← Chapters

ယိုတု၏ မရဏတမန်တော်များ

Vol. 41 Ch. 560

ယိုတု၏ မရဏတမန်တော်များ

Vol. 41 Ch. 560

ကျားနတ်မင်းက မြေပြင်ပေါ် ဝပ်ချလိုက်သဖြင့် ချင်မူ သေတ္တာကြီးအား သူ့ကျောပေါ် အလျင်အမြန် ပစ်တင်လိုက်သည်။ ထို့နောက် ဟူလင်းအာကို ပွေ့ပြီး ခုန်တက်လိုက်၏။ မိန်းကလေးသုံးယောက်နှင့် နဂါးချီလင်လည်း နောက်မှ လိုက်လာသည်။

သူတို့အားလုံး တက်ပြီးသည်နှင့် ကျားနတ်မင်းက တရှိန်ထိုး ပြေးပြီး တောင်တန်းများအား လျင်မြန်စွာ ခုန်ကျော်သွား၏။ သူ၏အမြန်နှုန်းကား ပြိုင်ဘက်ကင်းချေသည်။

ချင်မူက ကျားနတ်မင်း၏ ကျောနားကပ်၍ အသက်ရှူသံ နားထောင်ကြည့်သည်။ အသက်ရှူသံက မြန်သထက် မြန်လာသည့်အတွက် သူ တွေးလိုက်မိသည်။ ‘ငါ ထင်ထားတဲ့အတိုင်းပဲ... အစ်ကိုကြီးကျား တစ်သက်လုံး ကျင့်ကြံထားတဲ့ အင်အားတွေတော့ နဂါးချီလင်ကြောင့် ပျက်ပြားကုန်ပြီ... အစ်ကိုကြီးတော့ နဂါးချီလင် ဦးနှောက်ဆေးတာ ခံလိုက်ရပြီပဲ.... အဝလွန်မလာပါစေနဲ့လို့ပဲ ဆုတောင်းရမယ်... မဟုတ်ရင် အထွတ်အမြတ်ဆရာသခင်ကို ရှင်းပြလို့ရမှာမဟုတ်တော့ဘူး... ဟုတ်သား.... ငါတို့ ရန်သူ့တပ်စခန်းကို ထိုးဖောက်ပြီး လီမြို့ကို ပြန်ရောက်ပါ့မလားတောင် မသေချာသေးဘူး...’

ထိုအချိန်မှာပင် ဆည်ကြီးတစ်စင်း ကျိုးပျက်သွားသဖြင့် ရေများ တဝေါဝေါ စီးကျလာသကဲ့သို့ အသံကြီးတစ်သံက ချင်မူအား နားကန်းလုမတတ် ဖြစ်သွားစေသည်။ မျက်နှာကို တိုးဝှေ့တိုက်ခတ်နေသော လေပြင်းများကို လျစ်လျူရှုပြီး ‌ရှေ့သို့ကြည့်လိုက်သည့်အခါ ဓားရောင်များအား မြင်လိုက်ရ၏။ ဓားရောင်များက မိစ္ဆာနတ်ဆိုးချီများကို ပိုင်းဖြတ်၍ ရန်သူ၏ပင်မစခန်းအား ထိုးဖောက်ပစ်လိုက်သည်။

ဓားရောင်များ၏‌နောက်မှ ဘူးသီးခြောက်ကြီးများ ပျံဝဲလျက် လိုက်ပါလာပြီး ကောင်းကင်နတ်သိုင်းပညာရှင်များက ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်လိုက်၏။ ဘူးသီးခြောက်များမှ မိုးကြိုးတန်းများ ထွက်လာကာ ရန်သူ၏ပင်မစခန်းအပေါ် တဖွဲဖွဲ ရွာကျသွားသည်။

မိုးကြိုးဘူးသီးခြောက်များအနောက်တွင်တော့ မရေမတွက်နိုင်သော ဓားစက်လုံးများ ရှိနေသည်။ ဓားစက်လုံးများ တဝှီးဝှီး လည်သွားသည်နှင့် ဓားပျံများက ရန်သူ၏ပင်မစခန်းအပေါ် မိုးရွာသကဲ့သို့ ကျဆင်းသွား၏။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်တပ်ပါလား” ချင်မူ စိတ်အားတရှိန်းရှိန်း တက်ကြွသွားသည်။ “ရန်သူ့တပ်စခန်းကို ထိုးဖောက်လိုက်တာက ဧကရာဇ်အတိုင်ပင်ခံရဲ့ ဓားရောင်ပဲ။ ဒီလူကတော့ အမြဲတမ်း အန္တရာယ်အကင်းဆုံးနည်းလမ်းနဲ့ ဘယ်လိုအခွင့်အကောင်း ယူရမလဲ သိပါပေတယ်... ငါတို့ကို သတ်ဖို့ ပင်မစခန်းကနေ ထွက်လာတဲ့ မိစ္ဆာနတ်ဘုရားက ပင်မစခန်းရဲ့ ဦးစီးမှူးဖြစ်လိမ့်မယ်... သူ ထွက်လာလို့ ဟာကွက်‌ပေါ်သွားတာနဲ့ ဧကရာဇ်အတိုင်ပင်ခံက စခန်းကို ဖျက်စီးလိုက်တာပဲ.... ဧကရာဇ်အတိုင်ပင်ခံပဲ အဲဒီလို သိုသိုသိပ်သိပ် လှုပ်ရှားနိုင်တယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားသိုင်းသည် လမ်းစဉ်အဆင့်သို့ ဝင်ရောက်ပြီး တာအိုနှလုံးသားကို ဖွဲ့တည်ထားပြီဖြစ်၏။ ရန်သူ၏ဟာကွက်တိုင်း သူ့မျက်လုံးများမှသော်လည်းကောင်း၊ သူ့ဓားရောင်များမှသော်လည်းကောင်း မလွတ်မြောက်နိုင်ပေ။ ရန်သူ၏ စစ်ဗျူဟာအခင်းအကျင်းလည်း အလားတူသာ ဖြစ်သည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ဓားချက်များသည် မည်သည့်စစ်ပွဲတွင်မဆို အနိုင်ယူနိုင်၏။

ချင်မူ စိတ်အေးလက်အေး ဖြစ်သွားသည်။ ကျားနတ်မင်းမှာ ဟောဟဲလှိုက်နေပြီဖြစ်သော်လည်း သူတို့ကို နတ်ဆိုးမြေ၏အပြင်အထိ ခေါ်ထုတ်သွားနိုင်သေးလေသည်။

သူတို့အရှေ့တွင် ဧကရာဇ်အတိုင်ပင်ခံနှင့် နယ်စားဝေ့က လေသင်္ဘောများအတွက် လမ်းရှင်းပေးနေသည်။ မိုးကြိုးဘူးသီး‌ခြောက်များဖြင့် စစ်သည်တော်များ လေသင်္ဘောများအပေါ် ဆင်းသက်လိုက်ကြသည်။

ထိုစဉ် လေသင်္ဘောများအနောက်မှ ဆန်းကြယ်သားရဲများ၊ ကောင်းကင်နတ်သိုင်းများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးတစ်တပ် ချီတက်လာ၏။

ကျားနတ်မင်းက စစ်မြေပြင်ထဲ ပြေးဝင်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါကာ ပတ်ဝန်းကျင်ရှိ ရန်သူများကို ခါထုတ်နေသည်။ သူက ခြေနှစ်ချောင်းဖြင့် ရပ်၍ တူကြီးနှစ်လက်ကို လေဒလက်ကြီးသဖွယ် လှည့်ကာ ရန်သူနတ်ဆိုးများအား မုန်တိုင်းလို တိုက်ခိုက်လိုက်သည်။

ဘုန်း

ကျားနတ်မင်း တူကြီးဖြင့် မြေပြင်‌ပေါ် ထုချလိုက်သည့်အခါ အားလှိုင်းများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားပြီး မရေမတွက်နိုင်သော မိစ္ဆာနတ်ဆိုးများ လွင့်ထွက်ကုန်ကြသည်။

ကျားနတ်မင်းက ဟိန်းဟောက်မာန်ဖီရင်း ရန်သူများအား တိုက်ခိုက်နေသည်။ “မင်းတို့တွေ အရင်သွားနှင့်ကြ.... ငါ စွမ်းအင်ဆေးလုံးအာနိသင်တွေကို ချေဖျက်ပြီး ဗိုက်က အဆီတွေကျသွားအောင် လုပ်လိုက်ဦးမယ်... မဟုတ်ရင် ငါ့အရှင် ငါ့ကို မှတ်မိမှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် ကျားနတ်မင်းသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်စီး၍ ရှေ့တန်းဆီသို့ ပြေးတက်သွား၏။ သူက ရန်သူ၏ ဗျူဟာအခင်းအကျင်းကို ထိုးခွင်းကာ ပါးစပ်ကြီးဖြဲပြီး တရှိန်ထိုး လာနေသော မိစ္ဆာနတ်ဘုရားတစ်ပါးအား မှုတ်ထုတ်လိုက်သည်။ မိစ္ဆာနတ်ဘုရားမှာ မိုင်တစ်ရာကျော်သို့ လွင့်ထွက်သွား၏။

ချင်မူ ကြက်သေသေနေသည်။ သူ့မှာ လိမ့်ကျလာသော ဖက်တီးလုံးလုံးကြီးကို ကြည့်ကာ အရှိုက်တည့်တည့်အား ဖြောင်းခနဲ ထိုးနှက်ခံလိုက်ရသကဲ့သို့ နာကျင်သွားတော့သည်။ “အထွတ်အမြတ်ဆရာသခင်ရဲ့ စီးတော်ကျားက သာနေတုန်းပဲ... နည်းနည်း ဝလာပေမယ့် ခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းရမလဲ သိသေးတယ်....”

နဂါးချီလင်လည်း မှင်သက်နေသည်။ သူက ချင်မူ့ကို မသိမသာ ‌ချောင်းကြည့်လိုက်ပြီး ချင်မူ၏ ဝမ်းနည်းနေသောအမူအရာကို မြင်လျှင် အတွေးနက်သွား၏။

လေသင်္ဘောတစ်စင်းက ကောင်းကင်ထက်မှ ပျံဆင်းလာကာ သူတို့ဘေးမှ ဖြတ်သွားသည်။ သင်္ဘောဦးတွင် တပ်မှူးလေးတစ်ယောက် မတ်တပ်ရပ်နေ၏။ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်သည့်အခါ ရွှေရောင်ကြာပွင့်များ ဖွဲ့တည်လာသည်။ ကြာပွင့်များက ချင်မူတို့ကို သယ်မကာ သင်္ဘောပေါ် တင်ပေးလိုက်သည်။

“ချင်ဖေးယွဲ့ တပ်မှူးလေးချင်” ချင်မူ တအံ့တဩ နှုတ်ဆက်လိုက်မိသည်။

ချင်ဖေးယွဲ့က ချပ်ဝတ်အပြည့် ဝတ်ထားသော်လည်း သူ့ကို အသာအယာ ခေါင်းညိတ်ပြသည်။ “ဂိုဏ်းသခင်ချင်၊ မင်းသမီးရှို့... ဒီစစ်သူကြီးက ချပ်ဝတ်အပြည့် ဝတ်ထားတာမလို့ နှုတ်ဆက်ဖို့ အဆင်မပြေဘူးဖြစ်နေပါတယ် ... စိတ်မရှိုပါနဲ့”

ချင်ဖေးယွဲ့၏နောက်မှ လူတစ်ယောက် အပြေးအလွှား ထွက်လာ၏.... သူက ချင်ယွီပင်။ နဂါးလေးတစ်ကောင်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လျက် ရှိသည်။ “ချင်ယွီ ဂိုဏ်းသခင်ချင်၊ မင်းသမီးရှို့နဲ့ ကောင်းကင်နတ်မယ်ကို အရိုအသေပြုပါတယ်...” သူက သွက်သွက်လက်လက် နှုတ်ဆက်သည်။

ချင်ဖေးယွဲ့နှင့် ချင်ယွီညီနောင်နှစ်ယောက်သည် သနင်္ဂဗျူဟာစစ်သူကြီး၏ ချင်အိမ်တော်မှ ဖြစ်သလို၊ ဧကရာဇ်အတိုင်ပင်ခံ၏ တပည့်များလည်း ဖြစ်ကြသည်။ ငယ်ငယ်ရွယ်ရွယ်နှင့် ထူးချွန်အောင်မြင်ကြသည့်အတွက် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်တပ်ထဲတွင် နေရာအသီးသီး ရထားချေသည်။

ဧကရာဇ်အတိုင်ပင်ခံတွင် တပည့်များစွာ ရှိပြီး အများစုက စစ်တပ်ထဲ ဝင်ကာ အမြင့်စံရာထူးများ ရထားကြ၏။ လင်ယွိရှို့က ပွင့်လင်းသောစိတ် ရှိသည့်အလျောက် ဧကရာဇ်အတိုင်ပင်ခံ၏ သူရဲကောင်းတပည့်များစွာနှင့် မိတ်ဆွေဖွဲ့ထားလေသည်။

ချင်မူ လင်ယွိရှို့နှင့် ပထမဆုံး ဆုံတွေ့ခဲ့သည့်အချိန်မှာ သူမ ချင်ဖေးယွဲ့နှင့်အတူ မဟာမြို့ပျက်၏မြေပုံ ရေးဆွဲရန် မဟာမြို့ပျက်ထဲ ဝင်လာသည့်အချိန် ဖြစ်သည်။

ချင်ယွီ၏ကိုယ်ပေါ်ရှိ နဂါးလေးက ခေါင်းထောင်လာပြီး ချင်မူ့ကို စပ်စပ်စုစု ကြည့်နေသည်။ ရုတ်တရက် လျှောဆင်းလာပြီး ချင်မူ့အပေါ် တက်လာ၏။ သူက ချိုလေးများဖြင့် ချင်မူ့မျက်နှာအား ပွတ်သပ်ကာ ချွဲသလို အော်လိုက်သည်။ “မာ ဟာ...”

ချင်ယွီ မှင်သက်သွားသည်။ နဂါးပုတီးစေ့ကို အလျင်အမြန် ထုတ်ပြီး နဂါးလေးကို ပြန်ခေါ်သော်လည်း နဂါးလေးက ချင်မူ့ကို မခွဲချင်မခွာချင် ဖြစ်နေချေသည်။

ချင်ယွီမှာ ရင်တဒိန်းဒိန်းခုန်လာသည်။ ‘နန်းတွင်းကောလိပ်မှာလည်း သူ့ကို ငါ မယှဉ်နိုင်ခဲ့ဘူး... ခဏခဏလည်း အရိုက်ခံခဲ့ရတယ်... သူ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်လာတော့ ပိုလို့တောင် လိုက်မမှီခဲ့ဘူး... ငါ့နဂါးကိုလည်း သူ ယူသွားတော့မှာလား’

ချင်မူက နဂါးလေးကို ယူပြီး ဖင်တစ်ပြန် ခေါင်းတစ်ပြန် ကြည့်လိုက်သည်။ ထို့နောက် တအံ့တဩ မေးလိုက်၏။ “ဒီကောင်လေးက မာန်ဟုန်မြစ်နဂါးမင်းနန်းတော်က အစစ်အမှန်နဂါးလေးလား”

ချင်ဖေးယွဲ့က ခေါင်းညိတ်သည်။ “ဧကရာဇ်အတိုင်ပင်ခံနဲ့ အဆိပ်ဘုရင်ငယ်က သူ့အသက်ကို ကယ်ပေးခဲ့တာပါ... နောက်ပိုင်း ဧကရာဇ်အတိုင်ပင်ခံက ငါ့ညီကို ပေးလိုက်တာပဲ”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး ပြုံးလျက် ပြောလိုက်သည်။ “ညီလေးချင်ယွီ၊ ငါ့ကို ဒီနဂါးလေး ရက်ပိုင်းလောက် ပေးထားလို့ရလား”

ချင်ယွီမှာ တွန့်ဆုတ်သွားသော်လည်း ချင်ဖေးယွဲ့က ပြုံးရယ်ကာ ပြောလေသည်။ “ဂိုဏ်းသခင်ရဲ့ အဆင့်အတန်းက မြင့်မားတယ်... ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ရဲ့ ပါမောက္ခချုပ်လည်း ဟုတ်တယ်... သူက မင်းကို လိမ်ပါ့မလား”

ချင်ယွီ မတတ်နိုင်ဘဲ ခေါင်းညိတ်လိုက်ရ၏။ ချင်မူက ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။ “ညီလေးချင်၊ ငါ အလကား ယူထားမှာမဟုတ်ပါဘူး... မင်းကို ကောင်းတာတစ်ခု ပေးမှာပါ... ဒီနဂါးလေး မင်းဆီ ပြန်ရောက်ရင် မင်း နားလည်ပါလိမ့်မယ်”

နဂါးလေးက ကိုယ်ကိုကျုံ့၍ သူ့နားရွက်ပေါ်တက်ကာ နားဆွဲသဖွယ် တွဲလောင်းချနေသည်။

ချင်မူ အဝေးသို့  ကြည့်လိုက်သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ် ရန်သူတပ်စခန်းထဲ ထိုးဖောက်သွားသည်ကို အခွင့်ကောင်းယူကာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံစစ်တပ်က တရှိန်ထိုး ချီတက်လာပြီး မိစ္ဆာစစ်တပ်၏ တပ်ကူများအား နင်းခြေနေသည်။ စစ်တပ်နှစ်တပ်က ရန်သူ၏အားနည်းချက်များကို ရက်ရက်စက်စက် ထိုးနှက်နေသော လက်သီးကြီးနှစ်လုံးနှင့် တူ၏။

တပ်မှူးလေးများက လေသင်္ဘောကို ဦးဆောင်ကာ တိုက်ခိုက်နေသည်။ အမြှောက်များက အောက်သို့ ဒိုင်းခနဲ ဒိုင်းခနဲ ပစ်ချနေသည့်အချိန် သင်္ဘောပေါ်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များသည် ဓားစက်လုံးများအား စေလွှတ်နေ၏။ ဓားချက်များက အောက်ရှိမြေပြင်ဆီသို့ ပိုင်းဖြတ်နေသည်။

ဆန်းကြယ်သားရဲတပ်ဖွဲ့နှင့် ခြေလျင်တပ်ဖွဲ့က အသက်ရှင်လျက် ထွက်ပြေးလာသည့် မိစ္ဆာနတ်ဆိုးများကို သတ်ဖြတ်နေသည်။

“သင်္ဘောပေါ်က အရာရှိတွေကလည်း ဧကရာဇ်အတိုင်ပင်ခံရဲ့ တပည့်တွေပဲ” လင်ယွိရှို့က လျှောက်ကြည့်ပြီးနောက် ပြောလာသည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ တပည့်အတော်များများက မြစ်သင်္ချိုင်းတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်အဆောင်မှူးတွေလို့ ပြောလည်း ရတယ်.. သူတို့က မြစ်သင်္ချိူင်းတက္ကသိုလ်မှာ ခဏခဏ သင်ကြားပို့ချပေးတတ်တယ်... အများစုကတော့ စစ်တပ်က.. ကြည့်.... ဟိုက လူတွေကို ရင်းနှီးနေသလို မခံစားရဘူးလား... သူတို့က ငါတို့နန်းတွင်းကောလိပ်ရဲ့ ကျောင်းသားတွေပဲ”

ချင်မူ သူမလက်ညှိုးထိုးပြသည့် နေရာသို့ လှမ်းကြည့်လိုက်သည့်အခါ ဝေ့ယုံ၊ ချန်ဝမ်ယွင်နှင့် ကျန်ရှိသူများကို မြင်လိုက်၍ အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။ သို့သော် သူတို့က ဝိညာဉ်လက်နက်များကို ထုတ်လွှတ်ရင်း မြေပြင်အား တိုက်ခိုက်နေသဖြင့် မမြင်ကြပေ။

တခဏကြာသော် လေသင်္ဘောများကြောင့် ရန်သူတပ်စခန်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားသည်။ ဆန်းကြယ်သားရဲများက တကွဲတပြား ထွက်ပြေးနေသော မိစ္ဆာနတ်ဆိုးများကို နင်းခြေနေကြ၏။ ကောင်းကင်နတ်ဆိုးများအတွက် ဤစစ်ပွဲမှာ အတော်လေး အထိနာပေသည်။

ချင်ဖေးယွဲ့က လေသင်္ဘောများအား ရပ်တန့်ခိုင်းလိုက်ပြီး အမြှောက်ပစ်ခြင်းလည်း ရပ်လိုက်သည်။ သူက အရပ်လေးမျက်နှာသို့ ထွက်ပြေးနေသော ရန်သူများဆီသို့ ဝိညာဉ်လက်နက်များ ပစ်လွှတ်ခိုင်းနေ၏။

သူက ချင်မူ့အား ရှင်းပြသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ သင်္ချာစွမ်းရည်က ညံ့ဖျင်းလွန်းလို့သာ ငါတို့ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်အနေနဲ့ အသာစီးရနေတာ... မိစ္ဆာနတ်ဆိုးစစ်တပ်ရဲ့ ဗျူဟာအခင်းအကျင်းက လျော့ရဲလွန်းတယ်.... ခန့်မှန်းရမခက်ဘူး... ဒါကြောင့် ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ကို လွှတ်လိုက်ပြီး မိစ္ဆာနတ်ဆိုးတွေရဲ့ တပ်စခန်းကို ထိုးဖောက်ခိုင်းလိုက်တာပဲ”

“ဧကရာဇ်အတိုင်ပင်ခံက အင်မတန် ထက်မြက်ပါပေတယ်... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ သင်္ချာစွမ်းရည်က အတော်လေးညံ့ဖျင်းလွန်းတာ အမှန်ပါပဲ” ချင်မူက ပြောလိုက်သည်။

စန်းဟွာ ရှက်သွားပြီး ခေါင်းငုံ့သွား၏။

“ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ သင်္ချာစွမ်းရည်က အတော်လေး ညံ့ဖျင်းပေမယ့် ကောင်းကင်နတ်သိုင်းတွေကတော့ သိပ်သန်မာအားကောင်းတယ်... သူတို့မှာ ငါတို့လိုအပ်နေတဲ့ ကျင့်စဉ်၊ လမ်းစဉ်တွေ ရှိနေတယ်... ဒါကြောင့် ငါတို့အနေနဲ့ ချီတက်ဖို့ ဗျူဟာအခင်းအကျင်းကိုပဲ အားကိုးနိုင်ပြီး အနီးကပ်တိုက်ခိုက်တဲ့နေရာမှတော့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေကို အားကိုးရတာပဲ”

ချင်ဖေးယွဲ့က ဓားစက်လုံးများ ထုတ်လွှတ်ကာ အောက်ရှိ မိစ္ဆာနတ်ဆိုးများအား ကြည့်လိုက်သည်။ သူက သက်ပြင်းချ၏။ “ငါ့ကိုယ်ငါ ကောင်းကင်နတ်အသွင်အဆင့်မှာ ထူးချွန်တယ် ထင်ထားပေမယ့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ကောင်းကင်နတ်သိုင်းတွေကို မြင်မှ အမြင်ပွင့်သွားတယ်... ငါ့ရဲ့လက်ရှိကျင့်စဉ်စွမ်းအင်နဲ့ ဒီနေရာမှာ ဘောင်တောင်မဝင်ဘူး... ဧကရာဇ်အတိုင်ပင်ခံက ဒီစစ်ပွဲမှာ ငါတို့ကို သင်္ဘောပေါ်ကနေ ထွက်မသွားခိုင်းဘူး... ဘာကြောင့်ဆို.... အဆင့်တူမှာ ငါတို့က မိစ္ဆာနတ်ဆိုးတွေအတွက် ပြိုင်ဘက်မဟုတ်လို့ပဲ”

စစ်ပွဲက လျင်မြန်စွာ မပြီးသွားပေ။ နေဝင်သည့်အခါ နှစ်ဖက်လုံး စစ်ခရာများမှုတ်ကာ ပြန်ဆုတ်ကြသည်။

“ဒီစစ်ပွဲမှာ ငါတို့နိုင်တာ အသိသာကြီးလေ... ဒီအခြေအနေကို အခွင့်‌ကောင်းယူပြီး မြို့ထဲ ထွက်ပြေးသွားတဲ့ ရန်သူတွေကို ဘာလို့ လိုက်မချေမှုန်းတာလဲ” စန်းဟွာက နားမလည်သဖြင့် မေးလိုက်သည်။

“ငါတို့စစ်အင်အားက မလုံလောက်ဘူး... မြို့ထဲ လိုက်သွားရင် လူစုကွဲသွားလိမ့်မယ်... အဲဒီအခြေအနေမှာ ကောင်းကင်နတ်ဆိုးတွေ ငါတို့ကို ဝင်တိုက်နိုင်တယ်... ဧကရာဇ်အတိုင်ပင်ခံက အနိုင်ရပြီးတာနဲ့ ပြန်ဆုတ်ဖို့ ရွေးချယ်လိုက်တာက ... တိုက်ခွာဗျူဟာကို သုံးနေတာကြောင့်ပဲ... ရန်သူကို တိုက်လိုက်၊ ခွာလိုက် လုပ်ရင် သူတို့အားလုံး ခြေကုန်လက်ပန်း ကျသွားလိမ့်မယ်... အဲဒါဆို ကြောက်စရာမလိုတော့ဘူး”

ထိုက်ဧကရာဇ်ကောင်းကင်ဘုံအနေဖြင့် ခုခံ၍မရနိုင်ဟု တန်ခိုးရှင်သစ်ခုတ်သမား ပြောခဲ့သည်ကို ပြန်သတိရလိုက်သဖြင့် ချင်မူ စိတ်ပူနေမိသည်။

တန်ခိုးရှင်သစ်ခုတ်သမားသည် မဟုတ်မမှန် လိမ်ညာပြောမည်မဟုတ်ပေ။ ကောင်းကင်နတ်ဆိုးများအား ခုခံ၍မရနိုင်ဟု သူ ပြောခဲ့မှတော့ အမှန်တကယ် ခုခံမရ၍ ဖြစ်မည်။ ကောင်းကင်နတ်ဆိုးများက ဧကရာဇ်အတိုင်ပင်ခံ၏ စစ်ဗျူဟာအတိုင်း ကစားခံနေမည်မဟုတ်ပေ။ ဖုရွေ့လော်တွင် သေချာပေါက် တခြားအကြံအစည်များ ရှိလိမ့်မည်။

စစ်မြေပြင်‌ပေါ်ရှိ အမှောင်ထုထဲတွင် အခြားကမ္ဘာမှ အခိုးအငွေ့များ တထောင်းထောင်း ထလာသည်။ မီးအိမ်များ ချိတ်ဆွဲထားသော လှေငယ်များက အမှောင်ထုထဲမှ ထွက်လာပြီး တိုက်ပွဲကျသွားသည့် သူရဲကောင်းတို့၏ဝိညာဉ်များကို ခေါ်နေကြ၏။

လူသားဖြစ်စေ၊ မိစ္ဆာနတ်ဆိုးဖြစ်စေ.... သရဲတစ္ဆေဖြစ်လာသည်နှင့် ယိုတုသို့ လိုက်သွားရလိမ့်မည်။

ထိုအချိန်တွင် အောက်ရှိ စစ်တပ်ကြီးက မရဏတမန်တော်များကို လျစ်လျူရှုလျက် တိတ်ဆိတ်စွာ ဆုတ်ခွာနေသည်။ သူတို့သည် ဤမြင်ကွင်းကို မြင်ဖူးနေကျ ဖြစ်ပုံရ၏။

ချင်မူက လေသင်္ဘော၏ ဦးပိုင်း၌ ရပ်ရင်း စစ်မြေပြင်အား ကြည့်နေသည်။ သူ သက်ပြင်းများ ချနေမိသော်လည်း မည်သည်ကိုမျှ ထုတ်မပြောဖြစ်ပေ။

ထိုအခိုက်အတန့်၌ လှေငယ်တစ်စင်းက သင်္ဘောရှေ့သို့ လှော်ခတ်လာသည်။ အဘိုးအိုက မတ်တပ်ရပ်ပြီး မီးအိမ်ကို ချင်မူ့ဆီသို့‌ မြှောက်လိုက်၏။

“ချင်ဖုန်းကျင့် ... မင်းက ယိုတုကို နှောင့်ယှက်ခဲ့တယ်... မြေအောက်ဘုံအရှင်သခင်က မင့်လုပ်ရပ်ရဲ့အကြောင်းအကျိုးနဲ့ ပတ်သက်ပြီး စကားပြောဖို့ မင်းကို ဖိတ်ခေါ်လိုက်တယ်”

ချင်မူ စိတ်ထဲတွင် တုန်လှုပ်သွားသော်လည်း ပြုံးလျက် ပြောလိုက်သည်။ “ဘယ်သူက ချင်ဖုန်းကျင့်လဲ.... အကြီးအကဲ လူမှားနေပြီ”

မီးအိမ်၏အလင်းရောင်က သူ့မျက်နှာပေါ် ဖြာကျနေသော်လည်း မီးအိမ်နောက်ရှိ အဘိုးအိုက စကားထပ်မပြောတော့ပေ။

ရုတ်တရက် အနက်ရောင်အလင်းတန်း ဖျတ်ခနဲ လက်သွားပြီး ကျားနတ်မင်းက ချင်မူ့ကို သူ့အနောက်တွင် ကွယ်လျက် သင်္ဘောဦး၌ ‌ပေါ်လာသည်။ “မရဏတမန်တော်တွေက သေလူတွေကိုပဲ ဂရုစိုက်တာမဟုတ်လား.... ဘယ်တုန်းက သက်ရှိကမ္ဘာရဲ့ကိစ္စတွေကို ဝင်စွက်ဖက်လို့လဲ”

မီးအိမ်နောက်ရှိ မျက်နှာက ဝေဝါးနေသည်။ “ယိုတုမှာ စည်းကမ်းတွေ ရှိတယ်... သက်ရှိကမ္ဘာက လူတစ်ယောက် ယိုတုကို မနှောင့်ယှက်သရွေ့ သက်ရှိကမ္ဘာကိုလည်း ယိုတုအနေနဲ့ ဝင်မစွက်ဖက်ဘူး.. ဒါပေမဲ့ ယိုတုကို နှောင့်ယှက်လာရင်တော့ အခြေအနေကို ထိန်းချုပ်ဖို့ လိုတယ်

“ချင်ဖုန်းကျင့်က ယိုတုရဲ့ ဝိညာဉ်လေးသောင်းရှစ်ထောင် လွှတ်ပေးခဲ့ပြီး ယိုတုရဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တယ်.... လွန်ခဲ့တဲ့ ဆယ့်ငါးရက်တုန်းက ငါတို့ သူ့ကို အကြောင်းကြားပြီး ယိုတုဆီ ဖိတ်ခေါ်ဖို့ လုပ်ခဲ့ပေမယ့် သူ့မှာ မရဏတမန်တော်တွေကို တားမြစ်နိုင်တဲ့ ရတနာတစ်ခု ရှိနေခဲ့တယ်”

ဧကရာဇ်အတိုင်ပင်ခံက လျှောက်လာပြီး လေးနက်သောအသံဖြင့် မေးသည်။ “သူ့ကို ခေါ်သွားခွင့် မပေးနိုင်ရင်ရော”

“သူ့လုပ်ရပ်ကြောင့် ကမ္ဘာပေါင်းများစွာ ပျက်စီးသွားပြီ” မီးအိမ်နောက်ရှိ အဘိုးအိုက ပြောသည်။

ချင်မူ မြင်ခဲ့ဖူးသော မြင်ကွင်းတစ်ခုကို သတိရလိုက်၏။ ထိုမြင်ကွင်းတွင် တုထျန်းမိစ္ဆာဘုရင်မှာ အမှောင်ထုထဲ၌ အော်ဟစ်ငိုယိုနေခဲ့လေသည်။

“ဧကရာဇ်အတိုင်ပင်ခံ ၊ အစ်ကိုကြီးကျား... ဘာမှမပြောပါနဲ့တော့... ကျွန်တော် သူနဲ့ လိုက်သွားလိုက်ပါ့မယ်”

All Chapters