လင်းဖန်ရဲ့ ဖန်တီးနိုင်စွမ်း
Vol. 19 Ch. 279
“လင်းဖန် ဒီနေ့ဇာတ်ညွှန်းကိုကြည့်ရအောင်လေ~~ ငါလည်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ရဲ့ ဇာတ်ညွှန်းကို ကြည့်ချင်နေပြီ~~” ရှးဝမ်ချွေ့က မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်သည်။
“ဟုတ်တယ်ဆရာ။ ဇာတ်ညွှန်း ဖတ်ကြရအောင်” စုရှောင်းယွီကလည်း ခေါင်းငြိမ့်လိုက်၏။
“လင်းဖန် ဇာတ်ညွှန်းထုတ်လိုက်စမ်းပါ။ ဘာလို့ မနက်ဖြန်အထိ စောင့်နေမှာလဲ။ ဒီနေ့ပဲ ဇာတ်ညွှန်းကို ကျက်ချင်နေပြီ” ရှုယန်လည်း ဝင်ပြောလိုက်၏။
တခြား ဝါရင့်သရုပ်ဆောင်တွေကပါ သူ့ကိုကြည့်လာကြသည်။
အထူးသဖြင့် ဧကရာဇ်ချင်းနဲ့ ချန်းဖင်ဖင် Role တို့ကို သရုပ်ဆောင်ရမည့် ဝါရင့် သရုပ်ဆောင်ကြီးများက မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေကြပါသည်။
သူတို့ ဒီလိုနေ့မျိုးကို စောင့်နေခဲ့တာ ကြာပါပြီ။
လင်းဖန် ရွေးချယ်စရာ မရှိတော့ဘဲ ဇာတ်ညွှန်းကို လင်းချမ့်ဝေအား ပေးလိုက်ရတော့သည်။ မိနစ်အနည်းငယ် ကြာသောအခါ လင်းချမ့်ဝေက ဇာတ်ညွှန်း မိတ္ထူများကို အားလုံး၏ လက်ထဲသို့ ဝေပေးလိုက်ပါသည်။
“အားလုံးပဲ ဇာတ်ညွှန်းကို ၂ နာရီလောက်အချိန်ပေးပြီး ဖတ်ကြည့်ကြပါဦး။ ပြီးရင် အသေးစိတ် ဆွေးနွေးကြတာပေါ့” လင်းဖန်က အားလုံးကို ကြည့်ကာ ပြောလိုက်ပါသည်။
အားလုံး ဇာတ်ညွှန်းကိုယ်စီ ရသွားပြီးနောက် ချက်ချင်း အာရုံစိုက်လိုက်ကြသည်။
တစ်နာရီ…
နှစ်နာရီ…
ဘာမှန်းမသိလိုက်ဘဲ အချိန် ၂ နာရီတောင် ကုန်လွန်သွားခဲ့ပါပြီ။
ဇာတ်ညွှန်းကို အချိန် ၂ နာရီပေးကာ ဖတ်ရမည်ဖြစ်သော်လည်း ဇာတ်ညွှန်းထဲက ဇာတ်လမ်းများက စိတ်ဝင်စားဖို့ ကောင်းလွန်းသဖြင် အားလုံး၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်သွားခဲ့သည်။
အချိန်တွေကုန်လွန်နေတာကို မေ့သွားရလောက်သည့်အထိ အားလုံး စွဲလမ်းစွာဖြင့် ဖတ်ရှုခဲ့ကြသည်။
ထန်ရှင်းရန်လေးတောင် ဇာတ်ညွှန်းကို စွဲလမ်းသွားပါသည်။
၄ နာရီခွဲလောက် ကြာသည့်အခါ လင်းဖန်က ရှားဝမ်ချွေ့နဲ့ ထန်ရှင်းရန်တို့အတွက် ရေတစ်ခွက်စီ ငှဲ့ပေးလိုက်သည်။
“ဝမ်ချွေ့ ရေသောက်ပါဦး” လင်းဖန်က အပြုံးဖြင့် ပြောလိုက်သည်။
“ကျေးဇူးပါလင်းဖန်။ နင့်ဇာတ်ညွှန်းက ဘာလို့ ဒီလောက်ကောင်းရတာလဲ။ ဒီဇာတ်ညွှန်းထဲက ဇာတ်ကောင်တိုင်းက အရမ်းအသက်ဝင်တယ်။ ခေါင်းဆောင်မင်းသမီး လင်းဝမ်အာပဲဖြစ်ဖြစ်၊ ခေါင်းဆောင်မင်းသား ဖန်ရှန်းပဲဖြစ်ဖြစ်၊ ဖန်စစ်ကျဲလို ဇာတ်ကောင် တစ်ကောင်ဆိုရင်တောင် အကုန်လုံး အသက်ဝင်ကြတယ်”
“ဇာတ်ညွှန်းက Season 1 ဇာတ်ညွှန်းထက် ၂ ဆလောက် ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတယ် သိလား။ Season 1 ထဲက အာဏာယှဥ်ပြိုင်မှုတွေက Season 2 နဲ့ ယှဥ်ကြည့်ရင် အရမ်း အားပျော့သွားပြီ”
ဒီရုပ်သံဒရမ်မာကို ရိုက်ကူးလိုက်တာနဲ့ သေချာပေါက် ရေပန်းစားလာလိမ့်မည်ဟု သူမ ပြောနိုင်သည်။ သံသယဖြစ်ဖွယ်မရှိပါ။
ရှားဝမ်ချွေ့ သူ့ကို ဒီလိုချီးကျူးလိုက်တာကို ကြားရပြီးနောက် လင်းဖန် တောက်ပစွာ ပြုံးလိုက်ပြီး ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးတော့ပါ။
ဇာတ်ညွှန်းထဲမှာ စုစုပေါင်း ၄၆ ပိုင်း ရှိသည်။ ကိုယ်ပါရမည့် ဇာတ်ဝင်ခန်းများကိုသာ ရွေးကြည့်ပါက ၂ နာရီလောက် လုံလောက်ပါသည်။
သို့သော်လည်း သရုပ်ဆောင်အားလုံးက ဇာတ်ညွှန်းထဲက ဇာတ်လမ်းအကုန်လုံးကို ဖတ်နေကြသည်။
ဇာတ်လမ်းတစ်ခုလုံးကို နားလည်ထားမှ ဒီဇာတ်ညွှန်းကို ပိုပြီး နားလည်နိုင်မှာဖြစ်သည်။
အားလုံး စိတ်ဝင်တစား ဖတ်နေစဥ် တချို့ သရုပ်ဆောင်များ၏ မျက်လုံးတွေ နီရဲသွားပါသည်။ တချို့ဆို ငိုတောင် ငိုနေပါပြီ။
ဘဝရဲ့ပျော်ရွှင်မှု Season 2 တွင် ဇာတ်ညွှန်းကို ဖတ်ကြည့်ရုံနဲ့ စကားလုံးတွေက သရုပ်ဆောင်တချို့ကို ငိုကြွေးသွားအောင် လုပ်နိုင်စွမ်းရှိသည်။
လင်းဖန်ရေးထားသည့် ဇာတ်ညွှန်းထဲတွင် ဇာတ်လမ်းဇာတ်ကွက်တိုင်း၊ အသေးစိတ်တိုင်း၊ အာဏာယှဥ်ပြိုင်မှုတိုင်းနဲ့ ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက် ပြောင်းလဲမှုတိုင်းကို အလွန်လှပစွာ ရေးသားထားသည်။
အထူးသဖြင့် အဓိက ဇာတ်ကောင်အတွက် ချန်းဖင်ဖင်ဟူသည့် ဇာတ်ကောင်သေဆုံးသွားချိန်တွင် ဖြစ်သည်။ သရုပ်ဆောင်များစွာကို မျက်ရည်ကျလောက်သည့်အထိ ရင်ထဲထိသွားစေသည်။
နောက်ဆုံးတော့ ဇာတ်ညွှန်း၏ ပြီးပြည့်စုံလွန်းသည့် ဇာတ်သိမ်းကို ဖတ်ရှုပြီးနောက် သရုပ်ဆောင်များ အသိပြန်ဝင်လာကြပါသည်။
“ငါဇာတ်ညွှန်းကို အဆုံးထိဖတ်ပြီးသွားပြီ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ဇာတ်ညွှန်းကို လင်းဖန်ရေးထားတာတောင် ဟုတ်ရဲ့လား။ Season 2 ရဲ့ ဇာတ်လမ်းက Season 1 ထက်တောင် အများကြီး ပိုစိတ်လှုပ်ရှားဖို့ကောင်းနေတယ်”
“ငါဒီဇာတ်ညွှန်းကိုတော့ လုံးဝ ချစ်မိသွားပြီဟေ့ ဇာတ်ကောင်တိုင်းကို သေသေချာချာ ပုံဖော်သွားတာ။ လင်းဖန်ရဲ့ ဒီဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေအပေါ် နားလည်သဘောပေါက်မှုက ကောင်းလွန်းပါတယ်”
“ဟုတ်တယ်။ ဒီဇာတ်ညွှန်းထဲက အာဏာယှဥ်ပြိုင်မှုကလည်း အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်။ လူတွေကြားထဲက တိုက်ပွဲတွေကလည်း အရမ်းအားရဖို့ကောင်းတယ်။ ဒီဇာတ်ညွှန်းထဲမှာ ပြဿနာတစ်ခုခုရှာရမယ်ဆိုရင်တောင် မရှာနိုင်တော့ဘူး”
“အခုမှ သတိရတယ်။ ငါသန့်စင်ခန်းတောင် မသွားရသေးဘူး”
“မင်းပြောမှ ငါလည်း သန့်စင်ခန်း သွားချင်လာသလိုလိုပဲ။ မှောင်တောင် မှောင်နေပြီလား။ ငါတို့ နေ့လည် ၂ နာရီတုန်းက ဇာတ်ညွှန်းကို စဖတ်ခဲ့တာ မဟုတ်ဘူးလား”
“ကြည့်ရတာ ဒီနေ့တော့ ဇာတ်ညွှန်း အစမ်းဆွေးနွေးမှု လုပ်နိုင်မှာ မဟုတ်လောက်ဘူး။ လင်းဖန်က တကယ်ပဲ ငါတို့ကုမ္ပဏီရဲ့ ထိပ်တန်း ဇာတ်ညွှန်းရေးဆရာ တစ်ယောက်ပဲ။ သူရေးထားတဲ့ ဇာတ်ညွှန်းတွေကို တစ်ခါမှလည်း မကြားဖူး၊ တစ်ခါမှလည်း မကြုံဖူးဘူး”
အားလုံး ပြုံးနေကြချိန်တွင် တချို့ကတော့ သန့်စင်ခန်းကို အတူတူ သွားနေကြပါသည်။
လင်းကျင်းကျင်းကတော့ မျက်လုံးများနီလျက် ထိုင်နေသည်။
“ကျင်းကျင်း ညစာသွားစာရအောင်လေ” ရှုယန်က သူမ လက်ကိုကိုင်ပြီး ပြောလိုက်ပါသည်။
“ဘာလို့ ငိုနေတာတုန်း” ရှုယန် မေးလိုက်သည်။ သူ့ရင်ထဲ နာကျင်သွား၏။ လင်းကျင်းကျင်းနဲ့ သူ စတွဲကတည်းက ရှုယန် သူမအပေါ်မှာသာ အာရုံစိုက်ထားခဲ့သည်။
“ရှုယန်၊ လင်းဖန်ရဲ့ ဇာတ်ညွှန်းတွေက အရမ်းကောင်းတာပဲ”
“အရင်တစ်ခေါက် ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဖတ်ပြီးတော့ ကြေကွဲရတယ်။ အခုလည်း ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ဖတ်ပြီး ကြေကွဲရတုန်းပဲ။ လင်းဖန်ရဲ့ ဇာတ်ညွှန်းတွေနဲ့ အစွမ်းအစက ကျွန်မစိတ်ကူးကြည့်လို့တောင် မရနိုင်လောက်အောင်ပဲ” လင်းကျင်းကျင်းက ပြောလိုက်သည်။
“သူတည်ဆောက်ထားတဲ့ ဇာတ်လမ်းက ဖတ်ရှုသူတွေကို စွဲလမ်းသွားစေတဲ့ ကမ္ဘာကျယ်ကြီး တစ်ခုလိုပဲ။ လင်းဖန်ရေးထားတဲ့ ဇာတ်ညွှန်းကို ဖတ်ပြီး ဒီလို ဇာတ်ညွှန်းရေးစွမ်းရည်မျိုးနဲ့ လူတွေကို မတွေ့ဖူးသလောက် ရှားတယ်” လင်းကျင်းကျင်း ဆက်ပြောသည်။
တခြားယောက်ျားတစ်ယောက်ကို လင်းကျင်းကျင်းက ဒီလိုချီးကျူးတော့ ရှုယန် သဝန်မတိုပါ။ ထို့အစား သူပြုံးသာ ပြုံးလိုက်သည်။
“ဟုတ်တယ် ကျင်းကျင်း။ လင်းဖန်ရဲ့ ဇာတ်ညွှန်းရေးစွမ်းရည်က ထိပ်တန်းအဆင့်ပဲ။ စိတ်ခံစားချက်တွေနဲ့ မျှော်လင့်ချက်တွေကို ကောင်းကောင်း ကစားနိုင်တယ်။ ဒီဇာတ်ညွှန်းကိုသာ ဒရမ်မာရိုက်လိုက်လို့ကတော့ သေချာပေါက် ရေပန်းစားမှာပဲ” ရှုယန် ပြုံးလိုက်သည်။
လင်းဖန်နဲ့ သူက ယွဲ့ဟွာဖျော်ဖြေရေးမှာ ပြိုင်ဘက်ဟု သတ်မှတ်နိုင်သော်လည်း ရှုယန်က ဒီလိုအသေးအဖွဲကိစ္စများကို အရေးမစိုက်ပါ။
လင်းဖန်က တကယ်ပဲ အလွန်ထူးချွန်ပါသည်။ သူ့ကောင်မလေးက လင်းဖန်ကို ချီးကျူးနေရင်တောင် သဝန်မတိုနိုင်ပါ။ သူလည်း လက်ခံပါသည်။
အနုပညာလောကထဲတွင် လင်းဖန်လိုလူမျိုးသာ ဒီလောက် လက်ရာမြောက်သည့် ဇာတ်ညွှန်းမျိုးကို ရေးသားနိုင်လိမ့်မည်။
“ကဲပါ ရှုယန်။ ညစာသွားစားကြမယ်” လင်းကျင်းကျင်းက ပြုံးကာ မတ်တပ်ရပ်လိုက်ပါသည်။
“ရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့က လင်းဖန်ရဲ့ အနုပညာရှင်တွေဖြစ်သွားကြပြီနော်။ ချွေ့ချွေ့လည်း အနာဂတ်ကျရင် သေချာပေါက် လင်းဖန်ရဲ့ အနုပညာရှင်ဖြစ်လာမှာ ဆိုတော့ ကျွန်မမှာ အကြံတစ်ခု ရှိတယ် သိလား” လင်းကျင်းကျင်းက ရှုယန်ကို ကြည့်လိုက်သည်။
“ဘာအကြံလဲ” ရှုယန်က ပြုံးကာ မေးလိုက်ပါသည်။
“လင်းဖန်က အရမ်းတော်တယ်လေ။ ကျွန်မတို့လည်း လင်းဖန်လက်အောက်မှာ အလုပ်လုပ်ဖို့ စာချုပ်ချုပ်ကြမလား။ သူက အရမ်းတော်လွန်းတယ်လို့ မထင်ဘူးလား။ သူ့စေတနာနဲ့ အစွမ်းအစတွေက ယွဲ့ဟွာဖျော်ဖြေရေးအောက် မနိမ့်ပါဘူး။” လင်းကျင်းကျင်းက ရှုယန်၏ မျက်ဝန်းများကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်ပါသည်။
ထိုစကားကိုကြားသောအခါ ရှုယန် ခေတ္တ ချင့်ချိန်စဥ်းစားလိုက်၏။
လင်းဖန်ရဲ့ အနာဂတ် အလားအလာက ဘယ်လောက်ကောင်းသလဲ သူလည်း သိပါသည်။
လင်းဖန်က ဇာတ်ညွှန်းကောင်းကောင်း ရေးတတ်ရုံသာမကဘဲ ဒရမ်မာတွေကိုလည်း ရိုက်ကူးနိုင်သည်။
သူသာ လင်းဖန်လက်အောက်က အနုပညာရှင်ဖြစ်လာနိုင်ပါက သူ့အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကလည်း တိုင်းတာလို့ မရနိုင်အောင် ရှိလိမ့်မည်။
“အလောတကြီး မလုပ်ကြရအောင် ကျင်းကျင်း။ နောက်ပိုင်းကျမှ ဆွေးနွေးကြတာပေါ့”
“လင်းဖန်သာ အနာဂတ်မှာ တကယ်ပဲ တိုးတက်နိုင်မယ်ဆိုရင် သူ့လက်အောက်မှာ အလုပ်လုပ်တာ ကောင်းပါတယ်” ရှုယန်က ပြုံးလိုက်သည်။
“ကျင်းကျင်း ကိုတို့ တွဲနေကြတာ အရမ်းကြာပြီနော်။ ကျင်းကျင်းက အရမ်းလှတာပဲ။ ဒီနေ့ည အိမ်မပြန်ဘဲ နေရအောင်လေ” ရှုယန်က တောက်ပစွာ ပြုံးကာ သူ့ရင်ခွင်ထဲက ကောင်မလေးကို ကြည့်လိုက်ပါသည်။
“အမ်” လင်းကျင်းကျင်းက ရှက်သွေးဖြာသွားပြီး သူမ သဘောကျရသည့် ကောင်လေး ရှုယန်ကို ပြန်ကြည့်လိုက်သည်။
“အင်း…” လင်းကျင်းကျင်းက ရှက်ရွံ့စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
လင်းကျင်းကျင်းက သဘောတူတာကို မြင်လိုက်ရသဖြင့် ရှုယန် ထခုန်ချင်သွားလောက်အောင် ပျော်ရွှင်သွားပါသည်။
ဒီနေ့ညတော့ ရှုယန်ဆိုတဲ့သူ ယောက်ျားတစ်ယောက် ဖြစ်လာတော့မည်။
တစ်ချိန်တုန်းက လင်းဖန်ကို သူ အများကြီး မနာလိုဖြစ်ခဲ့ရသည်။
နောက်ပိုင်းကျရင်တော့ လင်းဖန်က မနာလိုဖြစ်ရမည့်သူ ဖြစ်သွားပါတော့မည်။