← Chapters

သင်္ချာတွက်ခြင်း

Vol. 41 Ch. 559

သင်္ချာတွက်ခြင်း

Vol. 41 Ch. 559

“ဆရာကြီးကျွားက ပိုပြီး ကိုင်လို့ကောင်းလာတယ်” ဟူလင်းအာက ချင်မူ့ကို လေးနက်နေသောအမူအရာဖြင့် ပြောသည်။ မြေခွေးလေးသည် အိပ်နေသည့်ကျားလေးအား နှစ်ကြိမ် ပွတ်သပ်ပြီး အတော်လေး ဝတစ်နေသကဲ့သို့ ခံစားနေရ၏။

အစ်ကိုကြီးကျား သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ  ရွှေရေရောစပ်စွမ်းအင်ဆေးလုံးများအား တနင့်တပိုး စားပြီး ဝတုတ်လာမည်ကို ချင်မူ စိုးရိမ်မိလာသည်။

သို့သော် ကျားနတ်မင်းက သူ၏ဆရာတူအစ်ကိုကြီးဖြစ်သည့်အပြင် တန်ခိုးရှင်သစ်ခုတ်သမားနောက် လိုက်ခဲ့သည်မှာ ကြာပြီဖြစ်၏။ ထို့အပြင် နာမည်ကျော်ကြားသော နတ်ဘုရားတစ်ပါးလည်း ဖြစ်ချေရာ ချင်မူ့အနေဖြင့် ဝေဖန်ထောက်ပြပိုင်ခွင့် မရှိပေ။

ကျားနတ်မင်းကို ရောစပ်စွမ်းအင်ဆေးလုံးများ လျှော့စားခိုင်းလျှင်တောင်မှ သူ့စကားနားထောင်လောက်မည် မဟုတ်။ ကျားနတ်မင်းသည် သူ့စကားထက် နဂါးချီလင်၏စကားကို ပိုမိုနားထောင်၏။

‘တန်ခိုးရှင်သစ်ခုတ်သမား ခေါင်းကိုက်ရအောင် ဒီတိုင်း ထားလိုက်တော့မယ်’

ချင်မူ ရှေ့ပြန်လှည့်လိုက်သည့်အချိန်တွင် ကောင်းကင်ယံသို့ တရှိန်ထိုး တက်လာသော မိစ္ဆာနတ်ဆိုးချီတန်းများ တွေ့လိုက်ရသည်။ တချို့က ကြာပွင့်များအသွင် ရှိပြီး တချို့ကမူ တိမ်တိုက်များနှင့် တူသည်။ ဒေါင်းအသွင်၊ ကောင်းကင်နတ်ဆိုးအသွင်များလည်း တွေ့မြင်ရ၏။ အားလုံးက ကောင်းကင်နတ်ဆိုးများ ချီစွမ်းအင်ဖြင့် ဖွဲ့တည်ထားသော အရိပ်များ ဖြစ်ချေသည်။

ဤကဲ့သို့ အရိပ်များအား ဖန်တီးနိုင်သည်ကို ထည့်တွက်လျှင် သူတို့သည် ကောင်းကင်နတ်အသွင်အဆင့် သို့မဟုတ် ထို့ထက်ပင် မြင့်မားလိမ့်မည်။

သို့တိုင်အောင် ကောင်းကင်နတ်ဆိုးများက သူတို့အား လာမသတ်သေးပေ။ တစ်စုံတစ်ခုကို စောင့်နေသယောင် ထင်ရသည်။

“ကောင်းကင်တံတားအဆင့် မိစ္ဆာနတ်ဆိုးတစ်ယောက် ရောက်လာပြီ”

ချင်မူ အာရုံစိုက်၍ ကြည့်လိုက်သည့်အခါ ကောင်းကင်ယံတွင် သွယ်တန်းသွားသော ကောင်းကင်တံတားတစ်စင်းအား မြင်လိုက်ရ၏။ မိစ္ဆာသိုင်းသမား၏ မူလဝိညာဉ်က မိစ္ဆာကောင်းကင်နတ်ဘုံသို့ ဦးတည်နေသော တံတားအပေါ်၌ ရပ်နေသည်။ ဤသည်မှာ ကောင်းကင်တံတားအဆင့် မိစ္ဆာနတ်ဆိုးဖြစ်ချေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ကောင်းကင်တံတားအဆင့် သိုင်းသမားများသည် ဂိုဏ်းသခင်အဆင့်၊ ဂိုဏ်းချုပ်ကြီးအဆင့် ရှိကြသူများ ဖြစ်ကြ၏။ သူတို့၏အစွမ်းအစများက သန်မာအားအကောင်းဆုံးဖြစ်ခဲ့သော်လည်း ယခုတွင် အတိတ်၌ ကျန်ခဲ့ချေပြီ။ ချင်မူ ကောင်းကင်တံတားဆက်နည်းသုံးသွယ်ကို ဖြန့်ကျက်ပေးပြီးနောက်တွင် နတ်ဘုရားများက သန်မာအားအကောင်းဆုံး ဖြစ်လာခဲ့ကြသည်။

သို့ရာတွင် ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်များမှာလည်း အတိုင်းထက်အလွန် အင်အားကြီးမားကြသေး၏။ သူတို့လိုက်လာပါက ကျားနတ်မင်းသာ သူတို့အုပ်စုကို ကာကွယ်ပေးနိုင်လိမ့်မည်။

အတန်ငယ်ကြာသော် ဒုတိယကောင်းကင်တံတားတစ်စင်းအား မြင်လိုက်ရသည်။ ထို့နောက် တတိယတစ်စင်း၊ စတုတ္ထတစ်စင်းတို့ ထွက်ပေါ်လာကြ၏...

ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များစွာ သူတို့နောက် လိုက်လာကြချေပြီ။ သူတို့၏မူလဝိညာဉ်များက ရုပ်သွင်မျိုးစုံရှိပြီး မူလဝိညာဉ်များ ကောင်းကင်တံတားအပေါ်၌ ရပ်နေကြသော နေရာများကလည်း တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ ထိုနေရာများက သူတို့၏သိုင်းအဆင့်ကို ကိုယ်စားပြုသည်။

မူလဝိညာဉ်များက သူတို့ကို လှမ်းကြည့်နေကြ၍ မိစ္ဆာအလင်းတန်းများက အဆက်မပြတ် ကျရောက်လာနေသည်။

သို့တိုင်အောင် ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များသည် ရောက်လာခဲ့ကြသည့်တိုင် မတိုက်ခိုက်ကြသေးပေ။

‘သူတို့က ပိုသန်မာအားကောင်းတဲ့တစ်ယောက် ရောက်လာမှာကို စောင့်နေကြတာပဲ’ ချင်မူ မျက်လုံးများ မှေးကျဉ်း၍ အဝေးသို့ ကြည့်ရင်း တွေးနေမိသည်။ ‘ကောင်းကင်တံတားအဆင့်ထက် ပိုသန်မာအားကောင်းတာက ကောင်းကင်နတ်ဘုံဆီ တက်လှမ်းပြီးသွားတဲ့ မိစ္ဆာနတ်ဘုရားတွေပဲ ရှိတယ်... အခု လာနေတဲ့ အဲဒီမိစ္ဆာနတ်ဘုရားက တောင်ကောင်းကင်မုခ်ဝကို ဖြတ်ကျော်ပြီးသားလား၊ မဖြတ်ကျော်ရသေးဘူးလား မသိဘူး....”

ချင်မူက သေတ္တာပေါ်တွင် နဂါးချီလင်နှင့်အတူ တုံးလုံးပက်လက် လဲနေသော ကျားနတ်မင်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုနှစ်ကောင်မှာ စကားစပ်မိသွားကတည်းက ပျင်းရိနေကြ၏။ ကျားနတ်မင်းက သေတ္တာပေါ်မှ မထတော့ဘဲ နဂါးချီလင်နှင့် တီးတိုးတီးတိုး ပြောနေသည်။

ချင်မူ ရင်ထဲ လေးလံလာတော့သည်။ ‘လာနေတဲ့တစ်ယောက်က တောင်ကောင်းကင်မုခ်ဝကို မကျော်ရသေးပါစေနဲ့ လို့ပဲ ဆုတောင်းရမယ်...”

စန်းဟွာက စိုးရိမ်နေသောအမူအရာဖြင့် ခပ်တိုးတိုး ကပ်ပြောသည်။ “ဂိုဏ်းသခင်၊ ငါတို့ ရှေ့ဆက်သွားနေရင် မကြာခင် ရှေ့တန်းဆီ ရောက်တော့မယ်.... အဲဒီမှာ အစွမ်းထက်မိစ္ဆာနတ်ဆိုးတွေ တပ်ချထားတယ်”

ချင်မူစိတ်ထဲတွင် တုန်လှုပ်သွားသည်။ ကောင်းကင်နတ်ဆိုးများ စောင့်နေသည့်အရာကို သူ ချက်ချင်း သိလိုက်၏။

‘ငါတို့ရှေ့မှာ အဆင့်မြင့်သိုင်းသမားတွေ အများကြီး ရှိတယ်... နောက်က လိုက်လာနေကြတာကလည်း အများကြီးပဲ... သူတို့ ငါတို့ကို ကြားညှပ်ပြီး တိုက်နိုင်တယ်... အ‌နောက်က ကောင်းကင်နတ်ဆိုးတွေက မိစ္ဆာနတ်ဘုရားလာမှာ စောင့်နေကြတာမဟုတ်ဘူး.... ငါတို့ ထောင်ချောက်ထဲ ကျသွားမှာ စောင့်နေကြတာ’

ချင်မူ စိတ်ပြန်ထိန်း၍ သေတ္တာကြီး၏ဘေးသို့ သွားလိုက်သည်။ ကျားနတ်မင်းနှင့် နဂါးချီလင်က တီးတိုးတီးတိုး ပြောနေကြသော်လည်း သူ ရောက်လာသည်ကို မြင်သည်နှင့် တမုဟုတ်ချင်း ပါးစပ်ပိတ်သွားကြ၏။

ချင်မူက သူတို့ကို အခြေအနေအကြောင်း ပြောပြလိုက်၏။ “အစ်ကိုကြီးကျား၊ ကျွန်တော်တို့ ရှေ့ဆက်သွားလေလေ၊ ရှေ့တန်းနဲ့ နီးလေလေပဲ... အန္တရာယ်လည်း ပိုများလာတယ်... ကျွန်တော်တို့ ရှေ့တန်းအနား ရောက်သွားတာနဲ့ မိစ္ဆာနတ်ဘုရားတစ်ပါးက တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ကျွန်တော်တို့လမ်းမှာ စောင့်နေလိမ့်မယ်... နောက်ကနေလည်း မိစ္ဆာနတ်ဘုရားနောက်တစ်ပါးက လမ်းပိတ်ထားလိမ့်မယ်.... ကျွန်တော်တို့ နှစ်ဖက်ညှပ်ခံလိုက်ရတာနဲ့ ဘာမှတတ်နိုင်မှာမဟုတ်တော့ဘူး”

ကျားနတ်မင်းက ကြောင်ကြီးတစ်ကောင်သဖွယ် ထလိုက်ပြီး အလေးအနက် ပြောသည်။ “သိပ်ကောင်းလိုက်တဲ့ ဗျူဟာ... ဒါပေမဲ့ ငါတို့ကို အထင်သေးနေတာပဲ... ငါက ငါ့အရှင်နဲ့အတူ ကမ္ဘာတစ်ခွင် သွားလာပြီး တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ဖူးတယ်..... ရန်သူ့သွေးနဲ့ ရေချိုးပြီး နာမည်ကြီးလာတဲ့ကောင်ကွ..... ငါ့အရှင်‌ ကျောက်ရုပ်အသွင် ပြောင်းလိုက်တော့မှ ငါလည်း အိပ်ပျော်သွားတာ... ကြည့်ရတာ ဒီမိစ္ဆာနတ်ဆိုးတွေ ငါ့နာမည်ကို မေ့သွားကြပြီထင်တယ်.. မကြောက်နဲ့... ရှေ့တန်းကနေ မိုင်တစ်ထောင်ကွာရင် ငါ့ကို ခေါ်လိုက်”

ချင်မူ ပါးစပ်ဟလိုက်သော်လည်း မည်သို့မျှမပြောဖြစ်လိုက်ချေ။

ကျားနတ်မင်းက ပြန်လဲချပြီး တခဏကြာသော် ခေါင်းထောင်လာသည်။ “မင်းမှာ ပရဆေးပင်တွေ ရှိသေးလား... ပထမတစ်ခေါက် ပေးထားတာတွေ ကုန်သွားပြီ... နည်းနည်းလောက် ထပ်ပေးပါဦး... ဗိုက်ပြည့်နေရင် သတ်ရဖြတ်ရ ပိုကောင်းတာပေါ့”

ချင်မူက ဆေးတစ်အိုးစာ ကွက်တိလောက်ငှသော ‌ဆေးပင်များအား ထောင်ကျယ်အိတ်ထဲမှ ထုတ်ပေးလိုက်၏။ “အစ်ကိုကြီးကျား၊ အများကြီးလည်း မစားနဲ့ဦးနော်... ဖက်တီးနဂါးလို ဖြစ်လာဦးမယ်”

ကျားနတ်မင်းက တဟားဟား ရယ်လိုက်သည်။ “မင်းက ငါ့ကို အထင်သေးနေတာပဲ.... ကျင့်ကြံလိုက်ရုံနဲ့ ဒီစွမ်းအင်ဆေးလုံးတွေကို ချေဖျက်လိုက်လို့ရပါတယ်ဟ... အဆီတစ်စက်မှ ကျန်မှာမဟုတ်ဘူး... ငါ့အတိုင်းအတာငါ သိပါတယ်... ငါ ဘယ်လောက် အံ့ဩစရာကောင်းလဲ ပြီးမှ ပြမယ်”

“စန်းဟွာ ငါတို့ ရှေ့တန်းနဲ့ ဘယ်လောက်ကွာသေးလဲ” ချင်မူက လှမ်းမေးသည်။

စန်းဟွာက မြေပုံတစ်ခု ထုတ်ကာ ကြည့်လိုက်ပြီး ပေတံတစ်ချောင်းဖြင့် တိုင်းတာလိုက်သည်။ “ဒါ တိမ်စုဝေးတောင်တန်းပဲ... မိုင်လေးထောင်လောက် ဝေးသေးတယ်”

ချင်မူ အချိုးကို ကြည့်၍ သူ့ဘာသာသူ တိုင်းကြည့်လိုက်သည်။ သူက ခေါင်းယမ်းကာ ပြော၏။ “လေးထောင့်နှစ်ရာခြောက်ဆယ့်တစ်မိုင်” (၄၂၆၁ မိုင်)

“ဘာအတွက် အဲဒီလောက် တိတိကျကျ တိုင်းနေတာတုန်း” စန်းဟွာက ပြုံးလျက် မေးသည်။

ချင်မူ ခေါင်းယမ်းလိုက်မိ၏။ ‘နင်တို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အက္ခရာသင်္ချာက စုတ်ပြတ်နေလို့ပေါ့... နေတောင်မှ ကြည့်ရက်စရာမရှိလောက်အောင် အရုပ်ဆိုးနေတာ မဟုတ်လား’

မှန်သည် ... သူ ဖွင့်ဟမပြောဖြစ်လိုက်ချေ။

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းက စန်းဟွာကို လှမ်းခေါ်သည်။ မိန်းကလေးသုံးယောက်မှာ ဆူဆူညံညံ စကားပြောနေကြပြီး ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ဖလှယ်နေကြသည်။

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းက အစစ်အမှန်နတ်ဘုရားငယ်ဖြစ်အောင် ကျင့်ကြံနည်းအား စန်းဟွာထံ မေးကြည့်သည်။ စန်းဟွာကလည်း သိထားသမျှအရာအားလုံးကို မခြွင်းမချန် ပြောပြသည်။ သူမက သူတို့နှစ်ယောက်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မှော်အစီအရင်များအကြောင်း မေးမြန်း၍ မိန်းကလေးနှစ်ယောက်ကလည်ူ မကြာသေးမီကမှ တီထွင်ထားသော မူလဝိညာဉ်လမ်းညွှန်ကို သူမအား သင်ပေးကြသည်။

“မူလဝိညာဉ်လမ်းညွှန်က တူနှစ်ကိုယ်ကျင့်ကြံဖို့ လိုတာလေ... ဒီကျင့်စဉ်က ဇနီးမောင်နှံနှစ်ယောက်ကြားပဲ ကျင့်သင့်တယ်” စန်းဟွာက တအံ့တဩ ပြောလိုက်သည်။

လင်ယွိရှို့က သူမအား ပြုံးပြလိုက်၏။ “ပေါက်ကရတွေ... မူလဝိညာဉ်အချင်းချင်း ပဲ့တင်ရိုက်ခတ်နိုင်သရွေ့ ဘယ်သူနဲ့မဆို ကျင့်ကြံလို့ရပါတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာဆို ဘုန်းကြီးတွေနဲ့ တာအိုရသေ့တွေတောင် ကျင့်ကြံထားပြီးပြီ”

စန်းဟွာ မှင်သက်နေသည်။ တခဏကြာသော် သူမက မယုံသင်္ကာမေးလိုက်သည်။ “ဘုန်းကြီးတွေနဲ့ တာအိုရသေ့တွေတောင် ကျင့်ကြံထားပြီးပြီတဲ့လား.... နင်တို့ နှစ်ယောက်ရော ကျင့်ကြံပြီးသားလား”

“ငါက နွားကျောင်းသားနဲ့ ကျင့်ကြံခဲ့တာပဲ” လင်ယွိရှို့က ပြောလေသည်။

စန်းဟွာမှာ အတန်ငယ် စိတ်ပျက်ပြီး မနာလိုဖြစ်သွား၏။ သူမက စစ်ယွင်ရှန်းအား ကြည့်ကာ မေးသည်။ “မိန်းကလေးရှန်းကရော”

စစ်ယွင်ရှန်းက သူမကို ပြုံးပြသည်။ “ငါလည်း ဂိုဏ်းသခင်နဲ့ ကျင့်ကြံခဲ့တာ..... သူ့မူလဝိညာဉ်က သိပ်သန်မာတယ်သိလား... သူနဲ့ မူလဝိညာဉ် တူနှစ်ကိုယ် ကျင့်ရင် နင် မြန်မြန် တိုးတက်သွားလိမ့်မယ်”

စန်းဟွာ မျက်ဝန်းလေးများ ဝိုင်းစက်သွားပြီး အော်လိုက်မိသည်။ “နင်တို့နှစ်ယောက်လုံး... မဟုတ်‌သေးပါဘူး... မူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်ဆိုတာ တာအိုလက်တွဲဖော်တစ်ယောက်တည်းနဲ့ပဲ ကျင့်လို့ရတာလေ”

သူမ စိတ်ဖောက်ပြန်လုဆဲဆဲ ဖြစ်နေစဉ် စစ်ယွင်ရှန်းက ချော့မြူသလို ပြောလာသည်။ “နင် ဂိုဏ်းသခင်နဲ့ တူနှစ်ကိုယ်ကျင့်ပြီးသွားရင် နားလည်လိမ့်မယ်.... သူ့မူလဝိညာဉ်က သိပ်သန်မာတာ”

စန်းဟွာ ရှက်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ “မူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်နဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ငါတို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စည်းကမ်းတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စည်းကမ်းတွေနဲ့ မတူဘူး.... ဒီမှာ မူလဝိညာဉ်တူနှစ်ကိုယ်ကျင့်စဉ်ဆိုတာ တားမြစ်ကျင့်စဉ်ပဲ... လင်နဲ့မယားပဲ တူနှစ်ကိုယ် ကျင့်ကြံနိုင်တာ... စေ့စပ်ထားတာတောင် မလုံလောက်သေးဘူး”

လင်ယွိရှို့နှင့် စစ်ယွင်ရှန်းမှာ တစ်ယောက်ကို တစ်ယောက်ကြည့်၍ စန်းဟွာ၏အတွေးများအား ရိပ်စားမိလိုက်သည်။ “နင်တို့ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ စည်းကမ်းတွေက ခေတ်နောက်ကျလွန်းတယ်.... ဒါပေမဲ့ နင့်အပြစ်လည်း မဟုတ်ပါဘူး... နေရာတိုင်းမှာ သူ့စည်းကမ်းနဲ့သူ ရှိတာပဲမဟုတ်လား.... ဥပမာ အနောက်ကမ္ဘာမြေသူတွေဆို ကဝေမလေးတွေချည်းပဲ... ဧကရာဇ်အတိုင်ပင်ခံက လမ်းဖောက်ဖို့ ကဝေမတစ်ထောင် ခေါ်လာခဲ့တယ်လေ.... သူတို့ကြောင့် အလယ်ကမ္ဘာမြေမှာ အတော်လေး ဗြောင်းဆန်သွားတာပဲ”

ချင်မူက အမြင့်သို့တက်၍ အဝေးသို့ ကြည့်လိုက်သည်။ သူတို့ဆီမှ မိုင်တစ်ထောင်အကွာတွင် သိပ်သည်းထူထဲသော မိစ္ဆာနတ်ဆိုးချီများ အလိပ်လိပ်ထနေသည်ကို တွေ့လိုက်ရသည်။ မိစ္ဆာနတ်ဆိုးချီများက မိုင်တစ်‌သောင်းကျော် မြင့်မားသော နံရံကြီးတစ်ခုသဖွယ် ဖွဲ့တည်နေ၏။

‘ရှေ့တန်းက ‌ကောင်းကင်နတ်ဆိုးတွေရဲ့ ပင်မစခန်း’

သူ ကောင်းကင်ကိုးဆင့်မျက်လုံးဖြင့် ကြည့်လိုက်သည့်အခါ ရုပ်သွင်မျိုးစုံ မြင်လိုက်ရသည်။ ထိုရုပ်သွင်များက ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်နှင့် ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်ဆိုးများမှ ဖန်ဆင်းထားသော အရိပ်များ ဖြစ်ချေသည်။

“စန်းဟွာ ငါ့ကို မြေပုံပေး”

စန်းဟွာက မြေပုံထုတ်ပေးသည်။ ချင်မူက ချီစွမ်းအင်ကို ပေတံတစ်ချောင်းသဖွယ် ပြုမူ၍ အတိအကျ တိုင်းတာနေသည်။ ထို့နောက် နောက်မှလိုက်လာနေသူများနှင့် သိပ်သည်းသထက် သိပ်သည်းလာနေသော မိစ္ဆာနတ်ဆိုးချီထုကြီးကို လှည့်ကြည့်လိုက်သည်။ ‘အစ်ကိုကြီးကျားက မိုင်တစ်ထောင်ကွာရင် သူ့ကို ခေါ်လိုက်ဖို့ ပြောပေမယ့် သူ့ကြည့်ရတာ နည်းနည်း ဝလာသလိုပဲ’

ချင်မူ သေတ္တာပေါ်ရှိ ကျားနတ်မင်းကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “အစ်ကိုကြီးကျား၊ ကျွန်တော်တို့ ရှေ့တန်းကနေ မိုင်တစ်ထောင်ပဲ ကွာတော့တယ်”

ကျားနက်လေးက သေတ္တာပေါ်မှ ခုန်ဆင်းပြီး ရယ်သည်။ “ဒီမှာနေပြီး ငါ ဘယ်လိုတိုက်ခိုက်မလဲ ကြည့်” ပြောပြီးလျှင်ချင်း သူက နောက်မှလိုက်လာနေသောအဖွဲ့ဆီသို့ တရှိန်ထိုး ပြေးသွားသည်။

ကျားနတ်မင်း၏ ပြေးနှုန်းက မြန်လာသည်။ ပြေးနေစဉ် သူ၏ရုပ်ခန္ဓာက ပြောင်းလဲသွားပြီး အသက်တစ်ရှိုက်ရှူချိန်ပင် မကြာလိုက်ခင် တစ်ပေသာမြင့်သော ကျားနက်သေးသေးလေးသည် ‌တောင်ကြီးသဖွယ် ကြီးမားနေသည့် ကျားကြီးတစ်ကောင် ဖြစ်သွား၏။ ကျားကြီးကား ခံ့ညားထည်ဝါလှသော်လည်း.... ဗိုက်က အနည်းငယ် ပူနေသယောင် ရှိသည်။

ကျားနတ်မင်း ပြေးလိုက်သည့်အခါ သင်္ကေတအမှတ်အသားမျိုးစုံက ချပ်ဝတ်တန်ဆာသဖွယ် ဖွဲ့တည်လာကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။ သူ့လက်ထဲတွင် တူကြီးနှစ်လက် ပေါ်လာ၏။

အသက်တစ်ရှိုက်ရှူချိန်အတွင်း ကျားနတ်မင်းကား နောက်မှလိုက်လာသောအဖွဲ့ထဲ ပြေးဝင်လိုက်၍ ကောင်းကင်နတ်ဆိုးများ စိစိညက်ညက် ကျိုးကြေကုန်ကြသည်။ သူတို့ခန္ဓာကိုယ်များမှာ ‌ကောင်းကင်ယံသို့ လွင့်ထွက်ကုန်ကာ အတုံးအရုန်း ပြုတ်ကျလာကြသည်။

မိစ္ဆာနတ်ဘုရားတစ်ပါးမှာ ရုပ်ဖျက်၍ ပုန်းအောင်းနေခဲ့သော်လည်း ကျားနတ်မင်း၏ တူကြီးနှစ်လက်အား ရဲတင်းလှံရှည်တစ်လက်ဖြင့် ခုခံလိုက်ရသည်။ ကျားနတ်မင်းသည် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ရဲရင့်သော်လည်း မိစ္ဆာနတ်ဘုရားကလည်း အားမနည်းပေ။ သူတို့နှစ်ယောက် တိုက်သွားသည်နှင့် တောင်ကြီးတစ်လုံး ပြိုကျသွားသည်ကို ချင်မူ လှမ်းမြင်လိုက်ရသည်။

“မြန်မြန်သွား” ချင်မူက အလျင်အမြန် ပြောလိုက်သည်။ “မိုင်တစ်ရာအထိ ပြေးမယ်... ဖက်တီးနဂါး သေတ္တာပေါ်က ဆင်းလာစမ်း”

စန်းဟွာမှာ သူပြောနေသည်ကို နားမလည်သော်လည်း သူ့စကားကို နားထောင်ပြီး သေတ္တာကြီးနှင့်အတူ ရှေ့သို့ ပြေးလိုက်သည်။ နဂါးချီလင်လည်း ခုန်ဆင်းကာ သူတို့နောက် လိုက်လာ၏။

သူတို့အနောက်တွင် ကျားနတ်မင်း၏လက်ချက်ကြောင့် မသေခဲ့သော မိစ္ဆာနတ်ဆိုးများစွာ ရှိ၏။ သူတို့က ကျားနတ်မင်းကို မတိုက်ခိုက်တော့ဘဲ သူတို့နောက် လိုက်လာကြသည်။

ထိုအချိန်တွင် ကျားနတ်မင်းနှင့် မိစ္ဆာနတ်ဘုရား၏ တိုက်ပွဲမှ ဖြစ်ပေါ်လာသော လှိုင်းဂယက်များကြောင့် ပင်မစခန်းထဲရှိ မိစ္ဆာနတ်ဆိုးသိုင်းပညာရှင်များ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ တမုဟုတ်ချင်းပင် ကောင်းကင်ယံရှိ မိစ္ဆာနတ်ဆိုးချီထုကြီးမှ မိစ္ဆာနတ်ဆိုးချီလှိုင်းတစ်လှိုင်းက ခွဲထွက်လာပြီး ချင်မူတို့ဆီ ရွေ့လျား၏။ ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်က သူတို့ကို ကြားညှပ်ရန် ပြေးလာခြင်းဖြစ်မည်။

ချင်မူက မိုင်တစ်ရာအထိ ပြေးပြီးသည့်အခါ အော်လိုက်သည်။ “ရပ်ကြ”

အနောက်မှ ကမ္ဘာမြေတုန်ဟုန်းသွားစေသော ပေါက်ကွဲသံကြီး ထွက်လာသည်။ ကျားနတ်မင်းနှင့် မိစ္ဆာနတ်ဘုရားက တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်း သူတို့ဘေးမှ ဖြတ်သွားသည်။ ကျားဟိန်းသံကြောင့် ပတ်ဝန်းကျင်ရှိ တောင်တန်းသစ်ပင်များ လွင့်ထွက်ကုန်သည်။ ကျောက်တုံးကျောက်ခဲများ မွစာကြဲကုန်၏။

ကျားနတ်မင်းက တရှိန်ထိုး‌ ပြေးလာပြီး ချင်မူတို့နောက် လိုက်ဖမ်းနေသော မိစ္ဆာနတ်ဆိုးများအား တူကြီးနှစ်လက်ဖြင့် ထုရိုက်နေသည်။

ချင်မူက အခြေအနေကို အကဲခတ်၍ ကမန်းကတန်း ပြောသည်။ “မိုင်တစ်ရာ ပြန်ဆုတ်”

စန်းဟွာ၊ လင်ယွိရှို့နှင့် ကျန်ရှိသူများမှာ နားမလည်သော်လည်း သူ့စကားအတိုင်း နောက်ပြန်ပြေးကြသည်။ ကျားနတ်မင်းက နောက်မှလိုက်လာသူများကို သတ်ဖြတ်ပြီးနောက် သူတို့ခေါင်းပေါ်မှ ခုန်ကျော်ကာ ကောင်းကင်နတ်ဆိုးများအား ရင်ဆိုင်လိုက်သည်။

မိစ္ဆာနတ်ဘုရားတစ်ပါး ကောင်းကင်နတ်ဆိုးများကို ဦးဆောင်လာခဲ့သော်လည်း ကျားနတ်မင်းက သူတို့၏ဝင်္ကပါအခင်းအကျင်းကို ဖျက်စီးပစ်ခဲ့၏။ နတ်ဘုရားနှစ်ပါး တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေကြစဉ် ကျန်ကောင်းကင်နတ်ဆိုးများက သူတို့ကို ကွေ့ရှောင်ပြီး ချင်မူတို့နောက် ပြေးလိုက်ကြသည်။

ချင်မူက အားလုံးကို မိုင်တစ်ရာအကွာသို့ ပြန်ခေါ်သွားပြီးနောက် ရပ်ကာ အလေးအနက်ပြောလိုက်သည်။ “အခုဆို အန္တရာယ်ကင်းသင့်ပြီ”

တခဏကြာသော် ကောင်းကင်နတ်ဆိုးများ၏ မူလဝိညာဉ်များ ရောက်လာပြီး ကောင်းကင်နတ်သိုင်းများ တရှိန်ထိုး ပျံဝဲလာကြသည်။ ထိုအချိန်တွင် ဧရာမတူကြီးတစ်လက် ဘွားခနဲ ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အားလုံး အမူအရာအကြီးအကျယ် ပြောင်းလဲကုန်ကြ၏။ တူကြီးက ကောင်းကင်နတ်ဆိုးတို့၏ မူလဝိညာဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ပြားကပ်သွားအောင် ရိုက်ချလိုက်သည်။

ကျားနတ်မင်းက သူတို့ဘေးမှ ဖြတ်ပြေးသွားပြီး တူကြီးအား ပြန်ဆုပ်ကိုင်လိုက်သည်။ သူက ၎င်းကို အားပါပါလွှဲရင်း ကျယ်လောင်စွာ ရယ်လိုက်၏။ “ငါ ပြောသားပဲ စိတ်မပျက်စေရပါဘူးလို့... အားလုံး ငါ့ကျောပေါ် တက်ကျ... ရန်သူရဲ့ ပင်မစခန်းထဲ ဝင်ကြစို့... ငါ မင်းတို့ကို လီမြို့ဆီ ပြန်ခေါ်သွားပေးမယ်”

ချင်မူမှာ စိတ်သက်သာရာရသွားသဖြင့် သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘အစ်ကိုကြီးကျားက ဒီရက်ပိုင်း တကယ် ဝလာပဲ... အလေးချိန် တိုးလာတော့ အရှိန်က ဆယ်ရာခိုင်နှုန်းလောက် ကျသွားတယ်... ‌တော်သေးတယ် မိုင်တစ်ရာပေါင်းထည့်ဖို့ ဆုံးဖြတ်လိုက်တာ မှန်သွားတာပဲ’

All Chapters