← Chapters

ချော်ရည်မြေရိုင်း

Vol. 113 Ch. 1575

ချော်ရည်မြေရိုင်း

Vol. 113 Ch. 1575

ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေက ကောင်းကင်ယန်ဆန်းကြယ်နယ်မြေအနီးတွင် ရှိသည်။ မင်ရည်တောင်ပံမျိုးနွယ်မှ လူများပင် ထိုသဘာဝပုံရိပ်ယောင်အစီအရင်ကို ရှာတွေ့နိုင်လျှင် ကောင်းကင်ယန်မျိုးနွယ်က မည်သို့ ရှာမတွေ့ဘဲ နေပါမည်နည်း။

ကောင်းကင်ယန်မျိုးနွယ်က ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲတွင် ခိုလှုံနေခဲ့သည်မှာ နှစ်ပေါင်း ရာနှင့်ချီခဲ့ပြီဖြစ်သည်။ ကောင်းကင်ယန်မျိုးနွယ်ဝင်များသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေမှလွဲ၍ ကောင်းကင်ယန်ဆန်းကြယ်နယ်မြေ၏ ပတ်ပတ်လည်ရှိ ဆန်းကြယ်နယ်မြေအားလုံးကို စူးစမ်းခဲ့သည်။ ရံဖန်ရံခါဆိုသလိုလည်း ပတ်ဝန်းကျင်များကို ထပ်မံစူးစမ်းကြသည်။ ထို့ကြောင့် သူတို့ သဘာဝပုံရိပ်ယောင်အစီအရင်များကို ရှာတွေ့ခဲ့ခြင်းမှာ မထူးဆန်းပါပေ။

ထို့ကြောင့် ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့ ဤနေရာသို့ ရောက်နေခြင်းမှာလည်း အဓိပ္ပာယ်ရှိပေသည်။ သူတို့နှစ်ယောက်သည် ဆန်းကြယ်သော လျှို့ဝှက်ကူညီသူကြောင့် ကြောက်ရွံ့ခဲ့ကြပြီး ချက်ချင်းပင် ကောင်းကင်ယန်ဆန်းကြယ်နယ်မြေထဲမှ ထွက်ကာ အရှေ့ဘက်သို့ ထွက်ပြေးခဲ့ကြသည်။ ယိုထျန်းနီသည် ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေအကြောင်းကို သိ၏။ ကောင်းကင်ဘုရင်ယိုတို့ သူ့ကိုလာကယ်သည်အထိ ဤနေရာတွင် ပုန်းအောင်းနေရန်လည်း သူ ဆုံးဖြတ်ထားပြီးဖြစ်သည်။

သို့သော် သိမ်းငှက်ဘုရင်လေးက ကျန်းရီကိုခေါ်၍ ဤနေရာသို့ပင် လာခဲ့လိမ့်မည်ဟု ယိုထျန်းနီ မျှော်လင့်မထားပေ။ ထိုအခိုက်တွင် ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့ နှစ်ယောက်စလုံး အားဖြည့်နေကြသည်။ သူတို့သည် အားကောင်းသော သတ်ဖြတ်အရှိန်အဝါတစ်ခုက သူတို့ထံ ရွေ့လျားလာနေကြောင်း ခံစားလိုက်ရသောအခါ ရုတ်ခြည်း မျက်နှာပျက်သွားကြသည်။ ရန်ထျန်းဖန်၏ လက်ထဲတွင် ဓားတစ်ချောင်း ထွက်ပေါ်လာသည်။ သူသည် သူ့အသက်အတွက် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပေပြီ။

တန်...တောင်...

ကျန်းရီသည် အရှေ့သို့ ပြေးနေရင်း ဗျပ်စောင်းကို တီးခတ်လိုက်၏။ ရန်ထျန်းဖန်နှင့် ယိုထျန်းနီတို့ ရုတ်ခြည်း လှုပ်ရှားမှု ရပ်တန့်သွားသည်။ ထို့နောက် သူတို့နှစ်ယောက်စလုံး သူတို့၏ခေါင်းများကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် လူးလွန့်သွားကြသည်။ သူတို့ အလွန်နာကျင်နေကြပုံပင်။

“မင်းတို့က ဟန်ဆောင်နေဦးမှာလား”

ကျန်းရီသည် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ယိုထျန်းနီတို့နှစ်ယောက်ကို အာရုံခံလိုက်၏။ သူတို့က ဟန်ဆောင်နေပုံတော့ မပေါ်ပေ။ သူတို့မျက်နှာပေါ်တွင် အကြောများ ‌ထောင်ထနေကြသည်။ ကျန်းရီ တစ်စုံတစ်ခုကို သဘောပေါက်လိုက်၏။ ထိုနှစ်ယောက်က သူတို့၏စိတ်ဝိညာဉ်များကို အင်အားမြှင့်ရန် ဆေးလုံးတစ်မျိုးကို သောက်ထားကြသည်။ ယခု ထိုဆေးလုံး၏အာနိသင် ကုန်သွားသောအခါ သူတို့၏ စိတ်ဝိညာဉ်များက အလွန်အားနည်းလာခြင်းဖြစ်မည်။ ထို့ကြောင့်လည်း သူတို့ ဗျပ်စောင်းသံ၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်း ဖြစ်ပေမည်။

“ကျန်းရီ... မင်း ဘာလုပ်နေတာလဲ”

သိမ်းငှက်ဘုရင်လေး၏ မျက်ဝန်းများက နီတစ်ခါ၊ နက်တစ်လှည့် ဖြစ်နေသည်။ ကျန်းရီ၏ ဗျပ်စောင်းသံက သူ့အပေါ်လည်း သက်ရောက်နေသည်။ သို့သော် ကျန်းရီ အတီးမရပ်လိုက်နိုင်ပေ။ ထို့ကြောင့် ကျန်းရီ သိမ်းငှက်ဘုရင်လေးထံ အသံပို့လွှတ်လိုက်သည်။

“သိမ်းငှက်ဘုရင်လေး... အဲ့နှစ်ယောက်ကို ကျွန်တော်ပဲ သတ်ပါမယ်။ ကျွန်တော်က လူတွေအများကြီး သတ်ခဲ့ပြီးပါပြီ။ သူတို့နှစ်ယောက်ကို ထပ်သတ်ရုံနဲ့ ဘာမှပိုထူးသွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သိမ်းငှက်ဘုရင်လေးသာ သူတို့နှစ်ယောက်ကို သတ်မယ်ဆိုရင် ပြဿနာတက်ပါလိမ့်မယ်”

“ကျန့်ရှဘုရင် အခုပဲ”

ကျန်းရီ အသံပို့လွှတ်ပြီးနောက် ချက်ချင်း အော်ပြောလိုက်သည်။ ကျန့်ရှဘုရင်သည် ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့ဆီသို့ အားကောင်းသော သတ်ဖြတ်အရှိန်အဝါဖြင့် ပျံသန်းသွားသည်။ ယခုတွင် ယိုထျန်းနီက နတ်ဘုရားဧကရာဇ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိမ်းငှက်ဘုရင်လေးလည်း အာရုံခံလိုက်နိုင်ပြီဖြစ်သည်။ ယိုထျန်းနီက အမှန်ပင် မဟာယန်ဓာတ် ကောင်းကင်ခွင်းအတတ်ကို ကျင့်ကြံခဲ့ပေသည်။ ထို့ကြောင့် သိမ်းငှက်ဘုရင်လေး မည်သို့မှ မပြောတော့ဘဲ ခေါင်းသာညိတ်ပြလိုက်သည်။ ထို့နောက်တွင် သူ ပြောလိုလျှင်ပင် မပြောနိုင်တော့ပေ။ သူ၏ မျက်ဝန်းများက ဗျပ်စောင်းသံကြောင့် နီရဲလာပေသည်။

ရွှက်...ရွှက်...

ကျန့်ရှဘုရင်သည် ယိုထျန်းနီတို့နှစ်ယောက်ဆီသို့ ပျံသန်းသွားကာ ၎င်း၏ ဓားကဲ့သို့သော လက်နှစ်ဘက်ဖြင့် အဆက်မပြတ် ခုတ်ပိုင်းလိုက်၏။ ၎င်းက ယိုထျန်းနီတို့နှစ်ယောက်စလုံး၏ ဦးခေါင်းများကိုချိန်၍ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ခြင်းပင်။ ၎င်းသည် ထိုနှစ်ယောက်စလုံးကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ရန် ဆုံးဖြတ်ထားပေသည်။ ထိုနှစ်ယောက်စလုံးက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ် ဝတ်ဆင်ထားကြ၏။ ကျန့်ရှဘုရင်၏ လက်ဓားများက ထက်ရှသော်လည်း ထိုချပ်ဝတ်များကို မဖောက်နိုင်ပေ။

“အား...အား...”

ယိုထျန်းနီနှင့် ရန်ထျန်းဖန်တို့သည် ဦးခေါင်းကို အကြိမ်များစွာ တိုက်ခိုက်ခြင်း ခံလိုက်ရ၏။ နာကျင်မှုက အလွန်ပြင်းထန်သဖြင့် သူတို့ ခေတ္တမျှ အသိပြန်ကပ်သွားကြသည်။ သို့သော် ကျန်းရီက ဗျပ်စောင်းကို မရပ်မနားတီးခတ်နေသဖြင့် သူတို့ ပြန်တုံ့ပြန်ရန် စွမ်းအင်မစုစည်းနိုင်ကြပေ။ ရန်ထျန်းဖန် အော်ပြောလိုက်သည်။

“ကျန်းရီ... ရပ်လိုက်။ မင်း ငါတို့ကို သတ်ရင် လောကအဆုံးအထိ ထွက်ပြေးရင်တောင် ကောင်းကင်ဘုရင်ယိုက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး”

“ကျန်းရီ... မင်း ငါ့ကို သတ်လို့မရဘူး။ ငါ အဘိုးဆီ သတင်းပို့ပြီးသွားပြီ။ သူ ဒီကို ချက်ချင်းရောက်လာတော့မှာ။ မင်း ငါ့ကို သတ်လိုက်ရင် နောက်ပြန်လှည့်လို့ရတော့မှာ မဟုတ်ဘူး...”

ယိုထျန်းနီလည်း အော်ပြောလိုက်သည်။ သို့သော် သူတို့ ပြန်ရလိုက်သည့် တုံ့ပြန်မှုမှာ ကျန့်ရှဘုရင်၏ ရက်စက်သော တိုက်ခိုက်မှုများပင်။ သူတို့နှစ်ယောက်စလုံး၏ ဦးခေါင်းများ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ အကယ်၍ ကျန့်ရှဘုရင်က သူတို့ကို အချက်တစ်ရာလောက် ထပ်၍ခုတ်ပိုင်းမည်ဆိုလျှင် သူတို့ သေချာပေါက် သေသွားပေလိမ့်မည်။

ယိုထျန်းနီ၏ တစ်ကိုယ်လုံး တောင့်တင်းနေသည်။ ဤတစ်ကြိမ်တွင် သူ သေခြင်းတရား၏ အငွေ့အသက်ကို အမှန်တကယ် ရနေပေပြီ။ သူ တုန်လှုပ်မှု ပြည့်နှက်နေသော မျက်ဝန်းများဖြင့် အော်ပြောလိုက်၏။

“ကျန်းရီ... ငါ မှားပါတယ်။ ငါ့ကို မသတ်ပါနဲ့။ မင်း ငါ့ကို မသတ်ရင် ငါ မင်းလိုချင်တာမှန်သမျှ ပေးပါမယ်။ ငါ မင်းရဲ့ ကျွန်လည်း လုပ်နိုင်ပါတယ်.. ငါ မင်းကို ငါ့ရဲ့ဝိညာဉ်မျိုးစေ့ပေးမယ်။ မင်း ငါ့ကို ဓားစာခံလုပ်ထားရင် ငါ့အဘိုးကလည်း မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ သူ မင်းကို လိုက်လည်းဖမ်းရဲမှာ မဟုတ်ဘူး”

“အဲ့ဒါတွေ မလိုဘူး”

ကျန်းရီ အေးစက်စက် ပြန်ပြောလိုက်သည်။ ကျန့်ရှဘုရင်၏ လက်ဓားများကို အရိပ်သာ မြင်ရတော့သည်။ ၎င်းက တစ်စက္ကန့်အတွင်း အချက်ရာချီ ခုတ်ပိုင်းနေသည်။ ထို့ကြောင့် ယိုထျန်းနီတစ်ယောက် နာကျင်တကြီး အော်ဟစ်နေရပေသည်။ သူ၏ဦးခေါင်းက ကွဲနေပေပြီ။ သူ၏ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်နှင့် သိုလှောင်လက်စွပ်တို့ကလည်း သူ့ကိုယ်မှ အလိုလိုကျွတ်သွားကာ လေထဲတွင် မျောလွင့်သွားသည်။ နောက်ဆုံးတွင် သူ၏ဦးခေါင်းသည် ကျန့်ရှဘုရင်၏ ခုတ်ပိုင်းမှုများ‌ကြောင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားလေတော့သည်။

“အား... ကျန်းရီ... ငါ သရဲဖြစ်ရင်တောင် မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး”

ရန်ထျန်းဖန်လည်း နောက်ဆုံးတစ်ခေါက် အော်ဟစ်ကာ သေဆုံးသွားလေသည်။ ကျန်းရီ ဗျပ်စောင်းတီးခတ်ခြင်းကို ရပ်တန့်လိုက်၏။ ထိုအခါမှ သိမ်းငှက်ဘုရင်လေး အသိပြန်ကပ်လာသည်။ သူသည် ဦးခေါင်း အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်နေသော အလောင်းနှစ်လောင်းကို လှမ်းကြည့်လိုက်ပြီး ခြောက်ကပ်ကပ်ရယ်၍ ပြောလိုက်၏။

“ကောင်းကင်က ကျလာတဲ့ ဒုက္ခကို ရှောင်လို့ရနိုင်သေးတယ်။ ကိုယ့်ဘာသာရှာတဲ့ ဒုက္ခကိုတော့ ရှောင်လို့မရဘူး”

ကျန်းရီသည် အရှေ့သို့ လျှောက်သွားပြီး သိုလှောင်လက်စွပ်နှစ်ကွင်းနှင့် ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်နှစ်ထည်ကို ယူလိုက်သည်။ ထို့နောက် သူ သိမ်းငှက်ဘုရင်လေးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

“ကျွန်တော်တို့ ဒါတွေကို အညီအမျှခွဲယူကြမလား”

“မင်းပဲ ယူထားလိုက်ပါ။ ငါက အဲ့ဒါတွေကို ဂရုမစိုက်ပါဘူး”

သိမ်းငှက်ဘုရင်လေး လက်ဝှေ့ယမ်းကာ ပြောသည်။

“လခွမ်းပဲ... ယိုထျန်းနီက ဒီနေရာကို သိထားတယ်လား။ အဲ့တော့ ကောင်းကင်ယန်မျိုးနွယ်လည်း ဒီနေရာကို သေချာပေါက် သိမှာပဲ။ ကျန်းရီ... မင်း ဒီမှာ ပုန်းနေရင် သူတို့ မင်းကို ရှာတွေ့သွားလိမ့်မယ်...”

“အာ...”

ကျန်းရီ၏ မျက်နှာထား မည်းမှောင်သွားသည်။ သူ ဤနေရာတွင် ပုန်းမနေနိုင်လျှင် မည်သည့်နေရာသို့ သွားရမည်နည်း။ သူ့ကို အပြစ်ဆေးကြောဆန်းကြယ်နယ်မြေဆီ ပြန်ခေါ်သွားပေးဖို့ သိမ်းငှက်ဘုရင်လေးအား ပြောရမည်လော။

ပြဿနာမှာ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကလည်း မလုံခြုံတော့ခြင်းပင်။ လက်ရှိတွင် စွမ်းအားကြီး သိုင်းသမားများစွာက သူ ထိုနယ်မြေသို့ ပြန်သွားနိုင်လောက်သည်ဟု တွေးကာ ထိုဘက်သို့သွားနေကြလောက်သည်။ သာမန်သိုင်းသမားများဆိုလျှင် ကိုင်တွယ်နိုင်သေးသော်လည်း အုပ်ချုပ်သူအဆင့် သိုင်းသမားများမှာ အလွန်စွမ်းအားကြီးပေသည်။ သူတို့က အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲ အလွယ်တကူဝင်ကာ သူ့ကို ရှာနိုင်ပေသည်။

ထို့ပြင် ယခု သိမ်းငှက်ဘုရင်လေး အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ပြန်သွားမည်ဆိုလျှင် သေချာပေါက် ကောင်းကင်ဘုရင်ယို၏ ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။ သူက ကျန်းရီကို များစွာကူညီပေးခဲ့သည် မဟုတ်ပါလား။ ကျန်းရီ သူ့ကို ထပ်၍ ဒုက္ခမပေးလို‌တော့ပေ။

“အို့... ဟုတ်သား...”

ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာ၏။ သူ အံကြိတ်ကာ သိမ်းငှက်ဘုရင်လေးကို ပြောလိုက်သည်။

“သိမ်းငှက်ဘုရင်လေး... ကျွန်တော့်ကို ချော်ရည်မြေရိုင်းဆီ ခေါ်သွားပေးနိုင်မလား။ ကျွန်တော် အဲ့မှာ ပုန်းနေမယ်ဆိုရင် သေချာပေါက် လုံခြုံမှာပါ”

“ချော်ရည်မြေရိုင်းလား...”

သိမ်းငှက်ဘုရင်လေး မျက်လုံးပြူးကာ အံ့ဩသွား၏။ သူ ချက်ချင်း ပြန်ပြောလိုက်သည်။

“မင်း ရူးသွားပြီလား။ အဲ့နေရာက လူသားတွေ သွားသင့်တဲ့ နေရာလား”

“ကျွန်တော် အဆင်ပြေမှာပါ”

ကျန်းရီ ပြုံးလိုက်၏။

“မစိုးရိမ်ပါနဲ့... ကျွန်တော့်မှာ မီးဒဏ်ခံရတနာတစ်ခု ရှိပါတယ်။ အဲ့မီးတောက်တွေက ကျွန်တော့်ကို ထိခိုက်အောင် မလုပ်နိုင်ဘူး”

“မရဘူး...”

သိမ်းငှက်ဘုရင်လေးက ပြတ်ပြတ်သားသား ပြန်ပြော၏။

“ငါတို့မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတစ်ယောက် မီးဒဏ်ခံရတနာတစ်ခုကို ဝယ်ပြီး အဲ့မြေရိုင်းကို သွားစူးစမ်းခဲ့တယ်လို့ ငါ ဖတ်ဖူးတယ်။ အဲ့မှာ ဝိညာဉ်ဆေးပင်တွေဘာတွေ ရှိမလားဆိုပြီး သွားရှာတာတဲ့။ ဒါပေမဲ့ နောက်ဆုံးကြတော့ သူ အဲ့နေရာနဲ့ ငါးဆယ်ကီလိုမီတာအတွင်းကိုတောင် မကပ်နိုင်ခဲ့ဘူး။ မင်းရဲ့ မီးဒဏ်ခံရတနာက ဘယ်လောက်အစွမ်းထက်လို့လဲ။ ငါတို့မျိုးနွယ်ရဲ့ မီးဒဏ်ခံရတနာထက် ပိုအစွမ်းထက်နိုင်ပါ့မလား”

“အဲ့ဒါက...”

ကျန်းရီ တွေဝေသွား၏။ သူလည်း မသေချာပေ။ မင်ရည်တောင်ပံမျိုးနွယ်က မည်မျှကြွယ်ဝသနည်း။ သူတို့၏ အစွမ်းအထက်ဘုံ မီးဒဏ်ခံရတနာနှင့်ပင် ထိုချော်ရည်မြေရိုင်းအနီးသို့ မကပ်နိုင်ခဲ့လျှင် မီးဝိညာဉ်ပုလဲနှင့်ဆိုလျှင်ရော ကပ်နိုင်ပါမည်လော။

“စမ်းကြည့်တာပေါ့”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် အံကြိတ်ကာ ပြောလိုက်၏။ အခြားရွေးချယ်စရာမလည်း မရှိတော့ပေ။ သူ၏ကံကိုသာ စမ်းကြည့်ရပေမည်။ သူ ချော်ရည်မြေရိုင်းထဲ မဝင်နိုင်လျှင် ထိုနေရာတွင် သေရန် ထိုင်စောင့်နေရုံသာ။

“အဲ့ဒါဆိုလည်း ကောင်းပြီလေ...”

ကျန်းရီက ဆုံးဖြတ်ပြီးပြီဖြစ်၍ သိမ်းငှက်ဘုရင်လေး မည်သို့မှ ဆက်မပြောတော့ပေ။ သူ့တွင်လည်း ပိုကောင်းသောအကြံ မရှိသည် မဟုတ်လော။

သိမ်းငှက်ဘုရင်လေးသည် လှည့်ပတ်ကြည့်လိုက်ပြီးနောက် အလောင်းများကို လျင်မြန်စွာ သိမ်း၍ ကျန်းရီကိုခေါ်ကာ ဆန်းကြယ်နယ်မြေအပြင်သို့ ပြန်ထွက်လိုက်သည်။ သူသည် ပျံသန်းနေရင်းဖြင့် ရှင်းပြလိုက်၏။

“ခဏနေ ငါတို့ ချော်ရည်မြေရိုင်းနားကို ရောက်ရင် အဲ့ကို မင်းဘာသာ ပျံသွားရမှာ။ နောက်ကလိုက်လာတဲ့သူတွေကို လမ်းလွှဲဖို့ ငါ ဒီအလောင်းနှစ်လောင်းကို တော်တော်ဝေးဝေးထိ ယူသွားပြီးမှ စွန့်ပစ်လိုက်မယ်။ အဲ့လောက်ဆို မင်း အချိန်နည်းနည်းတော့ရမှာပါ”

ကျန်းရီ သိမ်းငှက်ဘုရင်လေးကို ကြည့်လိုက်၏။ သူ မည်သည့်ကျေးဇူးတင်စကားမှ မဆိုပေ။ အပေါ်ယံကျေးဇူးတင်စကားများက သူ့ကို ဟန်ဆောင်တတ်သူဟု အထင်ခံရစေပေလိမ့်မည်။ သူတို့နှစ်ယောက်သည် ကျန့်ရှဘုရင်နှင့်အတူ ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေထဲမှနေ၍ ပျံထွက်လာကြသည်။ နတ်ဘုရားလှေပေါ်သို့ ပြန်ရောက်သောအခါ သိမ်းငှက်ဘုရင်လေးက ညွှန်ကြားလိုက်သည်။

“ချော်ရည်မြေရိုင်းဆီ အမြန်ဆုံးသွားပါ”

မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားသုံးယောက် အံ့ဩသွား၏။ သို့သော် သိမ်းငှက်ဘုရင်လေးက မည်သို့မှ ဆက်ရှင်းမပြသဖြင့် သူတို့ ရွေးချယ်စရာ မရှိတော့ဘဲ အမိန့်ကိုသာ နာခံလိုက်ကြရသည်။ သူတို့နေရာက ချော်ရည်မြေရိုင်းနှင့် မဝေးပေ။ ထိုသို့ရောက်ရန် တစ်နာရီလောက်သာ သွားရမည်ဖြစ်သည်။

ကျန်းရီနှင့် သိမ်းငှက်ဘုရင်လေးတို့ ပတ်ဝန်းကျင်ကို စိတ်လှုပ်တရှားဖြင့် လှည့်ပတ်ကြည့်လိုက်ကြ၏။ ကောင်းကင်ဘုရင်ယိုနှင့် ကောင်းကင်ဘုရင်ဝူတို့ သူတို့အရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာမည်ကို သူတို့ စိုးရိမ်ပေသည်။ ထိုသို့သာဖြစ်လာလျှင် ကျန်းရီ သေချာပေါက် သေရပေလိမ့်မည်။

ကျန်းရီက အလွန်ကံကောင်း၏။ ကောင်းကင်ဘုရင်ယိုနှင့် ကောင်းကင်ဘုရင်ဝူတို့က လမ်းမှားသွားခြင်း သို့မဟုတ် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ရောက်နေခြင်း ဖြစ်မည်။ ထို့ကြောင့် ကျန်းရီတို့သည် ချော်ရည်မြေရိုင်းနားသို့ ရောက်သည်အထိ မည်သည့်ရန်သူနှင့်မှ မကြုံခဲ့ပေ။

“သိမ်းငှက်ဘုရင်လေး... ကျွန်တော် သွားပါတော့မယ်။ ဒီတစ်ခေါက် ကျွန်တော် မသေခဲ့ရင် ကျွန်တော် သိမ်းငှက်ဘုရင်လေးကို သေရည်ကောင်းကောင်း ဒကာခံပါမယ်”

ကျန်းရီ နတ်ဘုရားလှေထဲမှ ထွက်လိုက်ပြီး ခပ်လှမ်းလှမ်းရှိ အနီရောင်အလင်းဆီသို့ ပျံသန်းသွားလိုက်သည်။ သိမ်းငှက်ဘုရင်လေးသည် ကျန်းရီ အဝေးသို့ ပျံသန်းကာ သေး၍ သေး၍ သွားသည်ကို စိုက်ကြည့်နေ၏။ နောက်ဆုံးတွင် ကျန်းရီက အနက်ရောင်အစက်အပျောက်တစ်ခုအဖြစ် ပျောက်ကွယ်သွားသည်။ ထိုမှ သူ သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။

“ကျန်းရီ... ဒီတစ်ခေါက် မင်း မသေဘူးဆိုရင် မင်းက ငါ့ရဲ့ယောက်ဖဖြစ်ဖို့ ထိုက်တန်တယ်ဆိုတာကို သက်သေပြပြီး ဖြစ်သွားမှာပဲ။ ညီမလေးကို မင်းနဲ့ လက်ထပ်ပေးဖို့ ငါကိုယ်တိုင် ခမည်းတော်ကို တောင်းဆိုပေးမယ်။ မင်း ရှင်သန်ရမယ်”

All Chapters