← Chapters

လူမျိုးတုံးသတ်ဖြတ်မှု

Vol. 113 Ch. 1572

လူမျိုးတုံးသတ်ဖြတ်မှု

Vol. 113 Ch. 1572

“သွားမယ်...”

ရန်ထျန်းဖန်သည် သူ၏စိတ်ဝိညာဉ်ကို စွမ်းအားမြှင့်တင်ရန် ဝိညာဉ်ဆေးလုံးတစ်မျိုး သောက်ထားသဖြင့် လက်ရှိတွင် ကျန်းရီ၏ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ကြောက်ရန် မလိုသေးသော်ငြား ဆန်းကြယ်သော လျှို့ဝှက်ကူညီသူ၏ တိုက်ခိုက်မှုက သူ့ကိုလည်း အလွန်ကြောက်ရွံ့သွားစေခဲ့သည်။ သူက ယိုမျိုးနွယ်၏ လက်ပါးစေတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့အတွက်လည်း ယိုထျန်းနီ၏အသက်က အရေးအကြီးဆုံးဖြစ်သည်။ ထို့ပြင် ကျန်းရီ ဤသို့ရောက်လာသည်ဆိုသော သတင်းက မိစ္ဆာချေဖျက်တောင်ကြားသို့ ရောက်ပြီးလောက်ပေပြီ။ ကောင်းကင်ဘုရင်ယိုက ဤသို့ လာနေလောက်ပြီဖြစ်သည်။ ထို့ကြောင့် ရန်ထျန်းဖန်သည် ကျန်းရီကို အစွမ်းကုန်တိုက်ခိုက်ရန် မလိုပေ။

ရန်ထျန်းဖန်တစ်ယောက် ယိုထျန်းနီကို ခေါ်သွားနိုင်မည့် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲရှိ အခြားနေရာများကို တွေးတောလိုက်၏။ သို့သော် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေက အလွန်သေးသည်။ ယခင်တွင် ကောင်းကင်ယန်တောင်ကြားက အလုံခြုံဆုံးနေရာ ဖြစ်ခဲ့သည်။ သို့သော် အစီအရင်ကြီးပင် ဖျက်ဆီးခံလိုက်ရပြီဖြစ်ရာ ဤဆန်းကြယ်နယ်မြေထဲတွင် မည်သည့်နေရာက လုံခြုံပါသေးသနည်း။ ထို့ကြောင့် ရန်ထျန်းဖန် သူ၏ အာကာစုတ်ဖြဲလက်အိတ်များကို ထုတ်၍ အာကာပြင်ကို စုတ်ဖြဲလိုက်၏။ ထို့နောက် ယိုထျန်းနီကိုခေါ်ကာ အာကာပြင်စုတ်ပြဲရာထဲဝင်၍ ထွက်ပြေးလိုက်လေသည်။

“အန်...”

ကျန်းရီသည် ထိုနှစ်ယောက် ထွက်ပြေးသွားသည်ကို မြင်လိုက်သောအခါ မျက်နှာမည်းမှောင်သွား၏။ သူ သူတို့နောက်သို့ လိုက်လိုသော်လည်း ယခု သူတို့က အလွန်ဝေးနေသည်။ ထို့ပြင် သူက အာကာပြင်ကို မစုတ်ဖြဲနိုင်ပေ။ ထို့ကြောင့် သူတို့ ထွက်သွားသည်ကို ကြည့်၍သာ နေရလိုက်ရသည်။

“ကျန့်ရှဘုရင်... အကုန်လုံးကို သတ်ပစ်လိုက်”

ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါ ထွက်လာ၏။ သူ ထိုနှစ်ယောက်ကို ဂရုမစိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ အနီးတွင် ကောင်းကင်ယန်မျိုးနွယ်မှ တပ်သားများ ရှိနေသေးသည်။ ယခု ထိုတပ်သားများက အလွန်အားနည်းနေပြီဖြစ်၍ ထိုသို့သော ရှားပါးအခွင့်အရေးကို သူ လက်လွတ်ခံမည် မဟုတ်ပေ။

တန်...တောင်...

ကျန်းရီသည် ဗျပ်စောင်းကို လျင်မြန်စွာ ဆက်တီးခတ်လိုက်ပြီး သူ့ပတ်ပတ်လည်ရှိ တပ်သားအားလုံးကို ဖိနှိပ်လိုက်သည်။ နတ်ဘုရားဧကရာဇ်အဆင့် တပ်သားများက အတန်ငယ် အသိစိတ်ရှိနေကြသေးသော်လည်း အစီအရင်ဖျက်ဆီးခံလိုက်ရခြင်း၏ သက်ရောက်မှုက အလွန်ကြီးပေသည်။ သိုင်းသမားများ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည် မည်သည့်အစီအရင်တွင်မဆို ဘေးထွက်ဆိုးကျိုးများ ရှိကြမည်သာ။ ယခု သူတို့ ထွက်မပြေးနိုင်လောက်အောင်ပင် အားနည်းနေကြပေပြီ။ သူတို့ စိတ်သွားတိုင်း ကိုယ်မပါကြတော့ပေ။

ရွှက်...ရွှက်...ရွှက်...

ကျန့်ရှမျိုးနွယ်ဝင်များသည် အနီရောင်အလင်းတန်းများအလား ပျံသန်းသွားကြပြီး တပ်သားများကို ၎င်းတို့၏ ဓားကဲ့သို့သော လက်များဖြင့် ခုတ်ပိုင်းလိုက်ကြ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် တပ်သားထောင်ကျော် သေဆုံးသွားသည်။ ကျန်တပ်သားများလည်း လွင့်ပျံထွက်သွားကြသည်။

ထိုတပ်သားများသည် နာကျင်မှုကြောင့် အသိပြန်ကပ်လာကာ ထွက်ပြေးရန် ကြံလိုက်ကြ၏။ သို့သော် ဗျပ်စောင်းအသံက သူတို့ကို အဆက်မပြတ် ဖိနှိပ်ထားပေသည်။ မကြာခင်မှာပင် ကျန့်ရှမျိုးနွယ်ဝင်များ၏ ဓားကဲ့သို့သော လက်များက သေမင်း၏ တံစဉ်ကဲ့သို့ သူတို့၏ဇီဝိန်ကိုခြွေရန် သူတို့အပေါ် ကျရောက်လာတော့သည်။

‘သွားပြီ...’

တပ်သားများစွာ စိတ်ဓာတ်ကျသွားကြသည်။ ကောင်းကင်ယန်မျိုးနွယ်ကို နှစ်တစ်ရာကျော်ကြာအောင် ပြန်တည်ထောင်ခဲ့ရသော်လည်း ယခုတွင် ကျန်းရီကြောင့် ပျက်သုဉ်းရပေတော့မည်။ ထို့ပြင် ကျန်းရီက ကောင်းကင်ယန်မျိုးနွယ်ကို မျိုးတုံးသွားအောင် သတ်မည့်ပုံပင်။

ရွှက်...ရွှက်...

ကျန့်ရှမျိုးနွယ်ဝင်များက တပ်သားများ၏ ခန္ဓာကိုယ်များကို ဆက်၍ ပိုင်းဖြတ်နေကြ၏။ စွမ်းအားကြီး တပ်သားအချို့က ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များကို ဝတ်ဆင်ထား၍ အပိုင်းပိုင်း ပိုင်းဖြတ်မခံရပေ။ သို့သော် သူတို့ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေကြပေသည်။ ထိုချပ်ဝတ် မဝတ်ဆင်ထားသူများကတော့ တိုက်ခိုက်မှုအနည်းငယ်အတွင်းမှာပင် အပိုင်းပိုင်းပြတ်သွားကြသည်။

သတ္တုချင်းထိတိုက်သံများ၊ လူများ၏ နာကျင်တကြီး အော်လိုက်သံများ၊ လက်နက်အချင်းအချင်းပွတ်တိုက်သံများနှင့် ရဲတိုက်များ ပြိုကျသွားသံများက နေရာအနှံ့သို့ ပဲ့တင်ထပ်နေသည်။ ထိုအသံများက ရပ်သွားသည်ဟူ၍ မရှိပေ။ ကောင်းကင်ယန်တောင်ကြားက အမှန်ပင် ငရဲတစ်ခု ဖြစ်လာပေပြီ။ အ‌ဆောက်အဦအများစု ဖျက်ဆီးခံလိုက်ရပြီး သိန်းချီသော အလောင်းများ မြေပြင်အနှံ့တွင် ပြန့်ကျဲနေသည်။ သွေးများကလည်း ချောင်းစီးသလို စီးနေပြီး ကီလိုမီတာငါးဆယ် အဝန်းအဝိုင်းအတွင်း သွေးညှီနံ့များ မွှန်ထွန်နေသည်။ အဝေးတွင် ပုန်းအောင်းနေသော သိမ်းငှက်ဘုရင်လေးပင် ထိုသွေးညှီနံ့များကို အနံ့ခံမိပေသည်။

“ရီချန်၊ ရို့ပင်း၊ လောရွှယ်၊ သခင်မလေးလင်အာ”

ကျန်းရီသည် တိုက်ပွဲကို အရေးမစိုက်တော့ဘဲ ကျန့်ရှမျိုးနွယ်ဝင်များ ကယ်တင်လာသော မိန်းမပျိုလေးယောက်ကို ပျော်ရွှင်မှုနှင့် အပြစ်ရှိမှုတို့ ရောပြွန်းနေသည့် မျက်နှာထားဖြင့် ကြည့်လိုက်၏။ သူမတို့‌လေးယောက်က သတိလစ်နေဆဲပင်။ ကျန်းရီက အကြိမ်အနည်းငယ် ခေါ်လိုက်သည်ပင် သူမတို့ သတိပြန်မလည်လာကြသေးပေ။ ထို့ကြောင့် ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ အာရုံခံလိုက်၏။ သူမတို့က အပြင်းအထန် ဒဏ်ရာမရထားချေ။ သူမတို့၏ စိတ်ဝိညာဉ်များက တိုက်ခိုက်ခံခဲ့ရသဖြင့် သူမတို့ သတိလစ်နေခြင်းသာ။

“သတ်ကြ...”

ကျန်းရီသည် မိန်းမပျိုလေးယောက်၏ ဖြူဖျော့နေသော မျက်နှာလေးများကို ကြည့်ရင်း ပို၍ဒေါသထွက်လာသည်။ သူ့မျက်ဝန်းများကလည်း လုံးဝနီရဲနေသည်။ တပ်သားအများစုက သေသွားပြီဖြစ်သော်လည်း ထွက်ပြေးရန် ကြိုးစားနေကြသော တပ်သားများလည်း ရှိနေသေးသည်။ သူ ထိုတပ်သားများကို ကြည့်၍ ဒေါသတကြီး အော်ပြောလိုက်လေသည်။

“သူတို့နောက်ကိုလိုက်ပြီး အပိုင်းပိုင်းဖြတ်ပစ်ကြ။ ဒီဆန်းကြယ်နယ်မြေထဲမှာရှိတဲ့ လူတိုင်းကို သတ်ပစ်ကြ...”

ကျန့်ရှမျိုးနွယ်ဝင် နှစ်သိန်းကျော်သည် အရပ်မျက်နှာအနှံ့သို့ ပျံသန်းကာ ထွက်ပြေးနေကြသော တပ်သားများကို လိုက်သတ်ကြသည်။ ကျန်နေသေးသော တပ်သားအားလုံးက နတ်ဘုရားဘုရင်အဆင့်တွင်သာ ရှိကြသဖြင့် ကျန့်ရှမျိုးနွယ်ဝင်များလက်မှ လွတ်အောင် မပြေးနိုင်ကြပေ။ ထို့ပြင် သူတို့၏ အလွန်လည်းအားနည်းနေရာ သူတို့၏အမြန်နှုန်းက ပုံမှန်ထက် များစွာပို၍ နှေးနေသည်။ မကြာခင်မှာပင် တပ်သားတစ်စုသည် ကျန့်ရှမျိုးနွယ်ဝင်များ၏ သတ်ဖြတ်မှုကို ခံလိုက်ကြရလေသည်။

ဝှစ်...

ကောင်းကင်ယန်တောင်ကြား အနီးရှိ တောင်တစ်လုံးတွင် ပုန်းအောင်းနေခဲ့သော သိမ်းငှက်ဘုရင်လေးသည် ကျန့်ရှမျိုးနွယ်ဝင်များက ထွက်ပြေးနေကြသော ကောင်းကင်ယန်တပ်သားများကို လိုက်သတ်နေကြောင်း မြင်လိုက်သောအခါ ဆက်ကြည့်မနေနိုင်တော့ဘဲ ကောင်းကင်ယန်တောင်ကြားဆီသို့ ပျံသန်းသွားလိုက်သည်။

ကောင်းကင်ယန်တောင်ကြားက ငရဲတစ်ခုကဲ့သို့ ဖြစ်နေသည်ကို မြင်လိုက်သောအခါ သိမ်းငှက်ဘုရင်လေး မျက်နှာပျက်သွားသည်။ သူ ချက်ချင်းပင် ကျန်းရီကို အော်ပြောလိုက်လေသည်။

“ကျန်းရီ... ဆက်မသတ်နဲ့တော့။ မင်း ဆက်သတ်နေရင် လူသတ်ကောင်တစ်ယောက် ဖြစ်သွားလိမ့်မယ်။ လူသားတွေအများကြီးကို သတ်ရင် မင်းရဲ့နှလုံးသားက မာကြောလာလိမ့်မယ်။ ရက်စက်တဲ့အရှိန်အဝါတစ်ခုကလည်း မင်းရဲ့စိတ်ဝိညာဉ်ထဲ စိမ့်ဝင်သွားလိမ့်မယ်။ အဲ့ကျရင် မင်းရဲ့ အကျင့်စရိုက်တွေ ပြောင်းလဲသွားပြီး မင်းက သွေးဆာနေတဲ့ လူသတ်ကောင်တစ်ယောက် ဖြစ်သွားမှာ။ ပြီးတော့ လူတွေအများကြီးကို သတ်တာက တခြားလူတွေအကုန်လုံးကို ဒေါသထွက်စေလိမ့်မယ်”

ကျန်းရီသည် ရီချန်တို့ကို ဟွင့်သွမ့်ချီပုလဲထဲသို့ ပို့ပြီးသွားပေပြီ။ သိမ်းငှက်ဘုရင်လေး၏ စကားများကို ကြားလိုက်သောအခါ သူ၏သတ်ဖြတ်အရှိန်အဝါက အတန်ငယ် လျော့ကျသွားသည်။ သူ၏မျက်ဝန်းများထဲတွင်လည်း ထိတ်လန့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာသည်။ အစောတွင် သူက ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲရှိ လူအားလုံးကို သတ်ပစ်ရန် အသင့်ဖြစ်နေခဲ့သည်လော။ မကြာသေးခင်အတောအတွင်း သူ၏ သတ်ဖြတ်လိုစိတ်က အလွန်ပြင်းထန်နေခဲ့သည်။ သူ မျိုးနွယ်တစ်ခုလုံးကို သတ်ပစ်လိုစိတ် ပေါက်ခဲ့သည်မှာ တစ်ကြိမ်မကတော့ပေ။ ယိုမျိုးနွယ်က အပြစ်ရှိသော်လည်း ကောင်းကင်ယန်မျိုးနွယ်တစ်ခုလုံးက အပြစ်ရှိခြင်း မဟုတ်ပေ။ ဤဆန်းကြယ်နယ်မြေထဲတွင် အပြစ်ကင်းသော အမျိုးသမီးများနှင့် ကလေးများစွာ ရှိနေသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားလျှင် ကျန်းရီအတွက် အလွန်အန္တရာယ်များပေသည်။ သူ အမှန်ပင် လူသတ်မိစ္ဆာဘုရင်အဖြစ် ပြောင်းလဲသွားနိုင်သည်။

“ကျန့်ရှဘုရင် ပြန်လာခဲ့တော့”

ကျန်းရီက အော်ပြောလိုက်ရာ ကျန့်ရှဘုရင်သည် အလင်းတန်းတစ်တန်းအလား ကျန်းရီထံသို့ ပြန်လာ၏။ ကောင်းကင်ယန်တပ်သားများကို လိုက်သတ်နေကြသော ကျန့်ရှမျိုးနွယ်ဝင်များလည်း ပြန်ဆုတ်လာသည်။ သို့သော် ထိုအချိန်တစ်ခဏလေးအတွင်း နောက်ထပ်ကောင်းကင်ယန်တပ်တားတစ်သိန်း အသတ်ခံလိုက်ရပေသည်။

“ဆက်မသတ်နဲ့တော့... သွားကြစို့”

ကျန်းရီသည် သိမ်းငှက်ဘုရင်လေးကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်အားလုံးကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်သည်။ သူ၏ဇနီးများနှင့် တိလင်အာကို ကယ်တင်နိုင်ခဲ့ပြီဖြစ်၍ ကျန်အရာများက သူ့အတွက် အရေးမပါတော့ပေ။ မကြာခင်တွင် ကောင်းကင်ဘုရင်ယိုတို့ ရောက်လာပေတော့မည်။ ယခုမှ သူ ထွက်မပြေးသေးလျှင် နောက်တစ်ရက်ကို မြင်ရလိမ့်မည် မဟုတ်ချေ။

သိမ်းငှက်ဘုရင်လေးက ပုံစံ ထပ်ပြောင်းလိုက်၏။ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်အားလုံးကို သိမ်းပြီးသွားနောက် သူ စိတ်ဝင်တစား မေးလိုက်သည်။

“ကျန်းရီ... အစောတုန်းက ငါ ဒီနေရာကနေ ထွက်လာတဲ့ စွမ်းအားကြီး အရှိန်အဝါတစ်ခုကို ခံစားခဲ့ရတယ်။ အဲ့အရှိန်အဝါက မင်းဆီကလား”

“မဟုတ်ပါဘူး...”

ကျန်းရီသည် မြေကြီးထဲတွင် စိုက်ဝင်နေသော သစ်ကိုင်းကို လှမ်းကြည့်လိုက်၏။ ထို့နောက် ကောင်းကင်ကို မော့ကြည့်သည်။ ပြီးမှ သူ ခေါင်းခါကာ ပြောလိုက်လေသည်။

“အဲ့အရှိန်အဝါက ဘယ်သူ့ဆီက ထွက်လာတာလဲဆိုတာကို ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ အဲ့လူက သေချာပေါက် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လိမ့်မယ်။ အုပ်ချုပ်သူအဆင့်ကိုမှ ထိပ်တန်းအုပ်ချုပ်သူအဆင့်ဖြစ်လိမ့်မယ်”

သိမ်းငှက်ဘုရင်လေး မျက်ခုံးပင့်လိုက်၏။ ထိုလူက မည်သူဖြစ်နိုင်ကြောင်း သူ တွေးမရပေ။ အစောတွင် သူခံစားခဲ့ရသော အရှိန်အဝါအရ ထိုလူက အမှန်ပင် အထက်ဘုံမှ ထိပ်သီးသိုင်းသမားတစ်ယောက် ဖြစ်နိုင်သည်။ တိရှအရှင် သို့မဟုတ် ဝိညာဉ်ဘုရင်လော။ သို့သော် သူတို့က ဤသို့လာရန် ဆုံးဖြတ်ခဲ့လျှင်ပင် ဤမျှမြန်မြန် ရောက်မလာနိုင်လောက်ပေ။

“သွားကြစို့...”

မကြာခင် ကောင်းကင်ဘုရင်ယိုတို့ ရောက်လာတော့မည်ဖြစ်၍ သိမ်းငှက်ဘုရင်လေးသည် ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်ပြီး အာကာပြင်ကို စုတ်ဖြဲလိုက်၏။ ထို့နောက် ကျန်းရီကို အာကာပြင်စုတ်ပြဲရာထဲ အရင်ဝင်စေလိုက်ပြီး သူက နောက်မှလျင်မြန်စွာလိုက်သွားလိုက်သည်။ သိမ်းငှက်ဘုရင်လေးသည် မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမား သုံးယောက်၏ ကူညီမှုကို မရခဲ့သော်လည်း သူ့ဒဏ်ရာများကို အနည်းနှင့်အများ ပျောက်ကင်းအောင် ကုသနိုင်ခဲ့သည်။ ထို့ကြောင့် သူ့အတွက် အာကာပြင်ကို စုတ်ဖြဲရန်မှာ ပြဿနာမဟုတ်တော့ပေ။

ဝှစ်...

ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ ဆန်းကြယ်နယ်မြေ အပြင်ဘက်တွင် ထွက်ပေါ်လာ၏။ သူတို့အရှေ့တွင် ဧရာမအာကာသဝဲကတော့ကြီးများ ရှိနေသည်။ သိမ်းငှက်ဘုရင်လေးသည် ကျန်းရီကို ဆွဲခေါ်ကာ ဝဲကတော့ကြီးနှစ်ခုကြားမှ အလွယ်တကူ ဖြတ်သွားလိုက်သည်။ ထို့နောက် သူတို့ ဟွင့်သွမ့်နတ်ဘုရားလှေဆီ ပြန်သွား၍ လှေထဲ ဝင်လိုက်ကြလေသည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်၊ အရှင်ကျန်း”

မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားသုံးယောက်သည် ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ ဘေးကင်းကင်း ပြန်ရောက်လာသည်ကို တွေ့လိုက်သောအခါ စိတ်အေးသွားကြ၏။ သိမ်းငှက်ဘုရင်လေးသည် လှေထဲရောက်လျှင်ရောက်ချင်း အမိန့်ပေးလိုက်၏။

“မြန်မြန်... အရှေ့ဘက်က ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေကို သွားလိုက်”

“အရှေ့ဘက်ကိုလား”

မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားများသည် ခေတ္တမျှ တွေးတောကာ ပြန်တင်ပြလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်ငယ်၊ အရှင်ကျန်း... အစောတုန်းက တခြားဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းက အရှေ့ဘက်ကို ဦးတည်သွားပါတယ်။ အဲ့လှေက ရန်သူ့လှေ ဖြစ်နိုင်ပါတယ်။ ကျုပ်တို့ တခြားဘက်ကိုသွားရင် ကောင်းမယ်ထင်ပါတယ်”

“နောက်ထပ်ဟွင့်သွမ့်နတ်ဘုရားလှေလား”

သိမ်းငှက်ဘုရင်လေးသည် အတန်ငယ်တွေဝေစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။ ကျန်းရီကမူ အေးစက်စက် မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“ကျွန်တော်တို့ အရှေ့ဘက်ကိုပဲ သွားမယ်။ ပြီးတော့ အဲ့ဟွင့်သွမ့်နတ်ဘုရားလှေကို အမီလိုက်ရမယ်”

ရန်ထျန်းဖန်နှင့် ယိုထျန်းနီတို့ကို အာကာပြင်ကို စုတ်ဖြဲ၍ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲမှ ထွက်ပြေးသွားခဲ့သည်။ မူလတွင် ကျန်းရီသည် ထိုနှစ်ယောက်က မည်သည့်ဘက်သို့ ထွက်ပြေးသွားသည်ကို မသိသဖြင့် သူတို့ကို လိုက်သတ်ရန် မတွေးခဲ့ပေ။ ယခုတွင်မူ သူတို့က အရှေ့ဘက်ကို ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိလိုက်ရပြီဖြစ်၍ သူ သူတို့ကို မည်သို့ လွှတ်ပေးနိုင်ပါမည်နည်း။

All Chapters