လင်းခဲ့ရှင်းနှင့် စာချုပ်ချုပ်ဆိုမှု
Vol. 19 Ch. 274
"လင်းခဲ့ရှင်း ငါက နင့်မျက်လုံးထဲမှာ အဲ့လိုလူမျိုးဖြစ်နေလို့လား"
"အကူအညီလာတောင်းတာနဲ့ မိန်းကလေး တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ငါက သိမ်းပိုက်ရမှာလား။ ပြီးတော့ ငါ့မှာ ကောင်မလေးလည်း ရှိတယ်" လင်းဖန်က ပြုံးပြီး လင်းခဲ့ရှင်းကို ကြည့်လိုက်သည်။
"ထိုင်ပါဦး။ ပေါင်မုန့်လေး ဘာလေး စားပြီး ရေလေး ဘာလေး သောက်လိုက်ဦး။ မငိုပါနဲ့။ ငိုတာနဲ့ ပြဿနာတွေ ပြေလည်မသွားဘူး။" ပြုံးကာ ပေါင်မုန့်တစ်ခုပေးလိုက်သည်။
လင်းခဲ့ရှင်းသာ ဟွာစဲပစ်ချားနဲ့ စာချုပ်ဖျက်သိမ်းချင်ပါက ယွမ် သန်း ၃၀၀ စာချုပ်ဖျက်သိမ်းကြေးကို ပေးရမည်။
သူမကိုယ်တိုင် သန်း ၁၀၀ ပေးနိုင်သော်လည်း စာချုပ်ဖျက်သိမ်းကြေး အကုန် ပေးနိုင်ဖို့ သန်း ၂၀၀ လိုအပ်နေပါသေးသည်။
ဘယ်လိုဖျော်ဖြေရေးကုမ္ပဏီကမှ လင်းခဲ့ရှင်းအတွက် သန်း ၂၀၀ ကို ကူညီပေးမှာ မဟုတ်ပါ။
အနုပညာရှင်တစ်ယောက် သန်း ၂၀၀ ရဖို့က လုပ်ရတာထက် ပြောဖို့သာ ပိုလွယ်သည်။
သို့သော်လည်း လင်းဖန်မျက်လုံးတွေကတော့ အရောင်တောက်သွားခဲ့ပါသည်။
လင်းဖန်၏ အမြင်တွင် ဟွာစဲပစ်ချား၏ ဘော့စ်က အလွန်တော်သော်လည်း သူ့ IQ တစ်ခုခု လွဲချော်နေပုံရသည်။
လင်းခဲ့ရှင်းက ဘယ်လိုလူမျိုးမို့လို့လဲ။ သူမက ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ Queen တစ်ယောက် ဖြစ်သည်။ အလွန်ရေပန်းစားပြီး လှလည်းလှပသည်။
ထို့အပြင် ယခုချိန်ထိလည်း လင်းခဲ့ရှင်းက ရေပန်းစားနေဆဲဖြစ်သည်။ သူမနဲ့ စာချုပ်ချုပ်ဆိုနိုင်ပါက အနာဂတ်တွင် သူ ငွေတွေ အများကြီး ရနိုင်ပါလိမ့်မည်။
တခြား ဖျော်ဖြေရေးကုမ္ပဏီတစ်ခုသာဆို လင်းခဲ့ရှင်းကို အသုံးချပြီး သန်း ၂၀၀ ရှာဖို့က ခက်ခဲနိုင်သည်။
သို့သော် လင်းဖန်အတွက်တော့ လုံးဝ မခက်ခဲပါ။
လင်းဖန်က အနုပညာလောကထဲကို ရောက်နေပြီးသားဖြစ်သဖြင့် ငွေရှာဖို့ ကြိုးစားရပါမည်။
ထို့အပြင် အနာဂတ်တွင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ဖွင့်ဖို့လည်း လင်းဖန် စီစဥ်ထားပါသေးသည်။
ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်မည်ဆိုပါက အရေးအကြီးဆုံးအရာမှာ ကုမ္ပဏီအတွင်း ထူးချွန်သည့် အနုပညာရှင်များ ရှိနေဖို့ ဖြစ်သည်။
လင်းခဲ့ရှင်း၊ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကဲ့သို့ အနုပညာရှင်များက ငွေတွေ အများကြီး ရှာပေးနိုင်သည်။
သို့သော် အကျိုးအမြတ် အများစုကို ဖျော်ဖြေရေး ကုမ္ပဏီတွေကသာ ယူသွားလေ့ ရှိသည်။
တကယ်တော့ ဆယ်လီတွေက ငွေပမာဏ အနည်းငယ်ကိုသာာ ရရှိနိုင်ပါသည်။
စုရှောင်းယွီက လင်းဖန် စာချုပ်ချုပ်လိုက်သည့် ပထမဆုံး အနုပညာရှင် ဖြစ်သည်။ သို့သော် သူမက ငွေရှားသူ မဟုတ်ပေ။ လင်းဖန်က စုရှောင်းယွီကို နေ့တိုင်း ပြင်းပြင်းထန်ထန် ဒရမ်မာတွေ၊ ကြော်ငြာတွေ ရိုက်ကူးခွင့်ပေးမှာ မဟုတ်ပါ။
လင်းဖန်က ရှားဝမ်ချွေ့ကိုလည်း ပင်ပင်ပန်းပန်း အလုပ်မလုပ်ခိုင်းချင်ပါ။
သူ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ချင်ပါက ရှားဝမ်ချွေ့၊ စုရှောင်းယွီတို့လောက်နဲ့ မလုံလောက်ပေ။
ယခုတော့ လင်းခဲ့ရှင်းပါ ရောက်လာပါပြီ။
လင်းဖန်၏ ဇာတ်ညွှန်းထဲတွင် လင်းခဲ့ရှင်းအတွက် Role တစ်ခုကို စီစဥ်ပေးနိုင်သည်။
လင်းခဲ့ရှင်းသာ ဆက်လက် ရေပန်းစားနေဦးမည်ဆိုလျှင် တိုင်းတာ၍ မရနိုင်လောက်သည့် ဝင်ငွေကို ယူဆောင်ပေးပါလိမ့်မည်။
ထိုအချိန်ရောက်လာသည့်အခါ အန်ဒိုစာတစ်ခု ရိုက်ကူးရုံနဲ့ သန်း ဆယ်ချီပြီး ရရှိနိုင်ပါသည်။
အကြိမ်ပေါင်းများစွာ ရိုက်ကူးပါက ငွေလည်း အများကြီးရနိုင်သည်။ ထို့ကြောင့် သေချာပေါက် သူမ ယွမ် သန်း ၂၀၀ ကျော် ပြန်ရှာနိုင်ပါသည်။
သူမရဲ့ ရေပန်းစားမှုလည်း ဘယ်လောက် ဆက်လက်မြင့်တက်နေမလဲ စိတ်ကူးယဥ်ကြည့်နိုင်သည်။
ယခင်တုန်းက ရုပ်သံဒရမ်မာများမှာ အလွန်ရေပန်းစားလေ့ရှိခဲ့သည်။ သို့သော်လည်း ယခုခေတ်မှာတော့ အရင်ခေတ် ဒရမ်မာတွေရဲ့ အဆင့်ကို မှီဖို့ မလွယ်ကူတော့ပါ။
ဥပမာအားဖြင့် အနောက်ဘက်သို့ခရီးနှင်ခြင်း ၁၉၈၆ ခုနှစ်ဗားရှင်း၏ သရုပ်ဆောင်များအကြားတွင် အဆင့်အတန်း ခွဲခြားမှု မရှိပေ။ အဓိက သရုပ်ဆောင်ကတောင် ရိုက်ကူးရေးပစ္စည်းများကို ကူသယ်ပေးခဲ့ရသည်။
ဒါတွေက ရှေးဟောင်း ဝါရင့် သရုပ်ဆောင်ကြီးများ ဖြစ်သည်။
ယခုခေတ် လူငယ်သရုပ်ဆောင်တွေသာဆိုလျှင် တစ်ယောက်ကို ယွမ် သန်း ဆယ်ချီပြီး ငှားရမ်းရမည်။ နောက်ထပ် နည်းနည်းသာ ထပ်ပြီး ငှားရဦးမည်ဆိုလျှင် ထိုရုပ်သံဒရမ်မာကို ရိုက်ကူးဖို့တောင် ကျန်မှာ မဟုတ်တော့ပါ။ ရိုက်တောင် မရိုက်ရသေးခင် ဒေဝါလီခံသွားရနိုင်သည်။
သို့သော် လင်းဖန်ကတော့ ခြားနား၏။
လင်းဖန်၏ ဇာတ်ညွှန်းများက အနုပညာလောကတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်။
လင်းဖန် ဇာတ်ညွှန်းများ၏ အရေးအကြီးဆုံး အပိုင်းက ဇာတ်ကောင်တွေပဲ ဖြစ်သည်။
ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့သာ ရုပ်သံဒရမ်မာတစ်ခုတည်းမှာ ပေါ်လာပါက ဘာဖြစ်သွားမလဲ။
ထိုအချိန်ကျလျှင် အင်တာနက်ပေါ် ပေါက်သွားတာလောက် မရိုးရှင်းတော့ပါ။
တကယ့် ဂန္တဝင်လက်ရာ ဖြစ်လာနိုင်သည်။
လှပသည့် မိန်းကလေး ၃ ယောက်စလုံး ဖရိန်တစ်ခုတည်းမှာ ပေါ်လာကြပြီး ၎င်းတို့၏ သရုပ်ဆောင်စွမ်းရည်ကလည်း အရည်အသွေး မြင့်မားသည်။ လင်းဖန်ရဲ့ ဇာတ်ညွှန်းနဲ့ပါ ပေါင်းလိုက်ပါက ရုပ်သံဒရမ်မာ၏ အာနိသင်က စိတ်ကူးဖြင့်မှန်းဆလို့ မရနိုင်အောင် ရှိလိမ့်မည်။
ထိုအခါ သေချာပေါက် သန်း ၂၀၀ ကျော်ကို ရရှိနိုင်ပါလိမ့်မည်။
စဥ်းစားချင့်ချိန်ပြီးနောက် လင်းဖန် ဆုံးဖြတ်ချက်ချလိုက်ပါသည်။
လင်းဖန် လင်းခဲ့ရှင်းကို အပြုံးဖြင့်ကြည့်လိုက်၏။ "လင်းခဲ့ရှင်း။ နင့်ကို စာချုပ်ဖျက်သိမ်းကြေး ပေးဖို့ ကူညီပေးပါ့မယ်။ ငါလည်း ဟွာစဲပစ်ချား နင့်ကိုအနိုင်ကျင့်နေတာ ဒီတိုင်း ကြည့်မနေနိုင်ဘူး"
"ဒါပေမယ့် နင့်ကိုစာချုပ်ဖျက်သိမ်းကြေး ကူညီပေးရမယ်ဆိုရင် အခြေအနေတွေတော့ ရှိတယ် လင်းဖန်က တောက်ပစွာ ပြုံးလိုက်ပြီး လင်းခဲ့ရှင်း၏ အံ့အားသင့်နေသည့်မျက်နှာကို ကြည့်လိုက်ပါသည်။
"အစ်ကိုလင်းဖန်။ ကျွန်မ ဘယ်အခြေအနေရပ်ကိုပဲဖြစ်ဖြစ် လက်ခံမှာပါ" လင်းခဲ့ရှင်းလည်း လေးနက်စွာ ပြန်ပြောလိုက်ပါသည်။
"ပထမဆုံး အနာဂတ်မှာ ငါ့ကုမ္ပဏီရဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ ငါနဲ့ စာချုပ်ချုပ်ရမယ်။ နင့်ရဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ငါတာဝန်ယူထားမယ်။ ကုမ္ပဏီရဲ့ စီစဥ်ပေးမှုကို အကြောင်းအရင်းမရှိဘဲ ငြင်းလို့ မရဘူး"
"ဒုတိယအနေနဲ့ ငါနဲ့စာချုပ်ချုပ်မယ်ဆိုရင် ၅ နှစ်တာ စာချုပ်ချုပ်ရမယ်။ ၅ နှစ်အတွင်း ကုမ္ပဏီ အပြောင်းအလဲ လုပ်လို့မရဘူး။ လုပ်မယ်ဆို အဲ့ဒီအတွက် စာချုပ်ဖျက်သိမ်းကြေးကလည်း အရမ်းမြင့်မှာနော်။ ဒီတိုင်း အလကားတော့ နင့်ကို စာချုပ်လျော်ကြေးကို ကူညီပေးလို့ မရဘူး။ နင် နားလည်မှာပါ"
"တတိယအနေနဲ့ ကုမ္ပဏီကစီစဥ်ပေးထားတဲ့ ရုပ်သံစီးရီး၊ အန်ဒိုစာနဲ့ နင်ပါဝင်တဲ့ ကြော်ငြာမှန်သမျှက ရလာတဲ့ ဝင်ငွေတွေကို ၈၀ - ၂၀ အချိုးနဲ့ ခွဲပေးမယ်။ ငါက ၈၀ ရာခိုင်နှုန်း ယူပြီး နင်က ၂၀ ရာခိုင်နှုန်း ရမယ်။ ဟုတ်တာပေါ့။ ငါ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး ဒုတိယနှစ်ကို ရောက်တဲ့အခါ ၇၀ - ၃၀ အဖြစ် ညှိပေးလို့ ရတယ်။” လင်းဖန်ကပြောလိုက်သည်။
သူက အရူး မဟုတ်ပေ။ မိန်းကလေးတစ်ယောက် အနိုင်ကျင့်ခံရတာနဲ့ ကူညီပေးမယ့် သူတော်စင်လည်း မဟုတ်ပါ။
လင်းခဲ့ရှင်းနဲ့ စာချုပ်ချုပ်ရင်တော့ အဆိုးထက် အကျိုးကျေးဇူး ပိုရဖို့ များပါသည်။
ထိုစကားကို ကြားသောအခါ လင်းခဲ့ရှင်း ချိုမြိန်စွာ ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။
"အစ်ကိုလင်းဖန် ကျေးဇူးတင်ပါတယ်"
"တကယ်တော့ အနုပညာရှင်တွေရဲ့ အကျိုးအမြတ်က အရမ်းနည်းပါတယ်။ ပုံမှန်ဆို ကုမ္ပဏီက ၉၀ ရာခိုင်နှုန်းတောင် ယူပြီး ကျွန်မတို့က ၁၀ ရာခိုင်နှုန်းပဲ ရတာပါ။ လင်းဖန်က ဘာလို့ ဒီလောက် သဘောကောင်းရတာလဲ" လင်းခဲ့ရှင်းက လင်းဖန်ကို ကြည့်လိုက်ပြီး အံ့သြတကြီး မေးလိုက်ပါသည်။
လင်းဖန်က ပြုံးလိုက်သည်။
"ငါကငါ၊ တခြားသူတွေက တခြားသူတွေပဲ။ နေ့လည်ခင်းကျရင် ချမ့်ဝေနဲ့ စာချုပ်သွားချုပ်လိုက်တော့။ စာချုပ်ကို ချုပ်ပြီးသွားတာနဲ့ ငါ့ရဲ့ အနုပညာရှင် ဖြစ်သွားပြီ။ အသစ်ရိုက်ကူးမယ့် ရုပ်သံဒရမ်မာတွေဖြစ်တဲ့ ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 တို့မှာ ပါလို့ ရတယ်။ ဒါပေမယ့် အနုပညာကြေးတော့ ရမှာ မဟုတ်ဘူး"
လင်းခဲ့ရှင်း ထိုစကားကိုကြားသောအခါ အံ့သြသွားရပြန်သည်။ "အစ်ကိုလင်းဖန် ကျွန်မ အဲ့ရုပ်သံဒရမ်မာ ၂ ခုမှာလည်း သရုပ်ဆောင်လို့ ရတယ်လား"
လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။
"ဒါပေါ့ ရတာပေါ့"
နေ့လည်ခင်းတွင် စာချုပ်ချုပ်ပြီးနောက် လင်းခဲ့ရှင်း လင်းဖန်လက်အောက်က တရားဝင် အနုပညာရှင် ဖြစ်လာခဲ့သည်။
လင်းဖန်က ဖျော်ဖြေရေးကုမ္ပဏီတစ်ခု မတည်ထောင်ရသေးသော်လည်း စာချုပ်ကတော့ တရားဝင်ပါသည်။
လင်းခဲ့ရှင်းကို စာချုပ် လျော်ကြေးပေးဖို့လည်း လင်းဖန် ကူညီပေးခဲ့သည်။
ယွမ် သန်း ၂၀၀ စာချုပ်လျော်ကြေး ပေးလိုက်ပြီးနောက် လင်းဖန် မွဲသွားပြန်ပါသည်
သို့သော်လည်း ဒီအပေးအယူက တန်သည်။
တစ်ချိန်တည်းမှာပဲ လင်းဖန် ယွဲ့ဟွာ ဖျော်ဖြေရေးကို သွားခဲ့၏။
လင်းခဲ့ရှင်းကို လင်းဖန် ခေါ်လာတော့ အားလုံး မှင်သက်သွားကြသည်။
လင်းခဲ့ရှင်းက တရုတ်ထိပ်တန်း ဆယ်လီ တစ်ယောက်ဖြစ်သော်လည်း လင်းဖန် လက်အောက်က အနုပညာရှင်တစ်ယောက် ဖြစ်လာခဲ့သည်။
"ဟာ လင်းဖန်က အရမ်းတော်တာပဲကွာ"
"လင်းဖန်မှာ ရှားဝမ်ချွေ့ရှိပြီးသားကို။ နောက်ဆုံးတော့ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ကပါ လင်းဖန်ရဲ့ အနုပညာရှင်တွေ ဖြစ်လာကြပြီ"
"သူများတွေ ပူလောင်နေချိန် တချို့တွေကတော့ ရေကိုကြီးလို့။ လင်းဖန်က ဘာလို့ အမြဲတမ်း မိန်းမလှလေးတွေ ဝိုင်းရံတာကို ခံနေရတာလဲကွာ။ ငါသာဆို အကုန်သိမ်းပိုက်ပစ်လိုက်မယ်"
"အဓိပ္ပာယ်မရှိတာ။ ၂၁ ရာစုနှစ်ရောက်နေပြီ။ မိန်းမတွေ အများကြီးယူတာ တရားမဝင်တော့ဘူး။ ဒါပေမယ့် လင်းဖန်က အရမ်းယုံကြည်မှု ပြည့်ဝတာပဲ။ လင်းခဲ့ရှင်းလို ကြယ်ပွင့်တစ်ယောက်နဲ့တောင် စာချုပ်ချုပ်နိုင်တယ်"
"လင်းခဲ့ရှင်း၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီတို့ အားလုံးနဲ့ဆို ငါတို့ကုမ္ပဏီရဲ့ ရုပ်သံဒရမ်မာတွေ အရမ်းရေပန်းစားလာတော့မှာပဲ"
ကုမ္ပဏီထဲကလူအားလုံး အံ့သြမှင်သက်သွားကြချိန်တွင် လင်းဖန် ထိုင်လိုက်သည်။
နောက်ဆုံးတော့ ရုပ်သံဒရမ်မာတွေ ထပ်မံ ရိုက်ကူးဖို့ အချိန်ရောက်လာပါပြီ။
ပရိတ်သတ်ပေါင်းများစွာက လင်းဖန်၏ ရုပ်သံဒရမ်မာ ၂ ကားအတွက် နောက်ဆက်တွဲများကို စောင့်မျှော်နေတာကြာပါပြီ။
ထိုရုပ်သံဒရမ်မာ ၂ ကားကို ထုတ်လွှင့်ပြသပြီးနောက် လင်းဖန် ရှားဝမ်ချွေ့ထက်ပင် ပိုမို ချမ်းသာသွားနိုင်သည်။
ထိုအချိန်ကျလျှင် သူ့မိန်းမကို အနိုင်ယူနိုင်ပါပြီ။
ထိုအချိန်ရောက်လာလျှင် ရှားဝမ်ချွေ့အဖေ၏ စမ်းသပ်ချက်ကိုအောင်မြင်ကာ ရှားဝမ်ချွေ့ကို လက်ထပ်နိုင်လိမ့်မည်။
သူတို့ လက်ထပ်ပြီးနောာက် လင်းဖန် ခါးသီးတဲ့ဘဝမှာ နေစရာ မလိုတော့ပါ။
လင်းဖန် ရောက်လာသည့်အခါ ယွဲ့ဟွာဖျော်ဖြေရေးက လူအားလုံး ပျော်ရွှင်သွားကြသည်။
လင်းဖန်၏ ဇာတ်ညွှန်းသစ် ၂ ခုထွက်လာပါပြီ။
ဂန္တဝင် ရုပ်သံဒရမ်မာ ၂ ခုကို ထပ်မံထုတ်လွှင့်နိုင်တော့မည်။
အနုပညာလောကတစ်ခုလုံးလည်း လှုပ်ခါသွားပါတော့မည်။