ရှာစဉ်မတွေ့၊ မရှာမှတွေ့
Vol. 113 Ch. 1574
“အာ... အဲ့ဒါက ဘာလဲ။ ဘာလို့ အဲ့လောက်တောက်ပနေရတာလဲ”
အာကာသထဲတွင် ကျန်းရီသည် အနီရောင်အလင်းကြောင်းတစ်ခုကို ကြည့်၍ စိတ်ဝင်တစား မေးလိုက်၏။ သူတို့ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေမှ ထွက်ခွာလာသည်မှာ လေးနာရီရှိခဲ့ပြီဖြစ်သည်။ ကောင်းကင်ဘုရင်ယိုနှင့် ကောင်းကင်ဘုရင်ဝူတို့က သူ့ကို နေရာအနှံ့တွင် လိုက်ရှာနေပြီး အုပ်ချုပ်သူအဆင့် သိုင်းသမား ငါးယောက်က စွမ်းအားကြီး သိုင်းသမား တစ်သောင်းကို ဦးဆောင်၍ အနီးနားမှ ဘုံကြီးများနှင့်အတူ သူ့တည်နေရာကို ရှာဖွေနေကြကြောင်း ကျန်းရီ မသိပေ။
ကျန်းရီတို့၏ ဟွင့်သွမ့်နတ်ဘုရားလှေက လေးနာရီကြာ ပျံသန်းခဲ့သော်လည်း ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့ကို မမီသေးပေ။ ယခု ထိုအနီရောင်အလင်းကို မြင်သောအခါ ကျန်းရီ စိတ်အားတက်လာပြီး မေးလိုက်ခြင်းဖြစ်သည်။
“အဲ့ဒါက ဆန်းကြယ်နယ်မြေတစ်ခုထင်တယ်။ ဟိုနှစ်ယောက်က အဲ့မှာ ပုန်းနေတာ ဖြစ်မလား”
“အဲ့ဒါ ဆန်းကြယ်နယ်မြေ မဟုတ်ဘူး...”
သိမ်းငှက်ဘုရင်လေးက လှမ်းကြည့်၍ ပြန်ပြောလိုက်၏။
“အဲ့ဒါက ချော်ရည်မြေရိုင်းတစ်ခု ဖြစ်မယ်။ ငါ ဒီနေရာတစ်ဝိုက်ကို မြေပုံတစ်ခုပေါ်မှာ တွေ့ဖူးတယ်။ ဒီအနားမှာ ချော်ရည်မြေရိုင်းတစ်ခု ရှိတယ်တဲ့။ အထက်ဘုံမှာ အဲ့လိုမြေရိုင်းတွေ ပေါပါတယ်။ အဲ့နေရာတွေမှာ ဘာသက်ရှိမှ မနေကြဘူး။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတွေတောင် အဲ့မြေရိုင်းတွေထဲ မဝင်ရဲကြဘူး။ အဲ့ချော်ရည်မြေရိုင်းထဲမှာ ကြောက်စရာကောင်းတဲ့ မိုးမြေထူးခြားမီးတောက်တွေနဲ့ ပြည့်နေတာ။ ယိုထျန်းနီနဲ့ ရန်ထျန်းဖန်တို့ အဲ့နေရာထဲမှာ ပုန်းနေမှာ မဟုတ်လောက်ပါဘူး”
“ဟုတ်ပါတယ်...”
မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။
“အပြင်ဘက်က အပူချိန်က တော်တော်ပြင်းရမယ်... နတ်ဘုရားလှေက လောင်စာပိုစားလာတယ်။ အဲ့ဒါက ချော်ရည်မြေရိုင်းပဲ ဖြစ်မယ်”
“မိုးမြေထူးခြားမီးတောက်တွေလား”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာသည်။ သူက မိုးမြေထူးခြားမီးတောက်များကို အလွန်သဘောကျသည်။ သူ၏ ကောင်းကင်ဝါးမျိုသားရဲလေးမှာလည်း ထို့အတူပင်။ သို့သော် ယခုတွင် သူ့၌ အချိန်မရှိသဖြင့် သူ ၎င်းချော်ရည်မြေရိုင်းထဲသို့ မသွားနိုင်သေးပေ။ ထို့ပြင် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် ထိုမြေရိုင်းထဲ မဝင်ရဲဟုလည်း သိမ်းငှက်ဘုရင်လေးကပြောသည်။ အကယ်၍ သူ၏မီးဝိညာဉ်ပုလဲကသာ အပူချိန်ကို မခံနိုင်လျှင် ကျန်းရီ ရုတ်ခြည်း ပြာကျအောင် လောင်ကျွမ်းသွားပေလိမ့်မည်။
ဟွင့်သွမ့်နတ်ဘုရားလှေသည် ချော်ရည်မြေရိုင်းကို ကွေ့ပတ်ကာ ရှောင်လိုက်ပြီး အရှေ့သို့ ဆက်ပျံသန်းသွားသည်။ ကျန်းရီသည် မည်းမှောင်နေသော ပတ်ဝန်းကျင်ကို ကြည့်ရင်း အတန်ငယ် စိုးရိမ်လာသည်။ သူ သိမ်းငှက်ဘုရင်လေးကို ကြည့်ကာ မေးလိုက်သည်။
“သိမ်းငှက်ဘုရင်လေး... အာကာသက အရမ်းကျယ်တာပဲ။ အဆုံးမရှိလို့တောင် ထင်ရတယ်။ ယိုထျန်းနီနဲ့ ရန်ထျန်းဖန်တို့က ဦးတည်ရာပြောင်းသွားရင် ဘယ်လိုလုပ်မလဲ။ အဲ့လိုဆို ကျွန်တော်တို့ သူတို့ကို ခြေရာခံနိုင်ပါဦးမလား”
“ငါတို့မှာ ရွေးချယ်စရာမရှိဘူးလေ”
သိမ်းငှက်ဘုရင်လေးက ပခုံးတွန့်ကာ ပြန်ပြောသည်။
“ငါတို့ ငါတို့ရဲ့ကံအပေါ်ပဲ မှီခိုရမှာပဲ။ သူတို့ ဦးတည်ရာပြောင်းသွားရင် ငါတို့ ကံဆိုးတာပေါ့။ ပြီးတော့ ငါ့တို့မှာ အချိန်လည်း အများကြီးမရှိဘူး။ ကောင်းကင်ဘုရင်ယိုတို့က ငါတို့ကို စရှာနေကြလောက်ပြီ။ အဲ့တော့... ငါတို့ ဒီဦးတည်ရာအတိုင်း တစ်နာရီဆက်လိုက်သွားလို့မှ ယိုထျန်းနီတို့ကို ရှာမတွေ့သေးဘူးဆိုရင် အနားက ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေကိုပဲ သွားရလိမ့်မယ်။ အရင်တုန်းက ငါတို့မျိုးနွယ်က အဲ့ဆန်းကြယ်နယ်မြေကို လေ့လာခဲ့တယ်။ အဲ့မှာ စွမ်းအားကြီးတဲ့ သဘာဝပုံရိပ်ယောင်အစီအရင်တစ်ခု ရှိတယ်။ အဲ့နယ်မြေထဲ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေ ဝင်လာရင်တောင် သူတို့ စေ့စေ့စပ်စပ်မရှာရင် မင်းကို ရှာတွေ့မှာ မဟုတ်ဘူး။ အဲ့ဆန်းကြယ်နယ်မြေမှာ ဝိညာဉ်စွမ်းအင်မရှိလို့သာ... မဟုတ်ရင် ငါတို့မျိုးနွယ်က အဲ့နယ်မြေကို သိမ်းပိုက်ပြီးတာ ကြာလောက်ပြီပေါ့”
“အဲ့လိုဆိုလည်း ကောင်းပါပြီ”
ကျန်းရီ သက်ပြင်းသဲ့သဲ့ချလိုက်ပြီး အရှေ့ကို လှမ်းကြည့်လိုက်သည်။ ယခုတွင် အရာအားလုံးက သူတို့၏ကံအပေါ် မူတည်နေပေပြီ။
နတ်ဘုရားလှေကို အရှိန်ကုန်ဖွင့်၍ မောင်းနှင်နေသဖြင့် လောင်စာများစွာ သုံးစွဲနေရသည်။ ထိုအမြန်နှုန်းက သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ အမြန်နှုန်းထက် အနည်းငယ်သာ နှေးပေလိမ့်မည်။ ကျန်းရီသည် လှေထဲမှနေ၍ ယိုထျန်းနီနှင့် ရန်ထန်းဖန်တို့၏ အရိပ်အယောင်ကို မျက်လုံးဒေါက်ထောက်ကာ ရှာနေပေသည်။
မကြာခင်မှာပင် တစ်နာရီပြည့်သွား၏။ အရှေ့တွင် အမှောင်ထုကြီးသာ ရှိနေသေးသည်။ ကျန်းရီ စိတ်ပျက်စွာဖြင့် သိမ်းငှက်ဘုရင်လေးကို ကြည့်လိုက်၏။ သိမ်းငှက်ဘုရင်လေးက ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
“တောင်ဘက်က ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေကို သွားတော့။ ကျွန်တော်တို့ ဆက်ပြီး နှောင့်နှေးနေလို့ မရတော့ဘူး”
ဝှစ်...
နတ်ဘုရားလှေက ဦးတည်ရာပြောင်းလိုက်သောအခါ ကျန်းရီသည် သူတို့၏လမ်းကြောင်းကို အာရုံမစိုက်တော့ပေ။ ထိုအစား ကောင်းကင်စိတ်အာရုံဖြင့် ဟွင့်သွမ့်ချီပုလဲကို အာရုံခံလိုက်သည်။ ရီချန်တို့က သတိလည်မလာသေးပေ။ သူမတို့၏ စိတ်ဝိညာဉ်က ပြင်းထန်စွာ ဒဏ်ရာရထားခြင်းလော။ သို့သော် မိုဟွိုက်စန်းက နိုးနေပြီဖြစ်သည်။ အဆိပ်ဝိညာဉ်က သတိပြန်မလည်သေးသော်လည်း သူ့ဒဏ်ရာများက ပြန်ကောင်းလာနေပေပြီ။ သူ၏ စွမ်းအားကြီး ရုပ်ခန္ဓာက အလိုလိုပြန်ကောင်းနိုင်စွမ်း ရှိပေသည်။
ရွှီး...
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် မိုဟွိုက်စန်း၊ တိလင်အာ၊ ရီချန်တို့နှင့် အဆိပ်ဝိညာဉ်ကို အပြင်သို့ ထုတ်လိုက်သည်။ ထို့နောက် သူ သိမ်းငှက်ဘုရင်လေးကို ကြည့်ကာ ပြောလိုက်၏။
“သိမ်းငှက်ဘုရင်လေး... ကျွန်တော့်မှာ အကူအညီတောင်းစရာတစ်ခု ရှိပါတယ်။ သူတို့ကို ပြန်ခေါ်သွားပေးနိုင်မလား။ တကယ်လို့ ကျွန်တော် တစ်ခုခု ဖြစ်သွားရင် သူတို့ကို စောင့်ရှောက်ပေးပါ”
“အန်... တပ်မှူးမူလား...ကျန်းရီ...”
မိုဟွိုက်စန်းသည် အပြင်သို့ ရောက်လာသောအခါ သိမ်းငှက်ဘုရင်လေးကို တွေ့သဖြင့် ဝမ်းသာသွား၏။ ထို့နောက် ကျန်းရီကို တွေ့သောအခါ အံ့ဩသွားသည်။ ကျန်းရီက အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် အချိန်အကြာကြီး ရှင်သန်နိုင်ခဲ့သည်ကို သူမ မယုံကြည်နိုင်သေးပေ။
“ကောင်းပြီ...”
သိမ်းငှက်ဘုရင်လေးသည် အပိုစကားများ ပြောမနေတော့ဘဲ သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ထုတ်၍ အားလုံးကို အထဲသို့ ပို့လိုက်သည်။ ဤတစ်ခေါက်တွင် ကျန်းရီ၏ အခြေအနေက အတော်လေး ပြင်းထန်ကြောင်း သူ သိသည်။ ကျန်းရီက သေသွားလောက်သည်။ အကယ်၍ ရီချန်၊ မိုဟွိုက်စန်း၊ တိလင်အာနှင့် အခြားသူများ သူနှင့်အတူ ရှိနေလျှင် အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။
“တပ်မှူးမူ... ကျွန်မ...”
မိုဟွိုက်စန်းသည် သိမ်းငှက်ဘုရင်လေးက သူမကို လျစ်လျူရှုနေကြောင်း မြင်လိုက်သောအခါ ဖြစ်ပျက်ခဲ့သည်များကို အပြစ်ရှိဟန်ဖြင့် ရှင်းပြရန် ကြိုးစားလိုက်၏။ သို့သော် သိမ်းငှက်ဘုရင်လေးက သူမပြောသည်ကို နားမထောင်ဘဲ သူမကို သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ အတင်းထည့်လိုက်ပေသည်။
ကျန်းရီသည် မည်သို့မှ ဆက်မပြောတော့ဘဲ နှုတ်ဆိတ်သွား၏။ သိမ်းငှက်ဘုရင်လေးကလည်း တစ်ခုခု ပြောလိုနေပုံပေါ်သော်ငြား နှုတ်ပိတ်ထားသည်။ နတ်ဘုရားလှေက တစ်နာရီနည်းပါး ဆက်ပျံသန်းပြီးနောက် အရှေ့တွင် ဧရာမ အရိပ်နက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။
“အာ...”
ကျန်းရီ ထိုအရိပ်နက်ကြီးကို ကြည့်၍ စိတ်ဝင်တစား မေးလိုက်သည်။
“အဲ့ဒါကလည်း မြေရိုင်းပဲလား။ ဘာလို့ အဲ့မှာ ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေ ရှိမနေတာလဲ”
“မဟုတ်ဘူး... အဲ့ဒါက ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေပဲ”
သိမ်းငှက်ဘုရင်လေးက ရှင်းပြသည်။
“အဲ့ဆန်းကြယ်နယ်မြေကို ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေ ဝန်းရံမထားတာက အဲ့မှာ မိုးမြေဝိညာဉ်စွမ်းအင် နည်းနည်းမှ မရှိလို့ဘဲ။ ဘယ်လူသားမှ အဲ့နယ်မြေထဲမှာ အခြေချမနေနိုင်ဘူး။ ကျန်းရီ... ငါ့မှာ စွမ်းအင်ဆေးလုံးနည်းနည်း ပါလာတယ်။ အဲ့ဆေးလုံးတွေနဲ့ဆို မင်း အထဲမှာ တစ်လလောက်တော့ နေနိုင်မှာပေါ့။ တစ်လပြည့်ရင်တော့ မင်း အဲ့ဆန်းကြယ်နယ်မြေထဲက ပြန်ထွက်ရမယ်။ အဲ့ကျ မင်း ဘယ်ကို သွားသင့်လဲဆိုတာတော့ ငါလည်း မသိဘူး”
“အာ...”
ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ သိမ်းငှက်ဘုရင်လေး၏ ဆိုလိုရင်းကို သူ နားလည်သည်။ သိမ်းငှက်ဘုရင်လေးက သူ့ကို ကူညီလိုသော်လည်း ယခုကိစ္စက အလွန်ကြီးကျယ်သွားပြီဖြစ်သည်။ သိမ်းငှက်ဘုရင်လေး ဤကိစ္စထဲ ဝင်ပါမည်ဆိုလျှင် မင်ရည်တောင်ပံမျိုးနွယ်အတွက် အကျိုးရှိမည် မဟုတ်ပေ။ ထို့ကြောင့် သိမ်းငှက်စိမ်းဘုရင်ကိုယ်တိုင် အမိန့်မပေးသ၍ သိမ်းငှက်ဘုရင်လေးသည် ကျန်းရီကို ဆက်၍ကူညီနိုင်တော့မည် မဟုတ်ချေ။
“ကောင်းပါပြီ... ကျွန်တော် နားလည်ပါတယ်”
ကျန်းရီ နှုတ်ခမ်းတွန့်ကာ ခါးသက်သက် ပြုံးလိုက်သည်။ သိမ်းငှက်ဘုရင်လေး ထွက်သွားလျှင် ကျန်းရီ အာကာသထဲတွင် လွင့်မျောနေပေလိမ့်မည်။ သူ့ကို မည်သူမှ လိုက်ဖမ်းမနေလျှင်ပင် သူ၏လက်ရှိအင်အားနှင့် မည်သည့်ဆန်းကြယ်နယ်မြေ၊ မည်သည့်ဘုံထဲသို့မှ ဝင်နိုင်မည် မဟုတ်ပေ။ အကယ်၍ စွမ်းအားကြီး သိုင်းသမားများက သူ့ကို လာမကယ်လျှင် သူ အာကာသထဲမှာပင် သေဆုံးသွားပေလိမ့်မည်။
“ငါ မင်းကို အထဲခေါ်သွားပေးမယ်”
သိမ်းငှက်ဘုရင်လေးသည် မည်သို့မှ ဆက်မပြောတော့ဘဲ ကျန်းရီကို လက်စွပ်တစ်ကွင်းပေးလိုက်၏။ ထို့နောက် သူ ကျန်းရီကို ခေါ်ကာ လှေအပြင်သို့ထွက်၍ ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေဆီ ပျံသန်းသွားလိုက်လေသည်။ ထိုဆန်းကြယ်နယ်မြေအပြင်တွင် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များ မရှိသော်လည်း အစိမ်းရောင်အရာအချို့ ရှိနေသည်။ ၎င်း၏ ‘ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေ’ဆိုသော အမည်က ထိုအစိမ်းရောင်အရာများမှနေ၍ ရခြင်း ဖြစ်နိုင်သည်။
ဝှစ်...
ထိုအစိမ်းရောင်အရာများက အန္တရာယ်မရှိသဖြင့် ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ ၎င်းတို့ကို ဖောက်ဝင်ကာ မည်းမှောင်နေသော ဆန်းကြယ်နယ်မြေထဲ ဝင်လိုက်ကြသည်။ အထဲတွင် အလင်းတစ်ပြောက်ပင် ရှိမနေပေ။ ပတ်ဝန်းကျင်ကလည်း အေးစက်နေသည်။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ ထိုနယ်မြေထဲတွင် လူသားများ အခြေချမနေနိုင်ပါပေ။
“ပုံရိပ်ယောင်အစီအရင်က အဲ့ဘက်မှာပဲ”
ဆန်းကြယ်နယ်မြေက သိပ်မကြီးပေ။ သိမ်းငှက်ဘုရင်လေးသည် ကျန်းရီကိုခေါ်ကာ အရှေ့သို့ ပျံသန်းသွားပြီး ဧရာမတောင်ကြီးတစ်လုံးကို ကြည့်၍ ပြောလိုက်သည်။
“မင်း ဟိုတောင်ကို မြင်လား။ ပုံရိပ်ယောင်အစီအရင်က အဲ့တောင်ခြေက ဂူထဲမှာပဲ။ မင်းရဲ့ ကောင်းကင်စိတ်အာရုံကိုသုံးပြီး အဲ့ဂူကို ရှာနိုင်မလားလို့ ရှာကြည့်ပါဦး”
မျှော်လင့်ထားသလိုပင်။
ကျန်းရီသည် ခေတ္တမျှ ရှာလိုက်သော်လည်း တောင်ခြေတွင် မည်သူ့ဂူ၊ မည်သည့်အကာအရံကိုမှ ရှာမတွေ့ချေ.
ဝှစ်...
သိမ်းငှက်ဘုရင်လေးသည် ကျန်းရီကို ဆွဲခေါ်ကာ ထိုဧရာမတောင်ကြီး၏ အခြေသို့ တန်းတန်းမတ်မတ် ပျံသန်းသွား၏။ သူတို့ အောက်ဘက်သို့ ရောက်သောအခါ ကျန်းရီ လှည့်ပတ်ကြည့်လိုက်၏။ ပတ်ဝန်းကျင်မြင်ကွင်းက လုံးဝပြောင်းလဲသွားပေပြီ။ တောင်ခြေတွင် နက်ရှိုင်းသော ဂူလေးတစ်လုံး အမှန်ပင် ရှိနေသည်။
“တစ်ခုခုတော့ မှားနေပြီ...”
သိမ်းငှက်ဘုရင်လေး၏ မျက်ဝန်းများ အေးစက်သွား၏။ ထို့နောက် သူ ပြောလိုက်သည်။
“ဂူထဲမှာ လူတွေရှိနေတယ်”
“အာ...”
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက သိမ်းငှက်ဘုရင်လေး၏ ကောင်းကင်စိတ်အာရုံထက် များစွာပို၍ အားနည်းသဖြင့် ဂူအတွင်းပိုင်းကို အာရုံမခံနိုင်ချေ။ သို့သော် သိမ်းငှက်ဘုရင်လေး၏ သတ်ဖြတ်အရှိန်အဝါက ရုတ်တရက် ထွက်ပေါ်လာ၏။ ယင်းနောက် သူ အရှေ့သို့ ပြေးသွားကာ အော်ပြောလိုက်သည်။
“တကယ့်ကို ရှာစဉ်မတွေ့၊ မရှာမှတွေ့ဆိုတဲ့ စကားအတိုင်းပဲ။ ကျန်းရီ... ယိုထျန်းနီက အဲ့ဂူထဲမှာ ပုန်းနေတာ”
“သတ်မယ်...”
ကျန်းရီ၏ မျက်ဝန်းများ ရုတ်ခြည်း နီရဲသွားသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ကျန့်ရှဘုရင်ကို ထုတ်လိုက်၏။ သူ့လက်ထဲတွင်လည်း ဗျပ်စောင်းအိုတစ်လက် ထွက်ပေါ်လာသည်။ ထို့နောက် သူ အရှေ့သို့ ပြေးသွား၍ သိမ်းငှက်ဘုရင်လေးနောက်မှ လိုက်သွားလိုက်လေသည်။