ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမား၏ ကျူးကျော်မှု
Vol. 113 Ch. 1569
ကျန်းရီတို့ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေနှင့် နီးကပ်၍ လာပေပြီ။ ယခုတွင် သူတို့ အာကာသဝဲကတော့များကို ပို၍ရှင်းလင်းစွာ မြင်လာရပြီဖြစ်သည်။ ထိုအာကာသဝဲကတော့များက အာကာသဟင်းလင်းပြင်ထဲတွင် အလိုလို ဖြစ်တည်လာခဲ့ကြခြင်းဖြစ်ပြီး ဝဲကတော့တစ်ခုလျှင် ကီလိုမီတာငါးသောင်းကျယ်ပေသည်။ ကျန်းရီသည် ထိုဝဲကတော့များထဲရှိ အရာများကို မမြင်ရပေ။ ၎င်းတို့နှင့် ကီလိုမီတာငါးဆယ်အကွာသို့ ရောက်သောအခါ ဟွင့်သွမ့်နတ်ဘုရားလှေက နှေးလာသည်။ လှေကို ထိန်းချုပ်နေသူက နောက်သို့ ချက်ချင်းပြန်မလှည့်လျှင် သူတို့ ဝဲကတော့ထဲ စုပ်ယူခံရတော့ပေမည်။
ကောင်းကင်ယန်ဆန်းကြယ်နယ်မြေက ကြီးမားပုံမပေါ်ချေ။ ၎င်းနယ်မြေက အချင်းကီလိုမီတာငါးသောင်းသာ ရှိလိမ့်မည်ဟု ကျန်းရီ ခန့်မှန်းသည်။ ထိုနယ်မြေပတ်ပတ်လည်တွင်မူ ဆယ်ချီသော အာကာသဝဲကတော့များ ရှိနေသည်။ ထို့ကြောင့် နတ်ဘုရားလှေသည် ဆန်းကြယ်နယ်မြေအနား မကပ်နိုင်ဖြစ်နေသည်။
“ဆန်းကြယ်နယ်မြေပတ်ပတ်လည်က အဲ့ရွှေရောင်အလင်းက ဘာလဲ”
ကျန်းရီသည် ဆန်းကြယ်နယ်မြေအပြင်မှ ရွှေရောင်အလင်းကို စိတ်ဝင်တစား လှမ်းကြည့်လိုက်၏။ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေအပြင်ဘက်တွင်လည်း ထိုကဲ့သို့သောအလင်း ရှိပေသည်။ သို့သော် သိမ်းငှက်ဘုရင်လေးက ဆန်းကြယ်နယ်မြေထဲမှ ထွက်ပြီးချင်းချင်း နတ်ဘုရားလှေထဲဝင်ကာ ဒဏ်ရာကုသနေခဲ့၍ ကျန်းရီ မေးခွန်းများ မေးခွင့်မရခဲ့ချေ။
“အဲ့ဒါက ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့ပါ”
သိမ်းငှက်ဘုရင်လေးက ရှင်းပြသည်။
“ဆန်းကြယ်နယ်မြေတိုင်း၊ ဘုံတိုင်းရဲ့ အပြင်မှာ အဲ့ဒါရှိတယ်။ မင်း တက်လှမ်းလာခဲ့တုန်းက မမြင်ခဲ့ဘူးလား။ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့က ဘုံတွေကို ကာကွယ်ပေးတာ... အရမ်းကြောက်စရာကောင်းတယ်။ ငါ့မှာသာ ရှေးဦးဝိညာဉ်ရတနာချပ်ဝတ် မရှိဘူးဆိုရင် အဲ့ဒါကို ဖောက်ဝင်ရဲမှာ မဟုတ်ဘူး”
“ဪ...”
ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်အပြင်ဘက်မှ ဝိညာဉ်လေများကို ပြန်အမှတ်ရသွား၏။ ထိုစဉ် သိမ်းငှက်ဘုရင်လေးက ရုတ်တရက် အော်ပြောလိုက်သည်။
“ဟုတ်ပြီ.... ခင်ဗျားတို့သုံးယောက် အပြင်မှာ စောင့်နေလို့ရပါတယ်။ ကျွန်တော် ကျန်းရီကိုခေါ်ပြီး အထဲဝင်သွားမယ်။ ကျန်းရီရဲ့ဇနီးတွေကို ကယ်ပြီးတာနဲ့ ကျွန်တော်တို့ ချက်ချင်းပြန်ထွက်လာခဲ့မယ်”
“မျိုးနွယ်ခေါင်းဆောင်ငယ်...”
စွမ်းအားကြီး သိုင်းသမားသုံးယောက်သည် သိမ်းငှက်ဘုရင်လေးကို ဖျောင်းဖျလိုကြ၏။ သို့သော် သိမ်းငှက်ဘုရင်လေးက သူတို့ကို စိုက်ကြည့်လိုက်သဖြင့် သူတို့ မည်သို့မှ ဆက်မပြောဝံ့တော့ချေ။ ထို့နောက် သိမ်းငှက်ဘုရင်လေးသည် ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“သွားကြစို့...”
“အင်း...”
ကျန်းရီသည် သိမ်းငှက်ဘုရင်လေးနောက်သို့လိုက်၍ အနောက်လှေဝမ်းထဲ သွားလိုက်၏။ သိမ်းငှက်ဘုရင်လေးက လှေဝမ်းတံခါးကို ဖွင့်လိုက်သည်။ တံခါးပွင့်သွားသောအခါ သူ့ဦးချိုနှင့် ခန္ဓာကိုယ်က အစိမ်းရောင်အလင်း တောက်ပလာလေသည်။
ဝှစ်...
သိမ်းငှက်ဘုရင်လေးသည် လက်တစ်ဘက်ဖြင့် ကျန်းရီကို ဆုပ်ကိုင်လိုက်ပြီး အရှေ့သို့ ပျံထွက်လိုက်သည်။ သူ၏လက်ရှိအမြန်နှုန်းက သူအပြည့်အဝကောင်းနေစဉ်က အမြန်နှုန်းနှင့် သိပ်မကွာပေ။ ထို့ကြောင့် ကျန်းရီတစ်ယောက် မင်ရည်တောင်ပံမျိုးနွယ်၏ စွမ်းအားကို အံ့အားသင့်နေရပေသည်။ အချိန်တိုအတွင်းမှာပင် သိမ်းငှက်ဘုရင်လေး၏ ဒဏ်ရာများက အပြည့်အဝနီးပါး ပြန်ကောင်းသွားပြီဖြစ်သည်။
‘စုပ်အားက ကောင်းလိုက်တာ’
နတ်ဘုရားလှေထဲမှ ထွက်လိုက်သည်နှင့် ဘယ်ဘက်မှရောက်လာသော အားကောင်းသည့် စုပ်အားကို ကျန်းရီ ခံစားလိုက်ရသည်။ အကယ်၍ သိမ်းငှက်ဘုရင်လေးကသာ သူ့ကို ဆုပ်ကိုင်မထားလျှင် သူ မိုးမြေစွမ်းအား ထုတ်ကာ စုပ်အားကို ခုခံရလောက်ပေသည်။
ဝှစ်...
သိမ်းငှက်ဘုရင်လေးသည် ကျန်းရီကိုဆွဲခေါ်၍ အာကာသဟင်းလင်းပြင်ကို ဖြတ်ပျံသန်းကာ ရွှေရောင်အလင်းတောက်ပနေသော နေရာသို့ ဦးတည်သွားလိုက်၏။ အတော်သွားပြီးနောက် သူတို့၏အရှေ့တွင် ဧရာမဝဲကတော့ကြီးနှစ်ခု ထွက်ပေါ်လာသည်။ သိမ်းငှက်ဘုရင်လေးသည် ဝဲကတော့နှစ်ခုကြားမှ ဖြတ်သွားလိုက်၏။
“အာ...”
သိမ်းငှက်ဘုရင်လေးက အလွန်လျင်မြန်စွာ ပျံသန်းနေသဖြင့် ကျန်းရီ၏ခန္ဓာကိုယ်က စွန်တစ်စင်းကဲ့သို့ ဘယ်ညာ ရွေ့လျားနေသည်။ ဘေးနှစ်ဘက်ကမှ ဝဲကတော့ကြီးနှစ်ခုကလည်း သူတို့ကို စွဲစုပ်နေသည်။ သူတို့က ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ကျန်းရီ ခံစားနေရ၏။ သူတို့ ခြေတစ်လှမ်း မှားလိုက်သည်နှင့် အောက်ခြေမဲ့ချောက်နက်ကြီးထဲ ကျသွားပေလိမ့်မည်။ သူတို့၏ခန္ဓာကိုယ်များလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်ဖြစ်သည်။
သိမ်းငှက်ဘုရင်လေး၏ အကြည့်က အေးစက်နေဆဲပင်။ သူသည် ဘေးနှစ်ဘက်စလုံးကို မကြည့်ဘဲ အရှေ့သို့သာ ဆက်ပျံသန်းကာ အာကာသဝဲကတော့ကြီးနှစ်ခုကို ကြားမှနေ၍ အမြန်ဆုံးအရှိန်ဖြင့် ဖြတ်သွားလိုက်သည်။ သူသည် သူတို့နှစ်ယောက်က အာကာသဝဲကတော့ကြီးတစ်ခုခုထဲ စုပ်ယူခံလိုက်ရမည်ကို မစိုးရိမ်သကဲ့သို့ပင်။
‘တော်တယ်...’
ကျန်းရီ သိမ်းငှက်ဘုရင်လေးကို အလွန်လေးစားသွား၏။ သာမန်လူများသည် ဤကဲ့သို့သော အခြေအနေတွင် စိတ်အေးအေးထားနိုင်မည် မဟုတ်ချေ။ အာကာသဝဲကတော့ကြီးနှစ်ခုကြားမှလည်း ဖြတ်သွားဝံ့လိမ့်မည် မဟုတ်ပေ။ အစောတွင် ကျန်းရီသည် သူ့ခန္ဓာကိုယ်ကို စုပ်ယူနေသော အားကောင်းသည့် စုပ်အားတစ်ခုကို ခံစားခဲ့ရသည်။ အကယ်၍ သိမ်းငှက်ဘုရင်လေးသာ တစ်ချက် ရပ်တန့်လိုက်လျှင် သူတို့နှစ်ယောက်စလုံး အာကာသဝဲကတော့ကြီးထဲသို့ စုပ်ယူခံလိုက်ရမည်ဖြစ်သည်။
“ငါ့ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်”
ရွှေရောင်အလင်းအနီးသို့ ရောက်သောအခါ သိမ်းငှက်ဘုရင်လေးက ရုတ်တရက် ရပ်တန့်ကာ ရှင်းပြလိုက်၏။
“ငါတို့ အာကာပြင်ကို စုတ်ဖြဲပြီး အပြင်ကိုထွက်လာဖို့က လွယ်တယ်။ ဒါပေမဲ့ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် မဟုတ်ရင် ဒါမှမဟုတ် ထူးခြားတဲ့မျိုးနွယ်တစ်ခုက မဟုတ်ရင် အာကာသထဲကနေ ဆန်းကြယ်နယ်မြေထဲ ပြန်ဝင်ဖို့က ခက်လိမ့်မယ်။ မင်းမှာ ရှေးဦးဝိညာဉ်ရတနာချပ်ဝတ် မရှိဘူး။ အဲ့တော့ မင်း ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေကို ဖြတ်တဲ့အခါကျ အပိုင်းပိုင်းပြတ်သွားလိမ့်မယ်”
“ကောင်းပါပြီ”
ကျန်းရီ ခေါင်းညိတ်လိုက်သည်။ သိမ်းငှက်ဘုရင်လေးသည် သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ထုတ်၍ ကျန်းရီကို ထိုအထဲ ပို့လိုက်၏။ ထို့နောက် သူ ရွှေရောင်အလင်းထဲ ပျံသန်းသွားလိုက်ပြီး ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့ကို ဖြတ်သန်းကာ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲ ဝင်လိုက်လေသည်။
ကောင်းကင်ယန်ဆန်းကြယ်နယ်မြေက အမှန်ပင် မကြီးချေ။ သို့သော် နယ်မြေထဲမှ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းသည်။ ဆိုရလျှင် ထိုသိပ်သည်းမှုက မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲမှ သိပ်သည်းမှုနှင့် များစွာမကွာခြားပေ။ ကောင်းကင်ယန်မျိုးနွယ်က နေရာကောင်းတစ်ခုကို ရွေးချယ်၍ တစ်လောကလုံးထံမှ ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။ ဟွင့်သွမ့်နတ်ဘုရားလှေများသည် အာကာသဝဲကတော့များကြောင့် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေအနား မကပ်နိုင်ကြချေ။ သာမန်သိုင်းသမားများကလည်း ထိုဆန်းကြယ်နယ်မြေထဲ မဝင်ဝံ့ကြပေ။ အုပ်ချုပ်သူအဆင့် သိုင်းသမားများထဲတွင်လည်း ကောင်းကင်ဘုရင်ယိုကို အကြောင်းမရှိဘဲ ရန်စမည့်သူ မရှိချေ။
ဝှစ်...ဝှစ်...
သိမ်းငှက်ဘုရင်လေးက လူသူကင်းရှင်းသော နေရာတစ်ခုတွင် ထွက်ပေါ်လာ၏။ ထိုနေရာက မြို့ငယ်လေးတစ်ခု၏ အနီးတွင်ပင်။ ကောင်းကင်ယန်မျိုးနွယ်မှ လူအချို့သည် ဝင်ရောက်လာသူကို သတိပြုမိလိုက်၍ သတိဖြင့် ပျံသန်းလာကြ၏။ သူတို့သည် အဝေးမှနေ၍ အော်ပြောလိုက်ကြသည်။
“ဘယ်သူက ငါတို့ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲ ကျူးကျော်လာရဲတာလဲကွ...အာ.. မင်းက မင်ရည်တောင်ပံမျိုးနွယ်ကလား”
ကောင်းကင်ယန်မျိုးနွယ်သည် အပြင်လောကနှင့် အဆက်အဆံနည်းပါးသည်။ ဆန်းကြယ်နယ်မြေအပြင်သို့ ထွက်ခွင့်မရသော သိုင်းသမားများသည် အပြင်ဘက်တွင် မည်သည့်ကိစ္စများ ဖြစ်နေသည်ကို သိမည် မဟုတ်ပေ။ ထို့ကြောင့် အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် ဆယ်ယောက်လောက် ပျံသန်းလာသော်လည်း မည်သူကမှ သိမ်းငှက်ဘုရင်လေးကို မသိကြချေ။
ဝှစ်...
သိမ်းငှက်ဘုရင်လေးသည် ပမွှားလေးများကို ပြန်ဖြေမနေလိုပေ။ သူ အမြန်ဆုံးအရှိန်ဖြင့် မြောက်ဘက်သို့ ဆက်ပျံသန်းသွားလိုက်သည်။ မိုးမြေဝိညာဉ်စွမ်းအင်က မြောက်ဘက်တွင် ပိုသိပ်သည်းနေကြောင်းကို သူ အာရုံခံမိသည်။ ယိုမျိုးနွယ်၏ ပုန်းအောင်းရာနေရာက သေချာပေါက် မြောက်ဘက်တွင် ရှိပေလိမ့်မည်။ ရန်ထျန်းဖန်ကလည်း ထိုဘက်သို့ သွားပေလိမ့်မည်။
“ရန်သူ တိုက်ခိုက်ပြီ”
သိမ်းငှက်ဘုရင်လေးက လျင်မြန်စွာ ပျံသန်းသွားသောအခါ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင်များ အသံကုန် အော်ပြောလိုက်ကြ၏။ ရုတ်ခြည်းပင် အဝေးရှိ မြို့ထဲမှနေ၍ သိုင်းသမားများစွာ ပျံထွက်လာပြီး သိမ်းငှက်ဘုရင်လေးကို တားရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့၏ ကျင့်ကြံခြင်းအဆင့်လောက်နှင့် သူတို့ သိမ်းငှက်ဘုရင်လေးကို မည်သို့တားနိုင်ပါမည်နည်း။
“ကောင်းကင်ယန်တောင်ကြားကိုသွားပြီး သတင်းပို့လိုက်”
“မြန်မြန် သခင်လေးယိုထျန်းနီကို သွားပြောလိုက်.. စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ငါတို့ဆန်းကြယ်နယ်မြေထဲ ကျူးကျော်လာပြီး ကောင်းကင်ယန်တောင်ကြားဆီ လာနေတယ်လို့။ သူတို့ကို အသင့်ပြင်ထားဖို့ ပြောလိုက်”
“...”
မြို့ငယ်လေးထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုနှင့် လျှို့ဝှက်သတင်းပို့အစီအရင်များစွာ ရုတ်ခြည်း လင်းလက်လာ၏။ ဆန်းကြယ်နယ်မြေထဲတွင် သတင်းပို့လွှတ်မှုများ ပလူပျံသွားပေသည်။ မြို့အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများသည်လည်း ကောင်းကင်ယန်တောင်ကြားဆီသို့ ပျံသန်းသွားသူကသွား၊ တည်နေရာပြောင်းရွှေ့သူကရွှေ့နှင့် လုပ်နေကြသည်။
ဆန်းကြယ်သော ကျူးကျော်သူတစ်ယောက်က ယိုထျန်းနီကိုသတ်ရန် ကောင်းကင်ယန်တောင်ကြားသို့သွားနေသည်။
ထိုသတင်းက အလွန်ကြီးမားပေသည်။ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲရှိ ရာချီသော မြို့များ ရုတ်ခြည်း လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပေသည်။
***
“ကျန်းရီ... ယိုမျိုးနွယ်ရဲ့နေရာက အရှေ့ကတောင်ကြား ဖြစ်လောက်တယ်။ ရန်ထျန်းဖန်ကလည်း အဲ့ကိုပဲသွားတာ ဖြစ်မယ်”
ဆယ့်ငါးမိနစ်အတွင်းမှာပင် သိမ်းငှက်ဘုရင်ဘုရင်လေးသည် ကောင်းကင်ယန်တောင်ကြားကို ရှာတွေ့သွား၏။ သို့သော် သူ ထိုတောင်ကြားအနားသို့ ကပ်မသွားသေးပေ။ သူ တောင်ကြားထဲ ဝင်ရန်လည်း ပြင်ဆင်မထားချေ။
သိမ်းငှက်ဘုရင်လေးက ကျန်းရီကို ကူညီပေးခြင်းသာဖြစ်သည်။ သူ ကောင်းကင်ယန်မျိုးနွယ်နှင့် ရန်သူမဖြစ်လိုပေ။ ထို့ကြောင့် ရီချန်တို့ကို မည်သို့ကယ်တင်မည်ကို ကျန်းရီဘာသာ စဉ်းစားရမည်ဖြစ်သည်။ သူကမူ ကောင်းကင်ယန်မျိုးနွယ်ဝင် တစ်ယောက်ကိုမှ သတ်မည် မဟုတ်ပေ။ သူ ကျန်းရီကို အပြင်ထုတ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“တတ်နိုင်သမျှ အနည်းဆုံး သတ်ပါ။ ဘယ်သူ့ကိုမှ ရန်မစပါနဲ့။ ငါ အနီးမှာ စောင့်နေမယ်။ မင်း သူတို့ကို ကယ်နိုင်မလား၊ မကယ်နိုင်ဘူးလားဆိုတာကတော့ ငါနဲ့ မဆိုင်တော့ဘူး...”
“နှစ်နာရီအတွင်း မင်း ဒီကို ပြန်လာရမယ်။ အဲ့ကျရင် ငါ မင်းကို အပြင်ကို ပြန်ခေါ်သွားပေးမယ်။ ငါ့တွက်ချက်မှုသာ မှန်ရင် ကောင်းကင်ဘုရင်ယိုတို့က ဒီကို နှစ်နာရီအတွင်း ရောက်လာမှာပဲ။ သူတို့ရောက်လာရင် မင်း သေချာပေါက် သေလိမ့်မယ်။ ငါတို့ ပုန်းနေလို့ရမဲ့ အနီးက ဆန်းကြယ်နယ်မြေလေးတစ်ခုကို ငါသိတယ်။ ငါ မင်းကို အဲ့ဆန်းကြယ်နယ်မြေဆီ ခေါ်သွားပေးမယ်။ ငါတို့ ကောင်းကင်ဘုရင်ယိုတို့ လက်ထဲက လွတ်နိုင်မလားဆိုတာကတော့ အခုကစပြီး မင်းအပေါ် မူတည်သွားပြီ”
ကျန်းရီသည် သိမ်းငှက်ဘုရင်လေး၏ စကားများကို အလေးအနက် မှတ်သားထားလိုက်ပြီး ခေါင်းညိတ်ကာ ပြန်ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် သိမ်းငှက်ဘုရင်လေး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျန်းရီ သိမ်းငှက်ဘုရင်လေးအပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားပါပြီ။ တကယ်လို့ ကျွန်တော် နှစ်နာရီအတွင်း ပြန်ရောက်မလာခဲ့ရင် ကျွန်တော့်ကို ဂရုမစိုက်ဘဲ ကိုယ့်ဘာသာ ထွက်သွားလိုက်ပါ”
ဝှစ်...
ကျန်းရီသည် စကားပြောပြီးနောက် အရှေ့သို့ ပျံသန်းသွားလိုက်၏။ သူ နောက်ကို တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။
ငါးမိနစ်ကြာပြီးနောက်တွင် အဝေးမှ ကောင်းကင်ယန်တောင်ကြားကို လှမ်းမြင်လာရ၏။ ကျန်းရီ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းအာရုံခံလိုက်သည်။ ကောင်းကင်ယန်တောင်ကြားထဲတွင် ခမ်းနားသော ရဲတိုက်များစွာ ရှိနေသည်။ ထို့ပြင် ထိုနေရာ၌ အနည်းဆုံး စွမ်းအားကြီး သိုင်းသမား အယောက်တစ်သန်း စုဝေးနေပေသည်။ ထိုသူများထဲတွင် စစ်နတ်ဘုရားအဆင့် သိုင်းသမားများ သောင်းနှင့်ချီ၍ ရှိသည်။ ယိုမျိုးနွယ်က ကောင်းကင်ယန်တောင်ကြား၏ အလယ်ဗဟိုတွင် နေထိုင်ခြင်းဖြစ်ရမည်ဟု ကျန်းရီ ချက်ချင်း ကောက်ချက်ချလိုက်ပေသည်။
ရွှီး...ရွှီး...ရွှီး...
ဆောင်းဥတုပုလဲ လင်းလက်လာပြီး ကျန့်ရှမျိုးနွယ်ဝင်များ တစ်ကောင်ပြီးတစ်ကောင် ထွက်လာ၏။ ၎င်းတို့သည် အပြင်သို့ ရောက်သည်နှင့် စီတန်း၍ ရပ်လိုက်ကြ၏။ ၎င်းတို့၏ သတ်ဖြတ်အရှိန်အဝါများကလည်း ကျန်းရီကို လွှမ်းခြုံသွားသည်။
ကျန့်ရှမျိုးနွယ်ဝင် လေးသိန်းစလုံး အပြင်သို့ ရောက်သောအခါ ကျန်းရီ၏လက်ထဲတွင် ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများကလည်း နီရဲလာသည်။ ထို့နောက် သူ ကျန့်ရှဘုရင်ကို ကြည့်ကာ အမိန့်ပေးလိုက်လေသည်။
“အကုန်လုံး တိုက်ခိုက်ရမယ်။ ကျွန်တော်တို့ကို တားတဲ့သူမှန်သမျှကို ချက်ချင်းသတ်ပစ်ပါ”