ယိုတု၏ ဘုရင်လေး
Vol. 41 Ch. 564
ချင်ဖုန်းကျင့်၏ အဖြစ်အပျက်နှင့် ပတ်သက်ပြီး စိတ်မချရသေးသော အချက်တစ်ချက် ရှိသည်။
မြေအောက်ဘုံအရှင်သခင်က သူ့ကို ချိတ်ပိတ်ထားသည့်အတွက် သူ၏ကောင်းကင်ရတနာအားလုံး ပိတ်နေသင့်သည်။ ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန် အသာထား၊ သိုင်းမကျင့်နိုင်ရုံတင်မက ကောင်းကင်ရတနာများကိုပင် မဖွင့်နိုင်သင့်ပေ။
မရဏတမန်တော် တျန်းချိကျွင်းမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း အတွေးနက်နေသည်။ ‘သူ့ခန္ဓာကိုယ်က ချိတ်ပိတ်ခံထားရလို့ သေမျိုးတစ်ယောက်လိုပဲ ရှင်သန်နိုင်သင့်တယ်... အလွန်ဆုံးနှစ်တစ်ရာ ၊ နှစ်ရာလောက်ပဲ အသက်ရှင်နိုင်မှာ... ဘယ်လိုလုပ်ပြီး ကောင်းကင်ရတနာတွေကို ဖွင့်နိုင်သွားတာလဲ’
မြေအောက်ဘုံအရှင်သခင်က ချင်ဖုန်းကျင့်၏ မိစ္ဆာသဘာဝနှင့် မှတ်ဉာဏ်ကို ချိတ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားသဘာဝလည်း အလားတူ ချိတ်ပိတ်ခံခဲ့ရ၏။
ချင်ဖုန်းကျင့်ကို ဖိနှိပ်နေစဉ်အတွင်း မြေအောက်ဘုံအရှင်သခင်၏အသံက သူ၏ကောင်းကင်ရတနာများတွင် ချိတ်တံဆိပ်တစ်ခု ဖွဲ့တည်မိခဲ့သည်။ ယင်းက မတော်တဆဖြစ်ရပ် ဖြစ်ပြီး သူ၏နတ်ဘုရားသဘာဝကိုပါ မိစ္ဆာသဘာဝနှင့်အတူ ချိတ်ပစ်မိလိုက်သည်။
ချိတ်ပိတ်မှုက ထိုမျှကြောက်မက်ဖွယ်ရာ မကောင်းသင့်ပါသော်လည်း သူ၏သိုင်းလမ်းစဉ်ကိုပါ ဖြတ်တောက်မိခဲ့၏။
ဆိုလိုသည်က ချင်ဖုန်းကျင့်၏ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားသဘာဝနှင့် မိစ္ဆာသဘာဝနှစ်မျိုးလုံး မရှိတော့ပေ။ သူ၏ကောင်းကင်ရတနာအားလုံး ဘယ်သောအခါမှ ပြန်ပွင့်မလာနိုင်အောင် ချိတ်ပိတ်ခံခဲ့ရသည်။ ထို့ကြောင့် သူ့အနေဖြင့် သိုင်းကျင့်ရန် မဖြစ်နိုင်ပေ။
ချင်ဖုန်းကျင့် သက်ရှိကမ္ဘာသို့ ရောက်သွားပြီးနောက်တွင် ပုံမှန်လူတစ်ယောက်လို နေထိုင်ပြီး သာမန်အတိုင်း ဘဝကို ဖြတ်သန်းရသင့်သည်။
သို့တိုင်အောင် သူ၏ကောင်းကင်ရတနာများ ပွင့်လာခဲ့၏။ ပိုဆိုးသည်မှာ ကျင့်ကြံနှုန်းက မြန်လွန်းသည့်အတွက် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကိုပင် ဖွင့်လှစ်ပြီး ခုနစ်စဉ်ကြယ်နှင့် အရပ်ခြောက်မျက်နှာအား တစ်သားတည်း ပေါင်းစည်းပြီးချေပြီ။
ပထမတွင် နတ်ဘုရားကောင်းကင်ရတနာများကိုသာ ဖွင့်နိုင်ခဲ့သော်လည်း ယခုအချိန်၌ သူ၏မိစ္ဆာသိုင်းအဆင့်ကလည်း နတ်ဘုရားတစ်ပါး၏ အကူအညီရထားသကဲ့သို့ လျင်မြန်စွာ တိုးတက်လာနေသည်။
အမှန်တကယ် ထူးဆန်းလှ၏။
ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာကို ဖွင့်ရန် မိမိ၏အစွမ်းအစကိုသာ အားကိုးရဿည်။ အခြားသူများအနေဖြင့် ကူညီပေးချင်လျှင်တောင်မှ မကူညီပေးနိုင်ပေ။ ထို့အပြင် ချင်ဖုန်းကျင့်၏ ကောင်းကင်ရတနာတံခါးများက သာမန်လူတစ်ယောက်ထက် အဆတစ်ရာ ခိုင်ခံ့သည်။
သူ နတ်ဘုရားဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်ရန် ကြိုးစားလျှင် မြေအောက်ဘုံအရှင်သခင်၏ ချိတ်တံဆိပ်ကို အသက်သွင်းမိ၍ မြေအောက်ဘုံအရှင်သခင်၏ အထက်ကောင်းကင်ကိုးဆင့် နတ်ဘုရားသံ ဆင်းသက်လာလိမ့်မည်။ မိစ္ဆာဝိညာဉ်သန္ဓေသားနံရံကို ချိုးဖျက်လျှင်လည်း မြေအောက်ဘုံအရှင်သခင်၏ အောက်ဘုံကိုးဆင့် မိစ္ဆာသံကို ရင်ဆိုင်ရမည်။
မရဏတမန်တော်မှာ မည်မျှစဉ်းစားစေကာမူ အဖြေထွက်မလာပေ။ သူက အလုံးစုံသိမြင်တော်မူသော သဗ္ဗေညုတဉာဏ်တော် ရထားသည့် ဘုရားတစ်ပါးလည်း မဟုတ်သဖြင့် ချင်မူ ဝိညာဉ်သားရဲလေးကောင်၏ သွေးများ သောက်ခဲ့ရသော ညကို မသိပေ။
ထိုညတွင် .... ဒုတိယကျေးရွာ၏ မီးပုံဘေး၌ ခြေပြတ်လက်ပြတ် အဘိုးကြီးတစ်ယောက် ထိုင်နေခဲ့ပြီး အရုပ်ဆိုးဆိုး ရွာသားများအား စကားပြောနေခဲ့၏။ “ငါ့အထင်တော့ ချင်မူ့မှာ တခြားခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေတယ်... အဲဒါက ဝိညာဉ်ခန္ဓာလေးမျိုးစလုံး ပေါင်းစည်းထားတဲ့ လောကသခင်ခန္ဓာကိုယ်ပဲ”
ထိုစကားတစ်ခွန်းကြောင့် ဒဏ္ဍာရီတစ်ပုဒ် မွေးဖွားလာခဲ့ပြီး မဖြစ်နိုင်သောအရာက ဖြစ်နိုင်လာခဲ့သည်။
ဒုက္ခိတဘိုးဘွားကျေးရွာ၏ ရွာသားများက ဝိညာဉ်သားရဲလေးကောင်၏ သွေးများ ရှာဖွေကာ ချင်မူ့အား တနင့်တပိုး သောက်ခိုင်းခဲ့သည်။ ကောင်လေးကလည်း တစ်လောကလုံးတွင် ပြိုင်ဘက်အကင်းဆုံး၊ အသန်မာဆုံး လောကသခင်ခန္ဓာ၊ ကောင်းကင်ရတနာများကို မဖွင့်နိုင်လျှင် ပြင်းပြင်းထန်ထန် မကြိုးစား၍သာ ဖြစ်သည်ဟု တထစ်ချ ယုံကြည်ကာ ကျားကုတ်ကျားခဲ အားထုတ်ခဲ့သည်။
ဤသို့ဖြင့် သူ၏ပြင်းထန်သော ဇွဲလုံ့လကြောင့် မြေအောက်ဘုံအရှင်သခင်၏ ချိတ်တံဆိပ်မှာ ပါးသထက် ပါးလာခဲ့၏။ ကောင်လေးသည်လည်း မိစ္ဆာသံနှင့် နတ်ဘုရားသံများကို တတ်မြောက်လာပြီး နတ်ဘုရားသံ၊ မိစ္ဆာသံနှင့် ဗုဒ္ဓသံတို့ကို သုံးကာ ဝိညာဉ်သန္ဓေသားကောင်းကင်နံရံကို ဖွင့်လှစ်ခဲ့လေသည်။
ထိုအချိန်မှစပြီး သူ၏အနာဂတ်က တောက်ပလာခဲ့သည်။
မြေအောက်ဘုံအရှင်သခင်၏ ချိတ်တံဆိပ်က ရှိနေဆဲ ဖြစ်သလို၊ မိစ္ဆာသဘာဝနှင့် နတ်ဘုရားသဘာဝလည်း ချိတ်ပိတ်ခံထားရဆဲ ဖြစ်သည်။ သို့သော် ဤလူသားလေးရင်ထဲ၌ ပြင်းထန်သောယုံကြည်မှု ပေါက်ဖွားလာခဲ့ခြင်းမှာ မြေအောက်ဘုံအရှင်သခင်နှင့် ယိုတု၏ အာဏာရှိပုဂ္ဂိုလ်များ မထင်မှတ်ထားခဲ့သော အရာပင်။
ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်သည် ... ထိုည၊ မီးပုံဘေးရှိ လူသားတုတ်ချောင်းသဖွယ် အဘိုးကြီးတစ်ယောက်၏ အဖြူရောင်မုသားမှ အစပြုဖြစ်တည်လာခဲ့၏။
‘ဒါ့အပြင် သူ ယိုတုကနေ ပြည်နှင်ဒဏ်ပေးခံလိုက်ရပြီး မဟာမြို့ပျက်မှာ ထားရစ်ခံခဲ့ရတုန်းက ထူးဆန်းတဲ့ အဖြစ်အပျက်ရှိနေတယ်... အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ’
မရဏတမန်တော် မျက်လုံးပိတ်လိုက်ပြီး တခဏကြာသော် ပြန်ဖွင့်ကာ ယိုတု၏ သေခြင်းရှင်ခြင်းစာအုပ် ထုတ်လိုက်သည်။ ‘ဖြစ်ခဲ့တာတွေက ဆက်စပ်နေလိမ့်မယ်... သူ့ကို သွားပို့တဲ့ အမျိုးသမီးကို ရှာပြီး ဘာဖြစ်ခဲ့လဲ မေးမှပဲ... သူ အသက်ရှင်နေသေးရင် သေခြင်းရှင်ခြင်းစာအုပ်နဲ့ ရှာလို့ရတယ်... သေသွားရင်လည်း သူ့ဝိညာဉ်က ယိုတုဆီ ပြန်ရောက်နေလောက်တယ်...’
သူ ယိုတု၏ သေခြင်းရှင်ခြင်းစာအုပ်ကို လှန်ကြည့်ပြီးသည့်အခါ အမူအရာလေးနက်လာသည်။
အမျိုးသမီး၏ နာမည်က သေခြင်းရှင်ခြင်းစာအုပ်ထဲမှ ဖယ်ရှားခံထားရလေသည်။ ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။
ပထမတစ်ခု၊ ချိရှကြယ်အရှင်သခင်လို ဝိညာဉ်ပြိုကွဲသွားခြင်းဖြစ်မည်။ ဝိညာဉ်များ မတည်ရှိတော့လျှင် နာမည်များသည် သေခြင်းရှင်ခြင်းစာအုပ်ထဲမှ အလိုအလျောက် ပျောက်ကွယ်သွားရ၏။
ဒုတိယတစ်ခု၊ သူမဝိညာဉ်က ဖုန်းတု သို့မဟုတ် ယိုတုနှင့် ဆင်တူသော အမှောင်ဘုံများသို့ ရောက်သွားလိမ့်မည်။
‘သူ ဘာတွေ ကြုံတွေ့ခဲ့တာပါလိမ့်’
မရဏတမန်တော်မှာ သက်ပြင်းချပြီး သေခြင်းရှင်ခြင်းစာအုပ်ကို ပိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်အား လှုပ်ခါလိုက်သည့်အခါ ကိုယ်ပွားများ ခွဲထွက်သွား၏။ သူတို့က လှေလေးများအပေါ် တက်ကာ ထွက်ခွာသွားကြသည်။
‘အခု ယိုတုရဲ့ ဘုရင်လေးက အရင်ကထက်စာရင် အများကြီး ပိုချစ်ဖို့ကောင်းလာပါပြီ... ချင်မူဆိုတဲ့ ကောင်စုတ်လေးကို ပိုသဘောကျတယ်... ချင်ဖုန်းကျင့်ကိုတော့ ဘယ်တော့မှ မမြင်ချင်ဘူး... ဒါပေမဲ့ ချိတ်တံဆိပ်က တစ်ကြိမ် လျော့ရဲသွားပြီ... ကောင်းကင်နတ်ဘုံကလည်း သူ့ကို လိုက်ရှာနေတယ်... အကယ်လို့ ချိတ်တံဆိပ် ကျိုးပျက်သွားလို့ ချင်မူက ချင်ဖုန်းကျင့် ပြန်ဖြစ်သွားရင် ... ယိုတု ဒုက္ခရောက်မှာ ငါ စိုးရိမ်မိတယ်....’
....
လီမြို့တွင် ချင်မူ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်နှာတစ်ပြင်လုံး စိုစိစိုစိ ဖြစ်နေ၏။ ချင်ယွီ၏ နဂါးလေးက သူ့မျက်နှာပေါ်တွင် လှဲကာ သူ့ပါးကို လျက်နေလေသည်။
သူ နဂါးလေးကို အမြီးမှ ဆွဲမြှောက်လိုက်သည့်အခါ နဂါးလေးက သူ့ကို ခေါင်းမော့ကြည့်သည်။ သူက သူ့လက်ပေါ် ဆင်းလာပြီး ပခုံးပေါ်မှ တက်ကာ နားရွက်တွင် တွဲလောင်းချနေသည်။
ချင်မူ ရေခပ်မျက်နှာသစ်သည့်အချိန်တွင် နဂါးလေးကလည်း သူ့မျက်နှာကို ရေထဲတွင် နှစ်သည်။ ထို့နောက် ရေကို ငုံလိုက်၊ ထွေးထုတ်လိုက် ကစားနေ၏။
ချင်မူက အခန်းထဲမှ အပြင်ထွက်ကာ အညောင်းအညာပြေ အကြောဆန့်လိုက်သည်။ သူ တစ်ညလုံး သင်္ဘောပေါ်တွင် အိပ်ပျော်နေခဲ့ခြင်းဖြစ်၏။ ဟူလင်းအာ၊ လင်ယွိရှို့၊ စစ်ယွင်ရှန်းနှင့် စန်းဟွာတို့က စောစောစီးစီး အိပ်ရာထကာ ထမင်းဟင်းချက်နေကြသည်။ သူ နိုးလာသည်ကိုမြင်လျှင် နှုတ်ဆက်ကြ၏။
သေတ္တာကြီးကလည်း ဗြုန်းဗြုန်းဗြန်းဗြန်း ပြေးချလာပြီး ချင်မူ့ခြေထောက်ကို ပွတ်သပ်နေသည်။ ၎င်းက အဖုံးပွင့်၍ စုထားသော အရိုးများ ပြလေသည်။
နဂါးချီလင်က ဇလုံကြီးတစ်လုံးကို ကိုက်လျက် လျှောက်လာသည်။ သူက အမြီးတနှံ့နှံ့ဖြင့် ဇလုံကို ချင်မူ့ခြေထောက်နားတွင် ချလိုက်သည်။
“ဖက်တီးနဂါး၊ မင်း သေတ္တာထဲမှာ စွမ်းအင်ဆေးလုံးတွေ အိုးလိုက် ဖွက်ထားတယ်မဟုတ်လား”
ချင်မူက ခါးစည်းရှေ့ဖုံးအကာ ထုတ်ကာ မိန်းကလေးများ ထမင်းဟင်းချက်နေသည်ကို သွားကူပေးလိုက်သည်။ သူက ပြုံးလျက် ပြောလိုက်၏။ “ငါ ချက်လိုက်မယ်”
“ဂိုဏ်းသခင်က ထမင်းဟင်းလည်း ချက်တတ်တာပဲလား” စန်းဟွာမှာ အံ့အားသင့်နေမိသည်။
“ဂိုဏ်းသခင်က အချက်အပြုတ်မှာ ဆရာတစ်ဆူပဲ... သူ ချက်သမျှ ဟင်းတိုင်း စားကောင်းတယ်... ဘိုးဘိုးမျက်ကန်း မင်းသမီးရှို့နဲ့ ငါ့ကို ပြန်ပေးဆွဲပြီး သူနဲ့ လက်ထပ်ခိုင်းတုန်းကဆို ဂိုဏ်းသခင်ပဲ ချက်ပြုတ်ကျွေးခဲ့တာ... သူ့လက်ရာကို စွဲသွားလို့ တကယ်တောင် လက်ထပ်ချင်သွားမိတယ်” စစ်ယွင်ရှန်းက စိတ်လှုပ်ရှားနေသောအသံလေးဖြင့် ရှင်းပြသည်။
လင်ယွိရှို့၏မျက်ဝန်းများလည်း ရွှန်းလက်နေ၏။ “ငါလည်း စွဲသွားလို့ ဘိုးဘိုးမျက်ကန်း ငါတို့ကို ထပ်ပေးစားပါစေလို့တောင် မျှော်လင့်နေတာ... လာ နွားကျောင်းသား ချက်ပြုတ်ပြီးတဲ့အထိသာ စောင့်နေလိုက်”
ချင်မူက ယောက်ချိုဇွန်းကို လွှဲပြောင်းယူပြီး ချီစွမ်းအင်ကို မီးလျှံဖွဲ့တည်လိုက်သည်။ သူက ပြုံးရယ်လျက် ပြောလိုက်၏။ “တကယ်တော့ ငါတို့ရွာမှာ ဘိုးဘိုးမျက်ကန်းက ဟင်းချက်အကောင်းဆုံး... ဘိုးဘိုးဆေးဆရာရဲ့ ဆေးဟင်းတွေက အရသာအရှိဆုံးပဲ... ဘိုးဘိုးမာကတော့ သားသတ်လွတ်ဟင်းမှာ ဆရာတစ်ဆူ... အဘွားစစ်လည်း ဟင်းကောင်းကောင်း ချက်တတ်ပေမယ့် ဘာတွေ ထည့်ထားမှန်း မသိလို့ ဘယ်သူမှ မစားရဲဘူး... ကျန်တဲ့သူတွေကတော့ ဟင်းမချက်တတ်ကြဘူး”
နဂါးချီလင်က သေတ္တာကြီးကို လှမ်းကြည့်သည်။ သေတ္တာကြီးက သူ့ကို အရိုးများ ပြရင်း အလွန်ပျော်နေ၏။ ထို့နောက် သူ့ဆီသို့ အရိုးနှစ်ချောင်း လှမ်းပစ်ပေးလေသည်။ နဂါးချီလင် သေတ္တာကြီးထဲ ခုန်ဝင်ပြီး စွမ်းအင်ဆေးလုံးများ ရှာလိုက်သည်။
ထိုအချိန်တွင် ကျားနတ်မင်း၏အသံကြီး ဟိန်းထွက်လာပြီး ကျားနတ်မင်း လျှောက်လာ၏။ “ဖက်တီးနဂါး၊ စားနေတာ ရပ်တော့... ငါ မင်းကို လေ့ကျင့်ဖို့ ခေါ်သွားမယ်... လေ့ကျင့်ဖို့ အကောင်းဆုံးအချိန်က မနက်စောစော အိပ်ရာထပြီးတဲ့ အချိန်ပဲကွ.... မင်းက ငါ့ကို အများကြီး သင်ပေးခဲ့တာဆိုတော့ ငါလည်း မင်းကို ပြန်သင်ပေးရမှာပေါ့... မင့်ကိုယ်ပေါ်က အဆီတွေ ကျသွားအောင် ငါ လေ့ကျင့်ပေးမယ်... ညီလေး၊ ငါ မင်းရဲ့ ဖက်တီးကြီးကို ခေါ်သွားဦးမယ်နော်”
“အစ်ကိုကြီး ကြိုက်သလောက်သာ ခေါ်ထားချည်” ချင်မူ အလျင်အမြန် လှမ်းပြောလိုက်သည်။
နဂါးချီလင်က ဇလုံထဲရှိ စွမ်းအင်ဆေးလုံးများကို တစ်လုပ်ထဲ စားရန် ဟန်ပြင်နေသော်လည်း အကုန်မစားနိုင်ခင် ကျားနတ်မင်းက သူ့အမြီးကို ဆွဲပြီး တရွတ်တိုက် ခေါ်သွား၏။
“ငါ့ဇလုံလေး” နဂါးချီလင်၏အော်သံများ ဗြောင်းဆန်သွားသည်။ “လျက်တောင် မလျက်ရသေးဘူး...”
“မြေခွေးလေး၊ မနက်စာ စားပြီးရင် လေ့ကျင့်ဖို့ လာခဲ့... ရန်သူစခန်းကို တိုက်ခိုက်ဖို့ ခေါ်သွားပေးမယ်”
ဟူလင်းအာက ခေါင်းညိတ်လိုက်ပြီး ကျားနတ်မင်းက နဂါးချီလင်ကို အမြီးမှ ဆွဲခေါ်သွားလေသည်။
ချင်မူက ဟင်းချက်ပြီး၍ ခါးစည်းရှေ့ဖုံးအကာကို ချွတ်လိုက်သည်။ သူက မိန်းကလေးများနှင့်အတူ ထမင်းစား,စားပွဲတွင် ထိုင်လိုက်၏။ ဟူလင်းအာက သူတို့အတွက် ဟင်းရည်ခပ်ထည့်ပေးပြီးနောက် အတူထိုင်လိုက်သည်။
ချင်မူ့နားရွက်ပေါ်ရှိ နဂါးလေးက တိတ်တိတ်ကလေး လက်ဆန့်ထုတ်ပြီး ခုံးကြော်တစ်တုံး လှမ်းဆွဲလိုက်သည်။ သူက အသားတုံးကို ဖက်ပြီး မြိန်ရေယှက်ရေ စားနေ၏။
အားလုံး စကားပြောပြောဖြင့် စားသောက်နေကြသည်။ လင်ယွိရှို့နှင့် စစ်ယွင်ရှန်းက ဖုန်းတုသို့လည်း ရောက်ထားသည့်အတွက် ထိုနေရာရှိ နတ်ဘုရားများနှင့် မိစ္ဆာနတ်ဆိုးများဆီမှ ကျင့်စဉ်တချို့၊ ကောင်းကင်နတ်သိုင်းတချို့ သင်ယူခဲ့ရသည်။ သို့သော် ထိုကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများမှာ မပြည့်စုံသဖြင့် သူတို့ဘာသာ သုံးသပ်ဆင်ခြင်ကြရ၏။
“ဒါပေမဲ့ ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အမွေတွေက ပြည့်စုံတယ်.... ဒီရက်ပိုင်း ငါတို့ အတော်များများ လေ့လာခဲ့ပြီးပြီ”
“ဧကရာဇ်အတိုင်ပင်ခံက စစ်တပ်ကို ကွပ်ကဲပေးနေတာဆိုတော့... ဒီနိုင်ပွဲပြီးရင် စစ်ပွဲကြီးတွေ အချိန်တစ်ခုအထိ ဖြစ်လာမှာ မဟုတ်ဘူး.. ငါတို့အနေနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး မိစ္ဆာနတ်ဆိုးတွေနဲ့ မတိုက်ခိုက်ခင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ အစ်ကိုတော်၊ အစ်မတော်တွေဆီကနေ သင်ယူနိုင်မယ်... ပြီးတော့ ငါတို့ကောင်းကင်နတ်ဆိုးဂိုဏ်းက ဂိုဏ်းသားတွေလည်း ဒီကို ရောက်လာကြပြီ.... စန်းဟွာကလည်း ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှာ ပညာသင်ချင်တယ်တဲ့” စစ်ယွင်ရှန်းက ပြောလာသည်။
ချင်မူ တခဏ စဉ်းစားလိုက်သည်။ “ငါတို့ ဒီမှာပဲ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်အခွဲ တည်ထောင်လိုက်လို့တောင် ရလောက်တယ်..... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ နတ်ဘုရားတွေနဲ့ ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်တွေကို ဖိတ်ခေါ်ပြီး သင်ခန်းစာပို့ချခိုင်းတာမျိုးပေါ့... ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတွေလည်း ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီ သွားပြီး သင်ယူနိုင်မယ်... ဒီနည်းလမ်းနဲ့ဆို ငါတို့အချင်းချင်း မကြာခဏ ဆက်သွယ်လို့ရတယ်... စစ်ပွဲကြောင့် နှောင့်နှေးနေစရာလည်း မလိုဘူး”
သူတို့က ထမင်းစားပွဲတွင် စားသောက်ပြီး စကားပြောနေကြ၏။ ဟူလင်းအာက စားပြီးသည့်အခါ ကျားနတ်မင်းနှင့် နဂါးချီလင်နှင့်အတူ လေ့ကျင့်ရန် အပြေးအလွှား ထွက်သွားသည်။
ချင်မူနှင့် မိန်းကလေးများက ပန်းကန်ဆေးရန် ကျန်ခဲ့သည်။ ယွီဟယ်မှာ သင်္ဘောပေါ်မှ ဆင်းလာပြီး ချင်မူ ပန်းကန်ဆေးနေသည်ကို မြင်လျှင် မှင်သက်သွား၏။ သူမက ထူးဆန်းသောအမူအရာဖြင့် ချီတုံချတုံ ပြောလာသည်။ “ဂိုဏ်းသခင်၊ မိစ္ဆာနတ်ဆိုးကင်းထောက်တွေ စစ်မြေပြင်မှာ သွားလာနေကြတယ်.... သူတို့နဲ့ ရင်ဆိုင်ဖို့ စန်းဟွာနဲ့ ကျန်တဲ့သူတွေကို ခေါ်သွားချင်လို့ပါ”
ချင်မူက ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။ “သွားကြ... ငါ ပန်းကန်ဆေးလိုက်မယ်”
စစ်ယွင်ရှန်းက လင်ယွိရှို့နှင့် စန်းဟွာကို ဆွဲကာ အပြေးထွက်သွားသည်။ ယွီဟယ်၏အသံက ခပ်တိုးတိုး ထွက်လာ၏။ “ဂိုဏ်းသခင်ကို ပန်းကန်ဆေးခိုင်းတာ မသင့်တော်ဘူးလား... သူက ဂိုဏ်းသခင်ဖြစ်ပြီး ဘယ်လိုလုပ် အသေးအဖွဲတွေ လုပ်နေတာလဲ...”
စစ်ယွင်ရှန်း သူမအား ပြုံးပြလိုက်သည်။ “ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဒီလိုခွဲခြားမနေပါဘူး... စည်းကမ်းတွေလည်း အများကြီး မချမှတ်ထားဘူး”
ယွီဟယ်မှာ သက်တောင့်သက်သာ ဖြစ်သွားပြီး ပြုံးလျက် ပြောလိုက်၏။ “ဂိုဏ်းသခင်က တစ်ခါ ပြောခဲ့ဖူးတယ်... ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက သမာသမတ်လမ်းစဉ်မှာ ထင်ရှားကျော်ကြားတယ်တဲ့... သူ့အပြုအမူတွေက တကယ်ပဲ စံနမူနာ ယူစရာကောင်းပါပေတယ်.. ငါတို့ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ကံကောင်းလို့သာ ထင်ရှားကျော်ကြားတဲ့ သမာသမတ်ဂိုဏ်းဖြစ်နေတာ မဟုတ်မှန်း ငါ နားလည်လိုက်ပါပြီ....”
“ဒါက...” စစ်ယွင်ရှန်းမှာ ပြောသင့်လား မသိတော့၍ မျက်လုံးအဝိုင်းသားဖြင့်သာ ကြည့်နေမိတော့သည်။
ချင်မူ ပန်းကန်ဆေးပြီးသည့်အခါ သေတ္တာကြီးက ဗြုန်းဗြုန်းဗြန်းဗြန်းဖြင့် ရောက်ချလာပြန်ပြီး သေတ္တာအဖုံးဖွင့်ကာ စုထားသော အရိုးများ ပြပြန်၏။ ချင်မူမှာ ငိုရမလား၊ ရယ်ရမလား မသိတော့ပေ။ သူက ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ဝိညာဉ်လက်နက်များ ထုတ်ကာ သေတ္တာထဲ ထည့်လိုက်သည်။ “ငါ အပြင်ရောက်သွားတုန်း မိစ္ဆာနတ်ဆိုးတွေ သတ်ပြီး ဝိညာဉ်လက်နက်တွေ ယူလာခဲ့တယ်.... မင်း အရိုးတွေပဲ လိုက်ကောက်မနေနဲ့.... ဒီလိုလက်နက်တွေလည်း စုဦး”
သေတ္တာကြီးက ဝိညာဉ်လက်နက်များ ထွေးထုတ်ကာ အရိုးများသာ ဆက်ကောက်နေသည်။
ချင်မူ ခေါင်းယမ်း၍ အစစ်အမှန်နဂါးသိုက်အား ထုတ်လိုက်၏။ သူက နားရွက်မှ နဂါးလေးကို ယူပြီး ပြုံးလိုက်သည်။ “မိတ်ဆွေလေး၊ မင်း ငါ့ကို မျက်နှာချိုနေသွေးတာ ဒါကို မြင်ချင်လို့မလား”
နဂါးလေး၏မျက်လုံးများ ဝင်းလက်သွားပြီး မာဟာမာဟာ အဆက်မပြတ် အော်တော့သည်။
ချင်မူက ရယ်လိုက်ရင်း နဂါးလေးကို ခေါ်ကာ အစစ်အမှန်နဂါးသိုက်ထဲ ဝင်လိုက်၏။ အထဲရောက်သည့်အခါ သတ္တဝါလေးအား လွှတ်ပေးလိုက်သည်။ နဂါးလေးမှာ ချက်ချင်း လှည့်လည်ပျံသန်းရင်း အလွန်စိတ်လှုပ်ရှားနေလေသည်။
ချင်မူ ဧကရာဇ်တံဆိပ်ပြားထုတ်ပြီး ကောင်းကင်ပေါ် ပစ်တင်လိုက်သည်။ ဧကရာဇ်တံဆိပ်ပြားက အစ်အမှန်နဂါးမင်းရုပ်သွင် ဖွဲ့တည်လိုက်ကာ နဂါးသိုက်နှင့် ဆက်သွယ်သွား၏။ အဆုံးမဲ့နဂါးချီများ တမုဟုတ်ချင်း ပျံ့နှံ့လာသည့်အခါ နဂါးမျိုးနွယ်၏စာလုံးများ ပေါ်လွင်လာသည်။
နဂါးလေးက ဟိုဟိုသည်သည် ပျံသန်းသွားလာရင်း စာလုံးများအား လိုက်ဖတ်ကြည့်နေသည်။ သူ၏မာဟာမာဟာ အော်သံက နားလည်ရခက်သော နဂါးသံဖြစ်လာ၏။ သူက အစစ်အမှန်နဂါးသိုက်၏ စာသားများအား လေ့လာနေချေပြီ။
နဂါးလေးသည် မာန်ဟုန်မြစ်နဂါးမင်း၏ သားတော်ဖြစ်သည့်အတွက် အလွန်မျိုးသန့်၏။ လွန်ခဲ့သော နှစ်လေးသောင်းက ချုံဧကရာဇ်ခေတ်တွင် ချင်မူ ဆုံတွေ့ခဲ့သည့် ပိုင်ချင်းဖုနှင့် ပိုင်ချွီအာတို့ထက်ပင် ပို၍သန့်စင်သည်။ ချင်မူက သူ့ကို မိတ်ဆွေလေးဟု ခေါ်ခဲ့သော်လည်း နဂါးလေး၏အသက်မှာ နှစ်နှစ်သောင်းကျော်ပြီဖြစ်သည်။ မာန်ဟုန်မြစ်နဂါးမင်း၏ နဂါးပုတီးစေ့ထဲ၌ ရေခဲခံထားရ၍သာ ကြီးပြင်းမလာခဲ့ခြင်းဖြစ်ချေသည်။
နဂါးလေး၏ နှုတ်မှ ထွက်လာသော နဂါးဘာသာစကားက ပိုမိုထူးဆန်းလာသည်။ ချင်မူလည်း စာလုံးများကို တဖြည်းဖြည်း နားလည်လာ၏။
ချင်မူက နဂါးတွန်သံများကို ရပ်နားထောင်ရင်း ချီစွမ်းအင်လှည့်ပတ်ကာ အစစ်အမှန်နဂါးကျင့်စဉ်အား စစ်ဆေးနေသည်။ သူ၏အတွေးအမြင်လည်း ပိုမိုအဆင့်မြင့်သထက် မြင့်လာနေသည်။
နဂါးလေးက အပေါ်တက်လိုက်၊ အောက်ဆင်းလိုက် ပျံသန်းနေသည်။ သူ စာလုံးအားလုံး ရွတ်ဖတ်ပြီးသည့်အချိန်တွင် အချိန်မည်မျှကြာခဲ့ပြီမှန်း မသိတော့ပေ။ နဂါးလေးသည် မြေပြင်ဆင်းလိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ လူငယ်တစ်ယောက်အသွင် ပြောင်းသွား၏။ သူ့ရုပ်သွင်မှာ ချောမောခံ့ညားပြီး အရှိန်အဝါကြီးမားသော အသွင်အပြင်ရှိသည်။ သူက ချင်ယွီနှင့်လည်း ခပ်ဆင်ဆင် တူလေသည်။
လူငယ်က ချင်မူ့အား ဦးညွှတ်အရိုအသေပေးသည်။ “ကျင့်စဉ်ကို မျှဝေပြီး အသိဉာဏ်နိုးထအောင် ကူညီပေးခဲ့လို့ ဂိုဏ်းသခင်ချင်ကို ကျေးဇူးအများကြီးတင်ပါတယ်”
ချင်မူလည်း ပြန်နှုတ်ဆက်ကာ ပြုံးလိုက်သည်။ “အစစ်အမှန်နဂါးသိုက်ရဲ့ ကျင့်စဉ်ကို လေ့လာနိုင်အောင် လက်ကမ်းပေးခဲ့ရုံတင်ပါ... ကျေးဇူးတင်စရာမလိုပါဘူး.... မိတ်ဆွေလေးကို ဘယ်လိုခေါ်ရမလဲ မေးခွင့်ရှိမလား”
“ကျွန်တော့်မိသားစုက ကျန်းကို မျိုးရိုးအဖြစ် သုံးပါတယ်... မယ်တော်က ကျွန်တော့်ကို မြောင်လို့ နာမည်ပေးခဲ့တဲ့အတွက် ကျန်းမြောင်လို့ ခေါ်နိုင်ပါတယ်” သူက ဖြေသည်။ “ကျွန်တော် အစစ်အမှန်နဂါးသိုက်ပေါ်က စာသားတွေကို နားလည်သွားပေမယ့် ကျွန်တော်က ဒုတိယမျိုးဆက်ဖြစ်နေတဲ့အတွက် သွေးသိပ်မသန့်ပါဘူး... အစစ်အမှန်နဂါးမင်းရဲ့ ကျင့်စဉ်အပြည့်အစုံကို ရရှိဖို့ဆို နတ်နဂါးမင်းတစ်ပါးကို ရှင်းပြခိုင်းဖို့ လိုပါလိမ့်မယ်”
ချင်မူ မျက်မှောင်ကြုတ်သွားသည်။ “ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ နတ်ဘုရားဖြစ်လာတဲ့ အစစ်အမှန်နဂါး မရှိဘူး... ငါတို့ နတ်နဂါးမင်းတစ်ပါးကို ဘယ်မှာ ရှာလို့ရမလဲ”
“မဟာမြို့ပျက်မှာတော့ နတ်နဂါးမင်းတစ်ပါး ရှိပါတယ်... ချင်ယွီနောက် လိုက်သွားတုန်းက နတ်နဂါးမင်းရဲ့ ခေါ်သံတွေကို တစ်ချက်တစ်ချက် ကြားခဲ့ဖူးတယ်”
ချင်မူ စိတ်အားတက်သွားပြီး ပြောလိုက်သည်။ “ဒါဆို မဟာမြို့ပျက်ကို သွားကြတာပေါ့”
....
မဟာမြို့ပျက်၊ ပရမတ္တလှေပျက်ကြီးထဲတွင်
ရုတ်တရက် ဟိန်းဟောက်သံကြီးနှင့်အတူ ကောင်းကင်တံတားတစ်စင်း သွယ်တန်းသွားသည်။ ရှင်းအန်း၏မူလဝိညာဉ်က တံတားကို ဖြတ်၍ တစ်ဖက်ကမ်းရှိ ကောင်းကင်နတ်နန်းဆောင်များဆီသို့ တက်လှမ်းသွား၏။
“လွတ်ပြီကွ” ရှင်းအန်းက မူလဝိညာဉ်ကို ပြန်ရုတ်သိမ်းကာ ထရပ်လိုက်သည်။ “အ,အ လာစမ်း၊ မင်း ငါ့ကို နှောင့်ယှက်ပေါင်း များနေပြီ... အခု ငါ ကောင်းကင်တံတားကို ဖြတ်ကျော်ပြီးပြီကွ.... လာရဲ လာကြည့်စမ်း ၊ မင်းကို ငါ သတ်ပစ်မယ်”
“သတ်ပစ်မယ် သတ်ပစ်မယ် သတ်ပစ်မယ်.....” သူ့အသံက ပဲ့တင်ရိုက်ခတ်နေသော်လည်း အ,အကား အစအနပင် ရှာမရအောင် ပျောက်နေသည်။
ရှင်းအန်းမျက်နှာ မည်းမှောင်သွားပြီး ခြေလှမ်းကြဲကြဲများဖြင့် ထွက်လိုက်သည်။ ဤအခိုက်တွင် သူ့ခန္ဓာကိုယ် တုန်ရီသွား၏။ သူ၏သေခြင်းရှင်ခြင်းကောင်းကင်ရတနာထဲ၌ လုလီ၏မိစ္ဆာမျက်လုံးများ ပြန်ပေါ်လာပြီး သူမ၏ထူးဆန်းသောအသံ ထွက်လာသည်။ “မင်း ရှာနေတဲ့လူမှာ မှော်ဆရာနတ်ဘုရားခွေ့ရဲ့ သေခြင်းရှင်ခြင်းစာအုပ် ရှိတယ်”
လုလီ၏မိစ္ဆာမျက်လုံးများ ပျောက်ကွယ်သွားသည်။
ရှင်းအန်းမှာ မှင်သက်စွာဖြင့် ကျောက်ရုပ်ဖြစ်နေ၏။
“မဟာနတ်ဆေးသမားတော်ချင်... မင်းပဲလား” ရှင်းအန်း စိတ်ညစ်သွားပြီး ခံရခက်နေသည်။ “မင်းပဲ ဖြစ်ပြန်ပြီ... ငါ မင်းကို ခဏခဏ ယုံပေးခဲ့ပေမယ့် မင်းက အဲဒီ အ,အထက်တောင် ဆိုးနေသေးတယ်... မင်းပဲတဲ့လား... ဒီတစ်ခေါက် ဘယ်လိုလိမ်ဦးမလဲ ကြည့်ရသေးတာပေါ့”