အကောင်းဆုံး အခွင့်အရေး
Vol. 84 Ch. 1170
အန်လင်းနှင့် စုရှောင်လန်မှာ လုံအော့ထျန်း စကားကြောင့် စိတ်ဓာတ်တက်ကြွသွားကြသည်။
နဂါးမျိုးနွယ်စုရဲ့ ဆရာကြီးကတော့ ဆရာကြီးပါပဲ...
“အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ။ စီနီယာက နဂါးဧကရီကို နှောင့်ယှက်ထားလိုက်။ ကျွန်တော်နဲ့ ရှောင်လန် ဒင်းကို အဆုံးသတ်ပေးလိုက်မယ်။”
အန်လင်း အကြံပေးလိုက်သည်။
“ငါတို့ အရင်ဆုံး အသေးစိတ်ကျကျ ဆွေးနွေးကြတာပေါ့။”
လုံအော့ထျန်း နောင်တရချင်သလို ဖြစ်လာမိသည်။
သူသည် တိုက်ပွဲအတွေ့အကြုံ ရင့်သန်သူဖြစ်ကာ တိုက်ခိုက်ရမည်ကို မကြောက်ရွံ့ပေ။
သို့သော် နဂါးဧကရီမှာ ကွာခြား၏။ သူမသည် သူရင်ဆိုင်ခဲ့ရသော မည်သည့်ရန်သူနှင့်မှ မတူညီပေ။ လုံအော့ထျန်းသည် သေရမည်ဆိုလျှင်ပင် အသေအကြေ တိုက်ခိုက်ရသော တိုက်ပွဲတစ်ခုတွင်သာ ဂုဏ်သိက္ခာရှိရှိ အသက်စွန့်လိုသည်။ ပြန်ပင်မတိုက်နိုင်သော တိုက်ပွဲအတွင်း ရှက်ရွံ့ဖွယ်ကောင်းစွာ မသေဆုံးလိုပေ။
အချိန်ခြောက်မိနစ် ကုန်ဆုံးသွားလေပြီ။
၎င်းတို့သုံးဦးမှာ စစ်ဗျူဟာအား ဆွေးနွေးနေကြဆဲ ဖြစ်သည်။
ရုတ်ချည်းဆိုသလို အပြင်ဘက်မှ ကျယ်လောင်သောအသံ ထွက်ပေါ်လာသည်။
ကောင်းကင်ထက်တွင် သွေးနီရောင် လျှပ်စီးများ တောက်ပကာ သက်တံ့ရောင် အံ့ဖွယ်တာအိုမှာ အလွန်အမင်း ကျစ်လစ်နေလေပြီ။ ခံစားချက် စွမ်းအင်များမှာမူ ပို၍ပင် မတည်မငြိမ် ဖြစ်လာကြသည်။
အန်လင်းနှင့် အခြားသူများမှာ နဂါးဧကရီအား လှမ်းကြည့်လိုက်ကြသည်။
“သောက်ကျိုးနည်း နဂါးဧကရီ မင်းအဆင်ပြေရဲ့လား။”
အန်လင်းမှာ နဂါးဧကရီ၏ လက်ရှိအခြေအနေကြောင့် ထိတ်လန့်သွားမိသည်။
သူမသည် နဖူးသွေးကြာများထကာ မျက်နှာတစ်ခုလုံး ရဲတွတ်နေသည်။ ခန္ဓာကိုယ်မှ အဖြူရောင် အခိုးအငွေ့များထွက်ကာ သက်တံ့ရောင် နဂါးချိုမှာ တုန်ယင်နေပြီး သွေးနီရောင် မျက်ဝန်းများမှာ ပြုတ်ထွက်မတတ် ပြူးကျယ်နေသောကြောင့် ပေါက်ကွဲသွားတော့မလို ထင်မှတ်ရသည်။
နဂါးဧကရီ အံကြိတ်လိုက်သည်။
“လိပ်.... လိပ်ခွံက ဘာလို့ပျောက်မသွားသေးတာလဲ။”
ခြောက်မိနစ်.....
ခြောက်မိနစ်တိတိ သူမ စောင့်နေခဲ့သည်။
တိုက်ခိုက်မှုတစ်ခုအား ခြောက်မိနစ်တိုင်တိုင် ထိန်းထားရပါက မည်သို့ခံစားရမည်နည်း။
နဂါးဧကရီမှာ အနည်းငယ် အားနည်းသွားလျှင်ပင် သူမကိုယ်သူမ ဖျက်စီးမိမတတ် ခံစားနေရသည်။
စုရှောင်လန် ခေတ္တမျှတွေးကာ လေးလေးနက်နက် ပြောလိုက်သည်။
“ဒီလိပ်ခွံက နှစ်နာရီနီးပါး ခံနိုင်တယ်လေ။”
“မဟုတ်ပါဘူး။ တကယ်သာ တိုက်ခံရရင် တစ်နာရီတောင် မခံလောက်ဘူး။”
အန်လင်းလည်း တွေးကာတောကာ ဝင်ပြောပေးလာသည်။
နဂါးဧကရီ : “.....”
ကောင်းကင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။
နဂါးဧကရီ၏ မျက်ဝန်းများတွင် စိတ်ဓာတ်ကျသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
လိပ်ခွံသည် ဖြိုဖျက်မရနိုင်သော ခံတပ်တစ်ခုကဲ့သို့ သူမအား မျှော်လင့်ချက်မဲ့စေသည်။ အန်လင်းနှင့် စုရှောင်လန်၏ စကားများသည် အစစ်အမှန် မဟုတ်စေကာမူ သူမအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေသည်။ ထိုသည်မှာ ကုလားအုတ် ကျောပြင်ပေါ်မှနောက်ဆုံးသော ကောက်ရိုးတစ်မျှင်လိုပင်။
“ဟင်း...”
သူမ တိုးညင်းစွာ ငြီးငြူလိုက်သည်။
ဝုန်း....
ကောင်းကင်နှင့်မြေပြင်မှာ ခက်ထန်စွာ တုန်ခါသွားသည်။
သက်တံ့ရောင် အံ့ဖွယ်တာအိုမှာ ပိုမိုအားကောင်းလာပြီး ပြင်းထန်လှသော အဖျက်စွမ်းအင်များနှင့်အတူ လိပ်ခွံအား ဝင်ဆောင့်တော့သည်။
ထိုစွမ်းအင်မှာ အရာအားလုံးကို ချိုးဖျက်နိုင်သယောင် ထင်မှတ်ရသည်။ ထိုသည်မှာ ထာဝရငရဲတွင် နှိပ်စပ်ခံနေရသော မျိုးနွယ်စု တစ်ခုလုံး၏ ခံစားချက်များ ရုပ်လုံးပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို၏ ကမ္ဘာအား ဖျက်စီးချင်နေသော နဂါးမျိုးနွယ်စု၏ ရူးသွပ်မှုများလည်း ပါဝင်နေသည်။
အစစ်အမှန် စိတ်ဆန္ဒများ ပေါင်းစပ်ပါဝင်နေသော တိုက်ခိုက်မှုကြောင့် လိပ်ခွံအတွင်း ရှိနေသော အန်လင်းတို့သည်ပင် ထိတ်လန့်သွားရသည်။ လိပ်ခွံ အပြင်ဘက်တွင်သာ ရှိနေပါက ၎င်းတို့ သေနေလောက်ပြီပင်။
ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ပတ်ဝန်းကျင်မှာ စိစိညက်ညက်ကြေအောင် ဖျက်စီးခံလိုက်ရသည်။
မည်သို့ပင်ဆိုစေကာမူ လိပ်ခွံမှာ ခိုင်ခံ့လွန်းကာ အက်ရာကလေးပင် မထင်ခဲ့ပေ။
နဂါးဧကရီမှာ ဆက်လက်မစောင့်ဆိုင်းနိုင်တော့သဖြင့် အမှန်တကယ် တိုက်ခိုက်နေလေပြီ။
ကီလိုမီတာ ထောင်ပေါင်းများစွာ အကွာမှပင် ကောင်းကင်ထက်မှ အံ့ဖွယ်တာအို အလင်းအား တွေ့မြင်နိုင်သည်။
“လှလိုက်တဲ့ တိုက်ကွက်...”
အမှောင်ထုထဲမှ လမိုက်ည ခရင်းခွမှာ သက်တံ့ရောင်စဥ်အား ငေးမောလိုက်မိသည်။
အလင်းတန်း ကိုးဆယ့်ကိုးသွယ် အလယ်၌...
မိစ္ဆာနဂါးများမှာ အံ့ဖွယ်တာအို အလင်းများ ဖြာထွက်လာသော နေရာကို လှမ်းကြည့်လိုက်ကြသည်။
အချို့သည် အရိုအသေ ပေးနေကြသလို အချို့မှာ ဒူးပါထောက်သွားကြသည်။
နဂါးဧကရီသည် ၎င်းတို့အတွက် အသက်ကိုပင် ပဓာန မထားပဲ တိုက်ခိုက်နေခြင်း ဖြစ်သည်။
၎င်းတို့သည် မျှော်လင့်ချက်များစွာ ရှိနေပါသော်လည်း ဤကမ္ဘာအား မုန်းတီးလွန်းသောကြောင့် မည်သူကမှ နတ်ဘုရားများထံ မတိုင်တည်ကြပေ။
အနက်ရောင် အပေါက်ထဲမှ ဗလာနတ္ထိများ စတင်ပြောင်းလဲလာသည်။
ဗလာနယ်တစ်ခုသည် အခြားတစ်နေရာသို့ ထိုးဖောက်သွားသည့်အလား ဗလာနယ်တစ်ခု ဖြစ်ပေါ်လာ၏။
အလင်းတန်းနှင့် လှံတို့ကြောင့် ဤကမ္ဘာမှာ ပိုမိုပြိုပျက်လာသည်။
ကောင်းကင်မှာ ပင့်ကူအိမ်သဏ္ဍာန် လျင်မြန်စွာ ပြန့်ကားလာကာ အဖျက်စွမ်းအင်များမှာ တစ်ကမ္ဘာလုံးအား အုပ်စိုးလာတော့သည်။
အန်လင်းတို့ နေရာရှိ အံ့ဖွယ်တာအို အလင်းမှာ ရုတ်ချည်းပျောက်ကွယ်သွားသည်။
လိပ်ခွံမှာ ခြစ်ရာပင် မထင်ပဲ ရှိနေဆဲပင်။
နဂါးဧကရီမှာ အသက်ပြင်းပြင်း ရှူနေရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ အရှိန်အဝါများလည်း မတည်ငြိမ်တော့ပေ။
သူမ အင်မော်တယ်ဆေးလုံး တစ်လုံးအား သောက်သုံးလိုက်သည်။
“သောက်ကျိုးနည်း ဒင်းက ဆေးသောက်နေပြန်ပြီ။ အမြန်လှုပ်ရှားမှရမယ်။”
အန်လင်း အော်ဟစ်လိုက်သည်။
စုရှောင်လန် လိပ်ခွံအားသိမ်းကာ နဂါးစာကလေးဓားနှင့်အတူ ပျံသန်းသွားသည်။
လုံအော့ထျန်းသည်လည်း အံ့ဖွယ်တာအို အစွမ်းကြောင့် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်နေသည်။ သူသည် အန်လင်းနှင့် စုရှောင်လန်ထက် နောက်ကျကာ လှုပ်ရှားလာသူ ဖြစ်ပါသော်လည်း နဂါးဧကရီနား ဦးစွာရောက်ရှိသွားသည်။
“ကောင်းကင်ထိုးခွဲလက်သီး....”
အဖြူရောင် အံ့ဖွယ်တာအို အစွမ်းများ လက်သီးတွင် စုဝေးလာပြီးနောက် လုံအော့ထျန်းမှာ နဂါးဧကရီအား ပြင်းထန်စွာ ထိုးချလိုက်သည်။
နဂါးဧကရီမှာ တည်ငြိမ်စွာနှင့်ပင် လက်ချောင်းများအား လိပ်ပြာတစ်ကောင်သဖွယ် လှုပ်ရှားလျက် လျင်မြန်သွက်လက်စွာ ခုခံနေသည်။
သူမသည် အံ့ဖွယ်တာအိုအား ကျွမ်းကျင်ပိုင်နိုင်ရုံမက ကိုယ်ခံပညာတွင်လည်း ဆရာတစ်ဆူပင်။
“ဟားဟားဟား.... ငါလိုချင်တာလည်း ဒါပဲလေ။”
လုံအော့ထျန်း ပိုမိုအားရလာကာ တောင်များကိုပင် ခွင်းနိုင်လောက်သော လက်သီးများအား ဆက်လက်ပစ်သွင်းလိုက်သည်။
သူအလိုရှိခဲ့သော တိုက်ပွဲမှာ ယခုလိုပင်။
၎င်းတို့မှာ ခေတ္တမျှသော အချိန်အတွင်း အကြိမ်ရေ ရာနှင့်ချီ တိုက်ခိုက်ကာ စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင် တစ်ခုလုံးအား စုတ်ပြတ်သတ်သွားစေသည်။
မြေပြင်သည်လည်း ရစရာပင် မရှိတော့ပေ။
တိုက်ပွဲကြာလာသည်နှင့်အမျှ နဂါးဧကရီမှာ ဖြည်းညင်းစွာ ဖိနှိပ်ခံလာရသည်။
ထိုအချိန်တွင် အန်လင်းနှင့် စုရှောင်လန်တို့ပါ လုံအော့ထျန်းဘက်မှ ဆွမ်းကြီးဝင်လောင်းပေးလာ၏။
၎င်းတို့သုံးဦးမှာ နဂါးဧကရီအား တက်ညီလက်ညီ သမနေကြသည်။
အနိုင်ရနိုင်ခြေမှာလည်း မြင့်တက်လာလေပြီ။
ယခုအခြေအနေသည် နဂါးဧကရီအားသတ်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်တော့သည်။