၍ ပြောလိုက်၏။

“ငါ မင်းကို ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲ ခေါ်သွားပေးမယ်။ ဒါပေမဲ့ မင်း အလျင်စလို မလုပ်ဘူးလို့တော့ ငါ့ကို ကတိပေးပါ။ မင်း အပြစ်မဲ့တဲ့သူတွေကို သတ်လို့မရဘူး။ လူတွေကို မဆင်မခြင် သတ်မယ်ဆိုရင် တခြားသူတွေ ဒေါသထွက်သွားလိမ့်မယ်။ အဲ့ကျရင် ဘယ်သူမှ မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး”

အနီရောင်ဆံပင်နှင့်လူငယ်က ခေါင်းညိတ်လိုက်၏။

“ကျွန်တော် ဘယ်တုန်းကမှ အပြစ်မဲ့တဲ့သူတွေကို မသတ်ခဲ့ပါဘူး။ ကောင်းကင်ယန်မျိုးနွယ်က လူတွေက ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ သူတို့ ကျွန်တော့်ကို ရန်မစဘူးဆိုရင် ကျွန်တော် သူတို့ကို သတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ယိုမျိုးနွယ်က လူတွေကိုတော့ သတ်သင့်တယ်”

All Chapters