← Chapters

လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ကြောင့် အချိန်တွေရပ်တန့်သွားပြီ

Vol. 19 Ch. 276

လင်းဖန်နဲ့ရှားဝမ်ချွေ့တို့ကြောင့် အချိန်တွေရပ်တန့်သွားပြီ

Vol. 19 Ch. 276

ဟွာစဲပစ်ချား…

စာချုပ်လျော်ကြေး သန်း ၂၀၀ ယွမ်ကို ဟွာစဲပစ်ချားရရှိပြီးနောက် လျို့ရှမ့် ရယ်မောလိုက်သည်။

ဟွာစဲပစ်ချား၏ ဥက္ကဌဖြစ်သူ လျို့ရှမ့် ဒီတစ်ခေါက်တော့ အလွန်ပျော်ရွှင်သွားပါသည်။

လင်းဖန်၏ “ဓားနှင့်နတ်သမီးဒဏ္ဍာရီ”က ဟွာစဲပစ်ချား၏ “ကြယ်ဥယျာဥ်” ကို အနိုင်ယူသွားပြီး နောက်ပိုင်း လျို့ရှမ့် အတော်လေး မပျော်မရွှင်ဖြစ်ခဲ့ရသည်။

“ဒီတစ်ခေါက်တော့ တော်တော်ပျော်တယ်။ လင်းခဲ့ရှင်းကို စာချုပ်လျော်ကြေးကူပေးဖို့ လင်းဖန်က ငါတို့ကုမ္ပဏီကို ယွမ် သန်း ၂၀၀ လွှဲပေးလိုက်တယ်ပေါ့”

“ကြည့်ရသလောက်တော့ လင်းဖန်ကလည်း သာမန်လူပါပဲ” လျို့ရှမ့် ပြောလိုက်လေသည်။

“လခွမ်းပဲ။ လင်းခဲ့ရှင်းကို ခြိမ်းခြောက်ပြီး ငါနဲ့တစ်ညအိပ်အောင် လုပ်လို့ရတော့မယ့်ကိစ္စကို လင်းဖန်က ဝင်ရှုပ်တယ်” လျို့ရှမ့်က ပြောလိုက်သည်။

ဒီလိုကိစ္စမျိုးတွေက အနုပညာလောကထဲမှာ ယုတ်ညံ့သည့် စည်းမျဥ်းများအဖြစ် ဖြစ်တည်နေခဲ့တာ ကြာပါပြီ။ အနုပညာလောကထဲကြီးကလည်း အလွန် ညစ်နွမ်းလျက် ရှိသည်။

မိန်းကလေးတစ်ယောက်တွင် အားကောင်းသည့် နောက်ကြောင်းရာဇဝင်ရှိလျှင် အနိုင်ကျင့်မခံရနိုင်ပါ။

သို့သော် လင်းခဲ့ရှင်းကဲ့သို့ အားကိုးရာ နောက်ကြောင်းရာဇဝင်မရှိပါက သူမ၏ ဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးကာလတွင် ကုမ္ပဏီက ထုတ်ပယ်ပစ်လိုက်လို့ရသည်။

“လင်းခဲ့ရှင်း တစ်ယောက်တည်းပါ။ သူက လှလည်း ဘာဖြစ်လဲ။ ကျွန်မတို့ ကုမ္ပဏီက သူ့လိုလူမျိုး လိုလို့လား”

“ဥက္ကဌကြီးလျို့။ ကျွန်မတို့ကုမ္ပဏီ စူပါစတား အသစ်လေးတွေကို မြေတောင်မြောက်ပေးချင်ရင် အလွယ်လေးပါ” ဟွာစဲပစ်ချား၏ စီအီးအို ယီယီက ပြောလိုက်ပါသည်။

“လင်းဖန်ကို မက်ဆေ့ပို့လိုက်စမ်း။ ငါတို့ အခု တော်တော်ဝမ်းသာပါတယ်လို့။ ငါတို့ကုမ္ပဏီက အလိုမရှိလို့ ကန်ထုတ်လိုက်တဲ့လူက ယွဲ့ဟွာမှာ ဘာလုပ်နိုင်မှာလဲ” လျို့ရှမ့်က ပြောလိုက်သည်။

“သြော် မေ့လို့။ ဒီ သန်း ၂၀၀ ကိုယူပြီး လင်းခဲ့ရှင်း၊ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ကိုပါ နာမည်ဖျက်လိုက်။ အဲ့ဒီ ၃ ယောက်က လင်းဖန်ရဲ့ ဗီလာမှာ မကြာခဏ သွားနေတတ်တယ်လို့ ကြားတယ်။ ဓာတ်ပုံတွေ ရှိမှာပေါ့။ မရှိရင်လည်း ဖိုတိုရှော့သာ လုပ်လိုက်။”

“ပြီးတော့ ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းတို့ကို နာမည်ဖျက်ဖို့အတွက် ကီးဘုတ်ဖိုက်တာနဲ့ မုန်းတီးရေးသမား တချို့ငှားလိုက်ဦး” လျို့ရှမ့်က အမိန့်ပေးလိုက်သည်။

“ကောင်းပါပြီ” လျို့ယီယီက ခေါင်းငြိမ့်လိုက်ပါသည်။

ဟွာစဲပစ်ချားက လွှတ်လိုက်သည့် ကီးဘုတ်ဖိုက်တာများစွာ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ထပ်မံ နာမည်ဖျက်ပြန်သည်။ တစ်ချိန်တည်းမှာပင် လင်းခဲ့ရှင်းကိုပါ အွန်လိုင်းပေါ်မှာ နာမည်ဖျက်လာကြသည်။

ထိုအချိန် ဟွာစဲပစ်ချား၏ တရားဝင် Weibo အကောင့်တွင် သတင်းတစ်ခု တက်လာခဲ့၏။

[ လင်းခဲ့ရှင်းက ကျွန်တော်တို့ကုမ္ပဏီမှာ ရှိနေစဥ်ကာလအတွင်း စာချုပ်ကို အကြိမ်ပေါင်းများစွာ ဖောက်ဖျက်ခဲ့ပါတယ်။ နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် လင်းဖန်က လင်းခဲ့ရှင်းကို ကူညီပြီး စာချုပ်လျော်ကြေး သန်း ၂၀၀ ချေးပေးလိုက်ပါတယ်။ လင်းခဲ့ရှင်းက ကျန်စာချုပ်လျော်ကြေး သန်း ၁၀၀ ကို ကိုယ်တိုင် ပေးချေပြီး ကျွန်တော်တို့နဲ့ တရားဝင် စာချုပ်ဖျက်သိမ်းလိုက်ပါပြီ။ ]

ဟွာစဲပစ်ချားမှ Weibo ပို့စ်တစ်ခုကြောင့် အင်တာနက်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့လေသည်။

တစ်ယောက်ယောက်က လင်းဖန်ရှေ့မှာ လင်းခဲ့ရှင်း ငိုနေပုံကို ဓာတ်ပုံရိုက်ယူထားသည်။

လင်းဖန်အိမ်ထဲ လင်းခဲ့ရှင်းဝင်သွားသည့် ဓာတ်ပုံကိုတောင် ရိုက်ထားကြပါသည်။ ဘာတွေ ဆက်ဖြစ်သလဲဆိုတာကိုတော့ ဘယ်သူမှ မသိကြပါ။

ချက်ချင်းဆိုသလိုပဲ Weibo ပေါ်မှာ ရေပန်းစား အကြောင်းအရာတွေ ပေါ်လာခဲ့ပါသည်။

Weibo ပေါ်က ထိပ်တန်း ရေပန်းစားအကြောင်းအရာများမှာ…

[ ဖောက်ပြန်တဲ့ လင်းဖန် ]

[ လင်းခဲ့ရှင်းနဲ့ အတူအိပ်ဖို့အတွက် လင်းဖန်က စာချုပ်လျော်ကြေး ကူညီပေးခဲ့တာ ]

[ လင်းဖန်နဲ့ စုရှောင်းယွီတို့ရဲ့ အချစ် ]

[ ရွံစရာ လင်းဖန် ]

စုစုပေါင်း ရေပန်းစား အကြောင်းအရာ ၄ ခုက Weibo ထိပ်တန်း စာရင်းသို့ အမြန် တက်လာခဲ့သည်။

ထိုရေပန်းစားအကြောင်းအရာများအောက်က ကောမန့်တွေမှာလည်း မုန်းတီးရေးသမားများက နေရာယူထားကြ၏။

“ဘုရားရေ လင်းဖန်က တကယ် ဖောက်ပြန်တာလား”

“ဟားဟားဟား ရှားဝမ်ချွေ့ ဖောက်ပြန်ခံလိုက်ရပြီဟေ့”

“သောက်ရူး လင်းဖန်။ အဲ့တာကြောင့် လင်းခဲ့ရှင်းကို စာချုပ်လျော်ကြေး ကူညီပေးခဲ့တာကိုး။ ရွံဖို့ကောင်းလိုက်တာ”

“လခွမ်း လင်းဖန်နဲ့ စုရှောင်းယွီတို့ ကားတစ်စီးတည်းအတူတူ စီးနေကြတာ။ မှော်ဆန်ချက်ပဲ။ လင်းဖန် ဘယ်နှယောက်လောက် တစ်ပြိုင်တည်း တွဲနေတာလဲ”

“ပြောရရင် စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ကလည်း ရွံဖို့ကောင်းတယ်။ လင်းဖန်မှာ ကောင်မလေး ရှိတာကို သိရဲ့သားနဲ့ ကပ်ဖြစ်အောင် ကပ်ကြသေးတယ်။ ဒါပေမယ့် လင်းဖန်ကလည်း လူကောင်း မဟုတ်ပါဘူး”

“လင်းဖန်ရဲ့ ရုပ်သံဒရမ်မာတွေကို ကြည့်မယ့်လူတွေရှိသေးလား။ ကြည့်တဲ့ကောင် သောက်ရူးပဲ”

ဆူနာမီလို ကောမန့်ပေါင်းများစွာက အလုံးအရင်း ဝင်ရောက်လာခဲ့သည်။

မျက်စိတစ်မှိတ်အချိန်တွင်း လင်းဖန်၏ Weibo ဖော်လိုဝါ အရေအတွက် ၁ သန်း လျော့ကျသွားခဲ့ပါသည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ရဲ့ ဖော်လိုဝါအရေအတွက်လည်း ကျဆင်းနေကြပါသည်။

အမှန်တရားကို မသိကြသည့် ပွဲကြည့်သူပေါင်းများစွာက ဓာတ်ပုံတွေကို မြင်ပြီးနောက် တိုက်ပွဲထဲ ဝင်လာကြသည်။

အမှန်ပင်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ အမာခံ ပရိတ်သတ်များလည်း ရှိနေဆဲဖြစ်သည်။

ကောလဟာလနဲ့ လူထုအထင်အမြင်များ ပေါ်ထွက်လာသောအခါ ဟွာစဲပစ်ချား၏ ဥက္ကဌ လျို့ရှမ့်က Weibo တွင် ပို့စ်တင်လိုက်ပါသည်

“ရှားဝမ်ချွေ့က အကျည်းတန်လွန်းလို့ လင်းဖန် ဖောက်ပြန်တာလား။ လင်းဖန် ဒီလိုလူမျိုး ဖြစ်မယ် ထင်မထားဘူး။ လင်းဖန်ရဲ့ ရုပ်သံဒရမ်မာသစ်တွေကို ပရိုမိုးရှင်း ကူဆင်းပေးမယ်လို့တောင် ပြောခဲ့တာကိုဗျာ”

သူ့ Weibo ပို့စ်အောက်တွင် အားလုံးက လျို့ရှမ့်ဘက်က ဖြစ်သည်။

“ဟုတ်တယ်၊ ရှားဝမ်ချွေ့က အကျည်းတန်လွန်းတယ်။”

“မဖြစ်နိုင်တာ။ ရှားဝမ်ချွေ့ကို ဖြူစင်တယ်လို့ တကယ်ထင်တဲ့သူရှိတယ်လား”

“အဲ့တာ အနုပညာလောကထဲက လုပ်ကြံသရုပ်တစ်ခုပါပဲကွာ။ ရှားဝမ်ချွေ့က ဘာလို့ ဖြူစင်ချင်ယောင် ဆောင်နေတာလဲတော့ မသိဘူး”

“ဟားဟားဟား တစ်နှစ်တာ ရေပန်းအစားဆုံး သတင်း၊ ရှားဝမ်ချွေ့ ဖောက်ပြန်ခံရခြင်းပေါ့”

လျို့ရှမ့်၏ Weibo ပို့စ်ကြောင့်ပဲ နောက်တစ်ခေါက် ရေပန်းစား အကြောင်းအရာ ဖြစ်လာခဲ့ပြန်ပါသည်။

လျို့ရှမ့်က ရှားဝမ်ချွေ့ကို ပေါ်တင်ကြီး သရော်နေခြင်း ဖြစ်၏။

ထို့အပြင် လင်းခဲ့ရှင်းကို လင်းဖန် စာချုပ်လျော်ကြေး ကူညီထားသည်ဟူသည့် ပို့စ်ကို လျို့ရှမ့်က ပြန်တင်ပြီး စာသားတစ်ကြောင်းပါ ထည့်လိုက်သေးသည်။

“လင်းခဲ့ရှင်းက စာချုပ်လျော်ကြေးပေးဖို့အတွက်နဲ့ လင်းဖန်ရဲ့အိမ်ကိုတောင် သွားခဲ့ရတာ။ လင်းဖန်ကလည်း သူ့ကို စာချုပ်လျော်ကြေး သန်း ၂၀၀ လိုလိုလားလား ကူညီပေးခဲ့တာ။ ကြည်နူးစရာပဲ”

ထို Weibo ပို့စ်၏ ကောမန့်အကန့်တွင် ဆင်တူသည့် ကောမန့်များ ပေါ်လာပါသည်။

[ ကြည်နူးစရာပဲဟေ့ ]

[ ဟုတ်ပ ဟုတ်ပ ]

[ ရှယ်ပဲ ]

အင်တာနက်ပေါ်က အလွန်ဆိုးရွားသော တိုက်ခိုက်မှုများကို မြင်လိုက်ရသည့်အခါ ကမ်းခြေတွင် အကင်စားနေသည့် လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကြက်သေသေသွားကြသည်။

လျို့ရှမ့်၏ Weibo ပို့စ်ကို မြင်ပြီးနောက် လင်းဖန် မျက်လုံးများ သွေးအေးသွားခဲ့ပါသည်။

လင်းခဲ့ရှင်းနဲ့ စုရှောင်းယွီတို့ကို တိုက်ခိုက်ရုံတင်မကဘဲ ရှားဝမ်ချွေ့ကိုပါ အနိုင်ကျင့်ခဲ့သည်။

အဆိုးဆုံးက ရှားဝမ်ချွေ့ကို အကျည်းတန်သည်ဟု ဆိုကာ ဖောက်ပြန်ခံလိုက်ရပြီဟူ၍ ပြောဆိုနေသည့် စကားသံများပင်။

ဒီလို သတင်းမျိုးတွေကို မြင်လိုက်ရသဖြင့် လင်းဖန် ဒေါသမထွက်ဘဲ နေနိုင်ပါဦးမလား။

အလွန်ကြီးမားသည့် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုအနေဖြင့် ဟွာစဲပစ်ချားက မကြာခဏ ဆိုသလို ဒီလိုလှည့်ကွက်တွေ ထုတ်သုံးတတ်ပါသည်။ ထို့ကြောင့် လင်းဖန် အလွန်စိတ်တိုသွား၏။

“မြောင်မြောင်” ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ပြုံးလိုက်ပါသည်။

“စိတ်မဆိုးပါနဲ့တော့ ဆယ်လ်ဖီဆွဲရအောင်~” ရှားဝမ်ချွေ့က ပြောလိုက်ပြီး ချစ်စရာ အမူအယာလေး လုပ်ပြလိုက်သည်။

“ဟမ်” လင်းဖန်လည်း သူ့ဘေးက ချစ်စရာကောင်မလေးကို ကြည့်ကာ တောက်ပစွာဖြင့် ပြုံးလိုက်ပါသည်။ ဖြည်းဖြည်းချင်း သူ့ခံစားချက်များကို မျိုသိပ်နိုင်သွားသည်။

“ဆယ်လ်ဖီ အတူတူဆွဲရအောင်။ အဲ့ဒါဆို ကောလဟာလတွေ အကုန်တိတ်သွားပါလိမ့်မယ်” ရှားဝမ်ချွေ့က ခပ်ပါးပါး ပြုံးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။

“အိုကေ” လင်းဖန် ခေါင်းငြိမ့်လိုက်၏။

“အတူတူ နှုတ်ခမ်းစူပြီး ရိုက်ကြမလား” ရှားဝမ်ချွေ့က နှုတ်ခမ်းစူကာ ကင်မရာကို ကြည့်လိုက်ပါသည်။ သူမ၏ အပြုံးက အလွန်ချိုမြိန်ပြီး ချစ်ဖို့ကောင်းလွန်းပါသည်။ လင်းဖန်ရှေ့မှာ အမြဲလိုလို ဒီလိုပုံစံအတိုင်းပဲနေတတ်ပါသည်။

လင်းဖန်လည်း ရှားဝမ်ချွေ့ လုပ်သည့်အတိုင်း လိုက်လုပ်လိုက်ပါသည်။ ယောက်ျားလေးတွေ နှုတ်ခမ်းစူတာ ရှက်ဖို့ကောင်းသော်လည်း သူ့မိန်းမနဲ့ အတူတူလုပ်ရသည့်အခါမှာတော့ အလွန်ကြည်နူးဖို့ ကောင်းပါသည်။

“လှသားပဲ။ နောက်တစ်ပုံ ရိုက်ရအောင်” ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်သသည်။

“ဒီတစ်ခေါက် ငါ့ကို အနောက်ကနေဖက်ထား~” ရှားဝမ်ချွေ့ တောက်တောက်ပပ ပြုံးလျက် ပြောလိုက်သည်။ သူမ၏ ဖုန်းကို ကိုင်ထားပြီး အလှ Filter တွေကိုတောင် ဖွင့်မထားပါ။

သူမ၏ ပုံပန်းသဏ္ဌာန်နဲ့ စိတ်နေစိတ်ထားများက လှပလွန်းသည်။ သူမမှာ အမည်းစက်မရှိပါ။ လင်းဖန်ကလည်း အလွန်ချောမော၏။ သူတို့အတူတူရိုက်ထားသည့် ဓာတ်ပုံများက ပြီးပြည့်စုံလွန်းပါသည်။

“ဖက်ရမယ်ဟုတ်လား” လင်းဖန်မျက်လုံးများ အရောင်လက်သွားပါသည်။ ဒါဘယ်လို စကားမျိုးလဲ။

ယခင်တုန်းက အခြေအနေနဲ့ အချိန်အခါမှန်မှသာ လင်းဖန် ရှားဝမ်ချွေ့ကို ဖက်နိုင်ပါသည်။

ဒီနေ့တော့ သူ့မိန်းမက လင်းဖန်ကို ဦးစွာ ဖက်ခိုင်းလာသည်။ လင်းဖန် ခံစားချက်များ လုံးဝ ပြောင်းလဲသွားပါသည်။

လင်းဖန် ရှားဝမ်ချွေ့နောက်မှာ ရပ်လိုက်ပြီး သူမ၏ ခါးသွယ်သွယ်လေးကို နူးညံ့စွာ ဖက်ထားလိုက်၏။ နေဝင်ဆည်းဆာက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ မျက်နှာအပေါ် ကျရောက်လာခဲ့သည်။

ရှားဝမ်ချွေ့၏ ဆံနွယ်မွှေးရနံ့လေးက သင်းပျံ့လာသည်။ လင်းဖန် ရှားဝမ်ချွေ့ကို သိမ်မွေ့စွာဖြင့် ပွေ့ဖက်ထားလိုက်ပါသည်။

ခုချိန် ကမ္ဘာပေါ်မှာ သူ့ထက် ပျော်နိုင်မည့် လူမျိုး မရှိလောက်တော့ပါ။

ပင်လယ် လေပြည်လေးက သူမ၏ ဆံနွယ်ရှည်နဲ့ စကတ်လေးကို တိုးဝှေ့နေပြီး သူမ၏ ဖြူဖွေးနူးညံ့သည့် လည်ပင်းလေးက အထင်းသား ပေါ်လာသည်။ ဖြူစင်သည့် ပျော်ရွှင်မှုက ရှားဝမ်ချွေ့ကို ရှက်သွေးဖြာသွားစေသည်။ လင်းဖန်၏ ရင်ခွင်ထဲတွင် သူမ အပျော်ရွှင်ဆုံး အပြုံးမျိုးဖြင့် ချိုချိုမြိန်မြိန် ပြုံးလိုက်ပါသည်။

ဒီမြင်ကွင်းကြောင့် ကမ္ဘာကြီးပါ ရပ်တန့်သွားရသည်။

ဟွာစဲပစ်ချား၏ ယုတ်မာသော နည်းလမ််းများ၊ လျို့ရှမ့်၏ ဆက်တိုက် ရန်စမှုများ၊ အင်တာနက်တခွင်တွင် ပြည့်နှက်နေသော ကောလဟာလများကို ရင်ဆိုင်လာရသည့်အခါ တုန့်ပြန်ဖို့ စကားလုံးမလိုအပ်ပါ။ လှလှပပ ဒီဓာတ်ပုံလေး ၂ ပုံသာ လိုအပ်ပါသည်။

လင်းဖန်က ရှားဝမ်ချွေ့ကို ပွေ့ဖက်ထားပြီး ချိုမြိန်သည့် ဒီမြင်ကွင်းလေးကြောင့် အချိန်တွေပါ ရပ်တန့်သွားရပါသည်။

All Chapters