← Chapters

မဖြစ်နိုင်တဲ့ စစ်ဆင်ရေး

Vol. 8 Ch. 11

မဖြစ်နိုင်တဲ့ စစ်ဆင်ရေး

Vol. 8 Ch. 11

ရေဂင်ထွက်သွားပြီးနောက် လီဆာက မြေပြင်ကနေ ခက်ခက်ခဲခဲထလိုက်တယ်။ သူ့ခေါင်းထဲ မကြည်ဘူး။ မြင်ကွင်းတွေက ချာချာလည်နေပြီး ခြေလှမ်းတွေက ဒယိမ်းဒယိုင်ဖြစ်နေပေမဲ့ စိတ်ကိုအားတင်းပြီး မက်ဒါနာတို့ရှိရာဘက်ကို ပြေးသွားလိုက်တယ်။

“မေမေမက်ဒါနာ၊ မေမေလင်ဒါ။ သမီးတို့နိုင်သွားပြီလား။”

ဖီးနစ်ရဲ့ပုံရိပ်ကိုတွေ့တော့ လီဆာက အဲဒီကိုတည့်တည့်ပြေးသွားခဲ့ပေမဲ့ လမ်းတစ်ဝက်အရောက်မှာပဲ သူ့မျက်နှာပေါ်ကအပြုံး အငွေ့ပျံပျောက်ကွယ်သွားလေရဲ့။

“မေမေလင်ဒါ။” လင်ဒါက ဖီးနစ်စစ်သည်ရဲ့လက်ထဲမှာ ရှိနေပြီးတော့ မျက်လုံးတွေက ဒီအတိုင်းပွင့်နေတယ်။ တစ်စုံတစ်ခုကို အထိတ်တလန့်နဲ့ကြည့်နေခဲ့ပုံပေါ်ပေမဲ့ အခုတော့ ဘာမှမြင်ရတော့ပုံမပေါ်ဘူး။ ဖီးနစ်က လင်ဒါရဲ့မျက်လုံးတွေကို လက်နဲ့အသာအယာပိတ်ပေးလိုက်တယ်။

“ဒီမှာဘာဖြစ်သွားတာလဲ။” လီဆာက လင်ဒါဆီကို ပြေးသွားလိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်တယ်။ အဲဒီနောက် တခြားသူတွေကို ကြည့်လိုက်ပြီး

မေးလိုက်ပေမဲ့ အကုန်လုံးက မဖြေဘဲကြည့်နေကြတယ်။

ပတ်ပြေးနေခဲ့တဲ့ ဆိုဖီယာလည်း အနားရောက်လာပြီဖြစ်ပြီး မြင်ကွင်းကို မယုံနိုင်စွာနဲ့ကြည့်နေတယ်။ ဖလေရာကတော့ သူ့ပါးစပ်ကိုလက်နဲ့အုပ်ထားရင်း ဟန်မဆောင်နိုင်လောက်အောင် ငိုကြွေးနေပါတယ်။

ကြောင်နက်ကတော့ ပုံမှန်အတိုင်းပြန်ဖြစ်နေပြီဖြစ်ပြီး ခါးရိုးကျိုးနေတဲ့ဖရက်ကို သစ်ပင်ပင်စည်ထဲက

ပြန်ဆွဲထုတ်လာတယ်။ လီဆာက တစ်ယောက်တည်းသော တည်တည်ငြိမ်ငြိမ်ရှိနေသူဖြစ်တဲ့ ဖရာလီတာကို ကြည့်လိုက်ပြီး မေးလိုက်ပါပြီ။

“ဖရာလီတာ၊ နင်ငါ့ကို ပြောစမ်းပါ။”

“လင်ဒါက မက်ဒါနာကို ကယ်ဖို့အတွက်နဲ့ ဒီလိုဖြစ်သွားတာပဲ။”

ထပ်ရှင်းပြဖို့ မလိုတော့ဘူး။ လီဆာရဲ့အကြည့်တွေက အရိုင်းဆန်သွားပြီး ဖီးနစ်စစ်သည်တော်ကို လုံးဝ မုန်းတီးနေတဲ့ မျက်လုံးတွေနဲ့ကြည့်လိုက်တယ်။ အဲဒီနောက် သွားကြားထဲကနေ ထွက်လာတဲ့လေသံနဲ့ပြောလိုက်တယ်။

“ရှင့်မှာ ရှင်းပြစရာ အကြောင်းပြချက်ရော ရှိသေးရဲ့လား။”

ဖီးနစ်ကတော့ လီဆာရဲ့စကားတွေကို လစ်လျူရှုထားပြီး ကြောင်နက်ကို မော့ကြည့်ကာ မေးလိုက်တယ်။ “သူ့အပေါ်မှာ ဖီးနစ်သွေးစက်ကို သုံးလို့ရမလား။”

“ကံမကောင်းစွာနဲ့ မင်းက ဖီးနစ်မျိုးဆက်မဟုတ်လို့

ဖီးနစ်တစ်ကောင်ရဲ့သွေးရှိမနေဘူး။ မင်းရဲ့စွမ်းအားကိုတောင် သက်တမ်းနဲ့ပေးဝယ်ပြီး သုံးနေရတာလေ။

ရူးကြောင်ကြောင်လုပ်မနေဘဲ လက်လျှော့လိုက်ပြီးတော့ ဝတ်စုံကိုချွတ်လိုက်တော့။ မဟုတ်ရင် မင်းသက်တမ်းတွေ အလကားဖြစ်ကုန်မယ်။”

ဖီးနစ်က လင်ဒါကို နောက်တစ်ကြိမ်ငုံကြည့်လိုက်ပြန်တယ်။ “ဒါဆို ကူရာမဲ့နေပြီပေါ့။”လို့ ပြောလိုက်တယ်။ ကြောင်နက်ကလည်း “ပြီးတော့ ဖီးနစ်သွေးဆက်ကတောင် သေသွားတဲ့သူတစ်ယောက်ကို ပြန်ပြီးအသက်မသွင်းနိုင်ဘူး။”

လစ်လျူရှုခံနေရတဲ့ လီဆာကတော့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ သူ့မျက်လုံးထဲကနေ မျက်ရည်တွေ အဆက်မပြတ်စီးကျနေပြီး ဖီးနစ်ရဲ့မျက်နှာကို ထိုးချလိုက်တယ်။

ဘုန်း....

ဖီးနစ်စစ်သည်က လက်ဝါးကိုမြှောက်ပြီး တားဆီးလိုက်တဲ့အတွက်ကြောင့် ဘာမှတော့ဖြစ်မသွားဘူး။

ဒါပေမဲ့ မြို့ပျက်ကြီးတစ်ခုလုံး လက်သီးချက်ကြောင့် တုန်ခါသွားတယ်။

“နင့်မှာ အဲဒီစွမ်းအားရှိနေရဲ့နဲ့ ဘာလို့အစောကြီးတည်းက မသုံးတာလည်း ငါ့ကိုရှင်းပြစမ်းပါ။”

ဘုန်း.....

ဖီးနစ်စစ်သည်ကို လီဆာက နောက်တစ်ကြိမ်ထိုးချလိုက်ပြန်တယ်။ ဒါပေမဲ့ ငိုကြွေးနေတဲ့ မျက်နှာဖုံးရဲ့အောက်က လူတစ်ယောက်ရဲ့စိတ်အခြေအနေကို ခန့်မှန်းဖို့က ခက်လွန်းတယ်။ မျက်နှာဖုံးလိုပဲ သူငိုကြွေးနေတာလား၊ ဒါမှမဟုတ် လှောင်ပြောင်ရယ်မောနေတာလား လီဆာမသိနိုင်ဘူး။ လီဆာက နောက်ဆုံးတော့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး တစ်နေရာကိုလှမ်းကြည့်လိုက်တယ်။ ရေဂင်ထွက်သွားခဲ့တဲ့ အရပ်မျက်နှာကိုပါ။

လီဆာက ဖီးနစ်စစ်သည်ကို ထားခဲ့ပြီးတော့ အဲဒီအရပ်ဆီကို ဆက်လျှောက်တယ်။ ဖရာလီတာလည်း

လှမ်းမေးလိုက်တယ်။ “လီဆာ၊ နင်ဘာလုပ်မလို့လဲ။”

“အဲဒီလူယုတ်မာနောက်ကို လိုက်မလို့လေ။” လီဆာက ပြောပြောဆိုဆိုနဲ့ နဂါးတောင်ပံကို ဖြန့်လိုက်ပြီး ပျံသန်းထွက်သွားတယ်။ ဖရာလီတာကတော့ တားမနေတော့ဘူး။ တားနေလည်း ရမှာမဟုတ်သလို သူတို့မှာ အတင်းအကြပ်တားနိုင်တဲ့ စွမ်းအားမျိုးလည်းမရှိပါဘူး။

[End] မက်ဒါနာရဲ့ဝတ်စုံစနစ်ကနေ အသံထွက်လာပြီး ဖီးနစ်စစ်သည်ရဲ့ပုံစံက ပျောက်ကွယ်သွားတယ်။ ဝတ်စုံက ငွေရောင်သေတ္တာတစ်ခုအဖြစ်ကိုပြောင်းလဲသွားပြီးတဲ့နောက် မက်ဒါနာက သွေးအန်ထုတ်လိုက်ရတယ်။

“ဝေါ့....” ဖရာလီတာလည်း မျက်လုံးပြူးသွားတော့တာပေါ့။

“မက်ဒါနာ၊ နင့်ဆံပင်တွေ။” ဖရာလီတာက မက်ဒါနာနဲ့ဆံပင်တွေကို ထိကိုင်လိုက်ရင်းနဲ့ ပြောလိုက်တယ်။ အခုမက်ဒါနာရဲ့ငွေရောင်ဆံပင်တွေက ကျောအထိကို

ရှည်နေပြီးဖြစ်ပြီး မျက်နှာကလည်း ပိုရင့်ကျက်သွားတယ်။ ပြီးတော့ ငွေရောင်ဆံပင်တွေထဲမှာ ဆံစအနီတချို့ ရောနှောနေတယ်။ သူ့ပါးပြင်ကနေတော့ မျက်ရည်တွေစီးကျနေဆဲပါ။

“ထင်ထားတဲ့အတိုင်းပဲ ပေးဆပ်ရတဲ့ပမာဏက မသေးဘူးပဲ။ ဓားနှစ်ချက်အတွက် ဆယ်နှစ်လား။” ကြောင်နက်က စကားကိုဖြတ်ပြီး ဝင်ပြောလိုက်တယ်။ သူက မက်ဒါနာရဲ့ဆံပင်တွေကို ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။ “ပြီးတော့ မင်းငါ့ရဲ့စစ်မေးမှုကို မအောင်ဘူး။ ဆုံးဖြတ်ချက်တစ်ခုချဖို့

လူတစ်ယောက်သေတဲ့အထိ စောင့်နေခဲ့တယ်။ မင်းက ကမ္ဘာကြီးကို ကယ်တင်မယ့် ဟီးရိုးဖြစ်ဖို့မသင့်တော်သေးဘူး။”

အဲဒီနောက်တော့ ကြောင်နက်က ခနဲ့တဲ့တဲ့ရယ်လိုက်ပြီး သတိလစ်နေသေးတဲ့ ဖရက်ကို ကုတ်ကနေဆွဲမကာ ပြောလိုက်ပါတယ်။ “အဲဒီအစား ဒီကောင်လေးကို လေ့ကျင့်ပေးတာမှ ပိုဖြစ်နိုင်ဦးမယ်။”

သူက စကားဆုံးတာနဲ့ နေရာကနေ ထွက်ခွာသွားတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ ကြောင်နက်ရော ဖရက်ကိုရော မတွေ့ရတော့ဘူး။ ဖရာလီတာက မက်ဒါနာကိုကြည့်ပြီး စိုးရိမ်စွာနဲ့ ကြည့်လိုက်ပါတယ်။

“ချစ်ရသူတစ်ယောက်ကို ဆုံးရှုံးသွားရတဲ့အပြင် စောင့်ရှောက်သူနှစ်ယောက်ကပါ နင့်ကိုစွန့်ခွာသွားတာလား။”

ဖရာလီတာက ဒီစကားကိုပြောလိုက်ပေမဲ့ မက်ဒါနာကတော့ အဲဒီစကားတွေကို ကြားတော့ပုံမပေါ်ဘူး။ သူ့မျက်လုံးတွေ မှေးစင်းလာပြီးတဲ့နောက် ရှေ့ကိုငိုက်စိုက်ကျသွားပြီး လုံးဝမေ့မျောသွားတော့တယ်။ ဖရာလီတာက မက်ဒါနာလဲကျမသွားအောင် ဘေးကထိန်းထားရင်းနဲ့ ဆိုဖီယာနဲ့ဖလေရာကို ကြည့်လိုက်တယ်။

“ငါတို့ပြန်ကြတာပေါ့။”

“အင်း။” ဆိုဖီယာလည်း ခေါင်းညိတ်လိုက်ပြီး မက်ဒါနာကို ကုန်းပိုးလိုက်တယ်။ ဖလေရာကတော့ လင်ဒါကို မင်းသမီးတစ်ယောက်လိုမျိုး ပွေ့ချီထားပေမဲ့ လင်ဒါမှာ သိနိုင်စွမ်းမရှိတော့ပါဘူး။ ဖလေရာလည်း

အခုထိငိုကြွေးနေဆဲပါ။

“ငါတို့တွေ အချိန်အကြာကြီး အတူတူတိုက်ခိုက်ခဲ့ကြပေမဲ့ ဒီလိုနေ့မျိုးရှိလာမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။”

အရင်ကလည်း သေလုမျောပါးအခြေအနေတွေနဲ့ သူတို့ရင်ဆိုင်ခဲ့ဖူးတယ်ဆိုပေမဲ့ သူတို့ထဲကတစ်ယောက်

သေသွားရလောက်တဲ့အထိတော့ မဖြစ်ဖူးဘူးလေ။

.....

နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်တော့ ရင်းနှီးနေတဲ့ မျက်နှာကျက်ကို မြင်လိုက်ရပြန်တယ်။ ပြီးတော့

အေမီက သူ့ကိုအပေါ်ကနေ စိုးရိမ်နေတဲ့အကြည့်တွေနဲ့ ငုံကြည့်နေတယ်။

“အာ၊ မမလေး နိုးလာပြီလား။ ကျွန်မ မနက်စာပြင်ထားပါတယ်။”

ဒါပေမဲ့ မက်ဒါနာကတော့ အေမီပြင်ပေးမယ့်မနက်စာကို စိတ်မဝင်စားဘူး။ အဲဒီအစား အိပ်ရာကနေ ထထိုင်လိုက်ပြီး အေမီရဲ့ပခုံးနှစ်ဖက်ကို လက်နဲ့ဆုပ်ကိုင်လို့ မေးလိုက်တယ်။

“ငါ့ကိုပြောစမ်းပါ၊ အဲဒါအိပ်မက်မဟုတ်လား။ ငါဒီအတိုင်း အိပ်ပျော်ပြီးတော့ အိပ်မက်ဆိုးတွေ မက်နေခဲ့တာမဟုတ်လား။”

မက်ဒါနာရဲ့ရုတ်တရက်အပြုအမူကြောင့် အေမီထိတ်လန့်သွားတယ်။ သူဘာပြောရမှန်းမသိဘူး။ နေရောင်အောက်မှာ မက်ဒါနာရဲ့ဆံပင်ဖြူတွေက ပခုံးပေါ်ဖြာကျနေပြီး အခန်းထဲမှာ အလင်းပြန်နေတယ်။

“မ... မမလေး၊ စိတ်ကိုထိန်းပါဦး။”

အေမီရဲ့စိုးရွံနေတဲ့ မျက်လုံးတွေကြောင့် မက်ဒါနာအဖြေသိသွားပြီ။ သက်ပြင်းချလိုက်ပြီးတဲ့နောက်မှာတော့ “တကယ်ဖြစ်ခဲ့တာလား။”

အဲဒီနောက် တိတ်ဆိတ်သွားတယ်။ ဒါပေမဲ့ တစ်ခဏတာပါ။ မက်ဒါနာက တစ်နေရာကို ကြည့်လိုက်ပြီး အိပ်ရာပေါ်ကနေ ချက်ချင်းဆင်းဖို့ကြံတယ်။

“မမလေး၊ မမလေး ဆင်းလို့မရဘူးလေ။” ဒါပေမဲ့ အေမီသတိပေးတာ နောက်ကျသွားပြီ။ အိပ်ရာပေါ်ကနေ တန်းထဖို့ကြိုးစားတဲ့မက်ဒါနာ ကုတင်ပေါ်ကနေ လိမ့်ကျမလိုဖြစ်သွားလို့ အေမီဖမ်းထားလိုက်ရလေရဲ့။

“မမလေးရဲ့ခြေထိန်းတွေ မဝတ်ရသေးဘူးလေ။ ဒုက္ခပါပဲ။” အေမီက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့ခြေထိန်းတွေကို ပြန်ဝတ်ပေးလိုက်တယ်။ ဝတ်ပေးပြီးပြီးချင်းမှာပဲ မက်ဒါနာက ထရပ်လိုက်ပြီး

“လင်ဒါဘယ်မှာလဲ၊ ငါသူ့ကို တွေ့ရမှဖြစ်မယ်။” အေမီလည်း သခင်မလေးကို တားဖို့မဖြစ်နိုင်တဲ့အတွက် သက်ပြင်းသာ ချလိုက်မိတော့တယ်။

...

အခန်းထဲ ဝင်လိုက်တဲ့အချိန်မှာတော့ မက်ဒါနာရဲ့မျက်လုံးတွေက ဖရာလီတာရဲ့ငိုကြွေးရလွန်းလို့ နီရဲနေတဲ့ မျက်လုံးတွေနဲ့ ဆုံမိသွားတယ်။ မက်ဒါနာကို အေမီက အခုထိနောက်ကနေ တွဲပေးထားရတုန်းပဲ။

“ဒါက...” မက်ဒါနာရဲ့မျက်လုံးတွေက ခန်းမှာလယ်မှာရှိနေတဲ့ နည်းပညာမြင့်ဖန်လုံအခေါင်းဆီကိုကြည့်မိသွားတယ်။ အထဲမှာတော့ လင်ဒါရဲ့အိပ်စက်နေသယောင် ခန္ဓာကိုယ်ရှိနေတယ်။

“သခင်မလေး၊ သတိထားပါဦး။” မက်ဒါနာက လဲပြိုကျသွားတော့မလို ဖြစ်သွားပေမဲ့ အေမီက နောက်ကနေ ဝင်ထိန်းပေးလိုက်တယ်။ ဖလေရာလည်း အနားမှာရှိနေပြီး လင်ဒါကိုပဲ အကြာကြီးစိုက်ကြည့်နေတာပါ။ သူက မက်ဒါနာကို ကျောခိုင်းထားရင်းကနေ ပြောလိုက်တယ်။

“သူသေပြီလို့ နင့်ပါးစပ်ကနေ မဟစမ်းနဲ့ မက်ဒါနာ။

ငါတို့တွေ နာကျင်နေရပေမဲ့ လုံးလုံးမျှော်လင့်ချက် မရှိတော့တာတော့မဟုတ်ဘူး။”

ဖလေရာရဲ့စကားကြောင့် မက်ဒါနာက မျက်ရည်မကျမိအောင် အားတင်းထားလိုက်ပြီး သက်ပြင်းချတယ်။ နောက်တော့ လင်ဒါကိုကြည့်လိုက်ပြီး ခေါင်းကိုညိတ်လိုက်ပါပြီ။

“အေး၊ ငါလည်း ဘာလုပ်ရမလဲ သိပြီထင်တာပဲ။”

...

အတန်းထဲမှာတော့...

အီဗန်က သူတို့အခန်းထဲမှာရှိနေတဲ့ လွတ်နေတဲ့ ခုံတစ်ခုံကို ကြည့်ပြီးသက်ပြင်းချလိုက်တယ်။ အဲဒီ တက်ကြွနေတဲ့ ကောင်မလေးကို သူမတွေ့ရတာကြာပြီ။ နေမကောင်းလို့ ခွင့်ယူပြီးပျောက်သွားတာ ငါးရက်လောက်ကြာပြီမလို့ လွမ်းမိတာအမှန်ပဲ။ အီဗန်က ကျောင်းခန်းထဲမှာတောင် ဓားလက်ကိုင်ပေါ်ကို

လက်တင်ထားတဲ့ လီနာကိုကြည့်ပြီး မေးလိုက်ပါတယ်။

“နင်တို့နှစ်ယောက်က ကျောင်းအဆောင်မှာ အတူတူနေတာမဟုတ်လား။ လီဆာ ဘာလို့ကျောင်းမလာတာလဲသိလား။”

လီနာက အီဗန်ရဲ့စကားကိုကြားတော့ မျက်နှာသေနဲ့

လှည့်ကြည့်လိုက်ပြီး အခုလိုပြောလိုက်လေရဲ့။ “မစ္စတာအီဗန်၊ နင့်မှာ ကောင်မလေးရှိပြီးသားမဟုတ်လား။”

“အင်းလေ။”

“ရှင့်အတွက် လီဆာကို တကူးတကစိတ်ပူပေးဖို့ အကြောင်းပြချက်ရှိလို့လား။”

“မရှိဘူး၊ ဒါပေမဲ့...”

“ရှင့်အနေနဲ့ လီဆာကို တစ်ခုခုကြံဖို့ကြိုးစားနေတာဆိုရင်တော့ အခုကတည်းက ရပ်လိုက်ဖို့ သတိပေးပါရစေ။” လီနာက ဓားကို ဓားအိမ်ထဲက နှစ်လက်မထုတ်ပြပြီး အီဗန်ကို ခြောက်လိုက်တဲ့အတွက် အီဗန်ကျောချမ်းသွားတယ်။ သူက တံထွေးမျိုချလိုက်ပြီး

မျက်နှာချိုသွေးတဲ့လေသံနဲ့ ပြောလိုက်လေရဲ့။

“လီနာ၊ ငါက သူဘယ်သွားလဲဆိုတာ သူငယ်ချင်းတစ်ယောက်အနေနဲ့ သိချင်ရုံပါ။”

အီဗန်ရဲ့စကားကိုကြားတော့ လီနာက မယုံသေးတဲ့ပုံနဲ့ အီဗန့်မျက်နှာကို သေသေချာချာကြည့်ပြီးတော့မှ ခေါင်းညိတ်ပြီးပြောပြတယ်။

“မသိဘူး၊ ငါနောက်ဆုံးသိရတာက မက္ကဆီကိုကို သူ့အမေတွေနဲ့ လိုက်သွားတယ်ဆိုတာပဲ။ နောက်တော့ ပြန်မလာတော့ဘူး။”

သူတို့စကားပြောနေတုန်းမှာပဲ ဆရာအာသာအခန်းထဲဝင်လာတဲ့အတွက် စကားစပြတ်သွားကြတယ်။ ကျောင်းသားတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မေးခွန်းထုတ်နေကြပြီ။ အခုက ဆရာအာသာဝင်ရမယ့်အချိန်မဟုတ်ဘူးလေ။

“အားလုံးပဲ၊ ဒီနေ့အတွက် စာရိတ္တအတန်းချိန်ကို ဆရာအစားဝင်ပါမယ်။ ဆရာဖရက်က တခြားလုပ်စရာရှိလို့ စာလာမသင်အားပါဘူး။”

အီဗန်က ခေါင်းကုတ်လိုက်ပြီး “ဘာတွေဖြစ်နေတာပါလိမ့်၊ ဆရာကျီးကန်းလည်း ကျောင်းမလာတာ တစ်ပတ်လောက်ရှိပြီထင်တယ်။ ငါတို့ကျောင်းမှာ ဘာလို့ပျက်ကွက်တဲ့သူတွေ များနေရတာလဲ။”

....

စမ်းသပ်ခန်းထဲမှာတော့ မက်ဒါနာနဲ့ကျန်နေသေးတဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဆိုဖီယာ၊ ဖလေရာ၊ ဖရာလီတာတို့က တစ်ဝိုင်းတည်းမှာထိုင်ပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြတယ်။

“ဒီကိစ္စက စကားအဖြစ်ပြောရမှာတောင် ရူးမိုက်တယ်ဆိုပေမဲ့ ငါတို့တွေ လော့ဟက်မာတင်ဌာနချုပ်ကို ဖောက်ဝင်ကြည့်သင့်လား။” မက်ဒါနာက ပြောလိုက်တော့ ဖရာလီတာက နဖူးပေါ်လက်တင်ရင်းနဲ့ ခေါင်းခါလိုက်မိတယ်။

“အရင်အင်အားနဲ့ဆိုရင်တော့ အောင်မြင်ဖို့ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့အခုက လီဆာဟိုကောင်နောက်

လိုက်သွားပြီး ဖရက်နဲ့ကြောင်နက်လည်း ဘယ်ရောက်နေမှန်းမသိဘူးလေ။ ငါတို့တွေချည်းပဲဆိုရင်

နင့်ကိုပဲအားကိုးရမှာ။ ပြီးတော့ အဲဒီမှာပိုးကောင် ဗိုလ်ချုပ်သုံးကောင်နဲ့ဘာရွန်ရှိနေတာ မဟုတ်လား။

နင်ပိုးကောင်ဗိုလ်ချုပ်တွေကို လွယ်လွယ်နဲ့သတ်နိုင်ရင်တောင် ဘာရွန်ကို နိုင်မှာမလို့လား။”

ဖရာလီတာရဲ့စကားကြောင့် မက်ဒါနာငြိမ်ကျသွားတယ်။ ဘာရွန်က သာမန်ပိုးကောင်ဗိုလ်ချုပ်တွေထက် အဆများစွာပိုအစွမ်းထက်တယ်။ အခုထိ ဘာရွန်ထွက်လာပြီး လူသားနိုင်ငံတွေကို မဖျက်ဆီးတာ ဥစာကီရဲ့ပေါ်လစီကြောင့်ပါ။

“ဒါပေမဲ့ ငါတို့တွေမှာ တခြားရွေးစရာမရှိတော့ဘူးလေ။ လင်ဒါကိုကယ်ချင်ရင် ယာမီကိုလိုမယ်မဟုတ်လား။”

အကြိမ်ကြိမ်စဥ်းစားပြီးတဲ့နောက် လင်ဒါအတွက် မျှော်လင့်ချက်က ယာမီပဲရှိတော့မှန်း သူတို့သိလိုက်ရပြီ။ ဇွန်ဘီမလေးဆီကနေ သတင်းတွေရထားပြီးတဲ့နောက် လော့ဟက်မာတင်က ရန်သူ့ဌာနချုပ်မှန်း သူတို့သိနေပြီ။ ဒါပေမဲ့ အဲဒီနေရာက သောက်ရမ်းလုံခြုံလွန်းအားကြီးနေပြီး သူတို့အင်အားနဲ့ ဝင်ဖြိုဖို့မဖြစ်နိုင်တာပဲ။

“ပြီးတော့ ကလေးတွေရဲ့ပြိုင်ပွဲလဲ နီးလာပြီမဟုတ်လား။ သူတို့ကို အားစိုက်လေ့ကျင့်ပေးဖို့ လိုသေးတယ်။” မက်ဒါနာက ပြောလိုက်တယ်။ ဖရာလီတာက လက်ညိုးထောင်ပြပြီး

“ငါတို့တွေပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီး သူတို့ကိုတွေခွင့်ရမှ ယာမီကိုပြန်လွှတ်ခိုင်းရင်ရော။”

“ယာမီလို အစွမ်းထက်တည်ရှိမှုကို အလွယ်တကူလွှတ်ပေးမှာမလို့လား။” ဖလေရာက ပြောလိုက်တယ်။ သူတို့အကုန်လုံး အကြံအိုက်ကုန်ကြပြီး ခေါင်းငိုက်စိုက်ကျကုန်တယ်။

အတော်ကြာခါမှ မက်ဒါနာ လက်ဖျောက်တီးလိုက်ပြီး စားပွဲခုံကနေ ထရပ်လိုက်တယ်။ “နေဦးလေ၊ ငါတို့တွေချည်းပဲ ရှိတာမှမဟုတ်တာ။ ဟိုလိုလီကွန်းလိပ်၊ အဲလေ... ဖရန့်ရှိနေသေးတာပဲမဟုတ်လား။ ငါတို့ ဓားနတ်ဆိုးကိုလည်း လှမ်းခေါ်လို့ရမယ်။”

ဖရန့်က စောင့်ရှောက်သူလေးယောက်ထဲမှာ မေ့ဖို့အတော်လွယ်တဲ့သူလို့ ပြောရမှာပဲ။ မက်ဒါနာမပြောခင်အထိကို သူတို့အကုန်လုံး ရှိလို့ရှိမှန်း မေ့နေကြတာ။ ဓားနတ်ဆိုးကတော့ သိပ်အများကြီးအစွမ်းမထက်ပေမဲ့ ကူမယ့်သူမရှိတာထက်စာရင်တော့ အများကြီးပိုကောင်းတယ်။

“ဒီလိုဆိုရင် ပိုးကောင်ဗိုလ်ချုပ်တွေကို ယှဥ်တိုက်ဖို့

ငါတို့မှာ မက်ဒါနာ၊ ဆိုဖီယာနဲ့ ဖရန့်ဆိုပြီး သုံးယောက်ဖြစ်သွားလိမ့်မယ်။” ဖလေရာက ကောက်ချက်ချတယ်။ ဒါပေမဲ့ မက်ဒါနာကို ကြည့်လိုက်ပြီးတော့

“ဒါပေမဲ့ ဘာရွန်နဲ့တွေ့ရင်တော့ နင်တို့အကုန်သေသွားနိုင်တယ်နော်။”

မက်ဒါနာက ဒီစကားကိုကြားတော့ ပခုံးတွန့်ပြလိုက်ပြီး “တခြားရွေးစရာရှိလို့လား၊ ပြီးတော့....” သူ့ခါးက

ဘုရင်အာသာရဲ့ဓားရိုးကို ဆုပ်ကိုင်ထားလိုက်တယ်။

“ဒီတစ်ခါတော့ ငါ့ရဲ့ဖီးနစ်ကိုသုံးဖို့ တုန့်ဆိုင်းနေတော့မှာမဟုတ်ဘူး။ ငါ့သက်တမ်းနောက်ဆယ်နှစ်ကို ပေးရမယ်ဆိုရင်တောင် တန်ပါတယ်လေ။”

မက်ဒါနာကို ကြည့်ပြီးတော့ ဖရာလီတာလည်း ခေါင်းညိတ်ပြလိုက်တယ်။ “ကြည့်ရတာ ငါလည်း ဝတ်စုံကို ထပ်ပြီးအဆင့်မြှင့်ကြည့်သင့်ပြီထင်တယ်။”

ကျန်တဲ့သူတွေလည်း ခေါင်းညိတ်လိုက်ကြတယ်။

....

“မင်းတို့ဒီလိုဆုံးဖြတ်ချက်ချလိမ့်မယ်လို့ ထင်တော့ထင်သားပဲ။ ဒီအတိုင်းဆိုရင်တော့....”

စမ်းသပ်ခန်းပြင်ပမှာတော့ သဘာဝတရားကြီးနဲ့ လုံးဝတစ်သားတည်းကျနေတဲ့ အရိပ်တစ်ခုရှိနေတယ်။ အဲဒီအရိပ်တည်ရှိနေတာကို မက်ဒါနာတို့လို စွမ်းအားကြီးတဲ့သူတွေတောင် သတိမထားမိကြဘူး။

အရိပ်က ပြတင်းပေါက်တစ်ဖက်က အဖြစ်အပျက်တွေကို ချောင်းကြည့်ပြီးတဲ့နောက် သစ်ပင်ပေါ်ကနေ

ခုန်ဆင်းလိုက်တယ်။ အဲဒီနောက် ကျောင်းဝင်းထဲကနေ ခပ်မြန်မြန်ပဲ ထွက်သွားလိုက်တယ်။

All Chapters