လင်းဖန်ရဲ့ရုပ်သံဒရမ်မာကို ထုပ်လွှင့်တော့မယ်
Vol. 19 Ch. 281
ဒီတစ်ခေါက် ယွဲ့ဟွာဖျော်ဖြေရေးက ရင်းနှီးမြှုပ်နှံမှုအားလုံးကို လက်ခံခဲ့ပါသည်။ ယွမ် သန်း ၄၀၀ ရင်းနှီးမြှုပ်နှံမှုနဲ့သာဆို သူတို့အတွက် ဂန္တဝင် ရုပ်သံဒရမ်မာတစ်ခု ဖန်တီးဖို့ လုံလောက်ပါပြီ။
“လင်းဖန် သန်း ၄၀၀ လောက်ဆို လုံလောက်ပြီထင်လား”
“မလုံလောက်သေးရင် ငါတို့ကုမ္ပဏီလည်း နည်းနည်းလောက် ရင်းနှီးမြှုပ်နှံမှု ထည့်ပေးနိုင်တယ်။ ကျန်တာဘာမှမပြောနဲ့ မင်းရဲ့ နာမည်ကို ကြားလိုက်တာနဲ့ လူတွေက ငါတို့ရုပ်သံဒရမ်မာအတွက် ရင်းနှီးမြှုပ်နှံချင်သွားကြတာ” စီအီးအိုလီက ပြုံးကာ ပြောလိုက်ပါသည်။
လင်းဖန် ခေါင်းခါလိုက်သည်။ “ရပါတယ် စီအီးအိုလီ။ ဒါက ရုပ်သံဒရမ်မာတစ်ခုသက်သက်ပါ။ အထူးပြုလုပ်ချက်တွေ အများကြီး မပါတော့ ငွေကုန်ကြေးကျ အဲ့လောက်မများဘူး။ ဒီ ယွမ် သန်း ၄၀၀ နဲ့ အားလုံးကို အနုပညာကြေး အများကြီး ပေးနိုင်ပြီး ကျွန်တော်တို့အတွက်လည်း ရိုက်ကူးရေး ပိုလွယ်ကူသွားစေမှာပါ”
နေ့လည်ခင်းတွင် ယွဲ့ဟွာဖျော်ဖြေရေးက သရုပ်ဆောင်တိုင်း၏ အနုပညာကြေးကို အတည်ပြုပေးလိုက်သည်။
ရှားဝမ်ချွေ့၏ အနုပညာကြေးက ယွမ် ၃၅ သန်း။
စုရှောင်းယွီ၏ အနုပညာကြေးက ယွမ် ၁၈ သန်း။
ရှုယန်၏ အနုပညာကြေးက ယွမ် ၁၈ သန်း။
လင်းခဲ့ရှင်း၏ အနုပညာကြေးက ယွမ် ၁၈ သန်း။
လင်းကျင်းကျင်း၏ အနုပညာကြေးက ယွမ် ၈ သန်း။
ကျန်အဖွဲ့ဝင်များ၏ စုစုပေါင်း အနုပညာကြေးက ယွမ် သန်း ၂၀ လောက် ရှိပါသည်။
ဒီတစ်ခေါက်မှာတော့ လင်းဖန်က ယခင် စံချိန်ကိုချိုးပြီး အနုပညာကြေး သန်း ၂၀ ရရှိသွားပါသည်။
ရုပ်သံဒရမ်မာတစ်ကား ရိုက်ကူးရုံနဲ့ ဒီလောက်အများကြီး ရရှိသွားသည်။
ယခုဆို စုရှောင်းယွီနဲ့ ရှုယန်တို့ထက်ပါ အနုပညာကြေး ပိုများများရနေပါပြီ။
စီအီးအိုလီက ပြုံးကာ လင်းဖန်ကို ကြည့်လိုက်သည်။ “အနုပညာကြေးအားလုံး စုစုပေါင်း ၁၁၇ သန်းကျတယ်။ ရုပ်သံဒရမ်မာ ရိုက်ကူးရေးအတွက်က သန်း ၂၈၀ တောင် ကျန်ပါသေးတယ်”
“လင်းဖန် အခုချိန်ကစပြီး ဒီရုပ်သံဒရမ်မာကို ရိုက်ကူးရမယ့်တာဝန်က မင်းတာဝန်ဖြစ်သွားပြီ”
“ဘဝရဲ့ပျော်ရွှင်မှု Season 2 ရဲ့ ဒါရိုက်တာ တစ်ယောက်အနေနဲ့ မင်းကို သန်း ၂၀ လည်း ပေးမယ်။ ဘဝရဲ့ပျော်ရွှင်မှုကို ထုတ်လွှင့်ပြီးတဲ့အခါ နောက်ဆက်တွဲ အမြတ်အစွန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုပါ ပေးမယ်။” စီအီးအိုလီက လင်းဖန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်ပါသည်။
လင်းဖန်ကို အမြတ်အစွန်း၏ ၄၀ ရာခိုင်နှုန်းပေးတယ်ဆိုတာ လင်းဖန်ကို စီအီးအိုလီ ဘယ်လောက် တန်ဖိုးထားသလဲဆိုတာ ပြသနေခြင်း ဖြစ်သည်။
ယွဲ့ဟွာက လင်းဖန်၏ ဇာတ်ညွှန်းကို ဝယ်ဖို့အတွက် သန်း ၈၀ ကျော်သုံးခဲ့ရသည်။ အနုပညာကြေးများအတွက် ယွဲ့ဟွာတွေတာဝန်ရှိပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကို ရုပ်သံဒရမ်မာ ရိုက်ကူးဖို့အတွက် အသုံးပြုရမည်။
ရုပ်သံဒရမ်မာက အမြတ်အစွန်း စရလာတာနဲ့ လင်းဖန်ကို ၄၀ ရာခိုင်နှုန်း ပေးဦးမည်။
လင်းဖန်မရှိဘဲ သူတို့ ဒီလောက်ကောင်းမွန်သည့် ရုပ်သံဒရမ်မာကို ရိုက်ကူးနိုင်မှာ မဟုတ်ပါ။
ယခုတော့ ရိုက်ကူးရေး မစရသေးခင်မှာပင် လင်းဖန် သန်း ၄၀ ရရှိသွားပါပြီ။
ဒါက အစသာရှိသေးသည်။ ရုပ်သံဒရမ်မာက ရေပန်းစားလာလျှင် ဆယ်လီများအတွက် အန်ဒိုစာနဲ့ ကြော်ငြာကြေးများက ကြောက်ဖို့ကောင်းလောက်အောင် မြင့်သွားပါလိမ့်မည်။
အားလုံးပြီးစီးသွားသောအခါ သရုပ်ဆောင်တွေက ဇာတ်ညွှန်းနဲ့ စာသားများကို ကျက်နေကြသည်။ ဒါရိုက်တာအဖွဲ့၊ ကင်မရာအဖွဲ့နဲ့ နောက်ဆက်တွဲ ထုတ်လုပ်ရေးအဖွဲ့၊ အဖွဲ့သားပေါင်းစုံတို့လည်း နေရာယူထားပြီးကြပါပြီ။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ရိုက်ကူးရေးစတော့မည်။
ရိုက်ကူးရေးမစခင် လင်းဖန်မှာ သန်း ၂၀၀ ကျော် ရှိသည်။
ရိုက်ကူးနေစဥ် အရေးကြီးသည့် တာဝန်များစွာကို လင်းဖန် ယူရလိမ့်မည်။
ဥပမာအားဖြင့် အဖွဲ့သားတွေ ဘယ်လိုအဝတ်အစား ဝတ်ရမလလဲ၊ ဘယ်လိုနေရာမျိုးမှာ ရိုက်ကူးရမလဲ၊ ဘယ်လိုနည်းလမ်းနဲ့ ရိုက်ကူးရမလဲ၊ မတူညီသည့် ကင်မရာရှုထောင့်တွေ ဘယ်လိုသုံးရမလဲ စသည်တို့ ဖြစ်သည်။
“အစ်ကိုဖန် ဒီတစ်ခေါက် ကျွန်တော်တို့ ဘယ်လို အဝတ်အစားတွေ သုံးကြမလဲ။ အစ်ကိုဖန်ပဲ အကုန်ရွေးပေးလို့ရပါတယ်” အဖွဲ့သားက မေးလိုက်သည်။
“အားလုံးအတွက် အသစ်အဖြစ်ဆုံး အဝတ်အစားတွေ ဝယ်ပေးလိုက်။ ဘက်ဂျက်လွန်သွားမှာ မကြောက်နဲ့။ ဗီရိုထဲမှာ အပြည့်ရှိနေရမယ်။ အထူးသဖြင့် မိန်းကလေး ၄ ယောက်အတွက်ပေါ့။ သူတို့က တတ်နိုင်သမျှ အလှဆုံးဖြစ်နေရမယ်။ ပြီးတော့ အဝတ်အစားစတိုင်တွေ တစ်ခုနဲ့ တစ်ခုလည်း မတူစေနဲ့”
“ပြီးတော့ ရန်ရန်က ကလေးလေးပဲ ရှိသေးတာ။ ရိုက်ကူးရေးက သူ့အတွက် အရမ်းပင်ပန်းတယ်။ သူ့ကို ခပ်ပါးပါး အဝတ်အစားတွေပဲ ပေးလိုက်”
“အဖွဲ့သားတွေအတွက် အဝတ်အစားတွေကို မချွေတာနဲ့နော်။ အသေးစိတ်တိုင်းကို သေချာလုပ်နိုင်မှ ရုပ်သံဒရမ်မာတစ်ခုကို ကောင်းကောင်း ရိုက်ကူးနိုင်မှာ။” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
“အဓိက အကြောင်းပြချက်ကတော့ ငါတို့ ရိုက်ကူးရေးအဖွဲ့သားတွေက ချမ်းသာလို့ပေါ့” လင်းဖန် ဆက်ပြောလိုက်သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 အတွက် ရင်းနှီးမြှုပ်နှံငွေများက သန်း ၄၀၀ အထိရှိသည်။
သန်း ၂၀၀ စလုံးကို ရိုက်ကူးရေးလုပ်ဖို့အတွက်ပဲ အသုံးချလိုက်ပါက ဒီရုပ်သံဒရမ်မာကို ပြီးပြည့်စုံအောင် ရိုက်ကူးနိုင်ပါလိမ့်မည်။
အနောက်အရပ်သို့ ခရီးနှင်ခြင်း ၁၉၈၆ ခုနှစ်ကို ရိုက်ကူးခဲ့စဥ်က ဘက်ဂျက် မလောက်ငှသဖြင့် အပိုင်း ၅ ပိုင်း အဖြတ်ခံလိုက်ရသည်။ နှမြောဖို့ ကောင်းပါသည်။
ယခု သူ့မှာ ဘက်ဂျက်လုံလုံလောက်လောက် ရှိသဖြင့် လင်းဖန် ချွေတာနေမှာ မဟုတ်ပါ။
ဟွာစဲပစ်ချားကလည်း ရှေ့ဆက်တိုးပြီး လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ကောလဟာလများကို အွန်လိုင်းပေါ် ဖြန့်နေဆဲ ဖြစ်သည်။
လင်းဖန်ကို နေ့တိုင်း Weibo ပေါ်မှာ နာမည်ဖျက်သည့် မုန်းတီးရေးသမားတစ်စုလည်း ရှိသေးသည်။
ဆိုလိုရင်းက အလွန်ရိုးရှင်းပါသည်။ လင်းဖန်ရိုက်ကူးထားသည့် ရုပ်သံဒရမ်မာ ၂ ခုမှာ ကံကောင်းပြီး ရေပန်းစားလာခြင်းသာဖြစ်သည်ဟု ဆိုကြခြင်း ဖြစ်သည်။
လင်းဖန်၏ ဘဝရဲ့ပျော်ရွှင်မှု Season 2 က ရေပန်းစားလာမှာ မဟုတ်ဟုတောင် ပြောကြပါသည်။
ထိုကဲ့သို့ လူထုအမြင်များကြောင့် လင်းဖန် ပိုလေးနက်လာခြင်း ဖြစ်သည်။
၇ ရက်တာ ပြင်ဆင်ပြီးနောက် ရိုက်ကူးရေးအဖွဲ့သားများအတွက် ဝတ်စုံများ ဝယ်ယူပြီးကာ ထိပ်တန်းအဆင့် မိတ်ကပ်ပညာရှင်တွေကိုလည်း ငှားရမ်းထားပြီးပါပြီ။
ရိုက်ကူးရေးအဖွဲ့သားများအနက် ထိပ်တန်း ဓာတ်ပုံအဖွဲ့လည်း ရှိသေးသဖြင့် လင်းဖန်နဲ့ အခြားသူတွေလည်း ဓာတ်ပုံအဆင့်ကို ပြင်ဆင်ပြီးနောက် တရားဝင် စတင်ရိုက်ကူးလို့ရပါပြီ။
လင်းဖန်က ဒီရုပ်သံဒရမ်မာ၏ ခေါင်းဆောင်မင်းသားကော၊ ဒါရိုက်တာကော ဖြစ်သည်။
လက်ထောက်ဒါရိုက်တာ ဖြစ်သည့် လုပမ်ခိုင်းကလည်း လင်းဖန်ကို အများကြီး ကူညီပေးနေပါသည်။
ရိုက်ကူးရေး လုပ်နေစဥ် လုပမ်ခိုင်းနဲ့ တခြားသရုပ်ဆောင်တွေ လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်ကို နောက်တစ်ခေါက် အံ့အားသင့်သွားကြရပြန်ပါသည်။
လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်တင်မဟုတ်ဘဲ ရိုက်ကူးရေးအဖွဲ့သားအားလုံးရဲ့ သရုပ်ဆောင် စွမ်းရည်တွေပါ အတော်လေး တိုးတက်လာခဲ့ပါသည်။
“ဘုရားရေ… လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလှချည်လား”
“ဇာတ်ညွှန်းကလည်း အရမ်းကောင်းတယ်။ ကောင်းလွန်းလို့ ဇာတ်ကောင်တိုင်းကို သရုပ်ဆောင်ဖို့ နေရာတွေအများကြီး ပေးထားတယ်။ ပြီးတော့ လင်းဖန်ရဲ့ ဇာတ်ညွှန်းရေးစကေးကလည်း အရမ်း ကောင်းတယ်။ ပြီးတော့လည်း ဒီရုပ်သံဒရမ်မာမှာ လှည့်ကွက်တွေ ပိုများလာတယ်”
“သူတို့ ရိုက်ကူးရေးလုပ်နေတာကို ကြည့်ရုံနဲ့တင် ငါနည်းနည်း စိတ်လှုပ်ရှားလာပြီ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အရမ်းကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ ပေါင်းလိုက်မယ်ဆိုရင် အရမ်း ပြီးပြည့်စုံတဲ့ ရိုက်ကူးရေးဖြစ်သွားမှာ”
“လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ အချစ်ရေးဇာတ်ဝင်ခန်းကလည်း အရင်လို ကြည်နူးဖို့ ကောင်းတုန်းပဲ။ ရှားဝမ်ချွေ့ရဲ့ ခေါင်းဆောင်မင်းသမီး ဇာတ်ရုပ်က ပိုပြီးတောင် အသက်ဝင်လာတယ်။ တရုတ်ရဲ့ ထိပ်တန်း မင်းသမီးဆိုတဲ့ ဂုဏ်နဲ့ ထိုက်တန်ပါတယ်”
“လင်းခဲ့ရှင်းလည်း သရုပ်ဆောင်အရမ်းကောင်းတာပဲ။ ရန်ရန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း မဆိုးဘူး။ အထူးသဖြင့် လင်းဖန်နဲ့ ရန်ရန်လေးတို့ အတူတူ သရုပ်ဆောင်တဲ့အခါ အကောင်းဆုံးပဲ”
“အခုနည်းနည်းတောင် စိတ်လှုပ်ရှားလာပြီ။ ဒီရုပ်သံဒရမ်မာကို ရိုက်ကူးပြီးသွားတဲ့အခါကျရင် ဘယ်လောက်တောင် ရေပန်းစားလာမလဲမသိဘူးနော်။ အင်တာနက်ပေါ်က မုန်းတီးရေးသမားတွေကို သေချာပေါက် အရှက်ခွဲနိုင်မှာပဲ”
ဘာမှန်းမသိလိုက်ဘဲ လဝက်ကြာသွားခဲ့သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို နေ့တိုင်း ရိုက်ကူးရေးလုပ်သည်။
တစ်ချိန်တည်းမှာပဲ အင်တာနက်ပေါ်မှာ ဟွာစဲပစ်ချားက လူတွေက လင်းဖန်နဲ့ တခြားသူတွေကို နာမည်ဖျက်နေဆဲပင်။
မုန်းတီးရေးသမားနဲ့ ကီးဘုတ်ဖိုက်တာများစွာက စတင်လှုပ်ရှားကြပြီး နေရာတိုင်းတွင် နာမည်ဖျက်နေကြပါပြီ။
သူတို့ရည်ရွယ်ချက်က ဘဝရဲ့ပျော်ရွှင်မှု Season 2 ကိုရေပန်းစားမလာအောင် တားပြီး ဒီရုပ်သံဒရမ်မာအပေါ် ပရိတ်သတ်ရဲ့ အထင်ကြီးနေမှုကိုပါ လျော့ကျသွားစေဖို့ ဖြစ်သည်။
လင်းဖန်က ဒီလိုလူထုအထင်အမြင်တွေကို မတုန့်ပြန်ပါ။
ဘဝရဲ့ပျော်ရွှင်မှု အဖွဲ့သားအားလုံးက အစီအစဥ်အတိုင်းပဲ လေးလေးနက်နက် ရိုက်ကူးရေးလုပ်နေပါသည်။
လင်းဖန်က အလွန်ပင်ပန်းရ၏။ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လည်း အလွန်ပင်ပန်းရပါသည်။
ဘာမှန်းမသိလိုက်ဘဲ အချိန် ၁ လကုန်လွန်သွားခဲ့ပါသည်။ ဘဝရဲ့ပျော်ရွှင်မှု Season 2 လည်း ရိုက်ကူးရေး ပြီးဆုံးသွားလေပြီ။
ရိုက်ကူးရေးပြီးသည့်နောက်တွင် စိတ်ဖိစီးဖွယ် နောက်ဆက်တွဲ ထုတ်လုပ်မှုအဆင့်ကို ရောက်သည်။
၁၀ ရက်ကျော်ကြာသောအခါ ဘဝရဲ့ပျော်ရွှင်မှု Season 2 ပြီးဆုံးသွားပြီဖြစ်ကာ မကြာခင် ထုတ်လွှင့် ပြသပါတော့မည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ဘဝရဲ့ပျော်ရွှင်မှု Season 2 တရားဝင် Weibo အကောင့်မှ ထုတ်လွှင့်ပြသမှုကို ကြေညာလိုက်သည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ကိုထုတ်လွှင့်ပြသဖို့ ဗီဒီယိုပလက်ဖောင်းများ အတည်ပြုဖို့သာ လိုအပ်ပါတော့သည်။
[ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို မကြာခင် ထုတ်လွှင့်ပြသပါတော့မယ်ရှင်။ ပါဝင်သရုပ်ဆောင်ထားကြသူများက အောက်ပါအတိုင်း ဖြစ်ပါတယ် ]
[ ခေါင်းဆောင်မင်းသား : လင်းဖန် ]
[ ခေါင်းဆောင်မင်းသမီး : ရှားဝမ်ချွေ့ ]
[ ဇာတ်ပို့သရုပ်ဆောင်များ : စုရှောင်းယွီ၊ ရှုယန်၊ လင်းခဲ့ရှင်း၊ လင်းကျင်းကျင်း ]
[ အထူးသရုပ်ဆောင် : ထန်ရှင်းရန် ]
[ အခြားသရုပ်ဆောင်များ : … ]
[ ဒါရိုက်တာ : လင်းဖန် ]
[ ဇာတ်ညွှန်း : လင်းဖန် ]
Weibo မှာ တရားဝင်ကြေညာလိုက်သောအခါ အလျှင်အမြန်ပဲ ရေပန်းစားအကြောင်းအရာ ဖြစ်လာခဲ့ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ဒီလောက် လျှင်မြန်စာ ထုတ်လွှင့်ပြသနိုင်လိမ့်မည်ဟု ပရိတ်သတ်ကတောင် ထင်မထားခဲ့ပါ။
ယခင် လင်းဖန်ကို အွန်လိုင်းပေါ်မှာ ဆဲဆိုခဲ့ကြတုန်းက ဘဝရဲ့ပျော်ရွှင်မှု Season 2 ရိုက်ကူးရေးစပြီဟုတောင် မကြေညာခဲ့ပါ။
ယခုတော့ ထုတ်လွှင့်ပြသဖို့တောင် ပြင်ဆင်နေပါပြီ။
ပရိတ်သတ်တွေကို ပိုပြီးစိတ်လှုပ်ရှားသွားစေသည့် အရာက ဘဝရဲ့ပျော်ရွှင်မှု Season 2 တွင် မူရင်း သရုပ်ဆောင်များအားလုံး ပြန်ပါလာခြင်း ဖြစ်သည်။
ဇာတ်ကောင်သစ်များ၏ သရုပ်ဆောင်စွမ်းရည်ကလည်း ပို၍ပင် ကောင်းမွန်လှသည်။
လင်းခဲ့ရှင်းက တရုတ်နိုင်ငံ၏ ထိပ်တန်း ဆယ်လီတစ်ယောက်ဖြစ်ကာ ပေကျင်း ရုပ်ရှင် တက္ကသိုလ်၏ Queen တစ်ယောက်လည်း ဖြစ်ပါသည်။ အင်တာနက်တစ်ခွင်လုံးမှာ အလွန်နာမည်ကြီးပြီး ပရိတ်သတ်များစွာ ရရှိထားသည့် ကြယ်ပွင့်တစ်ယောက်လည်း ဖြစ်သည်။ သူမ၏ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းမွန်ပါသည်။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ရိုက်ကူးဖို့အတွက် သူမ လင်းဖန်နဲ့ အတူတူ အလုပ်လုပ်ခဲ့သည်။
တစ်ချိန်တည်းမှာပဲ ဘဝရဲ့ပျော်ရွှင်မှု Season 2 သရုပ်ဆောင်များစွား၏ ဓာတ်ပုံများလည်း Weibo ပေါ်မှာ ပေါ်လာခဲ့ပါသည်။
ပရိတ်သတ်တွေ ပိုပြီးတောင် အော်ဟစ်မိကြသည်။
ထို့အပြင် ဘဝရဲ့ပျော်ရွှင်မှု Season 2 ၏ အထူးသရုပ်ဆောင် ထျန်ရှင်းရန်ကလည်း အလွန်လှပကြောင်း တွေ့မြင်လိုက်ရပါသည်။
အရှိန်အဝါနဲ့ ပုံပန်းသဏ္ဌာန်အရ ထန်ရှင်းရန်မှာ တခြား A အဆင့် သရုပ်ဆောင်တွေအောက် မနိမ့်ပါ။
လှပသည့် မိန်းကလေးများကို အမြဲလိုလို သဘောကျတတ်ကြပြီး မိန်းကလေးငယ်ငယ်လေးများဆို ပိုပြီးတောင် ရေပန်းစားပါသေးသည်။
“ဝိုး ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို တကယ်ကြီး ထုတ်လွှင့်ပြသတော့မှာပဲ။ ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ။ ငါ အသင့်တောင် မဖြစ်သေးဘူး။ ကောင်းလိုက်တာ”
“အံ့သြစရာပဲ လင်းဖန်က ဇာတ်ညွှန်းရေးပြီး ဒီရုပ်သံဒရမ်မာကိုလည်း ကိုယ်တိုင် ရိုက်ကူးခဲ့တာတဲ့။ ဘဝရဲ့ပျော်ရွှင်မှု Season 2 ကတော့ အရမ်းကောင်းမှာပဲ”
“ဘုရားရေ စကေးတွေကိုကြည့်ပါဦး။ လင်းဖန်က အရမ်းတော်တာပဲ။ တကယ်တော်လွန်းတယ်”
“ရှားဝမ်ချွေ့ကလည်း အရမ်းလှတယ်။ စုရှောင်းယွီကောပဲ။ လင်းကျင်းကျင်းကလည်း နတ်သမီးလေးလိုပဲ။ ပြီးတော့ လင်းခဲ့ရှင်းကလည်း အရမ်းလှတယ်။ ပြီးတော့ ရန်ရန်လေးက အသက် ၁၀ နှစ်ပဲ ရှိသေးတာတောင် အရမ်းလှနေပြီ။ အနာဂတ်ကျရင် ရန်ရန်လေးက ငါ့ဇနီး ဖြစ်လာစေရမယ်ကွ”
“သွားစမ်းပါကွာ ရန်ရန်လေးက ငါ့မိန်းမဖြစ်မှာ ဟုတ်ပြီလား”
“မင်းတို့ မှတ်မိကြသေးလား။ ရန်ရန်လေးက လင်းဖန် ကယ်ထားတဲ့ ကောင်မလေးနဲ့ တူတယ်။ နည်းနည်းပါးပါး ဝတ်စားဆင်ယင်လိုက်တော့ နတ်သမီးပေါက်စလေး တစ်ယောက်လိုပဲ”
“ကြိုက်တယ် ကြိုက်တယ် ဘဝရဲ့ပျော်ရွှင်မှု Season 2 သရုပ်ဆောင်တွေက တော်တော် အားကောင်းကြတယ်။ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ စာရင်းလဲ ကြည့်ပါဦး။ လင်းဖန်နဲ့ ရှုယန်တို့လည်း အတူတူထပ်ပြီး ရိုက်ကူးကြပြန်ပြီ။ ဝါရင့်သရုပ်ဆောင်တွေလည်း အများကြီးပါတယ်။ သူတို့အကုန်လုံးက သရုပ်ဆောင်ကျွမ်းတဲ့သူတွေချည်းပဲ”
“လုပ်လိုက်တော့ လုပ်လိုက်တော့ ဒီရုပ်သံဒရမ်မာကို စွဲစွဲလမ်းလမ်းကို ကြည့်တော့မှာ။ ဘယ်တော့ စထုတ်လွှင့်မှာလဲ”
ကောမန့်ကောင်းများစွာ Weibo ပို့စ်အောက်တွင် ပေါ်လာခဲ့ပါသည်။
ဒီနေ့လိုနေ့မျိုးကို မျှော်လင့်စောင့်စားနေကြသူများစွာ ရှိသည်။ အမှန်ပင် ကောမန့် အကောင်းများရှိသလို အဆိုးများလည်း ရှိသည်။
မုန်းတီးရေးသမားတစ်စုကလည်း Weibo ပေါ်မှာ ပေါ်လာနေဆဲ ဖြစ်သည်။
“မဖြစ်နိုင်တာ။ ဒီရုပ်သံဒရမ်မာက ရေပန်းစားလာမယ်လို့ တကယ်ထင်နေကြတာလား။ ဘဝရဲ့ပျော်ရွှင်မှု Season 2 က အရင်တစ်ခေါက် အောင်မြင်ထားတာကို အားကိုးနေတာပါကွာ။ လင်းဖန် ဘာတွေလာကြွားနေတာလဲ။ ဒီလောက်အကျည်းတန်ပြီး အရင်က အောင်မြင်တာကို အသုံးချနေတာ”
“သရုပ်ဆောင်တစ်ယောက်က ကြယ်ပွင့်တစ်ပွင့်ဖြစ်သွားတာနဲ့ပဲ ရုပ်သံဒရမ်မာကောင်း တစ်ခုကို ရိုက်ကူးနိုင်မယ်လို့ တကယ်ထင်နေကြတာတော့ မဟုတ်ပါဘူးနော်။ လင်းဖန်ရဲ့ ရိုက်ကူးပုံက ဒီလောက်စုတ်ပြတ်နေတာကို။ ဒီဒရမ်မာကို ကြည့်တဲ့သူတိုင်း သောက်တုံးတွေချည်းပဲ”
“ဘဝရဲ့ပျော်ရွှင်မှု Season 2 ကိုဆန့်ကျင်ကြ လင်းဖန်ရဲ့ ရုပ်သံဒရမ်မာတွေကို တစ်သက်လုံး မကြည့်တော့ဘူး။ ဘဝရဲ့ပျော်ရွှင်မှု ငါ့ဖန်သားပြင်ပေါ်မှာတောင် ပေါ်မလာစေရဘူး”
“လင်းခဲ့ရှင်းကကော သရုပ်ဆောင်ဖြစ်လာဖို့ ထိုက်တန်ရဲ့လား။ သူ့လို မေးခွန်းထုတ်စရာ စရိုက်မျိုးနဲ့ အနုပညာရှင်တစ်ယောက်က ရုပ်သံဒရမ်မာ ရိုက်ကူးဖို့ မထိုက်တန်ဘူး။ နိုင်ငံတော်ရေဒီယိုနဲ့ ရုပ်မြင်သံကြားစီမံရေးဌာနကို တောင်းပန်ပါတယ်။ ဘဝရဲ့ပျော်ရွှင်မှုကို Ban ပေးပါ”
“မင်းတို့ပြောတာ အရမ်းကျေနပ်ဖို့ကောင်းတယ်။ ငါချဲ့ကားပြောတာမဟုတ်ပေမယ့် ရှားဝမ်ချွေ့ကတော့ တကယ် အကျည်းတန်တာပါကွာ။ လူတစ်စုက သူ့ကို ဒီတိုင်း မဟုတ်မမှန် ချီးကျူးနေကြတာ။ ဒီရုပ်သံဒရမ်မာသာ ရေပန်းစားလာရင် ငါချီးစားနေတာကို တိုက်ရိုက်လွှင့်ပြလိုက်မယ်”
အင်တာနက်က အမုန်းသမားများဖြင့် ပြည့်နှက်နေသည်။
ပရိတ်သတ်များ၏ ဆဲဆိုမှု တိုက်ပွဲများလည်း စတင်ပါပြီ။
ဟွာစဲပစ်ချား၏ လျို့ရှမ့်တစ်ယောက် အွန်လိုင်းပေါ်က ကောမန့်များကို ကြည့်ကာ ပြုံးလိုက်ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ထုတ်တောင် မထုတ်လွှင့်ရသေးဘဲ အွန်လိုင်းပေါ်မှာ အဆင့်သတ်မှတ်ချက်တွေ ပေါ်လာပါပြီ။ ၄.၇၈ မှတ်သာ ရထား၏။ သမိုင်းကြောင်းထဲက အဆိုးရွားဆုံး ရုပ်သံဒရမ်မာလို့တောင် ဆိုနိုင်ပါသည်။
ထုတ်တောင်မထုတ်လွှင့်ရသေးဘဲ ဒီလောက်ဆိုးဆိုးရွားရွား အမှတ်ကို ပိုင်ဆိုင်ထားသဖြင့် ဒီရုပ်သံဒရမ်မာက ကျရှုံးနေပြီးသားဖြစ်သည်ဟု ဆိုလိုသည်။
“လင်းဖန်၊ လင်းခဲ့ရှင်းနဲ့ စာချုပ်ချုပ်လိုက်ရုံနဲ့ မင်းရဲ့ရုပ်သံဒရမ်မာ ထပ်ပြီးရေပန်းစားနိုင်မယ်လို့ ထင်နေတာလား။”
“ဘာပဲဖြစ်ဖြစ် လင်းခဲ့ရှင်းဆီက သန်း ၃၀၀ စာချုပ်လျော်ကြေး ရလိုက်တာ အရမ်းကောင်းတယ်” လျို့ရှမ့်က ယုတ်ညံ့စွာ ပြုံးလိုက်ပါသည်။
အနုပညာလောကထဲမှာ လူကောင်းသူကောင်းများများစားစား မရှိပေ။ နေရာတိုင်းတွင် ပေါ်တင် တိုက်ခိုက်မှုများ၊ ကြံစည်မှုများကို တွေ့ရမြင်ရလေ့ရှိပါသည်။
လျို့ရှမ့်က ဖုန်းထဲမှ လင်းခဲ့ရှင်း၏ ဘောင်းဘီတိုတို ဓာတ်ပုံကိုကြည့်ပြီး နှုတ်ခမ်းနားမှ သွားရည်ကိုတောင် သုတ်လိုက်ရပါသည်။ သူမတွင် ခြေတံဖြူဖြူသွယ်သွယ်များ ရှိ၏။ ရှားဝမ်ချွေ့၏ ညအိပ်ဝတ်စုံနဲ့ပုံကိုတောင် ကြည့်လိုက်ပါသေးသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း ဆွဲဆောင်မှုရှိလွန်း၏။
ဒီလိုမိန်းကလေးမျိုးကို သူ သေချာပေါက် အရယူနိုင်ပါသည်။
ပထမဆုံး လုပ်ဖို့လိုတာက လင်းဖန်၏ ရုပ်သံဒရမ်မာနဲ့ ယွဲ့ဟွာကို ဖျက်ဆီးပစ်ဖို့ပင်။
“လာစမ်းပါ လင်းဖန်ရာ။ နောက်ထပ် ရက်ပိုင်းအတွင်း မင်းရဲ့ရုပ်သံဒရမ်မာ ဘယ်လို ကျရှုံးသွားမလဲဆိုတာ မင်းမြင်ရတော့မှာပါ”
“ဒီတစ်ခေါက် မင်းရဲ့ဘဝရဲ့ပျော်ရွှင်မှု Season 2 ကသေချာပေါက် ရေပန်းစားမလာစေရဘူး”