← Chapters

စစ်ကူများ၏ခုခံခြင်း

Vol. 84 Ch. 1174

စစ်ကူများ၏ခုခံခြင်း

Vol. 84 Ch. 1174

“ဆရာက အရမ်းတည်ငြိမ်နေတာပဲ။ ဖြေရှင်းနည်း တွေးပြီးပြီလား။”

ရှောင်ဇယ် အန်လင်းအားကြည့်ကာ မေးလိုက်သည်။

အန်လင်း ခေါင်းခါပြလာသည်။

“ဟင့်အင်း... သေရေးရှင်ရေးကို ဂရုစိုက် မနေတော့ဘူး။”

ရှောင်ဇယ် : “.....”

ဆရာက ဘာတွေများ ကြုံခဲ့ရလို့ပါလိမ့်....

ပိတ်မိနေအောင် လုပ်ပြီးနောက် မိစ္ဆာနဂါး သုံးကောင်မှာ အသည်းအသန် တိုက်ခိုက်လာကြသည်။

ရှောင်ဇယ်မှာ ထိုသည်ကို ခုခံရန် အစွမ်းကုန် ကြိုးစားနေရသည်။

အန်လင်းမှာမူ ရှောင်ဇယ်အား အားဖြည့်ဆေးတိုက်ရန် တာဝန်ယူထားသည်။ တစ်ဦးက ခုခံ၍ တစ်ဦးက ဆေးတိုက်နေသည်မှာ ကြည်နူးဖွယ်ရာပင်။

“တပည့်လေး ဆေးသောက်လိုက်ပါဦး။”

“အခုပဲ သောက်ထားတာလေ။”

“ဘာမှမဖြစ်ပါဘူး။ အစာအိမ်ထဲမှာ ကြိုသိမ်းထားလိုက်ပေါ့။”

“.....”

မိစ္ဆာနဂါးများမှာ အသေအကြေ တိုက်နေရပါသော်လည်း ဆရာနှင့် တပည့်ကြား သံယောဇဥ် ပြဇာတ်ကြောင့် စိတ်အဆင်မပြေ ဖြစ်လာရသည်။

ထို့ကြောင့် တိုက်ခိုက်မှုများမှာ ပိုမိုပြင်းထန်လာသည်။

“ဆရာ ဒီအတိုင်းဆို ကျွန်တော် ခံနိုင်တော့မှာ မဟုတ်ဘူး။”

ရှောင်ဇယ် စိတ်ပျက်လက်ပျက် ပြောလာသည်။

သူ၏ ခုခံကာကွယ်ရေးသည် အကျိုးသက်ရောက်မှု ပြင်းထန်လွန်းပါသော်လည်း စွမ်းအင်ကုန်ခမ်းစေသည်။ ယခုအတိုင်းသာ ဆက်သွားနေပါက အနှေးနှင့်အမြန် ဒုက္ခရောက်ရပေလိမ့်မည်။

“ရပါတယ်။ ဒီအတိုင်းပဲ ဆက်စောင့်ကြတာပေါ့။”

အန်လင်း ပြုံးကာပြောလာသည်။

ရှောင်ဇယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

“ဘာလို့လဲ။”

အန်လင်းမှာ ကောင်းကင်ထက်မှ လျင်မြန်စွာ ပြန့်ကားလာနေသော အပေါက်ကြီးအား ကြည့်လိုက်သည်။

“ကမ္ဘာပျက်တော့မှာဆိုပေမယ့် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်နဲ့ အနောက်နဂါးတောက မလှုပ်ရှားရသေးတဲ့သူတွေ အများကြီးပဲ။”

“သူတို့ကို စောင့်ရမှာလား။”

ရှောင်ဇယ် မေးမြန်းလိုက်သည်။

“ဟုတ်တယ်။ ဒီတိုက်ပွဲက ငါတို့ချည်းပဲ မဟုတ်ဘူး။”

“ဒီအခြေအနေအရ မဖြစ်မနေ လှုပ်ရှားရမယ့်သူတွေ ရှိသေးတယ်။”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“သူတို့ စလှုပ်ရှားတဲ့ အချိန်က ငါတို့အတွက် အလှည့်အပြောင်း ဖြစ်လာလိမ့်မယ်။”

လမိုက်ည ခရင်းခွမှာ တိုက်ပွဲများအား စောင့်ကြည့်နေသည်။

စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်တွင် မိစ္ဆာနဂါးများ အသာစီး ရနေသည်။

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် အောက်တွင်လည်း မိစ္ဆာနဂါးများ အခြေအနေကောင်းသည်။

ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်တွင် မိစ္ဆာနဂါး ခုနှစ်ကောင်အနက် နှစ်ကောင်ကျဆုံးသွားခဲ့သည်။ အနောက်နဂါးတောမှ နဂါးတစ်ကောင် သေဆုံးကာ တစ်ကောင် ထွက်ပြေးသွားသည်။ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်မှ တစ်ဦးတိုက်ပွဲကျကာ နှစ်ဦးထွက်ပြေးသွားလေသည်။ ထွက်ပြေးသွားသူများသည် ဆိုးဆိုးရွားရွား ထိခိုက်ထားကြပြီး သရေကျနေသည်ဟု ဆိုနိုင်ပါသော်လည်း လမိုက်ည ခရင်းခွမှာ မိစ္ဆာနဂါးများ ဖိနှိပ်ခံရသလို ခံစားနေရသည်။

ရရှိထားသော အချက်အလက်များအရ အရှေ့ပင်လယ် နဂါးမင်းပိုင်နက်တွင် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် သုံးဦးရှိပြီး သုံးဦးလုံး စစ်မြေပြင်သို့ရောက်ကာ တစ်ဦးအား နဂါးဧကရီမှ အသက်နှုတ်ပေးခဲ့သည်။

သို့သော် အနောက်နဂါးတောမှ ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့် ခြောက်ဦးတွင် နှစ်ဦးကိုသာ တွေ့ရသေးသည်။

ကျန်ရှိနေသော လေးဦးမှာ လမိုက်ည ခရင်းခွအား ခေါင်းကိုက်စေသည်။

သူသည် တိုက်ပွဲပြီးသွားသော မိစ္ဆာနဂါးများအား နဂါးဧကရီထံ စစ်ကူပေးရန် စီစဥ်ထားပါသော်လည်း ထိုလေးဦးကို တွေးမိကာ တွေဝေနေရသည်။

“အန်လင်းတို့က သေတော့မှာပဲဟာ။ ဝင်္ကပါကို စောင့်ရှောက်ဖို့ပဲ လွှတ်လိုက်တော့မယ်။”

လမိုက်ည ခရင်းခွသည် နဂါးဧကရီအတွက် စစ်ကူပေးချင်လွန်းပါသော်လည်း အခြေအနေအား တွက်ချက်ကာ ဆုံးဖြတ်လိုက်ရသည်။

ရန်သူတိုင်းအား သတ်စရာ မလိုပဲ လုံလောက်သော အနေအထားအထိ သတ်နိုင်ပါက အဆင်ပြေပြီပင်။

ကမ္ဘာနှစ်ခုကြား လမ်းကြောင်းပွင့်သွားသည်နှင့် မိစ္ဆာနဂါးများကသာ အနိုင်ရသူ ဖြစ်သွားပေလိမ့်မည်။

“ခဏလောက် ဆက်သည်းခံရင် ရပါပြီ။”

လမိုက်ည ခရင်းခွမှာ အဝေးမှ အမျိုးသမီးအားကြည့်ကာ လက်သီးဆုပ်ထားလိုက်သည်။

အံ့ဖွယ်အလင်းများနှင့်အတူ ကြောက်မက်ဖွယ် အံ့ဖွယ်တာအိုများမှာ အဆက်မပြတ် ပေါက်ကွဲနေလေသည်။

မိစ္ဆာနဂါးများမှာ အနက်ရောင် သလင်းကျောက် အကာအရံအား အသေအကြေ တိုက်ခိုက်နေကြသည်။

နဂါးဧကရီသည် ထိုမြင်ကွင်းအား တည်ငြိမ်စွာ ကြည့်ရှုနေသည်။

သလင်းကျောက် အကာအရံ အက်ကွဲလာသည်နှင့် အန်လင်းတို့အား သမပစ်မည်ပင်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် အလင်းတန်း ကိုးဆယ့်ကိုးသွယ်နားတွင် စွမ်းအင်ပေါက်ကွဲမှုတစ်ခု ရုတ်တရတ် ဖြစ်ပေါ်လာသည်။

မဟူရာ စွမ်းအင်မှာ ကောင်းကင်နှင့်မြေပြင်အား လွှမ်းခြုံသွားသည်။

ကြမ်းတမ်းလှသော သမုဒ္ဒရာလှိုင်းများမှာ ကမ္ဘာမြေပြင်အား အရှိန်အဟုန်ဖြင့် ဝင်ဆောင့်တော့သည်။

သမုဒ္ဒရာ ရေပြင်မှ ရွှေရောင်အလင်းတန်းတစ်ခု ဖြာထွက်လာသည်။

“ဘာတွေဖြစ်နေတာလဲ။”

မိစ္ဆာနဂါးသုံးကောင် အမူအရာ ပြောင်းလဲသွားသည်။

“မဟူရာ စွမ်းအင်က ဟေးဒီးစ်ဆီကပဲ။ အဲ့ကောင် ပြန်လာရဲသေးတယ်ပေါ့။”

လွမ့်ယွီ ဒေါသထွက်သွားရသည်။

“အဲ့ဒါတင် မကဘူး။”

မိန်ကွေ့မှာ စွမ်းအင်ပေါက်ကွဲမှု နေရာအား လှမ်းကြည့်လိုက်သည်။

“အနောက်နဂါးတောက ပင်လယ်နတ်ဘုရား ပိုဆိုင်ဒွန်၊ ဉာဏ်ပညာနဲ့ စစ်နတ်ဘုရားမ အေသီနာပါ ပါလာတယ်။”

“ဟေးဒီးစ်မှာ ခြေရာခံလို့ မရတဲ့ အစွမ်းရှိတယ်။ အဲ့ဒါနဲ့ ဟိုနှစ်ယောက်ကိုပါ ခေါ်လာတာဖြစ်မယ်။”

ဟွမ့်မန် စကားဆိုလိုက်သည်။

မိစ္ဆာနဂါးသုံးကောင် အနည်းငယ် စိတ်ညစ်သွားရသည်။

တစ်ဖက်တွင်မူ နဂါးဧကရီမှာ တည်ငြိမ်နေဆဲပင်။

“နင်တို့ ဆက်တိုက်ထားလိုက်။ ငါတုပါနဲ့ ဝူစိကို ခေါ်သွားလိုက်မယ်။”

ရှောင်ဇယ်တို့ စိတ်လှုပ်ရှားသွားရသည်။

ဆရာပြောသလိုပင် ၎င်းတို့သည် တစ်ဖွဲ့တည်း မဟုတ်ပဲ စစ်ပွဲအတွင်း ဝင်ရောက်လာသည့် အခြားသူများ ရှိနေသေးသည်။

စစ်ပွဲမှာ ယခုမျှနှင့် မပြီးနိုင်သေးပေ။

ဝင်္ကပါနှင့် ဆယ်ကီလိုမီတာ အကွာ၌...

အော့မန်မှာ သွေးများထွက်ကာ အသက်ပြင်းပြင်း ရှူနေရသည်။

သူ၏မျက်နှာမှာ သိသိသာသာ ပျက်ယွင်းနေ၏။

“သားတော် ဘယ်လိုလုပ် သေသွားရတာလဲ။”

အော့ရှန်းယွီ၏ အသက်ကျောက်စိမ်းမှာ ပျက်စီးသွားသောကြောင့် နဂါးဘုရင်လည်း သိရှိနေလေပြီ။

အော့ရှူးယွီ သေဆုံးစဥ်ကထက် သူ့အား စိတ်ထိခိုက်စေသည်။

အော့ရှန်းယွီသည် အံ့ဖွယ်တာအို ရရှိထားသော ထိပ်တန်းအဆင့် ကျင့်ကြံသူဖြစ်ကာ နဂါးမင်းပိုင်နက်၏ စစ်နတ်ဘုရားလည်း ဖြစ်သည်။ နဂါးမင်းပိုင်နက်၏ ထောက်တိုင်တစ်ခု ပြိုလဲသွားခြင်းမှာ ဆုံးရှုံးနစ်နာမှုကြီးတစ်ခုပင်။

“ခမည်းတော် အခုက ဝမ်းနည်းရမယ့် အချိန်မဟုတ်ဘူး။ မိစ္ဆာနဂါးတွေရဲ့ ဝင်္ကပါကို ဖျက်ရမှာ။”

အော့ချင်းယွီသည် ဓားအား တောင်ဝှေးအလား အသုံးပြုကာ မတ်တပ်ရပ်နေပြီး ဒဏ်ရာဒဏ်ချက်များ ရရှိထားပါသော်လည်း တိုက်ပွဲစိတ်ဆန္ဒ ပြင်းထန်နေဆဲ ဖြစ်သည်။

“ငါလည်း နားလည်ပေမယ့် ဘာတတ်နိုင်မှာလဲ။ သူတို့တွေက အသက်ကိုတောင် ဂရုမစိုက်ပဲ အသေအကြေ တိုက်နေကြတာ။”

အော့မန်၏ နှလုံးသားထဲတွင် အကြောက်တရားများ ကြီးစိုးနေသည်။

“ကျွန်တော်တို့လည်း အဲ့လိုလုပ်ကြတာပေါ့။ သူတို့ အသက်စွမ်းအင်ကိုရင်းရင် ကျွန်တော်တို့လည်း အသက်စွမ်းအင်ကို ရင်းမယ်။ သူတို့ သွေးယစ်ပူဇော်ရင် ကျွန်တော်တို့လည်း သွေးယစ်ပူဇော်မယ်။ မဟုတ်ရင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

အော့ချင်းယွီ အံကြိတ်ကာ ပြောလာသည်။

အော့မန် ပါးစပ်အဟောင်းသားဖြစ်ကာ ဘာမှမပြောနိုင်ပေ။

“ကောင်းသားပဲ။”

ပျင်းရိနေသော စကားသံတစ်ခု ထွက်ပေါ်လာသည်။

အော့မန်နှင့် အော့ချင်းယွီ လှည့်ကြည့်လိုက်မိကြသည်။

“သမီးတော်....”

“အစ်မတော်....”

“ရောက်လာပြီပဲ။”

All Chapters