← Chapters

ထောင်လွှားလွှမ်းမိုးသော

Vol. 113 Ch. 1578

ထောင်လွှားလွှမ်းမိုးသော

Vol. 113 Ch. 1578

“သိမ်းငှက်စိမ်းဘုရင်”

လူအားလုံး၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ ဆန်းကြယ်နယ်မြေအပြင်ဘက်တွင် လူထောင်ကျော် စောင့်ကြပ်နေသော်လည်း သိမ်းငှက်စိမ်းဘုရင်က လူမသိသူမသိ ဝင်လာနိုင်ခဲ့သည်လော။ သို့သော် အတန်ကြာတွေးပြီးနောက် ယင်းက သဘာဝကျကြောင်း အားလုံး လက်ခံလိုက်ကြသည်။ သိမ်းငှက်စိမ်းဘုရင်ကို အလွယ်တကူ အာရုံခံနိုင်မည်ဆိုလျှင် သူက အဘယ်သို့ အထက်ဘုံ၏ နံပါတ်တစ် ဖြစ်နေပါမည်နည်း။

သိမ်းငှက်စိမ်းဘုရင်၏ စကားများကို ကြားသောအခါ အားလုံး ကျောစိမ့်သွားကြသည်။ သိမ်းငှက်စိမ်းဘုရင်နေရာတွင် အခြားတစ်ယောက်ဖြစ်ပါက အားလုံးသည် ထိုသူ ရူးသွားပြီလောဟုသာ ထင်ကြပေလိမ့်မည်။ သို့သော် သိမ်းငှက်စိမ်းဘုရင်ကိုမူ မည်သူမှ ရူးသည်မထင်ဝံ့ကြပေ။ သိမ်းငှက်စိမ်းဘုရင်၏ အကျင့်စရိုက် အမြဲ ထိုသို့သာဖြစ်ပြီး အလွန်ထောင်လွှားလွှမ်းမိုးပေသည်။

မျက်လုံးများစွာက ‌ကောင်းကင်ဆီသို့ ရောက်သွားကြ၏။ ကောင်းကင်ဘုရင်ယိုသည် လေထဲတွင် ဝဲလွင့်နေသော အစိမ်းရောင်ဆံပင်များကို တွေ့လိုက်ရပြီး သိမ်းငှက်စိမ်းဘုရင်၏ လွှမ်းမိုးအားကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသည်။ ရုတ်ခြည်းပင် သူ မျက်မှောင်ကြုတ်သွားပြီး မျက်နှာအလွန်ဖြူဖျော့လာသည်။

သိမ်းငှက်စိမ်းဘုရင်က အစိမ်းရောင်အလင်းတန်း တစ်တန်းအလား ပျံဆင်းလာ၏။ သူသည် စူးရှသော မျက်ဝန်းများဖြင့် လှည့်ပတ်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“လောင်ဝူ... ဒါက ဘာအဓိပ္ပာယ်လဲ။ ခင်ဗျားတို့က ကျုပ်ရဲ့သား ပြဿနာတက်နေတယ်ဆိုပြီး သတင်းပို့ခဲ့ကြတယ်.. အခုကျတော့ ခင်ဗျားတို့က ကျုပ်ရဲ့သားကို သတ်ချင်နေကြတာလား။ သူက ဘာပြစ်မှု ကျူးလွန်ခဲ့လို့ ခင်ဗျားတို့က သူ့ကို သတ်ချင်နေရတာလဲ။ ပြီးတော့ သူက အမှားတစ်ခု လုပ်ခဲ့ရင်တောင် သူ့ကို ဆုံးမတဲ့သူက ကျုပ်ပဲ ဖြစ်ရမယ်။ ဘယ်တုန်းက ခင်ဗျားတို့မှာ သူ့ကို ဆုံးမပိုင်ခွင့် ရှိသွားတာလဲ”

ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်သွားသည်။ အားလုံးသည် သိမ်းငှက်စိမ်းဘုရင်၏ အရှိန်အဝါ၏ လွှမ်းမိုးမှုကို ခံထားရ၏။ လူ‌တော်တော်များများလည်း အသက်ပင် ကျယ်ကျယ်မရှူဝံ့ကြပေ။ သိမ်းငှက်စိမ်းဘုရင်၏ အရှိန်အဝါနှင့် အငွေ့အသက်က အလွန် ကြောက်မက်ဖွယ်ကောင်းပေသည်။ ကောင်းကင်ဘုရင်ယိုပင် သိမ်းငှက်စိမ်းဘုရင်က သူ့အား ချက်ချင်းသတ်ပစ်လိုက်မည်ကို စိုးရိမ်ပြီး ခေတ္တမျှ ဆွံ့အသွားသည်။

ကောင်းကင်ဘုရင်ဝူ၏ မျက်နှာမှာတော့ တည်ငြိမ်နေသည်။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး လက်ဆုပ်ကာ ပြန်ပြောလိုက်သည်။

“အစ်ကိုမူ... ဒီတစ်ခေါက် အစ်ကို ယိုဖုန်းကို အပြစ်တင်လို့မရပါဘူး။ သူက တကယ် ရူးသွပ်သွားခဲ့တာပါ။ ပုံမှန်ဆို သူ ဒီလို မဆင်မခြင် မလုပ်တတ်ပါဘူး။ ကျုပ်ကလည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဖြစ်ခဲ့တာက ဒီလိုပါ...”

ကောင်းကင်ဘုရင်ဝူသည် အားလုံးကို အသေးစိတ် ရှင်းပြလိုက်၏။ သူက စကားလုံးများကို သင့်လျော်အောင် ရွေးချယ်ခဲ့ပြီး သိမ်းငှက်ဘုရင်လေးက ကျန်းရီကို ကူညီခဲ့သည်ဟု တိုက်ရိုက်မပြောဘဲ အရိပ်အမြွက်သာ ပေးခဲ့သည်။ သိမ်းငှက်စိမ်းဘုရင်က ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်သဖြင့် ထိုအရိပ်အမြွက်များမှနေ၍ ဆိုလိုရင်းကို နားလည်လိမ့်မည်ဖြစ်ကြောင်း သူ သိပေသည်။

သိမ်းငှက်စိမ်းဘုရင်က အမှန်တကယ်လည်း နားလည်ခဲ့သည်။ သို့သော် သူ့မျက်နှာထားက ရေခဲတမျှ အေးစက်နေဆဲပင်။ သူ တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ အေးစက်စက်ပြုံး၍ ပြောလိုက်၏။

“ယိုဖုန်း... ခင်ဗျား ဦးနှောက်ချောင်နေတာလား။ အဲ့ဒါက တည်နေရာပြောင်းရွှေ့အစီအရင်လေး တစ်ခုပဲ။ ကျုပ်က မတတ်နိုင်ဘဲ နေမှာလား။ ဒီကိစ္စက မသိသာလွန်းဘူးလား.. ကျုပ်သားက လူတစ်ယောက် သတ်ခဲ့လား။ သူက ဟဲပုယွီကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့လို့ ကျန်းရီ ဖမ်းတာကို ခံခဲ့ရတာပဲ။ သူကလည်း ခံရတဲ့သူတစ်ယောက်ပဲ။ ယိုဖုန်း... ခင်ဗျားက ခင်ဗျားရဲ့မျိုးနွယ်ဝင်တွေ အသတ်ခံလိုက်ရတာကို ကျုပ်သားအပေါ် အပြစ်တင်နေတာလား။ ကျုပ်တို့ မူမျိုးနွယ်က အလွယ်တကူ အနိုင်ကျင့်ခံမယ်လို့ ထင်လား။ ခင်ဗျားရဲ့မျိုးနွယ် မျိုးတုံးသွားပြီလား။ မတုံးသေးရင် ကျုပ် ခင်ဗျားကို ကူညီပေးမယ်”

“...”

လူများစွာ မျက်လုံးပင့်လိုက်ကြ၏။ သိမ်းငှက်စိမ်းဘုရင်က ထောင်လွှားလွှမ်းမိုးကာ အကျိုးအကြောင်းများကို အရေးမစိုက်ကြောင်း သူတို့ ကြားဖူးထားကြသည်။ ယနေ့တွင်မူ ၎င်းကို သူတို့ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပေပြီ။ သိမ်းငှက်စိမ်းဘုရင်က အမှန်ပင် အကျိုးအကြောင်းမကြည့်ချေ။ သို့သော် သူက အထက်ဘုံ၏ နံပါတ်တစ် ဖြစ်ရာ မည်သူကမှ သူ့ကို အပြစ်မပြုဝံ့ကြပါပေ။

“ကောင်စုတ်လေး...”

သိမ်းငှက်စိမ်းဘုရင်သည် ယိုဖုန်း၏ တုံ့ပြန်စကားကို စောင့်မနေတော့ဘဲ သွေးအလိမ်းလိမ်းဖြစ်နေသော သိမ်းငှက်ဘုရင်လေးကို လှမ်းကြည့်ကာ အော်ပြောလိုက်သည်။

“မြန်မြန် မင်းရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ကို ထုတ်ပြလိုက်။ မင်း အဲ့ထဲမှာ ကျန်းရီကို ဖွက်ထားလား၊ ဖွက်မထားဘူးလားဆိုတာကို သူတို့ကို ပြလိုက်။ မင်း သူ့ကို တကယ်ဖွက်ထားရင် ငါကိုယ်တိုင် မင်းကို ဒီနေရာမှာပဲ သတ်ပစ်မယ်။ မင်း ဖွက်မထားဘူးဆိုရင်တော့... လောင်ဝူ.. ခင်ဗျား ကျုပ်ကို ကျေနပ်စေလောက်မဲ့ ရှင်းပြချက်တစ်ခု ပေးရလိမ့်မယ်”

ရွှီး...

သိမ်းငှက်ဘုရင်လေးသည် သူ၏ သိုလှောင်လက်စွပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်ပြီး လက်စွပ်ပေါ်မှ သူ့ဝိညာဉ်အမှတ်အသားကို ဖျက်ကာ ၎င်းကို သိမ်းငှက်စိမ်းဘုရင်ထံ ပစ်ပေးလိုက်သည်။ သိမ်းငှက်စိမ်းဘုရင်သည် လက်စွပ်ကို ဖမ်းလိုက်ပြီး လက်စွပ်ထဲမှနေ၍ ပုလဲလုံးတစ်လုံးကို ထုတ်ကာ ၎င်းပုလဲလုံးအား အာရုံခံလိုက်သည်။ ထို့နောက် သူ ပြောလိုက်၏။

“ကျုပ် အရင်တုန်းက ကျန်းရီကို မြင်ဖူးတယ်။ သူ အထဲမှာ မရှိဘူး။ လောင်ဝူ... ခင်ဗျား ကြည့်ချင်သေးလား”

“ကြည့်ဖို့ မလိုတော့ပါဘူး”

ကောင်းကင်ဘုရင်ဝူ ခါးသက်သက် ပြုံးလိုက်၏။ သူသည် သိမ်းငှက်ဘုရင်လေးက အေးအေးလူလူ ထိုင်နေသည်ကို တွေ့ခဲ့ကတည်းက ကျန်းရီက သိမ်းငှက်ဘုရင်လေး၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲတွင် မရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပြီးဖြစ်သည်။ သိမ်းငှက်ဘုရင်လေးက သူတို့၏အာရုံကို ကျန်းရီထံမှနေ၍ သူ့အပေါ်သို့ လွှဲပြောင်းလိုနေခြင်းဖြစ်မည်။ ထိုမှ ကျန်းရီက ထွက်ပြေးနိုင်မည် မဟုတ်လော။ ထို့ပြင် သိမ်းငှက်စိမ်းဘုရင်ကဲ့သို့သော လူတစ်ယောက်က လိမ်မည်မဟုတ်ပေ။

သိမ်းငှက်စိမ်းဘုရင်သည် ပုလဲလုံးကို ဝှေ့ယမ်း၍ မြစ်ဖြူဘုရင်၊ ကောင်းကင်ကန္တာရဘုရင်နှင့် အခြားသူများကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားတို့ရော ဘယ်လိုလဲ။ လာပါ...လာပါ... ခင်ဗျားကိုယ်တိုင် အတည်ပြုကြည့်ချင်ကြလား”

မြစ်ဖြူဘုရင်တို့ အရှေ့သို့ မတိုးဝံ့ကြပေ။ မြစ်ဖြူဘုရင်သည် လက်ဆုပ်၍ လှမ်းပြောလိုက်၏။

“သိမ်းငှက်စိမ်းဘုရင်... သိမ်းငှက်စိမ်းဘုရင်က အဲ့ထဲမှာ ကျန်းရီမရှိဘူးလို့ ပြောပြီးပြီဆိုတော့ တကယ် ကျန်းရီ မရှိဘူးပဲပေါ့။ ဒီတစ်ခေါက် ယိုဖုန်းက သိမ်းငှက်စိမ်းဘုရင်ရဲ့သားတော်ကို မှားပြီး အပြစ်တင်ခဲ့မိပါပြီ”

“အာ...”

ယိုဖုန်း ရုတ်ခြည်း မျက်နှာပျက်သွား၏။ မြစ်ဖြူဘုရင်က သူ့အပေါ်သို့ အပြစ်လွှဲချနေပေသည်။ ယိုဖုန်း၏ မျက်နှာထားက ပို၍ရူးသွပ်လာသည်။ ထို့နောက်တွင် သူ မည်သို့မှ ပြန်မပြောနိုင်ဘဲ သူ၏ဒေါသကိုသာ မျိုသိပ်ထားရပေသည်။

ဝှစ်...

သိမ်းငှက်စိမ်းဘုရင်သည် သိမ်းငှက်ဘုရင်လေးထံသို့ လက်စွပ်ပြန်ပစ်ပေးလိုက်၏။ ထို့နောက် သူ ကောင်းကင်ဘုရင်ဝူကို ကြည့်ကာ ပြောလိုက်သည်။

“ယိုဖုန်းက ကျုပ်သားကို မှားပြီးအပြစ်တင်ခဲ့တာဆိုတော့... လောင်ဝူ.. ခင်ဗျား ကျုပ်ကို ကျေနပ်လောက်မဲ့ အဆုံးသတ်တစ်ခု ပေးနိုင်မလား။ တည်နေရာပြောင်းရွှေ့အစီအရင်နဲ့ ပတ်သတ်ပြီးတော့ ဘယ်သူမှားတယ်ဆိုတာ ကျုပ် စစ်ဆေးမနေတော့ပါဘူး။ ဘယ်သူပဲမှားမှား မူမျိုးနွယ်က တည်နေရာပြောင်းရွှေ့အစီအရင် အသစ်တစ်ခု ပြန်တည်ဆောက်ပေးမယ်။ ကဲ ဘယ်လိုလဲ လောင်ဝူ...”

“အဲ့ဒါက...”

ကောင်းကင်ဘုရင်ဝူ၏ မျက်နှာထား အတန်ငယ် မည်းမှောင်သွားသည်။ ဤတစ်ကြိမ်တွင် သိမ်းငှက်ဘုရင်လေးက မှားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။ သို့သော် သိမ်းငှက်စိမ်းဘုရင်၏ စကားများကြောင့် မှားသည့်သူက သူတို့ ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ သိမ်းငှက်စိမ်းဘုရင်နှင့် အကျိုးအကြောင်း ပြောနေလျှင်လည်း အသုံးဝင်မည် မဟုတ်ပေ။ သူက အမြဲ ဤသို့သာ ဖြစ်သည်။ သူ့ဘက်က အသာစီးရနေသည်ဆိုလျှင် သူ အကျိုးအကြောင်းပြောပေလိမ့်မည်။ မဟုတ်လျှင်တော့ သူ တိုက်ခိုက်သတ်ဖြတ်မည်ဖြစ်သည်။ ယင်းက သူ၏ အကျိုးအကြောင်းပင်။

ကောင်းကင်ဘုရင်ဝူသည် ခေတ္တမျှ တွေးတောလိုက်ပြီး သိမ်းငှက်စိမ်းဘုရင်ကို လှမ်းကြည့်၍ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုမူ... ကျုပ်တို့ ဒီကိစ္စကို မေ့ပစ်လိုက်ရင် မကောင်းဘူးလား။ အစ်ကို သိမ်းငှက်ဘုရင်လေးကို အိမ်ပြန်ခေါ်သွားနိုင်ပါတယ်။ ကျုပ်တို့ တည်နေရာပြောင်းရွှေ့အစီအရင်အတွက်လည်း အလျော်တောင်းတော့မှာ မဟုတ်ပါဘူး။ မိစ္ဆာချေဖျက်စစ်တပ်ကပဲ အသစ်ပြန်တည်ဆောက်လိုက်ပါမယ်.. အစ်ကို ကျုပ်ကို မျက်နှာသာ ပေးနိုင်မလား”

ကောင်းကင်ဘုရင်ဝူသည် မိစ္ဆာချေဖျက်စစ်တပ်၏ နံပါတ်တစ်ခေါင်းဆောင်ဖြစ်သဖြင့် အထက်ဘုံတွင် ထိပ်သီးအနည်းငယ်ထဲမှ တစ်ယောက် ဖြစ်ပေသည်။ သို့သော် ယခုတွင် သူ သိမ်းငှက်စိမ်းဘုရင်ကြောင့် လေသံပျော့‌ပျော့ဖြင့် တောင်းဆိုနေရသည်။

သိမ်းငှက်စိမ်းဘုရင်သည် ကောင်းကင်ဘုရင်ဝူကို မျက်နှာသာမပေးရလောက်အောင် မထောင်လွှားပါပေ။ ယခုတွင် အခြေအနေက သူ အလိုရှိသည့်အတိုင်း ဖြစ်လာပြီဖြစ်၍ သူ ကောင်းကင်ဘုရင်ယိုကို ကြည့်ကာ ပြောလိုက်သည်။

“ယိုဖုန်း... ဒီတစ်ခေါက် ကျုပ် ကောင်းကင်ဘုရင်ဝူရဲ့မျက်နှာကို ထောက်ထားလိုက်မယ်။ ခင်ဗျားရဲ့ ကောင်းကင်ယန်မျိုးနွယ်က အတိတ်မှာ အထက်ဘုံကို ကြီးစိုးနိုင်ခဲ့လို့ ခင်ဗျားတို့စိတ်ကြိုက် လုပ်နိုင်မယ်လို့ မထင်နဲ့။ ဒီတစ်ခေါက် ဘာဖြစ်ခဲ့လဲဆိုတာကို ကြည့်လိုက်။ ခင်ဗျားတို့ တစ်မျိုးနွယ်လုံးက အနိမ့်ဘုံက တက်လာတဲ့ ပမွှားလေးတစ်ယောက်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်။ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ဘိုးဘေးတွေကို တကယ်ပဲ အရှက်ရစေခဲ့ပြီ...”

“ဖူး...”

ကောင်းကင်ဘုရင်ယို ဆက်ထိန်းမထားနိုင်‌တော့ဘဲ ဒေါသကြောင့် သွေးအန်သွား၏။ သူ မျက်ဖြူလည်းလန်လာပြီး အောက်ဘက်သို့ ပြုတ်ကျမလိုပင် ဖြစ်သွားသည်။ သိမ်းငှက်စိမ်းဘုရင်၏ စကားများက သူ့ကို အလွန်ဒေါသထွက်သွားစေပေသည်။

သိမ်းငှက်စိမ်းဘုရင်သည် ကောင်းကင်ဘုရင်ယိုကို လျစ်လျူရှုလိုက်ပြီး သိမ်းငှက်ဘုရင်လေးကို ဆွဲခေါ်၍ အစိမ်းရောင်အလင်းတန်း တစ်တန်းအလား အထက်သို့ ပျံတက်သွား၏။ မကြာခင်တွင် သူ ဆန်းကြယ်နယ်မြေအပြင်သို့ ထွက်ကာ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေသည်။

သိမ်းငှက်စိမ်းဘုရင် ဆန်းကြယ်နယ်မြေအပြင်သို့ ရောက်သောအခါ အဝေးမှနေ၍ ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်း ပျံသန်းလာ၏။ သိမ်းငှက်စိမ်းဘုရင်သည် သိမ်းငှက်ဘုရင်လေးကိုခေါ်ကာ ထိုနတ်ဘုရားလှေထဲ ဝင်လိုက်သည်။ ထို့နောက် နတ်ဘုရားလှေက လင်းလက်လာပြီး အဝေးသို့ ပျံထွက်သွားလေသည်။

ဝုန်း...

သိမ်းငှက်စိမ်းဘုရင်သည် နတ်ဘုရားလှေထဲ ရောက်သည်နှင့် သိမ်းငှက်ဘုရင်လေးကို လှေကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ လှေထဲမှ မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားများ လျင်မြန်စွာ ဒူးထောက်၍ ပြောလိုက်ကြသည်။

“ဒေါသမထွက်ပါနဲ့ မျိုးနွယ်ဘုရင်”

“ဟွန်း...”

သိမ်းငှက်စိမ်းဘုရင်သည် သိမ်းငှက်ဘုရင်လေးကို ကြည့်ကာ ဆူပူကြိမ်းမောင်းလိုက်၏။

“မင်းက အတောင်စုံနေပြီပေါ့လေ။ အဲ့မျိုးမစစ်လေးကို ကူညီဖို့ မင်းကို ဘယ်သူက ခွင့်ပြုလဲ။ မင်းကြောင့် ငါ မျက်နှာပျက်ခဲ့ရပြီ”

သိမ်းငှက်ဘုရင်လေး၏ အရိုးအားလုံးနီးပါးက ကျိုးနေခဲ့ပြီးဖြစ်သည်။ ယခု လှေကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ချခံရသောအခါ သူတစ်ကိုယ်လုံး နာကျင်သွားသည်။ သို့သော် သူ၏မျက်နှာထားက အတန်ငယ်ပင် ပြောင်းမသွားပေ။ သူ သိမ်းငှက်စိမ်းဘုရင်ကို မကျေနပ်ဟန်ဖြင့်ကြည့်ကာ ပြန်ပြောလိုက်သည်။

“ကျွန်တော်မှာလည်း ကျွန်တော့်အကြောင်းနဲ့ကျွန်တော် ရှိတယ်။ ခင်ဗျားကို ဘယ်သူက ဝင်ပါခိုင်းလို့လဲ”

“ခွေးကောင်...”

သိမ်းငှက်စိမ်းဘုရင် လက်မြှောက်လိုက်ပြီး သိမ်းငှက်ဘုရင်လေးကို ဒေါသတကြီး ရိုက်လိုက်၏။ သိမ်းငှက်ဘုရင်လေး လွင့်ထွက်သွားသည်။ သိမ်းငှက်စိမ်းဘုရင်သည် သိမ်းငှက်ဘုရင်လေးကို အေးစက်စက် စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။

“အဲ့ကောင်စုတ်ကို ကြိုးတုတ်ပြီး အခန်းပိတ်ထားလိုက်။ သူ အုပ်ချုပ်သူအဆင့်ကို မရောက်မချင်း အပြင်ကို ထွက်ခွင့်မရှိဘူး။ မင်းက ဘယ်လို ပြဿနာရှာရမလဲဆိုတာပဲ သိတယ်”

သိမ်းငှက်စိမ်းဘုရင်သည် ဒေါသတကြီးဖြင့် ပဲ့ပိုင်းသို့ လျှောက်သွားလိုက်သည်။ မင်ရည်တောင်ပံမျိုးနွယ်ဝင် စွမ်းအားကြီး သိုင်းသမားများသည် သိမ်းငှက်ဘုရင်လေးကို ခပ်သွက်သွက် သွားထူကြ၏။ အချို့က သိမ်းငှက်ဘုရင်လေး၏ ဒဏ်ရာများကို ကူညီကုသပေးလိုက်၏။ သိမ်းငှက်ဘုရင်လေး၏ ပါးစပ်ထဲမှနေ၍ သွေးများ ထွက်လာသည်။ သို့သော် သူ့မျက်နှာထားက မပြောင်းသေးပေ။ သူ အရှေ့ဘက်ကို ကြည့်ကာ သက်ပြင်းသဲ့သဲ့ ချလိုက်၏။

“ကျန်းရီ... မင်းအတွက် ငါလုပ်ပေးနိုင်တာ ဒါအကုန်ပဲ။ မင်း ရှင်သန်နိုင်မလား၊ မရှင်နိုင်ဘူးလားဆိုတာတော့ မင်းရဲ့ကံကြမ္မာအပေါ်မှာပဲ မူတည်နေပြီ”

All Chapters