မှန်ထဲက ချင်မူ
Vol. 41 Ch. 565
ချင်မူမှာ နဂါးလေးကျန်းမြောင်နှင့်အတူ စွမ်းအင်အကူးအပြောင်းတံတားမှ ဖြတ်သန်းပြီး ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်သည်နှင့် ကြက်သေသေသွား၏။
မဟာမြို့ပျက်၏ စွမ်းအင်အကူးအပြောင်းတံတားက မဟာမြို့ပျက်၏အလယ်တည့်တည့်တွင် တည်ရှိနေသည်။ တံတားကို လက်ခံနေသည့် ယဇ်ပလ္လင်ကြီး၏ ဘေးတစ်ဖက်တစ်ချက်စီ၌မူ ကျောက်ခင်းလမ်းမကြီးနှစ်လမ်း ဖြောင့်ဖြူးစွာ သွယ်တန်းနေ၏။ ရှေးဟောင်းကျောင်းဆောင်များ၊ ဘုရားကျောင်းများနှင့် မြို့ပျက်များက နယ်စပ်နဂါးမြို့ထက်ပင် နှစ်ဆကြီးမားသော မြို့ကြီးတစ်မြို့ပမာ စုဝေးနေကြသည်။ လူများ ဝင်ချည်၊ထွက်ချည်ဖြင့် တစ်နေရာလုံး စည်ကားသိုက်ဝန်းလျက် ရှိချေသည်။
အမှောင်ထုအား တွန်းထုတ်ရန် ဤကျောင်းဆောင်များနှင့် မြို့ပျက်များကိုလည်း မဟာမြို့ပျက်၏တစ်နေရာမှ ရွှေ့ထားကြသည်။ အမွှေးတိုင်များ တလူလူဖြင့် ပူဇော်ကိုးကွယ်ခံထားရသည့် ကျောက်ရုပ်တုများလည်း တွေ့မြင်ရသည်။
ရွာလေးများသည် ဤမြို့တွင် လာရောက်အခြေချကြပြီး နိစ္စဓူဝ ရုန်းကန်နေစရာမလိုတော့ပေ။ ရွာသူရွာသားများက အလယ်ကမ္ဘာမြေနှင့် အနောက်ကမ္ဘာမြေကို ကူးသန်းဆက်သွယ်ပေးကြသည့် ကုန်သည်များ ဖြစ်လာကြသည်။
နန်းတွင်းကောလိပ် သို့မဟုတ် မဟာတက္ကသိုလ်ကြီးလေးခုကဲ့သို့ အထွတ်အမြတ်မြေ မရှိသည့်တိုင် အခြေခံစာသင်ကျောင်းတစ်ကျောင်းနှင့် ကောလိပ်ကျောင်းတစ်ကျောင်းအား ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ သင်ယူလေ့လာနိုင်ရန် တည်ထောင်ထား၏။
မြို့အပြင်တွင်လည်း အနီးနားရှိ ဆန်းကြယ်သားရဲများ အမှောင်ထုရန်မှ ပုန်းခိုရန် မြို့ပျက်ကြီးများ ရှိနေသည်။ ဤသည်မှာ အလွန်အမြော်အမြင်ရှိသော အတွေးဖြစ်၏။
ဤမြို့တွင် အဆောက်အဦအဟောင်းများ၊ အသစ်များအား လိုက်ဖက်ညီစွာ နေရာချထားသည်။ ချင်မူ အကြမ်းဖျင်းသာ ကြည့်ရသေးသော်လည်း မြို့ကို နေရာချခဲ့သည့်လူမှာ အတွေးအခေါ်မြင့်မားသူတစ်ယောက် ဖြစ်ကြောင်း ပြောနိုင်သွားသည်။ ထိုလူ၏ အနုပညာအမြင်ကလည်း အလွန်အဆင့်မြင့်လိမ့်မည်။
‘သစ်ပင်အိုကြီးကနေ အကိုင်းအခက်အသစ်တွေ ဖြာထွက်လာသလို အသစ်နဲ့အဟောင်းကြား အနုပညာဆန်ဆန် ကွဲပြားနေတယ်... မဆိုးဘူး... ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ ပုံပျက်ဆင်းပျက် အဆောက်အဦတွေကို မြင်ခဲ့ရလို့လားမသိဘူး... မဟာမြို့ပျက်ကို ပြန်ရောက်မှပဲ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်သွားသလို ခံစားရတော့တယ်...’
သေတ္တာကြီးက စွမ်းအင်အကူးအပြောင်းတံတားမှ ပြေးထွက်လာသဖြင့် ချင်မူ ခေါင်းယမ်းလိုက်မိသည်။ သေတ္တာကြီးက သူ့ကို အပျောက်မခံပေ။ နဂါးချီလင်နှင့် ဟူလင်းအာ လေ့ကျင့်ရေးဆင်းရန် ထွက်သွားကတည်းက သူ့နောက် တကောက်ကောက် လိုက်နေခဲ့၏။
“ဂိုဏ်းသခင်၊ ကျွန်တော် နတ်နဂါးမင်းရဲ့ ခေါ်သံကို ခံစားရပြန်ပြီ” ကျန်းမြောင်က ပတ်ဝန်းကျင်ကို ကြည့်ကာ ပြောသည်။ “ကျွန်တော့်နောက် လိုက်ခဲ့”
သူက ခန္ဓာကိုယ်ကို လှုပ်ခါ၍ နဂါးလေးတစ်ကောင်အသွင်ဖြင့် မြို့ထဲမှ ပျံထွက်သွားသည်။ ချင်မူလည်း သေတ္တာကြီးနှင့်အတူ မဟာမြို့ပျက်၏ အတွင်းပိုင်းထဲသို့ ပြေးလိုက်သွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံသည် အနောက်ကမ္ဘာမြေနှင့် အလယ်ကမ္ဘာမြေကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးနှစ်လမ်းအား ဆောက်လုပ်ပြီးစီးခဲ့သော်လည်း မဟာမြို့ပျက်တွင် လူသူအရောက်အပေါက်နည်းသော နယ်မြေများ ရှိနေသေး၏။ ထိုနေရာအားလုံးက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။
ချင်မူ ကျန်းမြောက်နောက်သို့ လိုက်ရင်း မဟာမြို့ပျက်၏အနက်ပိုင်းထဲ ရောက်လာသည်။ သူတို့က တောင်တန်းမြစ်ပြင်များကို ခုန်ပျံကျော်လွှားပြီး ရှေးဟောင်းမြို့ပျက်များကြားမှ ဖြတ်ပြေးသွားကြသည်။ ညရောက်သည့်အခါ ချင်မူက ကျန်းမြောင်ကို သေတ္တာပေါ်၌ လှဲစေပြီး သူကိုယ်တိုင်ကမူ အမှောင်ထဲ၌ လမ်းလျှောက်သွား၏။ သေတ္တာကြီးက သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာသည်။
အမှောင်ထုထဲရှိ မဟာမြို့ပျက်သည် နေအလင်းရောင်အောက်ရှိ မဟာမြို့ပျက်နှင့် တခြားစီဖြစ်၏။ ချင်မူ လမ်းလျှောက်နေစဉ် အရိပ်သဖွယ် ဖြစ်နေသော ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် ရွေ့လျားနေသည့် မိစ္ဆာနတ်ဆိုးများကို မြင်နေရသည်။
မိစ္ဆာနတ်ဆိုးတို့က တစ်ချက်တစ်ချက် သစ်ပင်ပေါ်တက်လိုက်၊ တစ်ချက်တစ်ချက် ပြေးလိုက်ဖြင့် သူတို့နှင့်အတူ ရွေ့လျားနေကြသည်။ တစ်ချက်တစ်ချက် ကျောက်တုံးများအနောက်မှ ပုန်း၍ သူတို့ကို ချောင်းကြည့်နေတတ်၏။ အနားတော့ ကပ်မလာရဲကြပေ။
‘ဒီမိစ္ဆာနတ်ဆိုးတွေက ထိုက်ဧကရာဇ်ကောင်းကင်ဘုံရဲ့ မိစ္ဆာနတ်ဆိုးတွေ မဟုတ်ဘူး.... မဟာမြို့ပျက်ထဲမှာ ရှိနေတဲ့ အမှောင်ဘုံတွေက ထိုက်ဧကရာဇ်ကောင်းကင်ဘုံတစ်ခုတည်း မကဘူးထင်တယ်’
ချင်မူ အံ့အားသင့်နေမိသည်။ အစက မဟာမြို့ပျက်၏ အမှောင်ထုထဲရှိ မိစ္ဆာနတ်ဆိုးများက ထိုက်ဧကရာဇ်ကောင်းကင်ဘုံ၏ မိစ္ဆာနတ်ဆိုးများဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုအခြေအနေအရ ပတ်ဝန်းကျင်ရှိ မိစ္ဆာနတ်ဆိုးများမှာ ထိုက်ဧကရာဇ်ကောင်းကင်ဘုံနှင့် မပတ်သက်ပုံပင်။
အဘယ်ကြောင့်ဆိုသော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားများဘက်မှ ကြည့်လျှင် အမှောင်ထဲရှိ မဟာမြို့ပျက်မှာ ဝိုးတိုးဝါးတား အရိပ်များသာ ဖြစ်၏။ ထိုစဉ်တုန်းက စန်းဟွာသည် ချင်မူ့ကို အရိပ်ကောင်လေးအဖြစ်သာ မြင်ခဲ့ရ၏။ အချိန်စေ့သည့်အခါ သူက အနက်ရောင်သဲမှုန်များသဖွယ် ပျံ့လွင့်သွားခဲ့လေသည်။
ချင်မူဘက်မှလည်း ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားများအား ထိုအတိုင်းသာ မြင်ခဲ့ရသည်။ ကမ္ဘာခြားနေသည့်အတွက် တစ်ယောက်ကိုတစ်ယောက် မထိနိုင်ခဲ့သလို၊ စကားလည်း မပြောနိုင်ခဲ့ပေ။
သို့သော် မဟာမြို့ပျက်၏ အမှောင်ထဲရှိ မကောင်းဆိုးဝါးမိစ္ဆာများကတော့ မတူ... မဟာမြို့ပျက်၏ အမှောင်ထုထဲတွင် အမှန်တကယ် တည်ရှိနေခြင်းဖြစ်၏။
‘မဟာမြို့ပျက်မှာ လျှို့ဝှက်ချက်တွေ များလွန်းတယ်...’
ချင်မူ သက်ပြင်းချနေစဉ် ကျန်းမြောင်က သူ့ကို လမ်းညွှန်နေသည်။ သူတို့ ရှေ့ဆက်လျှောက်လာခဲ့ကြသည်။
နှစ်ရက်ကြာ၍ မဟာမြို့ပျက်၏ အနောက်မြောက်ဘက်သို့ ရောက်လာသည့်အခါ နေလုံးကြီးသည် ထုံးစံအတိုင်း အရှေ့အရပ်မှ ထွက်လာ၏။ ချင်မူက ပတ်ဝန်းကျင်ကို ကြည့်ကာ ပြုံးလိုက်သည်။ “ဒီနေရာက ပရမတ္တလှေကနေ သိပ်မဝေးဘူး... ငါ တစ်ခါတုန်းက လသင်္ဘောကို ဒီကနေ ဖြတ်မောင်းလာဖူးတယ်... ကြည့် ... ဒါက လသင်္ဘောရဲ့ ခြေရာပဲ”
ဧရာမခြေရာကြီးမှာ ကန်လေးတစ်ကန် ဖြစ်လာခဲ့ပြီး ဆန်းကြယ်ငါးတချို့ပင် ကူးခတ်သွားလာနေကြသည်။
“နတ်နဂါးမင်းရဲ့ ခေါ်သံက ဒီနားပတ်ဝန်းကျင်မှာပဲ”
ကျန်းမြောင်က ကောင်းကင်ယံသို့ ပျံတက်၍ ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် အနောက်အရပ်သို့ ဦးတည်သွားသည်။
ချင်မူလည်း အလျင်အမြန် ပြေးလိုက်သွားပြီး တောင်ကြားလမ်းတစ်လမ်းဆီသို့ ရောက်လာသည်။ ရုတ်တရက် အရာအားလုံး တိတ်ဆိတ်သွား၏။ အသံတစ်သံမှ မကြားရတော့ပေ။ ချင်မူ မျက်မှောင်ကြုတ်၍ ပတ်ဝန်းကျင်အား ကြည့်လိုက်မိသည်။ နတ်နဂါးမင်း၏ခေါ်သံအတိုင်း တောင်ကြားလမ်းထဲ ဝင်တော့မည့် ကျန်းမြောင်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ “စိတ်ငြိမ်ငြိမ်ထား စိတ်မလှုပ်ရှားနဲ့”
ကျန်းမြောင်မှာ သူ ဆိုလိုသည်ကို နားမလည်ပေ။
ချင်မူ ပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီး သူ့အကြည့်က လသင်္ဘော၏ခြေရာများအပေါ် ကျရောက်သွားသည်။ “ဒါက ပရမတ္တလှေ ပိတ်လှောင်ခံထားရတဲ့ နေရာပဲ... ပရမတ္တလှေဆိုတာ စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်တွေ ဆောက်ခဲ့တဲ့ လှေ.... သူတို့က ခိုင်ဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားတွေနဲ့ သူတို့လူတွေကို ခေါ်ပြီး ရွှင်ပျော်ပျော်ကျေးရွာဆီ သွားချင်ခဲ့ကြပေမယ့် ပြင်းထန်တဲ့ အားလှိုင်းကြောင့် ဒီနေရာပေါ် လှေပျက်ကျခဲ့တယ်... နတ်နဂါးမင်းရဲ့ ခေါ်သံက အစစ်မဟုတ်လောက်ဘူး.... ဒီနေရာမှာ သားရဲတစ်ကောင်တောင် ရှိမနေသင့်ဘူး...”
သူ လသင်္ဘောဖြင့် ဤနေရာအား ဖြတ်ကျော်လာခဲ့တုန်းက ပရမတ္တလှေကို ပိတ်လှောင်ထားသော နေရာဟင်းလင်းပြင်ထဲ ဝင်သွားခဲ့သည်။
ယခု သူတို့ ရပ်နေသော နေရာမှစ၍ လသင်္ဘော၏ ခြေရာများ ပျောက်ကွယ်သွား၏။
ထိုစဉ်တုန်းက မကောင်းဆိုးဝါးများနှင့် မိစ္ဆာနတ်ဘုရားများအား သူ ရင်ဆိုင်ခဲ့ရသည်။ သူတို့က လသင်္ဘောကို အသည်းအသန် ဝိုင်းအုံတိုက်ခိုက်ခဲ့ကြပြီး အတော်များများ သေဆုံးခဲ့ကြသည်။
သို့သော် သူ ဤနေရာသို့ ပြန်ရောက်လာသောအခါ အရိုးလေးတစ်ချောင်းပင် မမြင်ရပေ။
လသင်္ဘော၏ ခြေရာရေအိုင်များအရှေ့တွင် သဲဝါဝါများက မြေပြင်ကို ဖုံးလွှမ်းနေသည်။ သို့သော် ကျောက်ခဲတစ်ခဲပင် မရှိနေပေ။ လက်သည်းခွံအရွယ် ကျောက်ခဲလေးပင် ရှိမနေ။
တောင်ကမ်းပါးနံရံနှစ်ဖက်အပေါ်၌ ဧရာမစာလုံးကြီးများ ရေးထွင်းထားသော်လည်း လူသားဘာသာစကားဖြင့် ရေးထားခြင်းမဟုတ်ပေ။ စာလုံးများက လေးထောင့်ကျကျ ရှိပြီး ရှုပ်ထွေးသော သင်္ကေတအမှတ်အသားများ ဖြစ်ဟန်တူ၏။
ချင်မူက တောင်ကြားလမ်းထဲ မဝင်ဘဲ အပြင်၌ ရပ်ကာ တောင်နံရံပေါ်ရှိ သင်္ကေတအမှတ်အသားများကို လေ့လာလိုက်သည်။ “ဒါက ချိတ်ပိတ်ဖို့ သုံးတဲ့ နတ်ဘုရားစာလုံးမျိုးပဲ”
သူ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို ထုတ်လွှတ်လိုက်သည့်အခါ တောင်ကြားလမ်းပေါ်ရှိ သဲများ ထလာသည်။ သူက သဲဘီလူးတစ်ကောင် ဖွဲ့တည်ရန် ကြိုးစားကြည့်၏။ သို့သော် သဲများ ပြန်ကျသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
‘မဖြစ်နိုင်ဘူး.... ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်က သက်ရှိသတ္တဝါတိုင်းကို ဝိညာဉ်သွင်းပေးနိုင်တယ်... ဘာကြောင့် ဒီက သဲတွေကို ဝိညာဉ်မသွင်းပေးနိုင်တာလဲ’
ချင်မူ ဆောင့်ကြောင့်ထိုင်၍ သဲဝါဝါများကို လက်တစ်ဆုပ် ကောက်ယူလိုက်သည့်အခါ သဲများကို ခက်ခက်ခဲခဲ မြှောက်လိုက်ရ၏။
ကျန်းမြောင်လည်း ဇဝေဇဝါ ဖြစ်သွားပြီး လက်တစ်ဆုပ် ခပ်ယူကြည့်သည်။ အဝါရောင်သဲတစ်ပွင့်ချင်းစီကား တောင်တစ်လုံးတမျှ လေးလံနေလေသည်။
ချင်မူ လက်ချောင်းများ ဖြန့်ချလိုက်သည့်အခါ သဲမှုန်များ စီးကျသွားသည်။ ၎င်းတို့ မြေကြီးနှင့် ထိလိုက်သည့်အချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီးများ မြည်ဟည်းလာသည်။
“ဒါ သဲမဟုတ်ဘူး ဝိညာဉ်လက်နက်တွေပဲ”
ချင်မူ့လက်ဝါးထက်၌ သဲတစ်မှုန် ကျန်ခဲ့၏။ သူ ချီစွမ်းအင်နှင့် မှုတ်လိုက်ရာတွင် သဲမှုန်က တမုဟုတ်ချင်း ပျံတက်သွားပြီး စကြာကဲ့သို့ လည်ကာ ဆယ့်နှစ်ကိုက်ကျော် ကျယ်ဝန်းသည့် သဲမုန်တိုင်းအဖြစ် ပြောင်းလဲသွားသည်။ သဲမုန်တိုင်းမှ လေကိုခွင်းလျက် တိုက်ခိုက်နေသောအသံမှာ နားကန်းလုအောင် ကျယ်လောင်လှသည်။
ချင်မူ မှုတ်ထုတ်လိုက်သည့် ချီစွမ်းအင် ကုန်ခမ်းသွားသည့်အချိန်၌ သဲမှုန်က ကျုံ့သွားပြီး မြေပြင်ပေါ် ပြန်ကျလာသည်။
ကျန်းမြောင်မှာ အလန့်တကြား ထခုန်မိပြီး တောင်ကြားထဲရှိ အဝါရောင်သဲများကို ကြည့်လိုက်မိသည်။
သဲမှုန်များကား မရေမတွက်နိုင်အောင် များပြားလွန်း၏။ သဲတစ်မှုန်စီသည် ချင်မူ မှုတ်ထုတ်လိုက်သော သဲမှုန်တမျှ ကြီးမားလျှင် အလေးချိန်က မည်မျှထိတ်လန့်ဖွယ်ကောင်းမည်နည်း။
“တောင်ကမ်းပါး နံရံနှစ်ဖက်ပေါ်က နတ်ဘုရားစာလုံးတွေက သဲစွမ်းအားကို ထိန်းချုပ်ထားတဲ့ အတားအဆီးအစီအရင်တွေပဲ.... ငါတို့ အထဲဝင်လိုက်တာနဲ့ အတားအဆီးအစီအရင်တွေနဲ့ ဝင်္ကပါ အသက်ဝင်လာလိမ့်မယ်”
ချင်မူ ကောင်းကင်မျက်လုံးများဖွင့်၍ ကောင်းကင်ယံသို့ ကြည့်လိုက်သည်။ သူ လေတစ်ချက် မှုတ်ထုတ်လိုက်သည့်အခါ မြူခိုးတိမ်တိုက်များ ကောင်းကင်အား လွှမ်းခြုံသွားသည်။ မိုးပေါက်များ တဖြည်းဖြည်း ရွာကျလာ၏။
သို့သော် မိုးပေါက်များကား လမ်းပေါ် ကျမလာဘဲ မမြင်ရသော အတားအဆီးတစ်ခု၏ ကာဆီးခံထားရသည်။ မိုးရေတိုးမပေါက်သွားသော နေရာလပ်များမှာ ကုဗတုံးများအသွင် ရှိနေသည်။
“ဒီက အတားအဆီးအစီအရင်တွေက ပရမတ္တလှေကို ပိတ်လှောင်ထားတဲ့ အတားအဆီးအစီအရင်တွေနဲ့ အတူတူပဲ... ကောင်းကင်ကနေ ဝင်လို့မရဘူး”
ချင်မူက အပေါ် ပျံတက်ပြီး တောင်ကြားလမ်း၏ အတွင်းထဲသို့ ကြည့်ကာ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ လမ်းက ဆယ်မိုင်ကျော် ရှည်လျားသော်လည်း အဝေး၌ ပျောက်ကွယ်သွားရာ တိတိကျကျ ပြတ်ကျနေသည့်အလား ထင်ရသည်။
‘လမ်းရဲ့ နောက်ပိုင်းကို ဖုံးထားတာပဲ’ ချင်မူ စိတ်ထဲထင့်လာသည်။ “ဘိုးဘိုးမျက်ကန်းသာ ရှိရင် ဒီဝင်္ကပါကို ဖြေနိုင်လောက်တယ်.... ဒါပေမဲ့ ငါ့အစွမ်းအစနဲ့ဆို ဒီနတ်ဘုရားအဆင့် ဝင်္ကပါကို ရင်ဆိုင်ဖို့ ခက်လိမ့်မယ်... အန္တရာယ်များလွန်းတယ်။ ကျန်းမြောင်၊ ပြန်ကြစို့... ငါတို့ အထဲဝင်လို့မရဘူး”
ကျန်းမြောင် စိတ်ပျက်လက်မှိုင်ကျသွားသည်။ သို့သော် သူ့အစွမ်းအစက ချင်မူ့အောက် များစွာနိမ့်ကျ၏။ ချင်မူပင် မဝင်နိုင်လျှင် သူလည်း မည်သို့မျှမတတ်နိုင်ပေ။
နောက်တခဏတွင် ချင်မူ မှင်သက်သွား၏။ လသင်္ဘော ခြေရာရေကန်၏ အရှေ့ဟင်းလင်းပြင် ကွဲထွက်သွားပြီး တံခါးတစ်ချပ် ပေါ်လာသည်ကို မြင်လိုက်ရသည်။
အသေးစိတ်မကြည့်လျှင် ပြောင်းလဲမှုများကို မြင်ရမည်မဟုတ်ပေ။ ကောင်းကင်က ပုံမှန်အတိုင်း ရှိနေသေးသော်လည်း မြေကြီးမှာ တသိမ့်သိမ့် တုန်ခါနေသည်။ ရုတ်တရက် မြေပြင်များ ဘွားခနဲ ပေါ်လာ၍ သူတို့အားလုံး တံခါးဆီမှ ကွာဝေးသွား၏။ တခဏအတွင်း ချင်မူတို့နှင့် တံခါးကား မိုင်တစ်ရာ ကွာဝေးသွားချေပြီ။
ထိုအချိန်တွင် ရင်းနှီးနေသော လူတစ်ယောက် တံခါးအပြင်ထွက်လာသည်ကို ချင်မူ မြင်လိုက်ရသည်။
ထိုလူ့ကို မြင်လိုက်လျှင်ချင်း ချင်မူမှာ ကျန်းမြောင်နှင့် သေတ္တာကြီးကို ခေါ်ပြီး ထွက်ပြေးရန် လှည့်လိုက်သည်။ သို့သော် ကောင်းကင်နှင့်မြေပြင်က ပြန်ထပ်သွားပြီး သူတို့ကို တံခါးဆီသို့ ပြန်ဆွဲခေါ်လိုက်၏။
“မဟာနတ်ဂိုဏ်းသခင်ချင်” ရင်းနှီးနေသောလူက ရင်းနှီးနေသောအသံဖြင့် ပြောလိုက်သည်။ သူ့အသံတွင် အံ့ဩဝမ်းသာမှုတို့ စွက်ဖက်နေ၏။ “ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါလား... မင်းက နဂါးတစ်ကောင်နဲ့ ငါ့သေတ္တာကြီးပါ ခေါ်လာတာပဲ... လှည့်မလာနဲ့ ၊ ငါ့ကို ကျောပေးထား”
အနောက်ရှိ လူဆီမှ လာနေသော သတ်ဖြတ်လိုစိတ်ကို ချင်မူ ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ “နောင်ကြီးရှင်းအန်း ကျောက်စိမ်းလည်ဆွဲရဲ့ ဇစ်မြစ်ကို ရှာတွေ့သွားပြီမလား... ကျွန်တော် မလိမ်ခဲ့ပါဘူးနော်”
“မင်း ငါ့ကို မလိမ်ခဲ့ပါဘူး... ကျောက်စိမ်းလည်ဆွဲနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ငါ တကယ် ရှာတွေ့ခဲ့ပါတယ်...” ရှင်းအန်းက လုလီပေးခဲ့သည့် မှန်ကို ထုတ်လိုက်သည်။ သူက ချင်မူ့အား ကျောခိုင်းရင်း မှန်ကို မြှောက်ကာ မှင်သေသေ ပြောလိုက်၏။ “မင်းက မလိမ်ခဲ့ပေမယ့် ငါ့ကို အဲဒီနေရာဆီ တမင်တကာ ပို့ပေးခဲ့တယ်လေ.... ဟိုသောက်ကျိုးမပေးတဲ့ အ,အကြောင့်လည်း ငါ နှစ်ဝက်လောက် ပိတ်မိသွားတယ်... ငါသာ နတ်ဘုရားဖြစ်မလာခဲ့ရင် ဘယ်လောက်ထိ ပိတ်မိနေမလဲ ဘယ်သူ သိနိုင်မလဲ... သေခြင်းရှင်ခြင်းစာအုပ်က မင့်လက်ထဲမှာ မဟုတ်လား”
ချင်မူမှာ သူ့အရှိန်အဝါကြောင့် တောင့်တင်းနေသော်လည်း ရင်တဒိန်းဒိန်း ခုန်နေသည်။ သူက ဟန်မပျက် ပြောလိုက်၏။ “သေခြင်းရှင်ခြင်းစာအုပ်ကို လူငယ်တစ်ယောက် လုသွားတယ်... ကျွန်တော် ဝန်ခံရမှာတော့ ရှက်ပါတယ်.... ဒါပေမဲ့ ကျွန်တော် အဲဒီလူကို မယှဉ်နိုင်ခဲ့ဘူး.... သူက အတင်းအဓမ္မ ယူသွားတာ”
ရှင်းအန်း၏အကြည့်က မှန်ပေါ် ကျရောက်သွားသည်။ ချင်မူ့ပုံရိပ်က ပုံမှန်အတိုင်းသာ ရှိနေသော်လည်း နောက်တခဏတွင် မှန်ထဲရှိ ပုံရိပ်က တဖြည်းဖြည်း ခေါင်းလှည့်လာ၏။
ဒေါသကြောင့် ရှင်းအန်း၏မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ထိုစဉ် မှန်ထဲရှိ လူငယ်၏ရုပ်သွင်က ပြောင်းလဲသွားပြီး သူ့နဖူးပေါ်တွင် မိစ္ဆာစရိုက် လွန်ကဲပြီး ဖျက်စီးပစ်လိုသော ဆန္ဒတို့ ပြည့်နှက်နေသည့် မိစ္ဆာနတ်ဆိုးမျက်လုံးတစ်လုံး ပေါ်လာ၏။ ဤမိစ္ဆာမျက်လုံးက ရှင်းအန်း၏ဝိညာဉ်ကို ဖြစ်ညစ်ရင်း ဖြည်းညင်းစွာ ပွင့်လာနေသည်။
ရှင်းအန်း၏လက်များ တုန်ရီလာပြီး မှန်မှာလည်း ခွမ်းခနဲ ကွဲသွား၏။
ရှင်းအန်း အလျင်အမြန် နောက်လှည့်ကြည့်လိုက်သော်လည်း ချင်မူက သူ့ကို ကျောပေးလျက်သာ ရှိသေးသည်။ ခေါင်းလှည့်မလာခဲ့ပေ။ သို့သော် မှန်ထဲရှိ ချင်မူက သိသိသာသာ ခေါင်းလှည့်ကြည့်ခဲ့သည်။
ရှင်းအန်း ထိတ်လန့်နေသဖြင့် သူ့အရှိန်အဝါ အားနည်းသွား၏။ ချင်မူက ဤအခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ သေတ္တာကြီးနှင့် နဂါးလေးကို ခေါ်၍ တောင်ကြားလမ်းထဲ ပြေးဝင်သွားတော့သည်။