← Chapters

ပြည်နှင်ဒဏ်သင့် ကလေး

Vol. 41 Ch. 561

ပြည်နှင်ဒဏ်သင့် ကလေး

Vol. 41 Ch. 561

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မျက်မှောင်ကြုတ်သွားပြီး စစ်မြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ မရဏတမန်တော်များ၏ မီးအိမ်တို့ကား အမှောင်ထုထဲတွင် စုန်းမီးလုံးများ ကစားနေသည့်အလား တောက်ပနေသည်။ လှေများသည် သေဆုံးသူတို့၏ ဝိညာဉ်များအား ယိုတုဆီသို့ ခေါ်ဆောင်သွားကြ၏။

ဤမရဏတမန်တော်အား ချင်မူ့ကို ခေါ်သွားခွင့်မပေးဘဲ တိုက်ခိုက်ရန် ကြိုးစားလျှင် ကျန်မရဏတမန်တော်များကြောင့် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ကွင်းပြောင်ပြောင်ကြီး ဖြစ်ကျန်ခဲ့လောက်သည်။

သူက ချင်မူ့ကို ကြည့်ကာ တစ်ယောက်တည်း ခပ်တိုးတိုး ရေရွတ်နေ၏။ ချင်မူက သူ့အမူအရာကို မြင်လျှင် ပြောသည်။

“ကျွန်တော် ယိုတုကို နှစ်ခေါက် ရောက်ဖူးပါတယ်... ပထမတစ်ခေါက်တုန်းက တုထျန်းမိစ္ဆာဘုရင် လှည့်စားတာ ခံလိုက်ရလို့....”

“အဲဒီတုန်းက မင်းကို ကယ်ပြီး သက်ရှိကမ္ဘာဆီ ပြန်ပို့ပေးခဲ့တာ ငါပဲ” မီးအိမ်နောက်ရှိ အဘိုးအိုက ပြောသည်။

ချင်မူ သူ့ကို တအံ့တဩ လှည့်ကြည့်လိုက်သော်လည်း အဘိုးအို၏မျက်နှာအား မမြင်ရသေးပေ။

“ဒုတိယတစ်ခေါက်တုန်းက ... မှော်ဆရာသခင်၊ ဖက်တီးနဂါး၊ အမွှေးဖြူလင်းနို့ညီနောင်နဲ့ ကျွန်တော် ယိုတုကမ္ဘာထဲ အတူတူ ရောက်သွားကြတာ.... ဒါမဲ့ အားလုံး အသက်ရှင်နေကြသေးတယ်”

ချင်မူ စိတ်ကို တည်ငြိမ်အောင် ထိန်းပြီး လေသင်္ဘောအပြင် ထွက်လိုက်သည်။ သူက လှေငယ်အပေါ် ဆင်းပြီး အားလုံးဆီသို့ လက်ဝှေ့ယမ်းပြကာ နွေးထွေးစွာ ပြုံးပြလိုက်၏။ “ယိုတုက ဧကရာဇ်အတိုင်ပင်ခံတို့ ထင်ထားသလို အန္တရာယ်မများပါဘူး... ကျွန်တော်က ဝိညာဉ်လေးသောင်းရှစ်ထောင် ခေါ်လိုက်မိတဲ့ ကိစ္စအတွက် အကြောင်းအကျိုး သွားဆွေးနွေးရုံပါ.... ဆွေးနွေးပြီးတာနဲ့ ပြန်လာပါ့မယ်”

နဂါးချီလင်က ပါးစပ်ဖွင့်၍ ပြောချင်နေသော်လည်း အတန်ငယ် စဉ်းစားပြီးသော် မပြောတော့ပေ။ ‘ဂိုဏ်းသခင်ကတော့ ရူးနေပြီ... ယိုတုက ဘယ်လိုလုပ် အန္တရာယ်မများဘဲ နေမှာလဲ.... ထူးဆန်းတဲ့ မကောင်းဆိုးဝါးကြီးတွေ ပြည့်နေတဲ့အပြင် စနေဂြိုဟ်အရှင်သခင်တောင် ရှိသေးတယ်... ဒါမဲ့ ငါ့အနေအထားကလည်း သူ့လို လိုက်စွန့်စားနိုင်တဲ့ အခြေအနေမှာ မရှိဘူး... အစ်ကိုကြီးကျားနဲ့ ယှဉ်ရင် ငါက သိပ်အခြေအနေမကောင်းတော့ မပြောတာ အကောင်းဆုံးပဲ.... မဟုတ်ရင် ဂိုဏ်းသခင် ဒေါပွသွားပြီး ငါ့ကို စွမ်းအင်ဆေးလုံးတွေ ထပ်မကျွေးတော့ဘဲ နေလိမ့်မယ်”

ကျားနတ်မင်းက ရှေ့တစ်လှမ်းတက်ကာ စကားပြောရန် ပြင်လိုက်သော်လည်း ဧကရာဇ်အတိုင်ပင်ခံက လက်ကာပြီး တားလိုက်သည်။ သူက ခေါင်းယမ်းရင်း ပြောလိုက်၏။ “ဂိုဏ်းသခင်၊ ရုပ်ခန္ဓာကို မထားခဲ့ချင်ဘူးလား”

ချင်မူ ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားပြီး သူတို့ပြောလိုနေသောအရာကို နားလည်သွား၏။ ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ရုပ်ခန္ဓာ ချန်ရစ်ခဲ့စေချင်နေသည်။ အကြောင်းရင်းမှာ ချင်မူ ပြန်မလာနိုင်လျှင် ဝိညာဉ်လမ်းညွှန်ကို သုံး၍ သူ့ဝိညာဉ်ကို အတင်းအကြပ် ပြန်ခေါ်နိုင်ရန် ဖြစ်သည်။

“ဧကရာဇ်အတိုင်ပင်ခံ စိတ်မပူပါနဲ့” ချင်မူက နားရွက်မှ နဂါးလေးကို ဖြုတ်ပြီး လွှတ်ပေးလိုက်သည်။ “ကျွန်‌တော့်အတွက် ရုပ်ခန္ဓာပါ ခေါ်သွားတာ ပိုအန္တရာယ်ကင်းတယ်.. ဒီနဂါးလေးကိုတော့ ယိုတုက ပြန်လာမှပဲ ငှား‌တော့မယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ သူ့ရည်ရွယ်ချက်ကို နားမလည်သဖြင့် မှင်သက်သွားသည်။ သူ စဉ်းစားနေစဉ် လှေလေးက လှော်ခတ်သွားပြီး အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ နဂါးလေးက သင်္ဘောဆီ ပြန်လာပြီး ချင်ယွီခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။

“ဂိုဏ်းသခင်က ဘာလို့ ရုပ်ခန္ဓာကို မထားခဲ့တာပါလိမ့်” ဧကရာဇ်အတိုင်ပင်ခံမှာ နားမလည်နိုင်စွာ ရေရွတ်နေမိသည်။ “နတ်ဘုရားတွေ စုပြီး ဝိညာဉ်လမ်းညွှန်အစီအရင်ကို တစ်ပြိုင်တည်း ထုတ်လွှတ်လိုက်ရင် သူ့ဝိညာဉ်ကို ယိုတုကနေ ပြန်ခေါ်နိုင်ပါတယ်...”

ချင်မူက လှေလေးအပေါ်တွင် ရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ အမှောင်ထုထဲတွင် ဝိညာဉ်သယ်ဆောင်လာသော လှေလေးများ ယိုတု၏အတွင်းထဲသို့ လှော်ခေတ်နေသည်ကို သူ မြင်နေရ၏။ မီးအိမ်များက သိပ်မလင်းသည့်အတွက် အဝေးမှကြည့်လျှင် မဟူရာကောင်းကင်ယံ၌ ရွေ့လျားနေသော ကြယ်ပွင့်လေးများနှင့် တူနေသည်။

ယမမင်းက အခွင့်အရေးရှိလျှင် ယိုတုဆီ အနည်းဆုံးတစ်ကြိမ် သွားလည်ရန် ပြောခဲ့ဖူး၏။ ထို့ကြောင့် ဧကရာဇ်အတိုင်ပင်ခံ၏ အကြံပြုချက်ကို ချင်မူ ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

ယမမင်းက ရှင်းရှင်းလင်းလင်း မပြောပြခဲ့သော်လည်း ယိုတုကမ္ဘာတွင် သူ မွေးဖွားလာခြင်းမှာ မရိုးရှင်းကြောင်း ချင်မူ ခံစားနေရသည်။ မြေအောက်ဘုံအရှင်သခင်၏ ဆင့်ခေါ်မှုကလည်း ရှားမှရှားသော အခွင့်အရေးဖြစ်၍ သူ မွေးဖွားလာခြင်းနှင့်ပတ်သက်ပြီး လျှို့ဝှက်ချက်အနည်းငယ်ပင် ရှာတွေ့လောက်သည်။

လှေလေးသည် အလွန်လျင်မြန်သောနှုန်းဖြင့် လွင့်မျောနေသော်လည်း လှေထဲ၌ ထိုင်နေစဉ် ရွေ့လျားမှုကို သူ မခံစားရပေ။ မှိန်ပျပျအရိပ်များ သူ့ဘေးမှ ဖြတ်ပြေးသွားသည်ကိုသာ မြင်ရ၏။

ချင်မူ ရင်ထဲတွင် တုန်လှုပ်သွားမိသည်။ ထိုက်ဧကရာဇ်ကောင်းကင်ဘုံကား အဝေး၌ ကျန်ရစ်ကာ ပျောက်ကွယ်သွားခဲ့ချေပြီ။

အမှောင်ထုထဲတွင် အခြားကမ္ဘာများအား တွေ့မြင်ရ၏။ ခမ်းနားကြီးကျယ်သော ကမ္ဘာများထဲမှ မီးအိမ်များဖြင့် လှေလေးများ ထွက်လာနေကြသည်။

အခြားကမ္ဘာများထဲရှိ မှောင်မိုက်နေသော ကောင်းကင်၊ မှိန်ပျပျမီး‌ရောင်များက စိတ်ကူးယဉ်ဆန်ဆန် အတွေးများ ပေါက်ဖွားလာ‌စေ၏။ ချင်မူမှာ ထိုကမ္ဘာများ၏ ဇာတ်လမ်းတို့အား စိတ်ကူးယဉ်ပုံဖော်နေမိသည်။ ထိုအခြားကမ္ဘာများတွင် လွမ်းဆွတ်ကြေကွဲဖွယ် ဇာတ်လမ်းများ၊ ရက်စက်ကြမ်းကြုတ်သော ဇာတ်လမ်းများ၊ သို့မဟုတ် သူရဲကောင်းဆန်သော ဇာတ်လမ်းများ၊ ခံစားချက်များ ကိန်းဝပ်နေလောက်သည်။

“တကယ်တော့ ဒါက မင်း ယိုတုထဲ လေးခေါက်မြောက် ရောက်လာတာပဲ” မရဏတမန်တော်က မီးအိမ်ကို လှေဦး၌ ချိတ်ဆွဲပြီး ချင်မူဘက်သို့ လှည့်လာသည်။ သူက အေးဆေးတည်ငြိမ်သောအသံဖြင့် ပြော၏။ “မင်းက ယိုတုမှာ မွေးလာတာဆို‌တော့ ဒါက‌ လေးခေါက်မြောက်ပဲ”

ချင်မူ စိတ်ဝင်စားသွား၍ မေးလိုက်မိသည်။ “ဆရာကြီး.... ကျွန်‌တော် ငယ်ငယ်တုန်းက  ဘာမှမမှတ်မိဘူး... ဆရာကြီး ကျွန်တော့်ကို ပြောပြလို့ရမလား”

“မင်း မွေးလာတုန်းက အတော်လေး ဂြိုဟ်မွှေခဲ့လို့... ယိုတုထဲက ကမ္ဘာအားလုံး တုန်လှုပ်ခဲ့ကြတယ်... နောက်ဆုံးတော့ အာဏာရှိပုဂ္ဂိုလ်အများစုက မင်းကို ပြည်နှင်ဒဏ်ပေးဖို့ သ‌ဘောတူခဲ့ကြတယ်”

ချင်မူ အဘိုးအို၏မျက်နှာကို သေသေချာချာ ကြည့်သော်လည်း ရုပ်သွင်အစစ်အား မမြင်ရသေးပေ။

“အဲဒါနဲ့ မင်း ပြည်နှင်ဒဏ်ပေးခံလိုက်ရတာပဲ... အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲတော့ ငါ မသိဘူး” မရဏတမန်တော်က ဖြေးညင်းစွာ ပြောသည်။

ချင်မူ မှင်သက်သွားပြီး တဟားဟား ရယ်လိုက်မိ၏။ “ကျွန်တော် မွေးလာတုန်းက မွေးကင်းစ ကလေးသေးသေးလေးပဲ ရှိဦးမှာလေ... ဘယ်လိုလုပ် ဂြိုဟ်မွှေနိုင်မှာတုန်း... ပြီးတော့ ယိုတုရဲ့ အာဏာရှိပုဂ္ဂိုလ်တွေက ကလေးတစ်ယောက်ကို ပြည်နှင်ဒဏ်ပေးခဲ့တာဆိုတော့ အဲဒါ နည်းနည်းမလွန်လွန်းဘူးလား”

“ပြည်နှင်ဒဏ်ကတင် သိပ်သဘောထားကြီးနေပြီ” မရဏတမန်တော်က ဖြေးဖြေးမှန်မှန် ပြော၏။ “ငါ့မျက်လုံးထဲမှာ မင်း လုပ်ခဲ့တာအားလုံးအတွက် မင်းကို ပြည်နှင်ဒဏ်ပေးလိုက်တာက သိပ်သဘောထားကြီးပေးထားတာပဲ.... မင်း အပြင်ရောက်သွားတော့ အဲဒီအာဏာရှိပုဂ္ဂိုလ်တွေဆို ပျော်လွန်းလို့ ပျော်ပွဲရွှင်ပွဲတွေတောင် ရက်ဆက် ကျင်းပခဲ့သေးတယ်”

“ကျွန်တော်က ဘာလုပ်ခဲ့လို့လဲ” ချင်မူမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ “မွေးကင်းစကလေးက ဘာလုပ်နိုင်မှာလဲ”

မရဏတမန်တော်က မဖြေပေ။ လှေလေးက ကမ္ဘာတစ်ခုထဲ ဝင်သွားသည်။ တခဏကြာသော် ထိုကမ္ဘာထဲရှိ ကမ္ဘာငယ်တစ်ခုအတွင်းသို့ သူတို့ ရောက်လာကြ၏။

ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ယံတွင် အလွန်လှပနေသော နေ၊ လ၊ ဓာတ်ကြီးငါးပါးနှင့် ကြယ်တာရာများကို မြင်လိုက်ရသည်။ ၎င်းတို့က ရောင်စုံတောက်ပနေကြချေသည်။

ကောင်းကင်ထက်၌ ကောင်းကင်တံတားတစ်စင်းလည်း သွယ်တန်းနေပြီး နတ်ဘုရားရုပ်သွင်ဖြင့် မူလဝိညာဉ်တစ်ခုက တံတားပေါ်တွင် ရပ်နေသည်။

“ဒါက ကောင်းကင်တံတားအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ရဲ့ ကောင်းကင်ရတနာပဲ” ချင်မူ အံ့အားသင့်သွားသည်။ “ကျွန်တော်တို့ အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်ရဲ့ ကောင်းကင်ရတနာထဲ ဝင်လာတာပေါ့”

မရဏတမန်တော်က စာအုပ်တစ်အုပ် ထုတ်ပြီး ဖွင့်လိုက်သည်။ နာမည်တစ်ခု ရှာတွေ့သော် ပြောလိုက်၏။ “ဟန်ကျန့်၊ မင်း သေကံ စေ့ပြီ... သုံးရက်နေရင် ငါ မင်းကို လာခေါ်မယ်.. လုပ်စရာရှိတာ လုပ်ထားပါ”

တံတားပေါ်ရှိ မူလဝိညာဉ်က ညှိုးငယ်နေသော အကြည့်ဖြင့် ငုံ့ကြည့်သည်။ “နားလည်ပါပြီ... အချိန်သုံးရက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မရဏတမန်တော်”

မရဏတမန်တော်က ခေါင်းညိတ်လိုက်သည်။ သူ၏လှေလေးက ကမ္ဘာလေးထဲမှ ထွက်ကာ ယိုတုထဲ ပြန်ရောက်လာပြီး ရှေ့ဆက်မျောလွင့်သွားသည်။

“လူတစ်ယောက်ဟာ မွေးလာတာနဲ့ သေကံစေတဲ့အခါ ယိုတုဆီ လာပါမယ်လို့.... ပဋိညာဉ်ရေးထိုးရတယ်... မင်းကို လာခေါ်ရမယ့် မရဏတမန်တော်က မြေအောက်ဘုံအရှင်သခင်ရဲ့ အမိန့်ကို အကြောင်းကြားပေးဖို့ မင်းရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ ဝင်ခဲ့တယ်.... ဒါပေမယ့် မင်းကိုယ်ထဲက ရတနာက သူ့ကို တားနေမယ်လို့ ဘယ်ထင်ထားမလဲ... ဒီကိစ္စက အချိန်ကြာလေ၊ မင်းအတွက် ဆိုးလေ ဖြစ်လိမ့်မယ်”

ချင်မူမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားသဖြင့် ပြုံးလျက် မေးလိုက်သည်။ “ကျွန်တော်က အရပ်ခြောက်မျက်နှာအဆင့်လေ... သေခြင်းရှင်ခြင်းကောင်းကင်ရတနာမှ မပွင့်သေးတာ... မရဏတမန်တော်က ဘယ်လိုလုပ် ဝင်နိုင်မှာလဲ”

“မင်းအတွက်တော့ ပိတ်နေပေမယ့် မရဏတမန်တော်အတွက် အကုန်လုံး ပွင့်နေတယ်... ငါတို့ သတင်းပို့ဖို့ လူတစ်ယောက်ရဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ ဝင်လိုက်ရင် သူ့ကို အိပ်မက်ပေးလိုက်သလိုမျိုးပဲ” မရဏတမန်တော်က ပြောသည်။ “ဒါပေမဲ့ မင်းကိုယ်ထဲက ရတနာက ငါတို့ကို ပိတ်ထားတော့ မင်းရဲ့အိပ်မက်ထဲ ဝင်လာလို့ မရခဲ့ဘူး”

ချင်မူက ကျောက်စိမ်းလည်ဆွဲထုတ်ကာ ‌မေးလိုက်သည်။ “ဆရာကြီး ပြောနေတဲ့ ရတနာဆိုတာ ဒီကျောက်စိမ်းလည်ဆွဲလား... ဒါက ဘယ်က လာတာလဲ... ကျိန်စာတွေဘာတွေ ရှိလား”

“သေချာဝတ်ထား... မချွတ်နဲ့” မရဏတမန်တော်က ကပျာကယာ လှမ်းပြော၏။

ချင်မူမှာ‌ ကျောက်စိမ်းလည်ဆွဲအား အင်္ကျီအောက် ပြန်ပို့လိုက်ရသည်။

မရဏတမန်တော်မှာ စိတ်မချနိုင်သေးသည့်အတွက် အဝါရောင်အဆောင်စာရွက်တစ်ရွက် ထုတ်ပြီး ချင်မူ့မျက်နှာပေါ် ကပ်လိုက်သည်။ သူက မီးအိမ်ကို ဖြုတ်ကာ ပတ်ဝန်းကျင်အမှောင်ထဲသို့ ကြည့်လိုက်သည်။ “ပုန်းကွယ်နေတဲ့ အဆွေတော်က ဘယ်သူများပါလိမ့်”

ချင်မူက အဝါရောင်အဆောင်စာရွက်တွင် အပေါက်နှစ်ပေါက် ဖောက်ပြီး ဘေးပတ်ဝန်းကျင်အား ကြည့်သည်။ ပိတ်ပိတ်ပိန်း မည်းမှောင်နေ၍ မည်သည့်အရာကိုမှ မမြင်ရပေ။

ရုတ်တရက် မီးအိမ်၏အလင်းရောင်က အကျိအချွဲများဖြင့် ခန္ဓာကိုယ်အပေါ် ကျရောက်သွားသည်။ ၎င်းက လျင်မြန်စွာ ရွေ့လျားလိုက်သောကြောင့် အကြေးခွံများမှ အလင်းကို ရောင်ပြန်ဟပ်ကာ ပျောက်ကွယ်သွား၏။

မရဏတမန်တော်က တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ပြီးနောက် သရော်တော်တော် ပြောလိုက်သည်။ “သူက မြေအောက်ဘုံအရှင်သခင် တွေ့ချင်နေတဲ့သူပဲ... ဘာမှမလုပ်တာ ကောင်းမယ်... မဟုတ်ရင် မင်းရဲ့ပြစ်မှုအတွက် ပြန်ပေးဆပ်လို့တောင် လုံလောက်မှာမဟုတ်ဘူး”

လှေလေး၏ ပတ်ဝန်းကျင်မှ တဟက်ဟက် ရယ်သံများ ထွက်လာကာ ထူးဆန်း‌သော မျက်လုံးကြီးနှစ်လုံး လင်းထိန်လာ၏။ ထိုမျက်လုံးကြီးနှစ်လုံးက လှေလေးကို ဝန်းရံထားသည်။

“မြေအောက်ဘုံအရှင်သခင်က သူ့ကို တွေ့ချင်နေတာဆို‌တော့ ငါတို့ မနှောင့်ယှက်တော့ပါဘူး.... ငါတို့လည်း ယိုတုမှာ နေပြီး မြေအောက်ဘုံအရှင်သခင်ရဲ့ နာမည်အောက်မှာ ခိုလှုံနေရတာ မဟုတ်ပေလား... ဒါပေမဲ့ ငါတို့မှာလည်း သခင်တွေ ရှိတယ်... သူတို့က ဒီကောင်လေးကို ရှာဖို့ အမိန့်ထုတ်ထားပြီပြီ”

ထူးဆန်းသောရယ်သံကြီးနှင့်အတူ အသံများက အရပ်မျက်နှာတစ်ခွင်မှ လာနေသည်။ အသံများမှာ တီကောင်များ လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး အရိုးများအား တကျွတ်ကျွတ် ဝါးနေကြသကဲ့သို့ ထင်ရ၏။

“တျန်းချိကျွင်း၊ မင်းက ယိုတုရဲ့ အရာရှိမင်း၊ မှော်အဆောင်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးပဲ... ငါတို့အနေနဲ့ မင်းကို လေးစားပါတယ်... ဒါပေမဲ့ မင်းက သူ့မျက်နှာကို ကာထားတော့ ငါတို့ သူ ဘယ်သူမှန်း မမြင်ရတော့ဘူး.... ငါတို့သခင်ကို ဘယ်လို ပြန်ဖြေရတော့မလဲ.... အဝါရောင်အဆောင်စာရွက်ကို ကျေးဇူးပြုပြီး ဖယ်ပေးပါ... ဒါဆို ငါတို့ မင်းကို လွှတ်ပေးမယ်”

မရဏတမန်တော်က နှာခေါင်းရှုံ့လိုက်သည်။ ရုတ်တရက် မျက်လုံးကြီးနှစ်လုံး ပိတ်သွားပြီး ပျောက်ကွယ်သွား၏။ လှေလေးတစ်စင်းက သူတို့ဆီ မျောလွင့်လာပြီး အဘိုးအိုတစ်ယောက်က မီးအိမ်ကို မြှောက်ကိုင်လျက် ရပ်နေသည်။

အမှောင်ထုထဲတွင် အကျိအချွဲများဖြင့် ခန္ဓာကိုယ်များက အလင်းရောင်နှင့် ဝေးရာသို့ လူးလွန့်ထွက်ပြေးသွားကြသည်။

လှေငယ်လေးများ သူတို့ဆီ ရွေ့လျားလာနေသည်ကို မြင်လိုက်ရ၍ ချင်မူ့အကြည့်များ လှုပ်ခတ်သွား၏။ သူတို့က သူတို့လှေပေါ် ထပ်သွားပြီး မရဏတမန်တော်များလည်း အလားတူပင်။ မျက်စိတစ်မှိတ်အတွင်း လှေခြောက်ဆယ်၊ ခုနစ်ဆယ်ကျော်နှင့် မရဏတမန်တော်များသည် အချင်းချင်းထပ်ကာ တစ်ခုတည်း ဖြစ်သွားကြသည်။

“အခု သူတို့ကို စိတ်ပူစရာမလိုတော့ဘူး” မရဏတမန်တော်က ပြောသည်။

“ကျွန်တော်တို့ကို တားတာ ဘယ်သူတွေလဲ” ချင်မူ အလျင်အမြန် စပ်စုလိုက်၏။

“ကောင်းကင်နတ်ဘုံက လွှတ်ထားတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေပေါ့” မရဏတမန်တော်က ခေါင်းယမ်းသည်။ “မစိုက်ပျိုးခဲ့တဲ့ အရာတွေကို ရိတ်သိမ်းချင်နေတဲ့ အုပ်စုတစ်စုပဲ”

ချင်မူ အတွေးထဲ နစ်မျောနေစဉ် လှေလေးက ရှေ့ဆက်သွားနေသည်။ နောက်ဆုံး‌တော့ မြေအောက်ဘုံအရှင်သခင်ကို သူ မြင်လိုက်ရ၏။ မှန်သည်၊ တစ်ကိုယ်လုံး မမြင်ရသေးပေ။ အချိုးအကွေ့ကိုးသွယ်ရှိသော ချိုနှစ်ချောင်းကိုသာ လှမ်းတွေ့ရလေသည်။

လှေလေး အနားရောက်သွားလေလေ၊ ချိုကြီးနှစ်ချောင်းက ကြီးလာသည်။ ၎င်းတို့အပေါ်တွင် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ကျယ်ဝန်းသော မြေပြင်များ ဖွဲ့တည်နေ၏။ မရေမတွက်နိုင်သော မီးတောင်များက တဝုန်းဝုန်း ပေါက်ကွဲနေသည်။

စက္ကူလှေလေး မြေပြင်တစ်ခုဘေးမှ ဖြတ်သွားသည့်အခါ ချော်ရည်ပူကမ္ဘာထဲတွင် ခက်ခက်ခဲခဲ ရွေ့လျားနေကြသည့် ဝိညာဉ်များအား ချင်မူ မြင်လိုက်ရသည်။

လှေလေးက အေးအေးဆေးဆေး မျောလွင့်နေသည်။ မြေအောက်ဘုံအရှင်သခင်၏ချိုများမှ ဖွဲ့တည်နေသော မြေပြင်မည်မျှ ဖြတ်ကျော်သွားပြီး အချိန်မည်မျှကြာသွားမှန်း မသိတော့ပေ။ နောက်ဆုံးတော့ လှေသည် မြေပြင်တစ်ခုပေါ်သို့ ဆင်းသက်ကာ ရပ်သွား၏။

ထိုမြေပြင်ပေါ်၌ စိတ်နှလုံးချောက်ချားဖွယ်ရာ ငရဲ မရှိပေ... ခမ်းနားကြီးကျယ်သော နန်းဆောင်များကိုသာ တွေ့မြင်ရသည်။ နန်းဆောင်ခန်းမတစ်ခုတွင် ယိုတုဘာသာစကားဖြင့် ရေးထားသော နာမည်တစ်ခု ရှိသည်။ ချင်မူ လှမ်းကြည့်လိုက်သည်နှင့် ထိုစာလုံးများ၏ အဓိပ္ပါယ်အား သိလိုက်သည်။

တျန်းချိကျွင်းစံအိမ် (ကောင်းကင်ဘုံနှင့် ညီမျှသော သူတော်စင်အရှင်၏ စံအိမ်)

မရဏတမန်တော်က ခန်းမထဲ ဝင်ကာ ပြောသည်။ “ဒါက ငါ့စံအိမ်ပဲ... မင့်ခန္ဓာကိုယ်က သေးလွန်းတော့ မြေအောက်ဘုံအရှင်သခင်အနေနဲ့ မင်းကို တိုက်ရိုက်တွေ့လို့ ရမှာမဟုတ်ဘူး.. ခဏစောင့်၊ မြေအောက်ဘုံအရှင်သခင်ရဲ့ ကိုယ်ပွားက မင်းဆီ လာပြီး မေးလိမ့်မယ်”

ချင်မူက စောင့်ရင်း စံအိမ်ထဲ နံရံပန်းချီများကို လျှောက်ကြည့်နေလိုက်သည်။ ပန်းချီများက ဒဏ္ဍာရီ၊ သမိုင်းအမျိုးမျိုးကို ဖော်ကျူးရေဆွဲထား၏။

ရုတ်တရက် ခန်းမ၏အလယ်မှ ချော်ရည်များ ပန်းထွက်လာကာ ကြမ်းပြင်မှာ ပွက်ပွက်ဆူနေသော ချော်ရည်ပြင် ဖြစ်လာသည်။ ချော်ရည်များ ဝဲကဲ့သို့ လည်လာပြီး ကွေ့ကောက်နေသည့် ချိုတစ်စုံနှင့်အတူ ကိုက်သုံးဆယ်ကျော် မြင့်မားသော မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ် ထွက်လာသည်။

မရဏတမန်တော်က ဦးညွှတ်အရိုအသေပေးပြီး စာအုပ်တစ်အုပ် ထုတ်သည်။ “ကျွန်တော် ချင်ဖုန်းကျင့်ကို ခေါ်လာပါပြီ... သူ ကျူးလွန်ခဲ့တဲ့ မကောင်းမှုအားလုံး ဒီစာအုပ်ထဲမှာ မှတ်ထားပါတယ်... မြေအောက်ဘုံအရှင်သခင် ကြည့်တော်မူပါ”

ချင်မူ အလျင်အမြန် လှမ်းကြည့်လိုက်ရာ ကြောက်စရာကောင်းလောက်အောင် ထူသော စာအုပ်ကြီးအား မြင်လိုက်ရသည်။ သူက ကမန်းကတန်း ပြောလိုက်၏။ “ကျွန်တော် အဲဒီလောက်အများကြီး မကျူးလွန်ခဲ့ပါဘူး... အခုမှ အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာပါ.... ဘယ်လိုလုပ် မကောင်းမှုအများကြီး ကျူးလွန်နိုင်မှာလဲ”

ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်က စာအုပ်ကို ယူ၍ လှန်ကြည့်သည်။ သူ့မျက်လုံးများမှ ကောင်းကင်အလင်းတန်းများ ထွက်လာပြီး သူက ပြောလေသည်။ “ဒီစာအုပ်ထဲမှာ မှတ်ထားတာတွေက မင်း လူ့ပြည်မှာ လုပ်ခဲ့တာတွေ မဟုတ်ဘူး.... ယိုတုမှာ လုပ်ခဲ့တာတွေပဲ... ငါ မင်းအတွက် လုပ်ပေးခဲ့တဲ့ ကျောက်စိမ်းလည်ဆွဲ ရှိ‌သေးလား.. အခုတလော ချိတ်တံဆိပ် ပြေလျော့လာတာကို ငါ ခံစားနေရတယ်”

၎

င

၎

၎

All Chapters