← Chapters

အလုံးအရင်း လှုပ်ရှားမှု

Vol. 113 Ch. 1573

အလုံးအရင်း လှုပ်ရှားမှု

Vol. 113 Ch. 1573

သိမ်းငှက်ဘုရင်လေးသည် ကျန်းရီကို အေးစက်စက်ကြည့်၍ မေးလိုက်၏။

“ရန်ထျန်းဖန် ထွက်ပြေးသွားတာလား”

“ယိုထျန်းနီရောပဲ...”

ကျန်းရီက အံကြိတ်ကာ ပြောလိုက်သည်။

“ကျွန်တော် သူတို့နှစ်ယောက်ကို မသတ်နိုင်ရင် ဘယ်တော့မှ ဒေါသပြေနိုင်မှာ မဟုတ်ဘူး။ ဒီတစ်ခေါက် ကိစ္စကို ကြိုးကိုင်တဲ့သူက သေချာပေါက် ယိုထျန်းနီပဲ”

“ယိုထျန်းနီလား...”

သိမ်းငှက်ဘုရင်လေး မျက်နှာထား ပြောင်းလဲသွား၏။ သူ ခေတ္တမျှတွေးကာ ပြောလိုက်သည်။

“ကျန်းရီ... ဒီကိစ္စကို မေ့ပစ်လိုက်ကြတာပေါ့.. ဟုတ်ပြီလား။ မင်း ယိုထျန်းနီကို သတ်လိုက်ရင် ‌ကောင်းကင်ဘုရင်ယိုက မင်းကို သေချာပေါက် လိုက်သတ်လိမ့်မယ်”

“အဟင်း...”

ကျန်းရီ ခပ်လှောင်လှောင်ရယ်၍ ပြန်ပြော၏။

“ကျွန်တော်တို့က အရင်ကတည်းက ရန်သူတွေ ဖြစ်နေပြီးပါပြီ။ အခုလည်း ကျွန်တော်က ကောင်းကင်ယန်မျိုးနွယ်ဝင်တွေအများကြီးကို သတ်ခဲ့ပြီ။ ကျွန်တော် ယိုထျန်းနီကို မသတ်ဘူးဆိုရင်လည်း ကောင်းကင်ဘုရင်ယိုက ကျွန်တော့်ကို အလွှတ်ပေးပါ့မလား။ ပြီးတော့ ကျွန်တော်က သခင်လေးတွေအများကြီးကိုလည်း သတ်ခဲ့တယ်။ ကောင်းကင်ဘုရင်ဝူနဲ့ ကောင်းကင်ဘုရင်လုံတို့က ကျွန်တော့်ကို သေချာပေါက် အပြစ်ပေးမှာပဲ။ မျိုးနွယ်ကြီးတွေကရော ကျွန်တော့်ကို လွှတ်ပေးမှာတဲ့လား...”

“ပြီးတော့ ယိုမျိုးနွယ်က ယိုထျန်းနီကို ဘာဆေးတွေ ပေးထားလဲတော့ မသိဘူး.. သူက အချိန်တိုအတွင်း နတ်ဘုရားဧကရာဇ်အဆင့်(စစ်နတ်ဘုရားအဆင့်)ကို ပြန်ရောက်နေပြီ။ သူ့ကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး။ မဟုတ်ရင် နောက်ကျ ပြဿနာတွေ ရှိလာလိမ့်မယ်”

“ဘာ...”

ကျန်းရီက နားမလည်သော်လည်း သိမ်းငှက်ဘုရင်လေးက ချက်ချင်း မျက်နှာပျက်သွားသည်။ သူ မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားသုံးယောက်နှင့် အကြည့်ချင်းဖလှယ်လိုက်၏။ ထို့နောက် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

“မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်လား။ အဲ့ယိုထျန်းနီက တော်တော် ယုတ်မာအောက်တန်းကျတာပဲ။ သူက အဲ့လိုမိစ္ဆာအတတ်မျိုးကို ကျင့်ကြံရဲတယ်ပေါ့လေ။ အရှင်ကျန်း... သူ့ကို သွားသတ်ကြတာပေါ့။ အဲ့လိုလူမျိုးကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး”

သိမ်းငှက်ဘုရင်လေးကလည်း အေးစက်သော မျက်ဝန်းများဖြင့် အော်ပြောလိုက်သည်။

“အရှေ့ဘက်ကို အရှိန်ကုန်တင်ပြီး သွားမယ်။ ဟွင့်သွမ့်နတ်ဘုရားလှေရဲ့ လောင်စာ ကုန်သွားမှာကို မစိုးရိမ်နဲ့။ ဟွင့်သွမ့်နတ်ဘုရားလှေကို အပျက်စီးခံရမယ်ဆိုရင်တောင် ကျွန်တော်တို့ သူတို့ကို လိုက်မီရမယ်။ ကျွန်တော် အဲ့မိစ္ဆာကောင်ကို ကိုယ်တိုင်သတ်မယ်”

သိမ်းငှက်ဘုရင်လေး ဒေါသထွက်နေပြီဖြစ်ကြောင်း ထင်ရှားသည်။ သူက ရဲတင်းပြီး ကိစ္စများကို ပေါ်တင်တဲ့တိုး လုပ်ဆောင်တတ်သူဖြစ်သည်။ လှည့်ကွက်များ၊ အကောက်ကြံခြင်းများနှင့် မနာလိုခြင်းများကို သူ ရွံရှာသည်။ မိမိကိုယ်ကျိုးအတွက် မကောင်းသောနည်းလမ်းများကို အသုံးပြုသူများကိုလည်း သူ မုန်းတီးသည်။ ယိုထျန်းနီက မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်ကဲ့သို့ မိစ္ဆာအတတ်တစ်ခုကို ကျင့်ကြံခဲ့ရာ တမလွန်ဘုံမှ မိစ္ဆာကောင်များနှင့် မခြားတော့ပေ။ မူလတွင် သိမ်းငှက်ဘုရင်လေးသည် ကျန်းရီအား ယိုထျန်းနီကို လိုက်မသတ်ရန် ဖျောင်းဖျလိုခဲ့သော်လည်း ယခုတွင် သူကိုယ်တိုင်ပင် ယိုထျန်းနီကို အဆုံးသတ်ပေးလိုနေပြီဖြစ်သည်။

ရွှီး...

ဟွင့်သွမ့်နတ်ဘုရားလှေသည် အလင်းတန်းတစ်တန်းအလား အရှေ့ဘက်သို့ လျင်မြန်စွာ ပျံသန်းသွား၏။ မကြာခင်မှာပင် ၎င်းသည် မည်းမှောင်သော အာကာသဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

***

ရွှီး...

ကျန်းရီတို့ ထွက်သွားပြီးနောက် နှစ်နာရီကြာသောအခါ ကောင်းကင်ယန်တောင်ကြားထဲရှိ ပျက်စီးနေသော ရဲတိုက်တစ်လုံးထဲမှ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုက လင်းလက်လာ၏။

ကောင်းကင်ယန်တောင်ကြားထဲတွင် စုဝေးနေကြသော သိုင်းသမားများသည် ထိုအခြင်းအရာကို တွေ့လိုက်သောအခါ လျင်မြန်စွာ ပျံသန်းသွားကြသည်။ သူတို့သည် တည်နေရာပြောင်းရွှေ့အစီအရင်အပေါ် ပိနေသော ကျောက်တုံး၊ ကျောက်ခဲများကို အစီအရင်အား မထိခိုက်စေဘဲ ဂရုတစိုက် ဖယ်လိုက်ကြ၏။ ထိုအစီအရင်က မိစ္ဆာချေဖျက်တောင်ကြားနှင့် တိုက်ခိုက်ချိတ်ဆက်ထားသော တည်နေရာပြောင်းရွှေ့အစီအရင်ဖြစ်သည်။

ဆယ်မိနစ်ကြာပြီးနောက်တွင် တည်နေရာပြောင်းရွှေ့အစီအရင်ထဲမှနေ၍ လူနှစ်ယောက် ထွက်လာ၏။ ထိုအခါ လူအားလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့သည် ထိုနှစ်ယောက်၏ မျက်နှာများကို တွေ့သည်နှင့် ဝမ်းနည်းစွာဖြင့် ချက်ချင်း ဒူးထောက်လိုက်ကြ၏။ အချို့ဆိုလျှင် ငိုပင်ငိုကြွေးကြသည်။

ရှူး...

ကောင်းကင်ဘုရင်ဝူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ ကောင်းကင်ယန်တောင်ကြားက ပျက်စီးနေပေပြီ။ ရဲတိုက်များ ပြိုကျနေပြီး နေရာအနှံ့တွင် အလောင်းများ ပုံနေသည်။ ကောင်းကင်ယန်မျိုးနွယ်ဝင်အချို့က ရဲတိုက်အပြိုအပျက်များအောက်မှ အလောင်းများကို ထုတ်ကာ ကောင်းကင်ယန်တောင်ကြားရင်ပြင်ထဲတွင် စီစီရီရီ စီထားကြသည်။ ထိုရင်ပြင်က အလွန်ကြီးသော်လည်း ယခုတွင် ရင်ပြင်တစ်ခုလုံး၌ အလောင်းများ ပြည့်နှက်နေသည်။ ကောင်းကင်ယန်တောင်ကြားတစ်ခွင်လုံးလည်း သွေးချင်းချင်းရဲနေသည်။ သွေးညှီနံ့များကလည်း ပျို့အန်ချင်လောက်အောင် လှိုင်လှိုင်ထနေသည်။

“ကျန်းရီ... ခွေးကောင်... ငါ မင်းကို သတ်မယ်၊ သတ်မယ်”

ကောင်းကင်ဘုရင်ယိုသည် နီရဲသော မျက်ဝန်းများဖြင့် အသံကုန် အော်ဟစ်လိုက်၏။ သူ၏အသံက အလွန်ကျယ်လောင်သဖြင့် ကောင်းကင်ယန်တပ်သားအချို့၏ နားများမှနေ၍ သွေးများစီးကျလာသည်။ ထိုအသံထဲတွင် မယုံနိုင်လောက်သော ဒေါသနှင့် သတ်ဖြတ်အရှိန်အဝါတို့ ပါဝင်ပေရာ အဆင့်နိမ့် သိုင်းသမားများ အလွန်ကြောက်ရွံ့သွားပြီး မြေပြင်တွင် ပြားပြားဝပ်လိုက်ကြသည်။

ကောင်းကင်ဘုရင်ယိုသည် အော်ဟစ်ပြီးနောက် သူ့အရှေ့တွင် ဒူးထောက်နေသူများကို ကြည့်၍ တင်းမာသောလေသံဖြင့် မေးလိုက်၏။

“ကျန်းရီ ဘယ်မှာလဲ”

“သူထွက်သွားပါပြီ”

ကံကောင်းစွာ အသက်ရှင်ခဲ့သော စွမ်းအားကြီး သိုင်းသမားတစ်ယောက် ခေါင်းမော့၍ ဖြေလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်... သိမ်းငှက်ဘုရင်လေးက အာကာပြင်ကို စုတ်ဖြဲပြီး ကျန်းရီကို ခေါ်ပြီးတော့ ရန်ထျန်းဖန်နှင့် သခင်လေးယိုတို့ကို လိုက်ဖမ်းပါတယ်”

“သူတို့ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ”

ကောင်းကင်ဘုရင်ယိုသည် ဒေါသကြောင့် စဉ်းစားချင့်ချိန်နိုင်စွမ်း ပျောက်မသွားဘဲ ဆက်မေးလိုက်၏။

“လူဘယ်နှစ်ယောက် သေသွားလဲ”

“သူတို့ ထွက်သွားတာ နှစ်နာရီကျော်ပါပြီ”

ထို စွမ်းအားကြီး သိုင်းသမားကပင် ဆက်ဖြေလိုက်သည်။

“စွမ်းအားကြီး သိုင်းသမား အားလုံးနီးပါး သေသွားပါတယ်။ နတ်ဘုရားဘုရင်အဆင့် သိုင်းသမား ခုနစ်သိန်းကျော်လည်း သေသွားပါတယ်။ မျိုးနွယ်ခေါင်းဆောင်... ကျဆုံးသွားတဲ့ သူတွေအတွက် မျိုးနွယ်ခေါင်းဆောင် ကျန်းရီကို သတ်ရပါမယ်”

“အား... ကျန်းရီ... ကျန်းရီ...”

ကောင်းကင်ဘုရင်ယိုသည် ကောင်းကင်ကိုမော့၍ အကြိမ်အနည်းငယ် အော်ဟစ်လိုက်ပြန်၏။ ထို့နောက် သူ အာကာပြင်ကို စုတ်ဖြဲကာ စုတ်ပြဲရာထဲဝင်၍ အားလုံးရှေ့မှ ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ဘုရင်ဝူသည် ကောင်းကင်ဘုရင်ယိုနောက်သို့ ချက်ချင်း လိုက်မသွားဘဲ အမိန့်ပြားတစ်ပြား ပစ်ပေး၍ ညွှန်ကြားလိုက်၏။

“ချက်ချင်း မိစ္ဆာချေဖျက်တောင်ကြားဆီ လူနှစ်ယောက် စေလွှတ်လိုက်ပါ။ ရီဇူကို ထောက်လှမ်းရေးတပ် တစ်တပ်လုံးကို စုစည်းပြီး ဒီကို လိုက်လာခဲ့ဖို့ ပြောလိုက်ပါ။ ပြီးတော့ သူတို့နဲ့အတူ ဟွင့်သွမ့်နတ်ဘုရားလှေ အစီးငါးဆယ်လည်း ယူလာခဲ့ဖို့ပြောလိုက်။ မိစ္ဆာချေဖျက်တောင်ကြားကို မျိုးနွယ်ကြီးတွေက စွမ်းအားကြီး သိုင်းသမားတွေ ရောက်နေပြီဆိုရင် သူတို့ကိုလည်း ဒီကို လာခိုင်းလိုက်ပါ။ ကျုပ်တို့ ကျန်းရီကို အတူရှာကြမယ်”

ကောင်းကင်ဘုရင်ဝူ အမှန်ပင် ဒေါသထွက်နေပေပြီ။ ဤတစ်ကြိမ်တွင် ကျန်းရီက ခွင့်လွှတ်၍ မရနိုင်သော အပြစ်ကြီးတစ်ခုကို ကျူးလွန်လိုက်ပြီဖြစ်သည်။ သူက လူများစွာကို သတ်ဖြတ်ခဲ့သည်။ သူ့ကို ဖမ်း၍ မကွပ်မျက်နိုင်လျှင် မည်သူကမှ ကျေနပ်နိုင်လိမ့်မည် မဟုတ်ချေ။

အာကာသဟင်းလင်းပြင်က အလွန်ကျယ်ပြောသည်။ ကျန်းရီက မည်သည့်ဘက်ကို ထွက်သွားကြောင်း မည်သူမှ မသိပေ။ ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်ယိုတို့က လျင်မြန်ကြသော်လည်း အခြားလူများကိုပါ လိုက်ရှာစေခြင်းက ပိုကောင်းလိမ့်မည်ဟု ကောင်းကင်ဘုရင်ဝူတွေးသည်။ အကယ်၍ မျိုးနွယ်ကြီးများမှ စွမ်းအားကြီး သိုင်းသမားများကိုပါ လိုက်ရှာစေလိုက်မည်ဆိုလျှင် သူတို့၏ ဒေါသကို အတန်ငယ် လျှော့ချပေးသလိုလည်း ဖြစ်သွားပေလိမ့်မည်။ နောက်ဆုံးတွင် ကျန်းရီကို ရှာမတွေ့လျှင်လည်း အနည်းဆုံးတော့ မည်သူကမှ ထိုအတွက် မိစ္ဆာချေဖျက်စစ်တပ်ကို အပြစ်တင်နိုင်မည် မဟုတ်ချေ။

ရွှက်...ရွှက်...

ကောင်းကင်ဘုရင်ဝူသည် ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားပြီးနောက် အာကာပြင်ကို စုတ်ဖြဲကာ အာကာသဟင်းလင်းပြင်ထဲ ဝင်၍ ကောင်းကင်ဘုရင်ယိုနှင့်အတူ ကျန်းရီကို လိုက်ရှာလိုက်လေသည်။

“မြန်မြန်... တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”

ကောင်းကင်ဘုရင်ယို၏ မေးခွန်းများကို ပြန်ဖြေခဲ့သည့် စွမ်းအားကြီး သိုင်းသမားကပင် လူအချို့အား တည်နေရာပြောင်းရွှေ့အစီအရင် နှိုးစေလိုက်ပြီး မိစ္ဆာချေဖျက်တောင်ကြားဆီသို့ တည်နေရာပြောင်းရွှေ့သွားလိုက်သည်။ သူ မိစ္ဆာချေဖျက်တောင်ကြားကို ရောက်သွားပြီး ကောင်းကင်ဘုရင်လုံအား အခြေအနေများအကြောင်း တင်ပြလိုက်သောအခါ ကောင်းကင်ဘုရင်လုံ၏ ရဲတိုက်ထဲတွင် ဆူညံပွက်သွားလေသည်။ ထိုရဲတိုက်ထဲတွင် မြစ်ဖြူဘုရင်၊ ချိုးရန်၏ ပထမဘထွေးတော် ကောင်းကင်ကန္တာရဘုရင်နှင့် အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားသုံးယောက်တို့ အပါအဝင် မျိုးနွယ်ကြီးများမှ စွမ်းအားကြီး သိုင်းသမားအားလုံး စုဝေးနေကြပေသည်။

ကောင်းကင်ဘုရင်လုံက သိမ်းငှက်စိမ်းဘုရင်ထံ သတင်းပို့ခဲ့သော်လည်း သိမ်းငှက်စိမ်းဘုရင် ရောက်မလာခဲ့ပေ။ တိရှအရှင်နှင့် ဝိညာဉ်ဘုရင်တို့လည်း ရောက်မလာကြချေ။ သို့သော် ဆောင်းဥတုအရှင် ရောက်လာခဲ့သည်။ ချီချင်ချန်ကမူ ယခုအထိ ပြန်ရောက်မလာသေးသဖြင့် ဖြစ်ပျက်နေသည်များကို လုံးဝမသိချေ။

“သွားကြစို့...”

မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့က တုံ့ဆိုင်းမနေပေ။ သူတို့သည် သူတို့၏မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမား အယောက်တစ်သောင်းနီးပါးကို ဦးဆောင်၍ ကောင်းကင်ဘုရင်လုံ၏ ရဲတိုက်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ ကျန်းရီကို လိုက်ဖမ်းရန်အတွက် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ တည်နေရာပြောင်းရွှေ့လိုက်ကြပေသည်။

သေဆုံးသွားခဲ့သော သခင်‌လေး အယောက်ထောင်ကျော်ထဲတွင် အများစုမှာ မြစ်ဖြူဘုံနှင့် ကောင်းကင်ကန္တာရဘုံတို့မှ ဖြစ်ကြသည်။ ထို့ကြောင့် ဘုံအရှင်နှစ်ပါးကိုယ်တိုင် ရောက်မလာ၍ မဖြစ်တော့ပေ။ ကျန်သော အုပ်ချုပ်သူအဆင့် သိုင်းသမား သုံးယောက်မှာလည်း အခြားဘုံကြီးသုံးဘုံမှ ဘုံအရှင်များဖြစ်ကြသည်။ သူတို့၏မျိုးနွယ်များနှင့် သူတို့ဘုံများမှ သခင်လေးတော်တော်များများလည်း ကျန်းရီ၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။ ထို့ကြောင့် သူတို့သည် မြစ်ဖြူဘုရင်နှင့် ကောင်းကင်ကန္တာရဘုရင်တို့ထံမှ သတင်းရသည်နှင့် ဤနေရာသို့ ချက်ချင်းလာရောက် စုဝေးခဲ့ကြခြင်းဖြစ်သည်။

ကျန်းရီနှင့် တိရှအရှင်တို့၏ ပတ်သတ်မှုက အတော်လေး နက်ရှိုင်းသည်။ ထိုဘုံအရှင်များ မိစ္ဆာချေဖျက်တောင်ကြားသို့ လာရောက်စုဝေးကြခြင်းမှာ တိရှအရှင်ကို သတိပေးရန်လည်းပါသည်။

ဤတစ်ကြိမ်တွင် ကျန်းရီက အလွန်ကြီးလေးသော အပြစ်တစ်ခုကို ကျူးလွန်ခဲ့ပြီဖြစ်သည်။ သူ့ကို မသတ်လျှင် အားလုံး ကျေနပ်နိုင်မည် မဟုတ်ပေ။ အကယ်၍ ဤတစ်ခေါက်တွင် ကျန်းရီကို မသတ်လျှင် နောင်တွင် ကျန်းရီက သူတို့၏ မျိုးနွယ်ဝင်များကို မဆင်မခြင် ထပ်သတ်နိုင်ပေသည်။ သူတို့၏ ဂုဏ်သတင်းက တန်ဖိုးမရှိတော့လျှင် သူတို့သည် သူတို့၏ဘုံများကို မည်သို့ အုပ်စိုးနိုင်ပါမည်နည်း။

တည်နေရာပြောင်း‌ရွှေ့အစီအရင်က အဆက်မပြတ် လင်းလက်နေပြီး မြစ်ဖြူဘုရင်နှင့် အဖော်အားလုံး ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ တည်နရာပြောင်းရွှေ့သွားကြသည်။ ရီဇူသည်လည်း ထောက်လှမ်းရေး တစ်ရာကျော်ကို စုစည်းခေါ်ဆောင်၍ ကောင်းကင်လေပြင်းဆန်းကြယ်နယ်မြေနှင့် အခြားဆန်းကြယ်နယ်မြေအချို့ဆီ တည်နေရာပြောင်းရွှေ့လိုက်၏။ သူတို့ ပိုက်ကွန်ကို ကြီးကြီးဆင်ရပေမည်။ ထိုမှ ကျန်းရီ ထွက်မပြေးနိုင်မည်ဖြစ်သည်။

လျှို့ဝှက်သတင်းပို့ အစီအရင်များစွာလည်း လင်းလက်နေကြသည်။ ကောင်းကင်ဘုရင်လုံသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ အနီးရှိ ဘုံကြီးအချို့သို့ သတင်းပို့ကာ သူတို့၏ ကင်းလှည့်အဖွဲ့များ၊ ထောက်လှမ်းရေးများနှင့် ဟွင့်သွမ့်နတ်ဘုရားလှေများကို ကောင်းကင်ယန်ဆန်းကြယ်နယ်မြေသို့ ပို့ပေးရန် တောင်းဆိုလိုက်သည်။

အပြစ်ဆေးကြောဆန်းကြယ်နယ်မြေနှင့် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ တစ်ဝိုက်တွင် ပိုက်ကွန်ကြီးတစ်ခု ဆင်ပြီးသွားလျှင် ကျန်းရီ၏တည်နေရာကို အလွယ်တကူ ရှာတွေ့ပေလိမ့်မည်။ ထိုအခါ ကောင်းကင်ဘုရင်ဝူနှင့် အခြား အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများက ထိုနေရာသို့ အလျင်အမြန်သွား၍ ကျန်းရီကို လက်စတုံးပစ်နိုင်မည်ဖြစ်သည်။

စွမ်းအားကြီး သိုင်းသမားများစွာ စုဝေး၍ အလုံးအရင်းနှင့် လှုပ်ရှားနေကြသည်။ သူတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကျန်းရီကို သတ်ရန်ဖြစ်ပေသည်။

All Chapters