ကြောက်မက်ဖွယ်ရာ နောက်ကြောင်း
Vol. 41 Ch. 563
ချင်မူ၏ သေခြင်းရှင်ခြင်းစာအုပ်မှာ နတ်ဘုရားခွေ့ဆီမှ ယူထားသော စာအုပ်ဖြစ်ပြီး သူ့လက်ထဲတွင် ရှိနေသည့်အကြောင်းအား ရှင်းအန်း၊ ပန်ကုန်းစုန်နှင့် မိုးခြိမ်းသံကျောင်းတော်မှ မိစ္ဆာဘုန်းကြီးများသာ သိကြသည်။
မှော်ဆရာနတ်ဘုရားခွေ့က ဝိညာဉ်များကို စီရင်ရသော ကောင်းကင်အရာရှိ သို့မဟုတ် မြေပြင်အရာရှိတစ်ယောက် ဖြစ်လောက်၏။ သေခြင်းရှင်ခြင်းစာအုပ်ကို သူ့ဘာသာ ဖန်တီးထားခြင်းမဟုတ်ဘဲ လက်ဆောင်ရခြင်း ဖြစ်လိမ့်မည်။ ကောင်းကင်နတ်ဘုံတွင် ထိုကဲ့သို့ရတနာ များများစားစား မရှိသလို၊ ရှိသည့်ရတနာများတွင်လည်း ပိုင်ရှင်ကိုယ်စီ ရှိကြ၏။ ထို့ကြောင့် ချင်မူ့အား လျင်မြန်စွာ ရှာတွေ့သွားကြလိမ့်မည်။
ချင်မူ့ကို လိုက်ရှာခြင်းထက် သေခြင်းရှင်ခြင်းစာအုပ်၏ တည်နေရာအား ရှာလိုက်ခြင်းက ပိုမိုရိုးရှင်းပေသည်။
“စောစောက သေခြင်းရှင်ခြင်းစာအုပ်ပေါ်မှ ကျွယ်ဟွမ်ဆိုတဲ့ နာမည်ပေါ်လာတယ်” ချင်မူက အဝါရောင်အဆောင်စာရွက်ကို အပေါ်လှန်တင်ကာ မျက်နှာတစ်ဝက် ဖော်လိုက်၏။ “ကျွယ်ဟွမ်က ဘာနတ်ဘုရားလဲ”
“သူက အဝါရောင်စမ်းချောင်းထဲက နတ်ဘုရားတစ်ပါးပဲ... သူ အသက်ရှူသွင်း ရှူထုတ်ရင် ကမ္ဘာလောကတွေမှာ ရေကြီးရေလျှံကြတယ်... အဲဒီရေတွေက ဝိညာဉ်တွေကို သိမ်းပေးတယ်... သူက ယိုတုမှာ တာဝန်ချထားတဲ့ ကောင်းကင်နတ်ဘုံရဲ့ မဟာတပ်မှူးလေးယောက်ထဲက တစ်ယောက်ပဲ” မရဏတမန်တော်က ပြောသည်။
“ဒါမဲ့ သူတစ်ယောက်ပဲ မင်းကို လိုက်ရှာနေတာမဟုတ်ဘူး... ဝိညာဉ်ကို စီရင်တဲ့ ရွှမ်မင်၊ ကံတရားကို ခြယ်လှယ်တဲ့ ဟန်လဲ့၊ အကျဉ်းထောင်ကို ထိန်းချုပ်တဲ့ လုလီဆိုတဲ့ တပ်မှူးသုံးပါးလည်း ကျန်သေးတယ်... မင်း သေခြင်းရှင်ခြင်းစာအုပ်ကို မထုတ်လိုက်သင့်ဘူး... စာအုပ်နဲ့ဆို သူတို့ မင်းကို အလွယ်လေး ခြေရာခံနိုင်တယ်”
ချင်မူ လေးနက်သွားသည်။ တခဏကြာသော် သူက မျက်မှောင်ကြုတ်ကာ ဆုံးဖြတ်ရခက်နေသော အသံဖြင့် ပြော၏။ “သေခြင်းရှင်ခြင်းစာအုပ်ကို မှော်ဆရာသခင် ဒါမှမဟုတ် ရှင်းအန်းဆီ ပေးပြီး အရှုပ်ထုပ်အားလုံး ပုံချလိုက်ရင် ကျွန်တော့်ကို မသိလောက်တော့ဘူး ထင်တယ်နော်....”
မရဏတမန်တော်က သူ့ကို ကြည့်သည်။ “မင်းက အခုမှ ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာဆိုတော့လည်း ... သူများကိုပဲ ချောက်ချနိုင်တာပေါ့... မင်းပြောတဲ့နှစ်ယောက်က မသင့်တော်ဘူး... ဒါ့အပြင် မင်း ချောက်ချလိုက်တဲ့သူရဲ့ ဝိညာဉ်ကို တပ်မှူးလေးယောက် နုတ်ယူလိုက်တာနဲ့ မင်းမဟုတ်မှန်း သိမှာပဲ.... ဒါကြောင့် သူများကို ချောက်ချဖို့က မင်းထင်သလို မရိုးရှင်းဘူး... ဗုဒ္ဓေါ၊ ငါက ဘာလို့ မင်းကို ကူညီပေးနေမိတာလဲ”
ချင်မူက အဝါရောင်အဆောင်စာရွက်ကို လွှတ်လိုက်၍ စာရွက်သည် သူ့မျက်နှာအား ပြန်ဖုံးသွား၏။ သူက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။ “ဖြောင့်မတ်ရိုးသားတဲ့လူဟာ အကူအညီကို အလိုလိုရတယ်တဲ့... ကောက်ကျစ်စဉ်းလဲတဲ့သူကတော့ အကူအညီမရဘူးတဲ့... အရာရှိမင်းက ကျွန်တော် ရိုးသားမှန်းသိလို့ ကူညီပေးမိတာ နေမှာပါ... အဲဒီနတ်ဘုရားလေးပါးက သူများကိုလည်း ချောက်ချလို့ မရဘူးဆိုတော့ ယိုတုကနေ ထွက်လာပြီး ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံ ဒါမှမဟုတ် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဝင်လာနိုင်လား”
လှေလေးက ထိုက်ဧကရာဇ်ကောင်းကင်ဘုံဆီသို့ အေးအေးလူလူ လှော်ခတ်နေသည်။ မရဏတမန်တော်က မီးအိမ်ကို ချိတ်ကာ ထိုင်လိုက်သည်။ “သူတို့အစွမ်းအစတွေက သန်မာအားကောင်းလွန်းတယ်... ဒီတော့ သူတို့အတွက် အခြားကမ္ဘာတွေကို ဝင်ဖို့ မဖြစ်နိုင်ဘူး.... ဒါပေမဲ့ မင်းကို ဖမ်းနိုင်မှာပါ... မင်း သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖွင့်နိုင်တာနဲ့ အဲဒီကောင်းကင်ရတနာထဲ သူတို့ ဝင်လာနိုင်တယ်”
ချင်မူ ကြက်သီးဖြန်းဖြန်း ထသွား၏။ သူ၏သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ ဝင်နိုင်သည်တဲ့လော။
သို့ဆိုလျှင် သေခြင်းရှင်ခြင်းအဆင့် သိုင်းသမားတိုင်း အန္တရာယ်ထဲ မကျသွားနိုင်ဘူးလော....
“ဒါပေမဲ့ ယိုတုမှာ သူ့စည်းကမ်းနဲ့သူ ရှိတယ်.... သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ ဝင်ပြီး လူတစ်ယောက်ရဲ့ အသက်ကို နုတ်တဲ့ လုပ်ရပ်က ယိုတုစည်းကမ်းနဲ့ ဆန့်ကျင်နေတယ်... ဒါကြောင့် သူတို့ လွယ်လွယ်ကူကူ လုပ်နိုင်မှာမဟုတ်ဘူး”
မရဏတမန်တော်မှာ အတော်များများ ပြောလိုက်မိပြီဖြစ်၍ အကုန်လုံးပြောပြလိုက်ရန်သာ ဆုံးဖြတ်လိုက်၏။ “ဒါပေမဲ့ သူတို့အစစ်အမှန်ရုပ်ခန္ဓာတွေ ထွက်မလာနိုင်ရင်တောင်မှ သူတို့တပည့်တွေကို ထိုက်ဧကရာဇ်ကောင်းကင်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ လွှတ်နိုင်သေးတယ်... ဒါမှမဟုတ် သူတို့အစား မင်းကို သတ်ပေးမယ့် တခြားလူတွေကိုလည်း ရှာနိုင်တာပဲ
“မိစ္ဆာနတ်ဆိုးတွေက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို စတေးပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲ ဝင်လိုက်ရင် လောကစည်း ကျိုးပျက်သွားမယ်... အဲဒီအခါကျရင်လည်း သူတို့တွေ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အေးအေးဆေးဆေး ဝင်လာနိုင်တယ်”
ချင်မူ စိတ်အေးသွားသဖြင့် ပြုံးလိုက်မိသည်။ “ကျွန်တော့်ကို သတ်ဖို့က မလွယ်ပါဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို တိုက်ခိုက်ဖို့လည်း မလွယ်ဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံက နှစ်နှစ်သောင်းတောင် တောင့်ခံနိုင်ခဲ့တာပဲ... အခုဆို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အထောက်အပံ့တွေလည်း ရနေပြီ.... နောက်နှစ်နှစ်သောင်းလောက် အသာလေး တောင့်ခံနိုင်သေးတယ်”
မရဏတမန်တော်က သူ့ကို သရော်တော်တော် ပြော၏။ “မင်းက မိစ္ဆာနတ်ဆိုးတွေကို လျှော့တွက်ထားတာပဲ... ထိုက်ဧကရာဇ်ကောင်းကင်ဘုံ ဘယ်လောက်ခံမလဲ ပြောရခက်တယ်.. ငါတို့ ရောက်ပြီ... အဆောင်စာရွက် ပြန်ဖြုတ်ပေးတော့”
ချင်မူ အလျင်အမြန် လှမ်းကြည့်လိုက်ရာ စစ်မြေပြင်ထဲ ပြန်ရောက်နေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ထွက်လာခဲ့တုန်းကနေရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သဖြင့် ချင်မူ လှေပေါ်မှ ခုန်ဆင်းလိုက်၏။
“ဟေ့ ငါ့အဆောင်စာရွက် ပြန်ပေးဦးလေ” မရဏတမန်တော်က လှမ်းအော်သည်။
ချင်မူက လူမိသွားသော သူခိုးလေးသဖွယ် အဝါရောင်အဆောင်စာရွက် မျက်နှာပေါ်တွင် ကပ်လျက်ဖြင့် ထွက်ပြေးသွားသည်။
“ဂြိုဟ်ဆိုးလေး”
မရဏတမန်တော်က သူ ထွက်ပြေးသွားသည်ကို ကြည့်ရင်း အမျက်တချောင်းချောင်း ထွက်လာသည်။ နောက်မှ လိုက်ဖမ်းရန် ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်ပြီး တဟားဟား ရယ်လိုက်၏။ “အဆောင်စာရွက်လေးတစ်ရွက်ပါပဲ... သူ ဂြိုဟ်မမွှေအောင် လက်ဆောင်ပေးလိုက်တာပဲ ကောင်းပါတယ်” လှေလေးက ပြန်လှည့်ပြီး အမှောင်ထုထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ချင်မူမှာ ဆယ်မိုင်ကျော် ပြေးပြီးနောက်မှ နောက်ပြန်ကြည့်ရဲသည်။ မရဏတမန်တော် တျန်းချိကျွင်း သူ့နောက် လိုက်မလာသည်ကို မြင်မှ စိတ်သက်သာရာရသွား၏။ သူက မျက်နှာပေါ်မှ အဝါရောင်အဆောင်စာရွက်ကို ဖြုတ်ပြီး သိမ်းလိုက်သည်။
‘ဒီအဝါရောင်အဆောင်စာရွက်က သိပ်အသုံးဝင်တယ်.... ငါ့မျက်နှာပေါ် ကပ်ထားရင် နတ်ဘုရားတွေ ၊ မိစ္ဆာနတ်ဆိုးတွေတောင် ငါ့ကို မသိတော့ဘူး... အနည်းဆုံးတော့ ယိုတုခရီးကနေ အမြတ်ထွက်ခဲ့ပါတယ်’
သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ အတန်ငယ် မှင်သက်သွားသည်။ လေသင်္ဘောများ လီမြို့ဆီ ပျံသန်းနေသည်ကို မြင်လိုက်ရပြီး သူ့ဆီမှ မိုင်တစ်ရာ၊ နှစ်ရာမျှသာ ဝေးသေး၏။ လေသင်္ဘောများ၏ ဆေးမီးဖိုများက လေပင့်အားကို ထိန်းထားရန် မီးခိုးငွေ့များ တထောင်းထောင်း ထွက်နေသည်။
“ငါ ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ထွက်သွားတာ တော်တော်ကြာပါတယ်... အနည်းဆုံး ခြောက်နာရီလောက် ရှိမှာ... ဘယ်လိုလုပ်ပြီး လေသင်္ဘောတွေက သိပ်မဝေးသေးတာလဲ... သူတို့အမြန်နှုန်းအရဆို မိုင်နဲ့ချီ ဝေးနေသင့်ပြီ... မသိရင် ဆယ့်ငါးမိနစ်လောက်ပဲ ကုန်သွားတဲ့အတိုင်းပဲ...”
ချင်မူက တရှိန်ထိုး ပြေးကာ အမှီလိုက်သည်။ ပထမဆုံး ခြေလျင်စစ်တပ်ကို လိုက်မှီသွား၏။ များစွာမကြာလိုက်ဘဲ လေသင်္ဘောတပ်ဖွဲ့ဆီသို့ ခုန်တက်လိုက်ကာ ပင်မသင်္ဘောပေါ် ဆင်းလိုက်သည်။
ဧကရာဇ်အတိုင်ပင်ခံနှင့် ကျားနတ်မင်းမှာ တစ်ယောက်ကိုတစ်ယောက် အလန့်တကြား ကြည့်လိုက်ကြပြီး ကျန်ရှိသူများလည်း ထခုန်မိလိုက်ကြသည်။ မရဏတမန်တော်က ချင်မူ့ကို ယိုတုဆီ ဖိတ်ခေါ်သွားသည့်အကြောင်း ယခုတင် သူတို့ ပြောနေကြဆဲ ရှိသေးသော်လည်း ချင်မူက သူတို့နောက်၌ ဘွားခနဲ ပေါ်လာချေပြီ။
“ကျွန်တော် ပြန်ရောက်ပြီ... ဘယ်လောက်ကြာသွားလဲ” သူက ပြုံးရယ်လျက် မေးသည်။
“တစ်..တစ်နာရီတောင် မကြာသေးဘူး” စန်းဟွာမှာ တအံ့တဩ ပြန်ဖြေသည်။ “နင့်ကို မရဏတမန်တော် လာခေါ်သွားတာမဟုတ်လား .... ဘယ်လိုလုပ်ပြီး ပြန်ရောက်နေတာလဲ”
“မရဏတမန်တော်က ယိုတုရဲ့ အရာရှိမင်းတဲ့... သူက ငါ့ကို ကမ္ဘာြခားတစ်ခုဆီတောင် ခေါ်သွားပြီး ဟန်ကျန့်လို့ခေါ်တဲ့ ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်ကို တွေ့ခဲ့သေးတယ်... သုံးရက်နေရင် အဲဒီလူဝိညာဉ်ကို လာသိမ်းမှာတဲ့လေ... ပြီးတော့ မြေအောက်ဘုံအရှင်သခင်ဆီ ခေါ်သွားပြီး ငါ့လုပ်ရပ်ရဲ့ အကြောင်းအကျိုးကို ဆွေးနွေးတယ်.... မြေအောက်ဘုံအရှင်သခင်က ငါ သေမှ ဆက်ရှင်းမယ်ဆိုပြီး မောင်းထုတ်လိုက်တာပဲ... လမ်းမှာ ငါ့ကို ခေါ်သွားချင်တဲ့ နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေနဲ့လည်း တွေ့ခဲ့သေးတယ်”
ချင်မူမှာ အကုန်လုံးပြန်ပြောပြနေရင်း အချိန်တိုလေးအတွင်း ထိုမျှဖြစ်ပျက်သွားခဲ့သည်မှာ ထူးဆန်းသည်ဟု တွေးမိသွား၏။ သက်ရှိကမ္ဘာတွင် ထိုကိစ္စအားလုံး ပြီးမြောက်ရန် သုံးရက်မှ ငါးရက်အထိ ကြာမြင့်နိုင်သည်။
ယိုတုတွင်မူ မြန်မြန်ဆန်ဆန် ပြီးသွားသည့်အပြင် သက်ရှိကမ္ဘာထက် အချိန်ကုန်သက်သာသည်။
“ယိုတုက အိပ်မက်နဲ့တူတယ်... မင်းရဲ့ ယိုတုခရီးကလည်း အိပ်မက်တစ်ခုလိုပဲ” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်လုံးများ ဝင်းလက်သွားပြီး သူက ပြောလိုက်သည်။ “အသက်ရှင်လျက် ပြန်ရောက်လာသရွေ့ တခြားဘာမှအရေးမကြီးပါဘူး... မြေအောက်ဘုံအရှင်သခင်က ကြောက်စရာကောင်းလား”
ချင်မူ ခေါင်းယမ်းပြလိုက်သည်။ “မြေအောက်ဘုံအရှင်သခင်က ပြောရဆိုရ ကောင်းပါတယ်... မရဏတမန်တော်လည်း အဲဒီလိုပဲ”
အားလုံး၏အမူအရာများ ထူးဆန်းသွားကြသည်။ မြေအောက်ဘုံအရှင်သခင်နှင့် မရဏတမန်တော်က ပြောရဆိုရ လွယ်သည်တဲ့လား... ချင်မူတစ်ယောက်သာ ထိုသို့ ပြောနိုင်လိမ့်မည်။
နတ်ဘုရားဖြစ်စေ၊ မိစ္ဆာနတ်ဆိုးဖြစ်စေ မည်သူမဆို မြေအောက်ဘုံအရှင်သခင်နှင့် တွေ့ပြီးလျှင် အကျင့်စရိုက် ပြောင်းလဲသွားတတ်သည်။ မရဏတမန်တော်များနှင့် ပတ်သက်လာပါက ပို၍ပင် နှုတ်ဆိတ်နေတတ်ကြ၏။
“မာ ဟာ...”
ချင်ယွီကိုယ်ပေါ်ရှိ နဂါးလေးက အလျင်အမြန် ဆင်းလာပြီး ချင်မူ့ဆီ ပြေးလာကာ ပွတ်သပ်နေသည်။ ချင်ယွီမှာ ခံရခက်စွာဖြင့် တွေးလိုက်မိသည်။ ‘သူ့အနွေးဓာတ်တောင် မခံစားရသေးဘူး ချင်မူ့ဆီ ပါသွားပြန်ပြီ...’
ချင်မူက နဂါးလေးကို ပွတ်သပ်ပေးရင်း သူ့နားအနား ပို့လိုက်သည်။ နဂါးလေးက တွဲလောင်းလေးချနေပြီး နှုတ်ခမ်းမွှေးလေးများက လေနှင့်အတူ လှုပ်ခတ်နေသည်။
ချင်ယွီ မနာလိုဖြစ်လာ၏။
“ညီလေးချင်၊ မင့်နဂါးလေးကို ခဏလောက် ငှားပါဦး... မဟာမြို့ပျက်ကိုတောင် ခေါ်သွားဖြစ်လောက်တယ်.... ငါ ပြန်လာရင် ပြန်ပေးမယ်နော်... မင်း သေချာပေါက် အံ့ဩသွားစေရမယ်” ချင်မူက ပြုံးလျက် ပြောလေသည်။ “ဖုရွေ့လော် ဖမ်းတုန်းက အသက်ရှင်ဖို့ တော်တော် ရုန်းကန်ခဲ့ရတယ်... ယိုတုကိုလည်း လိုက်သွားရတော့ တကယ် ပင်ပန်းနေပြီ... အနားယူဦးမယ်”
ချင်ယွီက နဂါးလေး ချင်မူ့နောက် ပါသွားသည်ကို ကြည့်ကာ သူ့ဘာသာသူ တွေးနေ၏။ ‘ငါ့နဂါးလေး ငါ့အပိုင်ရော ဖြစ်ပါဦးမလား... သူ့စိတ်က ချင်မူ့နောက် ပါနေပြီ’
....
မရဏတမန်တော်က တျန်းချိကျွင်းစံအိမ်သို့ ပြန်ရောက်လာပြီး စာအုပ်အထူကြီးတစ်အုပ်ကို လှန်ဖတ်နေသည်။ ထိုစာအုပ်သည် သူ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်ဆီ ပေးခဲ့သော စာအုပ်ဖြစ်၏။
ချင်မူလည်း စာအုပ်ကို ဖတ်ချင်ခဲ့သော်လည်း မြေအောက်ဘုံအရှင်သခင်က အရပ်မြင့်လွန်းခဲ့လေသည်။ လိမ်လိမ်မာမာ နေရန်လည်း လိုအပ်ခဲ့၍ စာအုပ်အား မဖတ်ခဲ့ရပေ။
မရဏတမန်တော် ပထမဆုံးစာရွက်ကို လှန်လိုက်သည့်အခါ ပုံရိပ်များအား မြင်လိုက်ရသည်။ မှောင်မိုက်နေသော နယ်မြေတစ်ခုတွင် ကိုယ်ဝန်အမျိုးသမီးတစ်ယောက် မီးဖွားနေ၏။ အဆုံးမဲ့မိစ္ဆာနတ်ဆိုးချီများနှင့် တစ်ပိုင်းတစဝိညာဉ်များ၏ ပူဆွေးသောကများက မီးဖွားရာအခန်းငယ်လေးဆီသို့ တရှိန်ထိုး ဝင်ရောက်နေကြသည်။
အခန်းထဲတွင် ယိုတု၏ မိစ္ဆာသဘာဝများနှင့် မိစ္ဆာနတ်ဆိုးချီများကို အငမ်းမရ စုပ်ယူနေသော ကြောက်မက်ဖွယ်ရာ နတ်ဆိုးဘုရင်တစ်ပါး ရှိနေယောင် ထင်ရ၏။
ထိုစဉ် ထိုနယ်မြေ၏အပြင်ရှိ မရေမတွက်နိုင်သော မိစ္ဆာနတ်ဘုရားများမှာ ထိတ်လန့်သွားကြပြီး အမှောင်ထဲ၌ ပုန်းအောင်းကာ ယိုတုတွင် အမိဝမ်းထဲမှ မွေးဖွားလာသည့် ပထမဆုံးသတ္တဝါလေးအား ထိတ်လန့်စွာ ချောင်းကြည့်နေကြသည်။
“နတ်ဘုရားသားတော်ရဲ့ မျိုးဆက်” စာရွက်ထောင့်ရှိ မိစ္ဆာနတ်ဘုရားတစ်ပါးက ပြောသည်။
မီးဖွားခန်း၏အပေါ်၊ ကောင်းကင်ယံတွင် အနီရောင်မျက်လုံးကြီးများ ပွင့်လာကြသည်။ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး...
မရဏတမန်တော်က ဒုတိယစာမျက်နှာကို လှန်လိုက်သည့်အခါ ရုပ်ပုံပြောင်းလဲသွား၏။ ဝဝတုတ်တုတ် ကလေးတစ်ယောက် အမျိုးသမီး၏ရင်ခွင်ထဲမှ ခုန်ထွက်လာသည်။ မရဏတမန်တော်မှာ ကလေး၏မျက်လုံးသုံးလုံးအပေါ် အကြည့်ရောက်သွားသည်။
ထိုကလေးက အမှောင်မြေထဲတွင် ဂြိုဟ်မွှေနေသည်။ သူ၏လက်ဖောင်းဖောင်းလေးနှစ်ဖက်က သူ့ကို သုတ်သင်ရန် ရောက်လာသည့် မိစ္ဆာနတ်ဘုရားနှစ်ပါးအား ဖြစ်ညစ်ပစ်လိုက်၏။ သူ၏မျက်လုံးသုံးလုံး ပွင့်လာသည်နှင့် အလင်းတန်းသုံးတန်း ထွက်သွားသည်။ အလင်းတန်းများက မြေပြင်ကို မီးလောင်တိုက်သွင်းရင်း မကောင်းဆိုးဝါးများအား သုတ်သင်ပစ်လိုက်သည်။
ငယ်ငယ်ကြီးကြီး တစ္ဆေသရဲအားလုံး အသက်လုပြေးနေကြသည်။ တစ္ဆေဘုရင်များပင် နောက်လှည့်မကြည့်ရဲဘဲ အသည်းအသန် ပြေးနေရ၏။ သူတို့၏ရက်စက်ကြမ်းကြုတ်သော မျက်နှာများပေါ်တွင် အကြောက်တရားတို့ ထင်ဟပ်နေရာ အတော်လေး ထူးဆန်းနေတော့သည်။
ကလေးက မိစ္ဆာနတ်ဘုရားကို ပါးစပ်ထဲ ထည့်ပြီး ခေါင်းတစ်ခြမ်းလုံး ပြတ်ထွက်သွားသည်အထိ ကိုက်ချလိုက်သည်။ သွေးသံရဲရဲ မြင်ကွင်းမှာ သည်းထိတ်ရင်ဖိုဖွယ် ကောင်းနေ၏။
မရဏတမန်တော်က ခေါင်းတယမ်းယမ်းဖြင့် ဆက်လှန်နေသည်။ နောက်စာမျက်နှာတွင် ကလေးသည် ဝိညာဉ်ပေါင်းများစွာ မြိုချပြီး မိစ္ဆာနတ်ဘုရားနှစ်ယောက်ကို စားပြီးနောက် ကြောက်စရာကောင်းလောက်အောင် ကြီးမားလာ၏။ သူ၏တုန်လှုပ်ချောက်ချားဖွယ်ရာ အသွင်အပြင်ကြောင့် မြင်မြင်သမျှ သရဲတစ္ဆေအားလုံး ထိတ်လန့်ကုန်ကြသည်။ သူက ငရဲများကို ဖျက်စီးပြီး သူ့အမေနှင့် မျိုးနွယ်ဝင်များအနား ကပ်လာသည့် မိစ္ဆာနတ်ဘုရားအားလုံးကို သတ်ပစ်နေသည်။ သူ့ကြောင့် မိစ္ဆာနတ်ဘုရားများမှာ ဘောင်းဘီထဲ သေးထွက်ကျသည်အထိ ကြောက်လန့်သွားကြပြီး ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ထွက်ပြေးသွားကြသည်။
သို့သော် ကလေးတွင် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် ဆိုးသွမ်းသော မိစ္ဆာစရိုက် ကိန်းဝပ်နေဟန်တူ၏။ ယိုတုကမ္ဘာတွင် အေးအေးဆေးဆေး နေထိုင်နေသည့် တစ္ဆေများကိုသော်လည်းကောင်း၊ မိစ္ဆာနတ်ဆိုးများကိုသော်လည်း လိုက်ဖမ်းကာ သတ်ဖြတ်စားပစ်တတ်သည်။
ကလေးအမေ၏ မျက်နှာပေါ်ရှိ ထိတ်လန့်ကြောက်ရွံ့မှုကို မရဏတမန်တော် မြင်နေရသည်။ သူမမှာ သားဖြစ်သူနှင့် သားဖြစ်သူ၏မိစ္ဆာစရိုက်ကို ကြောက်လန့်နေ၏။
မရဏတမန်တော် နောက်တစ်ရွက် လှန်သည့်အခါ မိစ္ဆာနတ်ဆိုးမှန်သမျှ သတ်ဖြတ်နေသော ကလေး၏ရုပ်ပုံအား မြင်ရသည်။ ရုပ်ပုံထဲတွင် သူက ဧရာမမိစ္ဆာနဂါးကြီးတစ်ကောင်အပေါ်၌ မတ်တပ်ရပ်ကာ ၎င်း၏ဝမ်းဗိုက်အား ခွဲဖွင့်နေသည်။ သူ့မျက်လုံးသုံးလုံးက သတ်ဖြတ်လိုသည့်အလင်းရောင်များ လင်းလက်နေ၏။
သို့တိုင်အောင် ပန်းချီ၏အဆုံးတွင် ကလေးက စားပြီးသည်နှင့် ကလေးသေးသေးလေးအသွင် ပြန်ပြောင်းကာ သူ့အမေကို ချီရန် ပူဆာနေသည်။
မရဏတမန်တော် စာရွက်တစ်ရွက်ပြီးတစ်ရွက် လှန်ကာ ဖတ်နေသည်။ ကလေးက သူတို့ကို လိုက်ဖမ်းနေသော မိစ္ဆာနတ်ဘုရားတစ်ဖွဲ့ပြီး တစ်ဖွဲ့အား ချေမှုန်းနေ၍ ယိုတုထဲ၌ ပုန်းအောင်းနေသော အာဏာရှိပုဂ္ဂိုလ်များ ထိတ်လန့်လာတော့သည်။
သူတို့က ကလေးဆီ ရောက်လာကြပြီး မိုးပြိုမြေပြိုသည့်တိုင်အောင် သူနှင့် တိုက်ခိုက်ကြသည်။
စာအုပ်၏အဆုံးနားတွင် ကလေးက လွန်ကဲသော မိစ္ဆာသဘာဝနှင့် ရက်စက်သော စရိုက်ကို အားကိုးကာ ယိုတုထဲတွင် အာဏာရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်လာ၏။ တစ်နေ့တွင် သူသည် ယိုတု၏နယ်စပ်အနား သွားပြီး ဧရာမမျက်လုံးကြီးသုံးလုံးဖြင့် သက်ရှိကမ္ဘာထဲသို့ ချောင်းကြည့်ရင်း စိတ်လှုပ်ရှားနေ၏။
ပန်းချီ၏ အခြားတစ်ဖက်တွင် ယိုတု၏အာဏာရှိပုဂ္ဂိုလ်များက မြေအောက်ဘုံအရှင်သခင်နှင့် ဆွေးနွေးနေကြသည်။ ကလေး၏မိခင်လည်း ထိုနေရာတွင် ရှိနေပြီး မြေအောက်ဘုံအရှင်သခင်အား အသနားခံနေသည်။
မြေအောက်ဘုံအရှင်သခင်က သူ့ချို၏ တစ်နေရာမှ ကျောက်စိမ်းအစအနတစ်ခု ထုတ်ကာ ကျောက်စိမ်းလည်ဆွဲအဖြစ် သွန်းလုပ်လိုက်သည်။ မြေအောက်ဘုံအရှင်သခင် လည်ဆွဲအပေါ်၌ ချိတ်တံဆိပ် နှိပ်နေသည်ကို ကြည့်ရင်း ကလေး၏မိခင်မှာ မျက်ရည်များဝဲနေ၏။ သူမက သားဖြစ်သူကို လှမ်းခေါ်ကာ လည်ဆွဲ ဆွဲပေးလိုက်သည်။
ကလေး၏မိစ္ဆာသဘာဝမှာ နတ်ဘုရားသဘာဝနှင့်အတူ ဖိနှိပ်ခံလိုက်ရ၏။ သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားပြီး အလွန်သေးငယ်သော မွေးကင်းစကလေးအသွင် ပြန်ပြောင်းသွားသည်။ သူက အနှီးထဲတွင် လဲနေပြီး ခြေကားရားလက်ရားဖြင့် အူဝဲအူဝဲ အော်ငိုနေသည်။ ထို့နောက် သူ့ခြေမသူ စုပ်နေ၏။
မိခင်က ကလေးကို ချီ၍ နမ်းပြီးနောက် မခွဲချင်သောအမူအရာဖြင့် ခြင်းတစ်ခြင်းထဲသို့ ထည့်လိုက်သည်။ အမျိုးသမီးတစ်ယောက်က ခြင်းကို ဆွဲပြီး စက္ကူလှေတစ်စင်းဖြင့် အဝေးသို့ ထွက်သွားလေသည်။
ကလေးထွက်သွားသည်နှင့် ကျန်ခဲ့သော တစ္ဆေဘုရင်များ၊ သရဲတစ္ဆေများနှင့် မိစ္ဆာနတ်ဘုရားများက ဗုံ၊ စည်များ တီးကာ ပျော်ပွဲရွှင်ပွဲ ကျင်းပကြသည်။
မရဏတမန်တော် နောက်ဆုံးစာရွက်ဆီသို့ ရောက်သည့်အခါ အပမြေထဲရှိ ချင်မူ့ရုပ်သွင် ရှိနေသည်။ သူ၏ဆံပင်ရှည်များက ပခုံးကိုကျော်၍ ကျနေသည်။ သူက ဓားကို မြှောက်ပြီး မှော်အစီအရင်တစ်ခုဖြင့် ကောင်းကင်အလိုတော်မုခ်ဝကို ဖွင့်ကာ သေဆုံးသူတို့၏ကမ္ဘာမှ ဝိညာဉ်များအား ဆင့်ခေါ်နေ၏။
ထိုအချိန်တွင် သူ့လည်ပင်းပေါ်ရှိ ကျောက်စိမ်းလည်ဆွဲက မျောလွင့်လျက်ရှိချေသည်။
“ဆယ့်ရှစ်နှစ်” မရဏတမန်တော်က စာအုပ်ကို ပိတ်ပြီး သေသေချာချာ သိမ်းလိုက်သည်။ ထို့နောက် သက်ပြင်းရှည်ကြီး ချလိုက်၏။ “ဒီကောင်လေး အရင်က ဒီလိုလုပ်ခဲ့မှန်း ဘယ်သူမှ ယုံမှာမဟုတ်ဘူး... သူ့မိစ္ဆာသဘာဝ ဘယ်တော့မှ ပြန်နိုးထမလာပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်... မြေအောက်ဘုံအရှင်သခင် သူ့ကို ချိတ်ပိတ်ပြီး သက်ရှိကမ္ဘာဆီ ပြည်နှင်ဒဏ် ခတ်လိုက်လို့သာပေါ့.. မဟုတ်ရင် ဒီနေ့ ယိုတု ဘာဖြစ်နေမလဲ မသိနိုင်ဘူး... ဒါပေမဲ့ သူ ယိုတုမှာ နေရင်လည်း ဆယ့်ရှစ်နှစ်အထိ အသက်ရှင်နေမှာမဟုတ်ဘူး... မကောင်းမှုတွေ ကြီးလေးလွန်းလို့ မြေအောက်ဘုံအရှင်သခင် စားပစ်တာ ခံနေရလောက်ပြီ”
၎
င
၎
၎