လှည့်စားခံလိုက်ရပြီ
Vol. 113 Ch. 1570
ဝှစ်...ဝှစ်...ဝှစ်...
ကျန်းရီက တောင်ကြားအနီးသို့ ရောက်မလာသေးခင်မှာပင် ကောင်းကင်ယန်တောင်ကြားထဲမှနေ၍ မရေမတွက်နိုင်သော တပ်သားများ ထွက်လာသည်။ သူတို့အားလုံးက အဖြူရောင် စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ သူတို့၏ စစ်ချပ်ဝတ်အများစုက အလယ်အလတ်အဆင့် ချပ်ဝတ်များဖြစ်သည်။ ကောင်းကင်ယန်မျိုးနွယ်သည် အထက်ဘုံတွင် ကြီးစိုးခဲ့ဖူးသည့် မျိုးနွယ်တစ်ခုဆိုသည့်အတိုင်း အမှန်ပင် ကြွယ်ဝပေသည်။
သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များသည် စစ်စက်ရုပ်များကဲ့သို့ တိတ်တဆိတ် ပျံသန်းသွားကြ၏။ ကျန်းရီက ထိုမျိုးနွယ်ဝင်များကြားမှနေ၍ အရှိန်အဝါအပြည့်ဖြင့် ပျံသန်းလာသည်။ သူ၏ အနီရောင်ဆံပင်များက လေထဲတွင် ဝဲလွင့်နေ၏။ သူ့မျက်လုံးများလည်း နီရဲနေသည်။ ထို့ကြောင့် ကျန်းရီသည် သက်ရှိအားလုံးကို ရှင်းပစ်ရန် တမလွန်ဘုံမိစ္ဆာများကို ဦးဆောင်လာသည့် မိစ္ဆာဘုရင်တစ်ပါးနှင့် တူနေပေသည်။
ဝှစ်...
ယိုထျန်းနီသည် ဘွဲ့ထူးရစစ်နတ်ဘုရား ရာဂဏန်းအနည်းငယ်ကို ဦးဆောင်၍ ကောင်းကင်ယန်တောင်ကြားထဲမှနေ၍ ပျံထွက်လာ၏။ ကောင်းကင်ယန်တောင်ကြားထဲရှိ စွမ်းအားကြီး သိုင်းသမားအားလုံး ယခု စုဝေးထားပေသည်။ ယိုထျန်းနီ၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး သူ့ဘေးရှိ ရန်ထျန်းဖန်၏ မျက်နှာပေါ်တွင်တော့ အမုန်းတရားများ ပြည့်နှက်နေသည်။
ရန်ထျန်းဖန်က များစွာစော၍ ရောက်မလာခဲ့ပေ။ ကျန်းရီတို့ထက် ငါးမိနစ်သာ ပိုစောခဲ့သည်။ သူ ကောင်းကင်ယန်တောင်ကြားထဲသို့ ရောက်ချိန်တွင် မြို့ငယ်လေးမှနေ၍ ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားတစ်ယောက် ကျူးကျော်လာသည်ဆိုသော သတင်းလည်း ရောက်ရှိလာသည်။ ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားက မင်ရည်တောင်ပံမျိုးနွယ်မှပင်။
ရန်ထျန်းဖန်သည် သိမ်းငှက်ဘုရင်လေးက ကျန်းရီကို ခေါ်၍ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲအထိ လိုက်လာလိမ့်မည်ဟု ထင်မထားပေ။ လူတိုင်း အာကာပြင်ကို စုတ်ဖြဲနိုင်သည် မဟုတ်ပေ။ ထို့ပြင် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ အကြောင်းကို သိထားသူနှင့် ဟွင့်သွမ့်နတ်ဘုရားလှေကို ပိုင်ဆိုင်ထားသူများက များများစားစား မရှိပါပေ။
ယိုထျန်းနီသည်လည်း ကျန်းရီ ပါလာလိမ့်မည်ဟု မထင်ခဲ့ချေ။ သိမ်းငှက်ဘုရင်လေးက တစ်ယောက်တည်း လာခဲ့သည်ဟုသာ ထင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် မြိုငယ်လေးမှ သတင်းရသည်နှင့် ကောင်းကင်ယန်တောင်ကြားထဲရှိ စွမ်းအားကြီး သိုင်းသမားများကို ချက်ချင်းစုစည်းကာ တိုက်ပွဲအတွက် ပြင်ဆင်ထားခဲ့ကြသည်။
ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲတွင် မိစ္ဆာချေဖျက်တောင်ကြားသို့ တိုက်ရိုက် တည်နေရာပြောင်းရွှေ့ပေးနိုင်သည့် တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ရှိသည်။ သို့သော် မိစ္ဆာချေဖျက်တောင်ကြားသို့ တည်နေရာပြောင်းရွှေ့နိုင်ရန် နာရီများစွာ လိုအပ်သည်။ အကယ်၍ တည်နေရာပြောင်းရွှေ့နေစဉ်အတွင်း အစီအရင် ဖျက်ဆီးခံလိုက်ရမည်ဆိုလျှင် တည်နေရာပြောင်းရွှေ့နေသူအားလုံး အာကာသထဲတွင် ညပ်ကာ သေဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် ရန်ထျန်းဖန်က တည်နေရာမပြောင်းရွှေ့ဝံ့ခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးမှာ ယိုထျန်းနီက ထွက်မသွားလိုခြင်းပင်။ သူ့အတွက် ရောက်လာသူက သိမ်းငှက်ဘုရင်လေးဖြစ်စေ၊ ကျန်းရီဖြစ်စေ အရေးမကြီးပေ။ ကောင်းကင်ယန်တောင်ကြားထဲ ပြဿနာလာရှာဝံ့သူတိုင်း ထိုနေရာမှ အသက်ရှင်လျက် ပြန်ထွက်နိုင်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်မှုရှိပေသည်။
ကောင်းကင်ယန်တောင်ကြားအောက်တွင် ဧရာမအစီအရင်ကြီးတစ်ခု ဆင်ထားသည်။ ထိုအစီအရင်က အလွန်ကြောက်မက်ဖွယ်ကောင်းပေသည်။ ထိုအစီအရင်နှင့်ဆိုလျှင် ယိုထျန်းနီသည် သူက သိမ်းငှက်ဘုရင်လေးကိုဖြစ်စေ၊ ကျန်းရီကိုဖြစ်စေ သတ်နိုင်လိမ့်မည်ဟု ယုံကြည်နေပေသည်။
ကျန်းရီ ကောင်းကင်ယန်တောင်ကြားနှင့် နီးကပ်လာ၏။ သူသည် လေထဲမှ သန်းချီသော တပ်သားများကို လျစ်လျူရှုကာ ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့ကိုသာ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေပြီး သူ့ကိုယ်မှနေ၍ သတ်ဖြတ်အရှိန်အဝါ ထွက်နေသည်။ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များ၏ သတ်ဖြတ်အရှိန်အဝါများကလည်း အရှေ့သို့ ထွက်သွားသည်။ ထို့ကြောင့် နတ်ဘုရားဘုရင်အဆင့် တပ်သားများ ကျောစိမ့်သွားကြပေသည်။
ကောင်းကင်ယန်တောင်ကြား အဝသို့ ရောက်သောအခါ ကျန်းရီနှင့် ကျန့်ရှမျိုးနွယ်ဝင်များ ရပ်တန့်လိုက်ကြ၏။ ကျန်းရီသည် လေထဲတွင် စိတ်လှုပ်တရှား ရပ်နေကြသည့် ကောင်းကင်ယန်မျိုးနွယ်တပ်သားများကို ကြည့်၍ အော်ပြောလိုက်၏။
“ဒီနေ့ကိစ္စက ကျွန်တော်နဲ့ ယိုထျန်းနီနဲ့ ရန်ထျန်းဖန်တို့ကြားက ကိစ္စပဲ။ ကျွန်တော် လူတွေအများကြီး မသတ်ချင်ဘူး။ မသေချင်တဲ့သူတွေ ထွက်သွားကြ”
တစ်ယောက်မှ မလှုပ်သလို တစ်ယောက်မှ ထွက်မသွားပေ။
ယိုထျန်းနီက ယိုမျိုးနွယ်၏ တော်ဝင်မိသားစုမှဖြစ်သည်။ ကျန်းရီက ယိုထျန်းနီကို သတ်လိုလျှင် ကောင်းကင်ယန်မျိုးနွယ်တစ်ခုလုံး၏ ရန်သူ ဖြစ်လာမည်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူက ကျန်းရီ၏ စကားများကြောင့် ကြောက်ရွံ့ကာ နောက်ဆုတ်သွားပါမည်နည်း။ ယိုထျန်းနီသည် ကျန်းရီကို စူးစူးဝါးဝါး ကြည့်၍ အော်ပြောလိုက်၏။
“ကျန်းရီ... မင်းမှာ အသက်တွေအများကြီး ရှိတဲ့ပုံပဲ။ မင်းက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲမှာ ရက်နှစ်ဆယ်တောင် ရှင်သန်နိုင်ခဲ့တယ်ပေါ့လေ။ ဒါပေမဲ့ မင်း ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲ ဝင်လာရဲမှတော့ ဒီနေ့ ဘယ်သူမှ မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး”
ယိုထျန်းနီသည် ပြောဆိုပြီးနောက် စွမ်းအားကြီး သိုင်းသမားအချို့ကို အရှေ့သို့ ပျံသန်းလာရန် လက်ဟန်ပြလိုက်သည်။ ထို စွမ်းအားကြီး သိုင်းသမား တစ်ယောက်စီက ဓားစာခံတစ်ယောက်စီကို လည်ပင်းမှဆုပ်ကိုင်၍ ခေါ်လာ၏။ ထိုဓားစာခံများမှာ တိလင်အာ၊ ရီချန်၊ ယဉ်ရို့ပင်းနှင့် စုလောရွှယ်တို့ပင်။ သူမတို့လေးယောက်က သတိမေ့နေကြ၏။ သူမတို့ကို လည်ပင်းမှဆုပ်ကိုင်ထားသည့် သိုင်းသမားများ၏ ကျန်လက်တစ်ဘက်ထဲတွင် ဓားမြှောင်တစ်ချောင်းစီ ရှိနေပေသည်။ သူတို့သည် ထိုဓားမြှောင်များဖြင့် ဓားစာခံများ၏ ခေါင်းကို ချိန်ထားကြသည်။ သူတို့ အနည်းငယ် လှုပ်လိုက်သည်နှင့် ဓားစာခံလေးယောက်၏ ဦးနှောက်များက ချက်ချင်းပေါက်ထွက်သွားမည်ဖြစ်သည်။
“ဟင်းဟင်း...”
ယိုထျန်းနီသည် မနှစ်မြို့ဖွယ်ရယ်ကာ ပြောလိုက်၏။
“ကျန်းရီ... မင်းမှာ ရွေးစရာနှစ်ခု ရှိတယ်။ မင်း ကိုယ့်ရဲ့နတ်ဘုရားအမြုတေကို ကိုယ့်ဘာသာ ဖျက်မလား။ ဒါမှမဟုတ် ငါ သူတို့လေးယောက်ကို မင်းအရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် သတ်ရမလား။ မင်းရွေးချယ်ပါ”
တောင်...တန်...
ယိုထျန်းနီ၏ စကားကို ဗျပ်စောင်းသံက တုံ့ပြန်လိုက်၏။ ကျန်းရီသည် ဗျပ်စောင်းကို လက်နှစ်ဘက်လုံးဖြင့် တီးခတ်ကာ နတ်ဘုရားအသံ ကောင်းကင်အတတ် ထုတ်လွှတ်လိုက်သည်။ သူက အရူးတစ်ယောက် မဟုတ်ပေ။ သူ၏နတ်ဘုရားအမြုတေကို ဖျက်ဆီးလိုက်လျှင်လည်း ရီချန်တို့က ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဗျပ်စောင်းသံဖြင့် ကောင်းကင်ယန်မျိုးနွယ်တပ် တစ်တပ်လုံးကို အသိစိတ်ပျောက်သွားအောင် လုပ်ရန်သာ ရှိတော့သည်။ ထို့နောက်တွင် သူ ကျန့်ရှဘုရင်အား ဓားစာခံများကို သွားကယ်ခိုင်းနိုင်ပေသည်။
“ကျန့်ရှဘုရင် တိုက်ခိုက်”
ကျန်းရီ အမိန့်ပေးလိုက်ရာ ကျန့်ရှဘုရင်က အလင်းတန်းတစ်တန်းအလား အရှေ့သို့ ပျံထွက်သွား၏။ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များလည်း တညီတညွတ်တည်း လှုပ်ရှားလိုက်ကြသည်။ ကျန့်ရှမျိုးနွယ်ဝင် ဆယ်ကောင်ကျော်သည် ထိုင်ခုံတစ်လုံးကဲ့သို့ စုစည်း၍ ကောင်းကင်ကို အရှေ့သို့ သယ်ခေါ်သွားကြပေသည်။
ကျန်းရီက တပ်သားများနှင့် နီးကပ်လာလေလေ၊ ဗျပ်စောင်းသံက တပ်သားများအပေါ် ပိုသက်ရောက်နိုင်လေလေပင်။ ရန်ထျန်းဖန်က အလွန်စွမ်းအားကြီးသည်။ ရန်ထျန်းဖန် အသိပြန်ကပ်သွားသည်နှင့် ရီချန်တို့အား ချက်ချင်း အန္တရာယ်ပြုလိမ့်မည်ကို ကျန်းရီ စိုးရိမ်ပေသည်။ ထို့ကြောင့် ကျန်းရီသည် နောက်တွင် ချန်မနေခဲ့နိုင်ဘဲ ကျန့်ရှမျိုးနွယ်ဝင်များနှင့်အတူ လိုက်သွားရပေမည်။
နတ်ဘုရားအသံ ကောင်းကင်အတတ်က ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ အားလုံး၏ မျက်ဝန်းများက ဝေဝါးသွားကြသည်။ အားလုံး ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို ခံလိုက်ရပေပြီ။ ကျန်းရီ ဝမ်းသာသွားသည်။ သူ ရီချန်တို့နှင့် အနည်းငယ်သာ ကွာဝေးတော့သည်။ ကျန့်ရှဘုရင်က ရန်သူများကို ဖြတ်ကျော်နိုင်လိုက်သည်နှင့် သူ နိုင်တော့မည်ဖြစ်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ကျန့်ရှဘုရင်သည် အနီရောင်အလင်းတန်း တစ်တန်းအလား ရန်သူများကို ဖြတ်ကျော်နေသည်။ ၎င်းသည် ၎င်း၏ ဓားကဲ့သို့သော လက်နှစ်ဘက်ကို ဝှေ့ယမ်းကာ ကောင်းကင်ယန်မျိုးနွယ်တပ်သားများကို ဖရဲသီးလှီးသကဲ့သို့ လှီးဖြတ်ပစ်နေသည်။ မကြာခင်မှာပင် ယိုထျန်းနီဆီသို့ တိုက်ရိုက်ရောက်သည့် လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။
ထိုအခါ ကျန်းရီ ရုတ်တရက် အစီအစဉ်ပြောင်းလိုက်သည်။ သူ ကျန့်ရှဘုရင်အား ဓားစာခံများကို သွားမကယ်ခိုင်းတော့ဘဲ ယိုထျန်းနီကို ဖမ်းစေလိုက်သည်။ ယိုထျန်းနီကို ဓားစာခံလုပ်၍ အပေးအယူလုပ်မည်ဆိုလျှင် ရီချန်တို့ ဘေးကင်းနိုင်ပေသည်။
ရွှက်...ရွှက်...ရွှက်...
ကျန့်ရှမျိုးနွယ်ဝင်များသည်လည်း ကျန့်ရှဘုရင်နောက်သို့ လျင်မြန်စွာ လိုက်သွားကြပြီး လမ်းတစ်လျှောက်ရှိ ကောင်းကင်ယန်မျိုးနွယ်တပ်သားများကို သတ်ဖြတ်နေကြသည်။ အလယ်အလတ်အဆင့် စစ်ချပ်ဝတ်များက အတော်လေး ခံနိုင်ရည်ကောင်းသော်လည်း ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများကို မခံနိုင်ပေ။
‘မြန်မြန်...မြန်မြန်...မြန်မြန်...’
ကျန်းရီသည် အဆင့်နိမ့်တပ်သားများကို အရေးမစိုက်ပေ။ သူသည် ရန်သူ၏ခံစစ်ကို လျင်မြန်စွာ ထိုးဖောက်နေသော ကျန့်ရှဘုရင်ကိုသာ စိုက်ကြည့်၍ ဗျပ်စောင်းကို အဆက်မပြတ် တီးခတ်နေသည်။ ဗျပ်စောင်းမှနေ၍ မကောင်းသောအရှိန်အဝါလည်း ထွက်နေသည်။ အဆင့်နိမ့် နတ်ဘုရားဘုရင်အားလုံး မြေပြင်ပေါ် ပြုတ်ကျသွားကြပြီး နာကျင်တကြီး အော်ဟစ်ကာ လူးလွန့်နေကြပေသည်။
ကျန့်ရှဘုရင်က အလွန်စွမ်းအားကြီးသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သန်းချီသောတပ်သားများကို ဖြတ်ကျော်ကာ လမ်းကြောင်းတစ်ခု ဖော်နိုင်ခဲ့သည်။ ၎င်းသည် အနည်းဆုံး သာမန်တပ်သားတစ်သောင်းကို သတ်ဖြတ်၍ ယိုထျန်းနီထံသို့ ထက်ရှသောဓားတစ်ချောင်းအလား တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
ကျန့်ရှဘုရင်အနောက်တွင် ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များအပေါ်မှနေ၍ လျင်မြန်စွာလိုက်လာသည်။ ကျန့်ရှဘုရင်က ယိုထျန်းနီနှင့် တဖြည်းဖြည်း နီးကပ်သွားနေသည်ကို ကြည့်ရင်း သူ စိတ်လှုပ်ရှားလာပြီး ကျန်နေသေးသော အကွာအဝေးကို စတင် တွက်ချက်လိုက်သည်။
သုံးဆယ်ကီလိုမီတာ၊ ဆယ့်ငါးကီလိုမီတာ၊ ဆယ်ကီလိုမီတာ... သုံးကီလိုမီတာ...
‘တစ်ခုခုတော့ မှားနေပြီ...’
ကျန့်ရှဘုရင်က ယိုထျန်းနီနှင့် သုံးကီလိုမီတာအကွာသို့ ရောက်သောအခါ ကျန်းရီသည် တစ်စုံတစ်ခု မှားနေသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။ ယိုထျန်းနီ၏ ဝေဝါးနေသော မျက်ဝန်းများက ရုတ်တရက် ကြည်လင်လာသည်။ သူ့ဘေးမှ ရန်ထျန်းဖန်ကလည်း တစ်ချိန်တည်းမှာပင် အသိပြန်ကပ်လာသည်။ ထိုနှစ်ယောက်သည် ကျန်းရီကို လှောင်ပြုံးဖြင့် လှမ်းကြည့်လိုက်ကြသည်။
ဝှစ်...
ရန်ထျန်းဖန်၏ လက်ထဲမှနေ၍ အလင်းတန်းတစ်တန်း ထွက်လာပြီး အောက်ဘက်သို့ ဆင်းသွားသည်။ ရုတ်ခြည်းပင် အောက်ဘက်ရှိ မြေပြင်ပေါ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလေသည်။
ရွှီး...
ကောင်းကင်ယန်တောင်ကြားထဲရှိ နေရာအနှံ့မှနေ၍ ရောင်စုံအလင်းတန်းများ တောက်ပလာ၏။ ထိုအလင်းတန်းများက တစ်တန်းနှင့်တစ်တန်း ပေါင်းစည်းသွားပြီး ဧရာမမြွေကြီးတစ်ကောင် ဖြစ်လာသည်။ နောက်ဆုံးတွင် ထိုဧရာမမီးမြွေကြီးသည် ၎င်းအမြီးကို၎င်း ပြန်မျိုကာ ထူးဆန်းသော ဧရာမအစီအရင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းအစီအရင်မှနေ၍ အမျိုးအမည်မသိရသော အရှိန်အဝါတစ်ခု စတင်ထွက်လာသည်။ ရုတ်ခြည်းပင် ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို ခံထားရသော တပ်သားအားလုံး အသိပြန်ကပ်သွားကြသည်။ သူတို့၏ အရှိန်အဝါများလည်း စတင်ထိုးထွက်လာသည်။
“ဒါက...”
ကျန်းရီ ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ပြီးနောက် မှင်တက်သွား၏။ ထိုဧရာမအစီအရင်ကြီး နိုးထလာပြီးနောက်တွင် ကောင်းကင်ယန်တပ်သားများ၏ အင်အားက များစွာတိုးတက်သွားခဲ့သည်။ နတ်ဘုရားဘုရင်အဆင့် ရှိခဲ့သူများက နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်သွားကြပြီး နတ်ဘုရားဧကရာဇ်အဆင့်တွင် ရှိနေခဲ့သူများ၏ အရှိန်အဝါက ရန်ထျန်းဖန်၏အရှိန်အဝါနှင့် ဆင်တူသွားသည်။ ဘွဲ့ထူးရနတ်ဘုရားဧကရာဇ်များ၏ အရှိန်အဝါများကမူ ချီချင်ချန်၏အရှိန်အဝါနှင့်ပင် ယှဉ်နိုင်လာသည်။
သို့သော် ရန်ထျန်းဖန်၏အရှိန်အဝါက တိုးတက်မလာသလို ကျန်းရီလည်း သက်ရောက်မခံရပေ။ ထိုအစီအရင်က ကောင်းကင်ယန်မျိုးနွယ်ဝင်များအပေါ်တွင်သာ သက်ရောက်ပုံပင်။ ရန်ထျန်းဖန်ကမူ ယိုမျိုးနွယ်၏ လက်ပါးစေတစ်ယောက်သာ ဖြစ်ပေသည်။
‘ငါ လှည့်စားခံလိုက်ရပြီ’
နောက်ဆုံးတွင် ကျန်းရီ နားလည်သွားသည်။ ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့က ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို မခံရရန် ဆေးတစ်မျိုး စားထားခြင်း ဖြစ်မည်။ သူတို့သည် အစကတည်းက ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို ခံလိုက်ရသလို ဟန်ဆောင်နေခဲ့ခြင်းပင်။ ယင်းမှာ ကျန်းရီကို ကောင်းကင်ယန်တောင်ကြားထဲ မျှားခေါ်ရန်ဖြစ်သည်။ ကျန်းရီသည် သူတို့၏ ထောင်ချောက်အတွင်းသို့ လိုလိုလားလား ဝင်မိသွားခဲ့ပေပြီ။
“သတ်ကြ...”
ယိုထျန်းနီက အမိန့်ပေးလိုက်သောအခါ မရေမတွက်နိုင်သော စွမ်းအားကြီး သိုင်းသမားများသည် ကျန်းရီထံသို့ ပျံသန်းသွားကြ၏။ ယခုတွင် သူတို့၏ စိတ်ဝိညာဉ်များက သန်မာလာပြီဖြစ်၍ ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို မခံရတော့ပေ။
ကျန်းရီ၏ မှင်တက်သွားသော မျက်နှာထားကို မြင်လိုက်သောအခါ ယိုထျန်းနီ ပြုံး၍ပြောလိုက်သည်။
“ကျန်းရီ... မင်းမပြောနဲ့ ချီချင်ချန်တောင် ဒီကို တစ်ယောက်တည်းရောက်လာခဲ့ရင် အသက်ရှင်ရက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး”