← Chapters

တမုန့်... ငါ့ကို ကယ်ပါ

Vol. 113 Ch. 1579

တမုန့်... ငါ့ကို ကယ်ပါ

Vol. 113 Ch. 1579

“လောင်ဝူ...”

ယခုတွင် သိမ်းငှက်စိမ်းဘုရင် ထွက်သွားပြီဖြစ်၍ မြစ်ဖြူဘုရင်က ကောင်းကင်ဘုရင်ဝူထံ ပျံသွားကာ လေးလံသောလေသံဖြင့် ပြောလိုက်၏။

“ကျန်းရီက သိမ်းငှက်ဘုရင်လေးရဲ့ လေဟာနယ်နတ်ဘုရားအသုံးအ‌ဆောင်ထဲမှာ မရှိနိုင်ဘူး။ သိမ်းငှက်စိမ်းဘုရင်နဲ့ သူ့သားက ဒီလိုတွေလုပ်ပြီး ကျန်းရီကို မင်ရည်တောင်ပံဆန်းကြယ်နယ်မြေဆီ ခေါ်သွားဖို့ ကြံနေတာ ဖြစ်နိုင်မလား”

ကောင်းကင်ကန္တာရဘုရင်နှင့် အခြားသူများ၏ မျက်နှာထားများ ပြောင်းလဲသွား၏။ ကျန်းရီသာ မင်ရည်တောင်ပံဆန်းကြယ်နယ်မြေဆီ ခေါ်သွားခံရမည်ဆိုလျှင် မျိုးနွယ်အသီးသီးမှ မျိုးနွယ်ဝင်များက အချည်းနှီးသေခဲ့ရသလို ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် ကျန်းရီက ဆယ်နှစ်လောက် ကျင့်ကြံပြီးလျှင် အုပ်ချုပ်သူအဆင့်သို့ ရောက်သွားနိုင်သည်။ ထိုအခါ ကျန်းရီ၏ အကျင့်စရိုက်နှင့်ဆိုလျှင် မျိုးနွယ်များစွာ ပျက်သုဉ်းရနိုင်သည်။

“ကျုပ်တော့ အဲ့လိုမထင်ဘူး”

ကောင်းကင်ဘုရင်ဝူက ယုံကြည်မှုရှိရှိ ပြန်ဖြေလိုက်၏။

“ကျုပ် သိမ်းငှက်စိမ်းဘုရင်ကို ကောင်းကောင်းသိတယ်။ သူက ခက်ထန်ပြီး အကျိုးအကြောင်းမကြည့်တတ်ပေမဲ့ အရမ်းစည်းကမ်းရှိတယ်။ ဒီကိစ္စရဲ့ အတိမ်အနက်ကို သူ သိပါတယ်။ ပြီးတော့... တိရှဘုံမှာ သူ ကျန်းရီကို သေအောင် ရိုက်သတ်လုနီးနီး ဖြစ်ခဲ့တယ်လို့ ကျုပ်ကြားတယ်။ ကျန်းရီက ဆယ်နှစ်ပြည့်ရင် သိမ်းငှက်စိမ်းဘုရင်ကို ခွေးတစ်ကောင်လို ရိုက်ပစ်မယ်လို့လည်း ကျိန်ခဲ့သေးတယ်တဲ့။ သူ အဲ့လိုမလုပ်နိုင်ရင် သူ့ကိုယ်သူ သတ်သေမယ်လို့လည်း ပြောတယ်။ တိရှဘုံက လူတိုင်း အဲ့အကြောင်းကို သိကြတယ်။ ခင်ဗျားတို့ မယုံရင် လိုက်မေးကြည့်လိုက်ပါ... သိရပါလိမ့်မယ်။ ကျန်းရီက အဲ့လိုပြောခဲ့တာကို သိမ်းငှက်စိမ်းဘုရင်နေရာမှာ ခင်ဗျားတို့ဆိုရင် ကျန်းရီကို ကူညီမှာလား”

“...”

လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့ဆက်လုပ်ရမည်မသိ ဖြစ်သွားကြ၏။ ကောင်းကင်ဘုရင်ဝူ ပြောသည်များသာ အမှန်ဆိုပါက သိမ်းငှက်စိမ်းဘုရင်က ကျန်းရီကို ကူညီလောက်မည် မဟုတ်ပေ။ ထိုအစား ကျန်းရီက ဤနေရာတွင် သေသွားပါစေဟုပင် မျှော်လင့်နေလောက်သည်။

ကောင်းကင်ဘုရင်ဝူ အလေးအနက် တွေးတောလိုက်၏။ အတော်ကြာပြီးမှ သူ ပြောလိုက်သည်။

“သိမ်းငှက်ဘုရင်လေးက ကျန်းရီကို ကူညီခဲ့တယ်ဆိုတာကတော့ ထင်ရှားတယ်။ ကျန်းရီက ဒီနေရာနဲ့ ဆန့်ကျင်ဘက်အရပ်ကို ထွက်ပြေးခဲ့တာဖြစ်မယ်။ ကျန်းရီက ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့တွေကို ဖောက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သူ ထွက်ပြေးသွားတာ မကြာသေးဘူးဆိုတော့ သူ အနားမှာပဲ ရှိလိမ့်ဦးမယ်။ သူက ဆန်းကြယ်နယ်မြေလေးတစ်ခု ဒါမှမဟုတ် မြေရိုင်းတစ်ခုမှာ ပုန်းနေတာပဲ ဖြစ်လိမ့်မယ်။ ကျုပ်တို့ အပြစ်‌ဆေးကြောဆန်းကြယ်နယ်မြေကိုလည်း ချန်ထားလို့ မရဘူး။ ရီဇူ... မြေပုံတစ်ချပ်ပေးစမ်း”

ရီဇူသည် ချက်ချင်းပင် အာကာသမြေပုံတစ်ချပ် ယူလာပေး၏။ ကောင်းကင်ဘုရင်ဝူသည် တစ်အုပ်စုလုံးကို စုဝေးစေလိုက်ပြီး မြေပုံကိုညွှန်ပြကာ ပြောလိုက်သည်။

“ကျုပ်တို့ခုနစ်ယောက်နဲ့ ရီဇူက အဖွဲ့ရှစ်ဖွဲ့ခွဲပြီး တစ်နေရာဆီကို တာဝန်ယူရမယ်။ ကျုပ်တို့ ဆန်းကြယ်နယ်မြေတိုင်း၊ မြေရိုင်းတိုင်းကို ရှာရမယ်။ တစ်နေရာကိုမှ ချန်ခဲ့လို မရဘူး။ ပတ်ဝန်းကျင်က ဘုံတွေနဲ့ အမဲလိုက်တမန်တော်တွေကို သတင်းပို့ပြီး ဒီကိုလာပူးပေါင်းခိုင်းလိုက်ပါ။ ကျုပ်တို့ ပိုက်ကွန်ကြီးတစ်ခု ဆင်ရမယ်။ ကျန်းရီ ဒီကနေ လွတ်သွားလို့ မဖြစ်ဘူး”

“ကောင်းပါပြီ”

ကောင်းကင်ဘုရင်ဝူ၏ အစီအစဉ်က အတော်လေးကောင်းသည်။ ထို့ကြောင့် အားလုံး ခေါင်းညိတ်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ဟွင့်သွမ့်နတ်ဘုရားလှေများထံ ပျံသန်းသွားကြသည်။ ဟွင့်သွမ့်နတ်ဘုရားလှေ ငါးရာကျော်သည် ခုနစ်ဖွဲ့ခွဲ၍ အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွား၏။ တစ်ဖွဲ့လျှင် အပိုင်းဒေသတစ်ခုကို ရှာရမည်ဖြစ်သည်။

နတ်ဘုရားလှေများပေါ်ရှိ လျှို့ဝှက်သတင်းပို့ အစီအရင်များကို သုံး၍လည်း ဘုံကြီးများမှ အမဲလိုက်တမန်တော်များထံ သတင်းပို့လိုက်ကြသည်။ ထိုတမန်တော်များက ကျန်းရီ လွတ်မသွားအောင် စောင့်ကြည့်နေရမည်ဖြစ်သည်။ ကျန်းရီတွင် ဟွင့်သွမ့်နတ်ဘုရားလှေ မရှိလောက်ပေ။ သူ့တွင် ထိုလှေတစ်စီး ရှိလျှင်ပင် သူ ၎င်းကို မသုံးဝံ့လောက်ချေ။ နတ်ဘုရားလှေနှင့်ဆိုလျှင် သူက ဧရာမပစ်မှတ်ကြီးတစ်ခု ဖြစ်သွားပြီး အားလုံးက သူ့ကို အလွယ်တကူ ရှာဖွေဟန့်တားနိုင်လိမ့်မည် မဟုတ်ပါလား။

ကောင်းကင်ဘုရင်ဝူသည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေသို့ ပြန်သွား၏။ ကျန်းရီက ထိုနယ်မြေသို့ ပြန်သွားလောက်သည်ဟု သူ ယုံကြည်နေသည်။ အခြားအဖွဲ့များကမူ လူစုခွဲ၍ သူတို့တာဝန်ယူရသည့် ဆန်းကြယ်နယ်မြေများနှင့် မြေရိုင်းများကို ရှာဖွေနေကြသည်။

မြစ်ဖြူဘုရင်က ချော်ရည်မြေရိုင်းရှိသော အပိုင်းကို တာဝန်ယူရ၏။ နာရီများစွာ လှည့်ပတ်ပျံသန်းပြီးနောက် မြစ်ဖြူဘုရင်သည် ချော်ရည်မြေရိုင်းအနားသို့ ရောက်လာပြီး ထိုနေရာကို ကိုယ်တိုင်သွားရှာလိုက်သည်။ သူသည်လည်း ချော်ရည်မြေရိုင်းအနီးကို မကပ်ဝံ့ပေ။ ကီလိုမီတာငါးထောင်အကွာမှာပင် သူ မြေရိုင်း၏ အလွန်ပူပြင်းသော အပူချိန်ကို ခံစားနေရပြီဖြစ်သည်။ ထို့ကြောင့် သူသည် သေချာပင် အာရုံမခံတော့ဘဲ သူ့အဖွဲ့ကို ဦးဆောင်ကာ ထိုနေရာမှ အဝေးသို့ ထွက်သွားလိုက်၏။ အပူချိန်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြင့်မားရာ မည်သူမှ ထိုမြေရိုင်းထဲတွင် ပုန်းအောင်းမနေနိုင်ဟု သူ ကောက်ချက်ချပေသည်။

ထို့နောက်တွင် မြစ်ဖြူဘုရင်သည် ဝိညာဉ်စိမ်းဆန်းကြယ်နယ်မြေသို့ သွားလိုက်၏။ သူ ကောင်းကင်စိတ်အာရုံကို အသုံးပြု၍ ဆန်းကြယ်နယ်မြေတစ်ခွင်လုံးကို အာရုံခံလိုက်သည်။ မည်သည့်အသက်လက္ခဏာကိုမှ မတွေ့သောအခါ သူ ပြန်ဆုတ်ခွာကာ သူ့လက်အောက်ငယ်သားများအား အခြားနေရာများကို လိုက်ရှာရန် ပြောလိုက်သည်။ ပိုင်တိထျန်းက အသတ်မခံခဲ့ရသဖြင့် မြစ်ဖြူဘုရင်သည် ကောင်းကင်ဘုရင်ယိုလောက် ကျန်းရီကို သတ်ချင်မနေပေ။ သူ ကောင်းကင်ဘုရင်ယိုကြောင့်သာ ကျန်းရီကို ကူရှာပေးနေခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် သူသည် ကျန်းရီကဲ့သို့ ပမွှားလေးကို ရှာရန် ဤမျှအားစိုက်ထုတ်နေမည် မဟုတ်ချေ။

အဖွဲ့များသည် ပတ်ဝန်းကျင်ဒေသတစ်ခွင်လုံး၌ လိုက်ရှာကြသော်လည်း ကျန်းရီကို ရှာမတွေ့ခဲ့ပေ။ သူတို့သည် ပတ်ဝန်းကျင်တစ်ခွင်လုံးရှိ ဆန်းကြယ်နယ်မြေအားလုံးနှင့် မြေရိုင်းအားလုံးတွင် ရှာဖွေခဲ့ကြ၏။ သို့သော် မည်သည့်သဲလွန်စကိုမှလည်း မတွေ့ခဲ့ကြချေ။

အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ...

အုပ်ချုပ်သူအဆင့် သိုင်းသမား အနည်းငယ်သည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေကို စောင့်ကြည့်နေကြ၏။ ကျန်းရီက ထိုနယ်မြေထဲတွင် ရက်နှစ်ဆယ်ကြာအောင် ရှင်သန်နိုင်ခဲ့သည် မဟုတ်ပါလား။ သတင်းပို့ဆက်သွယ်မှုများ လုပ်ပြီးနောက် အုပ်ချုပ်သူအဆင့် သိုင်းသမားများနှင့် ရီဇူတို့အားလုံး ထိုဆန်းကြယ်နယ်မြေသို့ ပြန်လာခဲ့ပြီး ကျန်းရီကို နယ်မြေထဲရှိ နေရာတစ်လက်မမကျန်အောင် လိုက်ရှာခဲ့ကြသည်။ အချို့သည် အပြစ်ဆေးကြောဆန်းကြယ်နယ်မြေ ပတ်ပတ်လည်တွင်လည်း လိုက်ရှာကြသည်။ သူတို့သည် ကျန်းရီကို ရှာမတွေ့မချင်း လက်လျှော့မည် မဟုတ်ပေ။

***

နာရီခြောက်ဆယ်ကျော် ကုန်ဆုံးသွားပေပြီ။ ကျန်းရီ မျက်လုံးဖွင့်လိုက်၏။ သူ့ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ သူ ခံစားလိုက်ရ၏။

အချိန်အတော်ကြာခဲ့ပြီဖြစ်၍ ရန်သူများ၏ ပထမတစ်ချီ ရှာဖွေမှုက ပြီးဆုံးသွားလောက်ပေပြီ။ မည်သူကမှ ချော်ရည်မြေရိုင်းထဲ ဝင်မလာခဲ့သလို မည်သည့် ကောင်းကင်စိတ်အာရုံမှလည်း ရောက်မလာခဲ့ချေ။ နောက်ဆုံးတွင် ကျန်းရီ သိသိသာသာ စိတ်အေးလာပေပြီ။

ကျန်းရီ မျက်လုံးဖွင့်လိုက်ပြီးနောက် အရှေ့ကို တွေဝေစွာ ငေးကြည့်၍ အပြစ်ဆေးကြောဆန်းကြယ်နယ်မြေထဲတွင် ဖြစ်ခဲ့သည်များကို ပြန်တွေးလိုက်၏။ ယခုအထိ အဘယ်ကြောင့် ရက်နှစ်ဆယ်က လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့ကြောင်းကို သူ နားမလည်နိုင်သေးပေ။ မည်သည့်အရာ ဖြစ်ပျက်ခဲ့ခြင်းနည်း။ ထို့ပြင် သူ့ကို လျှို့ဝှက်ကူညီခဲ့သူက မည်သူနည်း။ တိရှအရှင်လော သို့မဟုတ် ဝိညာဉ်ဘုရင်လော။ သို့သော် သူတို့ထဲမှတစ်ယောက်ဆိုလျှင် သူတို့က သူ့ကို ထိုနေရာမှ ချက်ချင်းခေါ်ထုတ်သွားမည်ဖြစ်သည်။

ကျန်းရီသည် အတော်ကြာတွေးတောပြီးနောက် ခေါင်းခါကာ ထိုအတွေးများကို ဘေးဖယ်လိုက်သည်။ သူ လှည့်ပတ်ကြည့်လိုက်ပြီး အတန်ငယ် ခေါင်းကိုက်လာသည်။ ဤနေရာတွင် မည်သည့်ဝိညာဉ်စွမ်းအင်မှ မရှိပေ။ ထို့ကြောင့် သူ ကျင့်ကြံနိုင်မည် မဟုတ်ချေ။ ထိုအခိုက်တွင် သူ့အပေါ် အန္တရာယ်ကျလာမည်ကို သူ စိုးရိမ်နေဆဲဖြစ်၍ အနှစ်သာရကို ဆက်လေ့လာနိုင်လောက်အောင် စိတ်မတည်ငြိမ်သေးပေ။ သို့သော် ဤနေရာ၌ မည်သည်မှ မလုပ်ဘဲ ထိုင်နေမည်ဆိုလျှင် အချိန်က ကုန်ခဲပေလိမ့်မည်။

‘ဒီက မိုးမြေထူးခြားမီးတောက်တွေကို လေ့လာကြည့်ရင်ရော၊ ငါ အဲ့မီးတောက်တွေကို စုပ်ယူနိုင်မလား ကြည့်တာပေါ့’

ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ထွက်ပေါ်လာ၏။ သူသာ ထိုထူးခြားမီးတောက်များကို စုပ်ယူကာ သူ့နဝမမြောက်ကြယ်စက်လုံးထဲရှိ ငါးရောင်ခြယ်မီးတောက်များနှင့် ပေါင်းစည်းနိုင်မည်ဆိုလျှင် သူ များစွာပို၍ စွမ်းအားကြီးလာပေလိမ့်မည်။ သူ သိသလောက် သူ အုပ်ချုပ်သူအဆင့် သိုင်းသမားများကိုပင် အရှင်လတ်လတ် မီးရှို့ပစ်နိုင်မည်ဖြစ်သည်။

‘မဖြစ်သေးဘူး...’

ကျန်းရီသည် ကြောက်မက်ဖွယ်မီးတောက်များကို ပြန်တွေးမိသွားပြီး မစွန့်စားဝံ့တော့ပေ။ သူက ချော်ရည်မြေရိုင်းထဲ အောင်အောင်မြင်မြင် ဝင်နိုင်ခဲ့သော်လည်း မိုးမြေထူးခြားမီးတောက်များနားသို့တော့ မကပ်နိုင်လောက်ချေ။ သူ ၎င်းတို့အနားရောက်မှ အပူဒဏ်ကို မခံနိုင်တော့လျှင် ချက်ချင်း ပြာကျသွားပေလိမ့်မည်။

‘ဟုတ်သား... ကောင်းကင်ဝါးမျိုသားရဲ’

ကျန်းရီသည် သူ့မီးဝိညာဉ်ပုလဲထဲတွင် အိပ်စက်နေသော သားရဲလေးကို အမှတ်ရသွား၏။ ထိုသားရဲလေးက မီးတောက်များကို သူ့ထက်ပို၍ ခံနိုင်ရည်ရှိသည်။ ၎င်းသည် ငါးရောင်ခြယ်ပေါင်းစည်းမီး‌တောက်များကိုပင် ဝါးမျိုနိုင်သည်။ သို့ဖြစ်ရာ ၎င်းက ယခုမီး‌တောက်များကိုလည်း မကြောက်လောက်သည် မဟုတ်လော။ ထို့ပြင် မီးတောက်များက ၎င်းကို အန္တရာယ်ပြုနိုင်လောက်၊ မပြုနိုင်လောက်ကိုလည်း ၎င်း အာရုံခံနိုင်လောက်သည်။ ၎င်းသည် ထိုမီးတောက်များကို မဝါးမျိုနိုင်လျှင် မီးတောက်များအနား ကပ်သွားမည် မဟုတ်ချေ။

“ရှောင်မုန့်...”

ကျန်းရီသည် မီးဝိညာဉ်ပုလဲထဲသို့ အသံပို့လွှတ်လိုက်၏။

“ငါ့အနားက နေရာတစ်ခုမှာ မိုးမြေထူးခြားမီးတောက်တွေ ရှိနေတယ်.. အဲ့မီးတောက်တွေက အရမ်းကြောက်စရာကောင်းတယ်။ မင်း အပြင်ကို ထွက်လာပြီး အဲ့ဒါတွေကို အာရုံခံကြည့်စမ်းပါ။ တကယ်လို့ အပူချိန်က အရမ်းမြင့်နေရင် အထဲကို ချက်ချင်းပြန်ဝင်လိုက်‌ပေါ့”

ရွှီး...

ကျန်းရီ အသံပို့လွှတ်ပြီးသည်နှင့် မီးဝိညာဉ်ပုလဲက လင်းလက်လာပြီး နီညိုရောင်သားရဲလေး အပြင်သို့ ပျံထွက်လာ၏။ ၎င်းသည် အရောင်လက်နေသော မျက်ဝန်များဖြင့် နှစ်ကြိမ် အော်လိုက်ပြီး ကျန်းရီထံ အသံပြန်ပို့လွှတ်လိုက်၏။

“မိုးမြေထူးခြားမီးတောက်တွေက ဘယ်မှာလဲ။ ငါ စားချင်တယ်... ငါ စားချင်တယ်...”

“အလောသုံးဆယ် မလုပ်ပါနဲ့”

ကျန်းရီ ရင်တုန်သွားပြီး သားရဲလေးကို ခပ်သွက်သွက် လှမ်းဖမ်းလိုက်ရ၏။ ဤနေရာမှ အပူချိန်က အလွန်မြင့်သည်။ သို့သော် သားရဲလေးက အနည်းငယ်ပင် ပူလောင်ပုံ မပေါ်ပေ။ ထို့ကြောင့် ကျန်းရီ အတန်ငယ် စိတ်အေးသွားပြီး ချော်ရည်ကန်ကို ညွှန်ပြကာ ထပ်မံ၍ အသံပို့လွှတ်လိုက်၏။

“မိုးမြေထူးခြားမီးတောက်တွေက အဲ့ချော်ရည်ကန်ထဲမှာပဲ။ ဒါပေမဲ့ မင်း ဂရုစိုက်ရမယ်နော်။ အဲ့မီးတောက်တွေက ငါမြင်ဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံး မီးတောက်တွေပဲ။ အဲ့မီးတောက်တွေနားကို ဖြည်းဖြည်းချင်းပဲ ကပ်သွားပါ။ မင်း အန္တရာယ်ကို ခံစားမိရင် ချက်ချင်း ပြန်ဆုတ်လာခဲ့။ နားလည်လား...”

“ငါ နားလည်ပါတယ်ကွာ... နားလည်ပါတယ်”

သားရဲလေး ခေါင်းညိတ်လိုက်ပြီး ကျန်းရီ၏ လက်ထဲမှ ရုန်းထွက်လိုက်၏။ ထို့နောက် ၎င်းသည် အလင်းတန်းတစ်တန်းအလား ချော်ရည်ကန်ထဲ ရုတ်ခြည်း ပျံဝင်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်း ပျောက်ကွယ်သွားလေသည်။

“ဟ...လခွမ်း...”

ကျန်းရီသည် ထိုအစားမက်သူလေး၏ အစားမက်မှုကို လျှော့တွက်မိခဲ့ပေသည်။ သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ချော်ရည်ကန်ကို အာရုံခံလိုက်၏။ သားရဲလေးက မိုးမြေထူးခြားမီးတောက်များကို ဝါးမျိုနိုင်၊ မနိုင် သူ သိလိုနေသည်။ သို့သော် ချော်ရည်ကန်က သူ့ကောင်းကင်စိတ်အာရုံ၏ အာရုံခံနိုင်စွမ်းကို လျော့ကျစေ၏။ သူ ကီလိုမီတာ အနည်းငယ် အာရုံခံပြီးနောက်တွင် သားရဲလေးကို လုံးဝမျက်ခြေပြတ်သွားလေတော့သည်။

ဝှစ်...

ကျန်းရီ သူ၏ကောင်းကင်စိတ်အာရုံကို ပြန်ရုတ်လိုက်ချိန်တွင် သူ့အရှေ့ ချော်ရည်ကန်ထဲမှနေ၍ နီညိုရောင်အရိပ်တစ်ခု ပျံထွက်လာပြီး သူ့ထံသို့ ပျံသန်းလာ၏။ ကောင်းကင်ဝါးမျိုသားရဲ ပြန်လာပေပြီ။ ၎င်း၏ မျက်လုံးများက တောက်ပနေသည်။ ၎င်းသည် အသည်းအသန် ပျံသန်းလာပြီး ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“တမုန့်... ငါ့ကို ကယ်ပါဦး။ အဲ့ကန်ထဲမှာ ကောင်းကင်မီးတောက်သားရဲတွေ အများကြီးပဲ... အား... အား... အား...”

All Chapters