← Chapters

ဆရာတူအစ်ကိုကြီး ဖမ်းထားသော နဂါး

Vol. 41 Ch. 567

ဆရာတူအစ်ကိုကြီး ဖမ်းထားသော နဂါး

Vol. 41 Ch. 567

နတ်နဂါးမင်း မှင်သက်သွားပြီး သူငယ်အိမ်များ ကျုံ့ကာ ချင်မူ့ကို စိုက်ကြည့်နေသည်။

နတ်နဂါးမင်း၏ မျက်လုံးများက ကြီးမားလှသည်။ ချင်မူ သူ့မျက်နှာအနား တိုးကပ်၍ မျက်ခွံအောက်တွင် ရပ်လိုက်ပြီး လက်နှစ်ဖက်လုံး ဆန့်လိုက်လျှင်ပင် မျက်ခွံအား လှမ်းထိနိုင်မည်မဟုတ်ပေ။

သာမန်လူတစ်ယောက်ဆိုပါက ဧရာမနဂါးမျက်လုံးကြီးနှစ်လုံးဖြင့် စိုက်ကြည့်ခံနေရသည့်အတွက် အနေရခက်နေလိမ့်မည်။ အဖျားတက်နေသကဲ့သို့ တခိုက်ခိုက် တုန်လာပြီး ကြောက်ရွံ့လာကြလိမ့်မည်။

သို့သော် ချင်မူကမူ မည်သို့မျှ ခံစားရဟန်မရှိဘဲ အေးအေးဆေးဆေး လမ်းလျှောက်နေသည်။ သူက နန်းဆောင်အတွင်းရှိ အပြင်အဆင်များကို လိုက်ကြည့်ရင်း ပန်းချီများဖြစ်ကြောင်း သတိထားမိသွား၏။ ပန်းချီအများစုမှာ ဖျက်စီးခံထားရချေသည်။

နဂါးတို့သည် အောင်မြင်မှုများအား ထုတ်ဖော်ကြွားဝါရသည်ကို နှစ်သက်၏။ သူတို့၏ကောင်းမှုများကို ပန်းချီများအဖြစ် ရေးခြယ်ကာ နန်းဆောင်များတွင် အလှဆင်တတ်ကြပြီး တခမ်းတနား အရသာခံတတ်ကြသည်။ ထိုကဲ့သို့ အလှဆင်ထားသော နန်းဆောင်ထဲတွင် စံမြန်းရသည်က သူတို့အတွက် စိတ်ပျော်ရွှင်ချမ်းမြေ့စရာ ဖြစ်သည်။

ယခုနန်းဆောင်ထဲတွင် ပျက်စီးနေသော နံရံ‌ဆေးရေးပန်းချီများကို အသာထား၊ ရတနာများပင် ပြောင်ရှင်းနေသည်။ အမွှေးနံ့သာအိုးများ၊ ခန်းဆီးလိုက်ကာများ၊ ကျောက်စိမ်းထိုင်ခုံ၊ လက်ဖက်ရည်အိုး၊ စာအုပ်၊ ပန်းချီ၊ စစ်တုရင်ခုံ၊ ဗျပ်စောင်းအားလုံး နေရာတွင် မတွေ့ရတော့ပေ။ အလင်းပုလဲများ တစ်ခါက ရှိခဲ့ဖူးသော အပေါက်များကိုပင် ချင်မူ မြင်ရသည်။ ထို့အပြင် ကြမ်းပြင်မှ ကြမ်းခင်းကြွေပြားများလည်း အခွာခံထားရ၏။ သူ ရပ်နေသော နေရာမှကြည့်လျှင် ထိုပစ္စည်းအားလုံး နန်းဆောင်၏ အလယ်၌ တည်ရှိခဲ့လိမ့်မည်။ ပိုင်ရှင်၏ ကြွယ်ဝချမ်းသာမှုနှင့် အဆင့်အတန်းကို ကိုယ်စားပြုနေသည့် လှပခံ့ညားသော အဆင်အပြင် ဖြစ်ခဲ့လိမ့်မည်။

ယခုတွင်မူ အကုန်လုံး မ,သွား ခံခဲ့ရာ ကျောက်တုံးများသာ ကျန်တော့၏။ ကြည့်ရသည်မှာ အလွန်ရင်နာစရာ ကောင်းပေသည်။ သို့သော် ကျောက်တုံးများတွင် သင်္ကေတအမှတ်အသားတချို့ ရေးထိုးထားသည်။ ချင်မူ အသေးစိတ် ကြည့်လိုက်သော်လည်း သွားမထိပေ။

“ဒါဆို ငါ့ကို လှည့်စားခဲ့တဲ့ တစ်ယောက်က မင်းရဲ့ ဂိုဏ်းသခင်ပေါ့” နတ်နဂါးမင်းက ဒေါသထွက်နေသော အသံဖြင့် မေးလိုက်သည်။

“ကျွန်တော့်ဂိုဏ်းသခင် မဟုတ်ပါဘူး... သူက ကျွန်တော့်ရဲ့ ဆရာတူအစ်ကိုကြီးပါ”

ချင်မူ ပတ်ဝန်းကျင်အား နှံ့နှံ့စပ်စပ် လိုက်ကြည့်ရင်း တည်ထောင်သူဂိုဏ်းသခင် အမှုမဲ့အမှတ်မဲ့ ကျန်ခဲ့သော ရတနာတစ်ခုစ၊ နှစ်ခုစ ရှိလိုရှိငြား ရှာနေသည်။ သို့သော် တစ်နေရာလုံး ပြောင်ရှင်းနေသည့်အတွက် သူ့မှာ ကူကယ်ရာမဲ့လာတော့၏။ သူ၏ဆရာတူအစ်ကိုကြီးသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ရေချိုးချေးချွတ်ဆိုင်တစ်ဆိုင် ဖွင့်ပါက ဝက်ဝက်ကွဲ အောင်မြင်လိမ့်မည်။

နန်းဆောင်မှာ တည်ထောင်သူဂိုဏ်းသခင်ကိုယ်တိုင် ချေးချွတ်ဆေးကြောထားသကဲ့သို့ ပြောင်တလင်းခါနေသည့်အပြင် ယူဆောင်သွားနိုင်သော အဖိုးတန်သည့်အရာတစ်ခုမှပင် မကျန်ခဲ့ပေ။

ကျန်ခဲ့သည့်အရာဆို၍ တည်ထောင်သူဂိုဏ်းသခင်၏ ဆယ်မိုင်သဲဝါဒယ်အိုးနှင့် နန်းဆောင်သာ ရှိသည်။ ထိုနှစ်ခုကလည်း နတ်နဂါးမင်းကို ချုပ်ပေးထားသော ရတနာနှစ်မျိုး ဖြစ်သောကြောင့် ယူ၍မရနိုင်။

“ကျွန်တော် ဆယ်မိုင်သဲဝါလမ်းမှာ ကြယ်သဲမှုန်မိစ္ဆာမျက်လုံးတွေ မြင်ခဲ့ရတယ်... အဲဒီကြယ်သဲမှုန်တွေရဲ့ ဖွဲ့စည်းပုံ၊ ဓာတ်သတ္တိနဲ့ ကြယ်အလင်းရောင်တွေအကြား ချိတ်ဆက်မှုတွေ၊ နေရာအစီအစဉ်တွေက ... ကျွန်တော့်ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာရဲ့ ကောင်းကင်နတ်သိုင်းအစီအစဉ်တွေပဲ”

ချင်မူ နေ့ဝက်ကြာ လိုက်ရှာနေသော်လည်း ရတနာအစလေးတစ်စပင် မတွေ့ရပေ။ ထိုအချိန်မှ သူက နတ်နဂါးမင်းဆီ ပြန်ကြည့်ကာ ဆက်ပြောသည်။ “အဲဒါကို‌ မြင်လိုက်တာနဲ့ သဘောပေါက်သွားတယ်... ဆယ်မိုင် ကြယ်သဲမှုန် ကပ်‌ဘေးဝင်္ကပါက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲမှာ နစ်မြုပ်နေတာပဲ... သဘောပေါက်သွားတာနဲ့ ဝင်္ကပါက အစစ်အမှန်နတ်ဘုရားတစ်ပါးကို သတ်နိုင်တဲ့ ဝင်္ကပါပဲ ဖြစ်နေပါစေ.... ကျွန်တော့်အတွက်တော့ အတော်လေး ရိုးရှင်းသွားတယ်... အဲဒါကြောင့် အသက်ရှင်ရက် ထွက်လာနိုင်ခဲ့တာပဲ”

ချင်မူက သံကြိုးများဖြင့် တုပ်နှောင်ခံထားရသော နတ်နဂါးမင်းကို နှစ်ပတ် ပတ်ရင်း ပြောနေသည်။ “ဒါပေမဲ့ အဲဒီဝင်္ကပါက ဆရာတူအစ်ကိုကြီး ချန်ခဲ့တာ ဟုတ်ရဲ့လား မပြောနိုင်သေးဘူး... ကြယ်သဲမှုန် ကပ်ဘေးဝင်္ကပါ‌ကနေ ထွက်လာတော့ တောင်နံရံပေါ်က နတ်ဘုရားအမှတ်အသားတွေနဲ့ သံကြိုးတွေပေါ်က မိစ္ဆာအမှတ်အသားတွေကို သွားကြည့်လိုက်တယ်”

ကျန်းမြောင်ကလည်း သူ့နောက်မှ လိုက်ကာ နတ်နဂါးမင်းအား နှစ်ပတ် ပတ်နေ၏။ နတ်နဂါးမင်းက စဉ်းစားကြည့်ကာ ပြောလိုက်သည်။ “မင်း အခု ပြောနေတဲ့ စကားတွေက ငါ့ကို ပြောနေတာလား ... မင်းဘာသာမင်း ပြောနေတာလား”

“အစ်ကိုကြီး ချန်ထားခဲ့တဲ့ နတ်ဘုရားနဲ့ မိစ္ဆာစာသားတွေထဲမှာ စာတစ်ကြောင်း တွေ့ခဲ့ရတယ်... ကျွန်တော်က အစ်ကိုကြီးရဲ့ စိတ်အခြေအနေအဆင့်ကို ပြောနေတာပါ”

ချင်မူက လှည့်လာပြီး နတ်နဂါးမင်း၏ အရှေ့တွင် ရပ်ကာ ရှင်းပြသည်။ “ကျွန်‌တော့်အစ်ကိုကြီးက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်ပါ.... သူ့စိတ်အခြေအနေအဆင့်က သိပ်မြင့်မားနေပြီ... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ ဆောင်ပုဒ်တစ်ခု ရှိတယ်... သူတော်စင်တန်ခိုးရှင်တစ်ယောက် ဖြစ်လာရန် ထာဝရရှင်သန်ခြင်းသုံးမျိုး ဖြည့်ဆည်းရမည်တဲ့.. အဲဒါတွေက ဂိုဏ်းထူထောင်ခြင်း၊ ကောင်းမှုကုသိုလ် ဆောက်တည်ခြင်းနဲ့ ဉာဏ်အလင်းပြနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေ ချန်ရစ်ခြင်းပဲ

“အစ်ကိုကြီးက ဂိုဏ်းထူထောင်ပြီးသလို ဉာဏ်အလင်းပြနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေလည်း ချန်ရစ်ခဲ့ပြီးပြီ... ဒါပေမဲ့ ကောင်းမှုကုသိုလ် မ‌ဆောက်တည်ရသေးလို့ တန်ခိုးရှင်သစ်ခုတ်သမားလို သူတော်စင်တန်ခိုးရှင် ဖြစ်မလာခဲ့ဘူး... ဒါပေမဲ့ ကျန်တဲ့ဂိုဏ်းသခင်တွေက သုံးမျိုးမှာ နှစ်မျိုးတောင် မဖြည့်ဆည်းနိုင်ခဲ့ဘူး .... ဒီတော့ နတ်နဂါးမင်းကို ဖမ်းချုပ်ခဲ့တာက အစ်ကိုကြီးပဲ ဖြစ်နိုင်တယ်... ကျန်တဲ့ဂိုဏ်းသခင်တွေအနေနဲ့ လုပ်နိုင်မှာမဟုတ်ဘူး”

ကျန်းမြောင်လည်း ရပ်လိုက်ပြီး သူ့ကို ဇဝေဇဝါ ကြည့်သည်။ “ဒါဆို ဂိုဏ်းသခင်ရဲ့ ဆရာတူအစ်ကိုကြီးက နတ်နဂါးမင်းကို ဘာလို့ ဖမ်းချုပ်ချင်ခဲ့တာလဲ”

“အဲဒါကတော့ နတ်နဂါးမင်းကို မေးရလိမ့်မယ်”

ချင်မူက ဧရာမနဂါးကြီးအား မော့ကြည့်လိုက်သည်။ သံကြိုးများဖြင့် ချုပ်နှောင်ခံထားရ၍ ကောင်းကင်နတ်သိုင်းများအားလုံး ကန့်သတ်ပိတ်ပင်ခံထားရသည့်တိုင် သူ၏ကိုယ်လုံးကြီးကြောင့် သူတို့နှစ်ယောက် မော့ကြည့်နေရသေးသည်။

တင့်တယ်လှပသော နဂါးနှုတ်ခမ်းမွှေးများက သူတို့ဘေးတွင် ပျံဝဲနေသည်။ ဤကဲ့သို့ ကြီးမြတ်ခံ့ညားသော နဂါးကြီးတွင် အကျင့်စရိုက်ဆိုးများ ကိန်းဝပ်နေမည်ဟု ထင်ရက်စရာ မရှိပေ။

ချင်မူ ခေါင်းမော့ကာ မေးလိုက်သည်။ “အစ်ကိုကြီးက သူတော်စင်တန်ခိုးရှင်ဖြစ်လာအောင် ကောင်းမှုကုသိုလ် ဆောက်တည်ဖို့ ခင်ဗျားကို ဒီမှာ ချုပ်ထားခဲ့တယ်... ခင်ဗျား ဘယ်လိုမကောင်းမှုတွေ လုပ်ခဲ့လို့ ဖမ်းချုပ်ခဲ့တာ ဖြစ်မလဲ... ကျေးဇူးပြုပြီး ရှင်းပြပေးပါ”

နတ်နဂါးမင်းက သူ့ကို အေးစက်စက် ကြည့်ပြီးနောက် ချွန်မြနေသော သွားများ ပေါ်သည်အထိ ပြုံးလိုက်သည်။ “တော်လိုက်တဲ့ ကလေး.... ဘာလို့ သေချင်နေတာလဲ... သိပ်ထက်မြက်လွန်းနေရင်လည်း မသိချင်ယောင်‌ဆောင်ရကောင်းမှန်း မသိဘူးလား.... တစ်ခါတလေ အမှန်တရားကို မျက်ကွယ်ပြုပြီး တုံးအ,သလိုနေမှ အသက်ရှည်တယ်တဲ့”

ကျန်းမြောင် တုန်လှုပ်သွားပြီး မော့ကြည့်လိုက်မိသည်။ “ဒါဆို နတ်နဂါးမင်း ကျွန်တော့်ကို ခေါ်နေတဲ့ ရည်ရွယ်ချက်က ဘာလဲ”

နတ်နဂါးမင်းက ခန္ဓာကိုယ်ကို ရစ်ခွေ၍ ခေါင်းနိမ့်လိုက်ကာ ကျန်းမြောင်ကို ကြည့်သည်။ လှုပ်ရှားမှုကြောင့် သံကြိုးများ တဂျောင်းဂျောင်း မြည်ဟည်းသွား၏။ သူ၏နှုတ်ခမ်းမွှေးရှည်ရှည်များသည် ချင်မူနှင့် ကျန်းမြောင်ကို ထိလုမတတ် ဖြစ်နေသော်လည်း သံကြိုးများကြောင့် မထိနိုင်ပေ။

ချင်မူသည် ကျန်းမြောင်နှင့်အတူ နတ်နဂါးကို ပတ်လျှောက်နေတုန်းက သံကြိုးများ၏အရှည်ကို တွက်ချက်ခဲ့၏။ သူ၏တွက်ချက်မှုက တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်အောင် တိကျလေသည်။ သူတို့ရပ်နေသည်မှာ နဂါးကြီး တိုက်ခိုက်နိုင်သော ဧရိယာ၏ အပြင်နားလေးတွင် ဖြစ်သည်။

နတ်နဂါးမင်း စကားပြောလိုက်သည့်အခါ သူ၏ ပါးစပ်မှ ထွက်လာသော လေက သူတို့မျက်နှာပေါ်ရှိ အရေပြားများအား တွန့်ခေါက်သွားစေသည်။ “ငါ့ကို ကယ်ခိုင်းဖို့ ခေါ်လိုက်တာပေါ့ မာန်ဟုန်မြစ်နဂါးမင်းရဲ့ သားတော်လေး”

ကျန်းမြောင် မှင်သက်သွားမိသည်။ “ကျွန်တော့်ကို သိတယ်လား”

“သိတာပေါ့”

နတ်နဂါးမင်းက ခွေထားသော ကိုယ်ကို ဆန့်ရန် ကြိုးစားလိုက်သော်လည်း သံကြိုးများကြောင့် ကောင်းကောင်းမဆန့်နိုင်ပေ။ နန်းဆောင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားသည်။

“မင်းက ငါ့ရဲ့ တူတော်ပဲ... မင်း မွေးကင်းစတုန်းကဆို ငါ မင်းကို ချီတောင် ချီခဲ့ဖူးတယ်... ငါ့ကိုယ်ပေါ် သေးပေါက်ချခဲ့လို့ မင်းဂွေးလေးကိုတောင် လက်နဲ့တောက်ခဲ့သေးတယ်”

ကျန်းမြောင် မျက်နှာနီရဲသွားပြီး ဗျာများနေသော အမူအရာဖြင့် ချင်မူ့ကို လှည့်ကြည့်သည်။ “ဂိုဏ်းသခင်၊ ဒီအကြောင်း ဘယ်သူမှ မပြောပါနဲ့နော်...” သူက ခပ်တိုးတိုး ပြောလေ၏။

ချင်မူက သူ့အား ပြုံးပြလိုက်သည်။ “ဆန်းတာမှတ်လို့ကွာ... ငါ ငယ်ငယ်တုန်းကလည်း ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးထော့ကျိုး ငါ့ဂွေး တောက်ခဲ့ဖူးတယ်... လူကြီးတွေက ချစ်လို့ စတာပါ မထူးဆန်းဘူး... ပြီးတော့ မင်း အသိဉာဏ် မနိုးထခင်တုန်းကဆို ငါ အိပ်နေတုန်း ငါ့မျက်နှာတစ်ခုလုံး တံတွေးတွေ ပေကျံနေအောင် လျက်ခဲ့သေးတယ်”

ကျန်းမြောင်၏မျက်နှာမှာ ခရမ်းချဉ်သီးသဖွယ် နီရဲသွား၏။ သူက ခပ်တိုးတိုး ကပ်ပြောသည်။ “ဒီအကြောင်း ထပ်မပြောလို့ မရဘူးလားဟင်”

“ဟုတ်သား... မင်း ငါ့ကို ပထမဆုံး တွေ့တုန်းကဆို ငါ့ကိုယ်ပေါ် ခုန်တက်ပြီး ငါ့မျက်နှာကို ပွတ်သပ်ခဲ့သေးတယ်... ငါ့နားရွက်ပေါ်မှာ အမြီးလေးချိတ်ရင်း မာဟာမာဟာနဲ့ အော်နေတာလေ....”

ကျန်းမြောင်မှာ တွင်းတူး၍သာ ပုန်းပစ်လိုက်ချင်တော့သည်။ သူက ရှက်နေသောအသံဖြင့် ပြောလာ၏။ “ဂိုဏ်းသခင်၊ ဒီအကြောင်း ဘယ်တော့မှ ထပ်မပြောလို့ ရမလား”

ချင်မူ တဟားဟား အော်ရယ်လိုက်မိသည်။ “မင်း နောင်တစ်ချိန်မှာ နာမည်ကြီးလာပြီး ခေတ်တစ်ခေတ်ရဲ့ နတ်နဂါးမင်းတစ်ပါး ဖြစ်လာရင် ငါ မင်းရဲ့ သားမြေတီတွတ်တွေကို ဒီအကြောင်း ပြောပြရမယ်... တွေးကြည့်တော့မှ ညီလေးချင်ယွီက မင်းပြန်လာတာကို စောင့်နေတုန်းမလား... ငါတို့ပြန်ရောက်ရင် သူ့ကို ဘယ်လိုမျက်နှာချင်းဆိုင်မှာလဲ... သူ့ကိုယ်ပေါ် တွယ်ကပ်နေဦးမှာလား”

ကျန်းမြောင် မှင်သက်သွား၏။

နတ်နဂါးမင်းက ဒေါသထွက်သွားပြီး မေးသည်။ “မင်းတို့ကောင်တွေ စကားပြောလို့ ပြီးပြီလား”

ချင်မူ နောက်တစ်လှမ်း ဆုတ်၍ ပြုံးလျက် ပြောလိုက်သည်။ “ဦးရီးတော် ဒေါသထွက်နေပြီ ... အရေးကြီးတဲ့ကိစ္စကို အရင်ပြောကြတာပေါ့... ဒါပေမဲ့ ဒီကိစ္စက မင်းတို့မိသားစုကိစ္စဆိုတော့ ငါ ဘေးကနေပဲ နားထောင်နေပါ့မယ်”

ဒေါသကြောင့် နတ်နဂါးမင်း၏ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ တခဏကြာသော် သူက စိတ်ပြန်ထိန်းပြီး အလေးအနက် ပြော၏။ “ကျန်းမြောင်၊ မင်းနဲ့ပါလာတဲ့ ကောင်က လူဆိုးတစ်ယောက်ရဲ့ ညီပဲ... သူက လူကောင်းမဟုတ်ဘူး .. သူနဲ့ ဝေးဝေးနေ... မင်းက ငါ့တူ‌တော်၊ ငါက မင်းရဲ့ ဦးရီးတော်ဆိုတော့ မင်းအနေနဲ့ ငါ လွတ်မြောက်အောင် ကူညီသင့်တယ်”

ကျန်းမြောင် ချီတုံချတုံ ဖြစ်သွားသည်။ သူက ဆုံးဖြတ်ရခက်နေသော အမူအရာဖြင့် ချင်မူ့အား လှည့်ကြည့်သည်။

“မင်းက ငါ့ခေါ်သံကို ကြားနိုင်တယ်ဆိုတော့ ငါတို့သွေးနီးမှန်း မင်း သိသင့်ပါတယ်.... ငါ့ကို မယုံဘူးလား... လက်ဝါးမြှောက်လိုက်... ငါတို့ လက်ဝါးချင်းထိရင် ငါတို့ဘယ်လောက် သွေးနီးလဲ မင်း သိလိမ့်မယ်” နတ်နဂါးမင်းက နူးညံ့ပျော့ပျောင်းသောအသံဖြင့် ပြော၏။

ကျန်းမြောင် လက်ဝါးမြှောက်လိုက်သည့်အခါ နတ်နဂါးမင်းကလည်း စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် လက်ဝါးကြီးအား မြှောက်လိုက်သည်။ သူတို့လက်ဝါးချင်း ထိသွားသည်နှင့် ချင်မူ ကျန်းမြောင်၏ လက်ဝါးပေါ်၌ ရေးဆွဲခဲ့သော သင်္ကေတအမှတ်အသားကား လင်းထိန်တောက်ပလာတော့သည်။

သင်္ကေတအမှတ်အသားက သံကြိုးများပေါ်၌ တိမ်မြုပ်နေသော မိစ္ဆာသင်္ကေတများကို အသက်သွင်းပေးလိုက်၍ တမုဟုတ်ချင်း လင်းလက်လာသည်။ မိစ္ဆာနတ်ဆိုးမီးက နတ်နဂါးမင်း၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး သူ့အား အတွင်းထဲမှ လောင်မြှိုက်လိုက်သည်။ နတ်နဂါးမင်းမှာ တစ်ကိုယ်လုံး လူးလွန့်နေပြီး သူ၏အော်သံများကြောင့် နန်းဆောင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါနေ၏။

ကျန်းမြောင် အလျင်အမြန် လက်ပြန်ရုတ်ကာ ချင်မူ့ဆီသို့ လှမ်းကြည့်လိုက်မိသည်။

လူငယ်လေးက ပြုံးလျက် လျှောက်လာသည်။ “ကျန်းမြောင်၊ မင်းအမေက မာန်ဟုန်မြစ်နဂါးမင်းပဲ... သူက မင်းကို ကာကွယ်ပေးရင် သေခဲ့ရတာ... မဟာမြို့ပျက်ရဲ့ အရှေ့ပင်လယ်မှာ နဂါးဘုရင်ကျောင်းဆောင်တွေ အများကြီးရှိတယ်... ဘာကြောင့်လဲ သိလား... အဲဒီနဂါးဘုရင်တွေက အခြေအနေကြောင့် သူတို့ကိုယ်သူတို့ ကျောက်ရုပ်ပြောင်းလိုက်ဖို့က လွဲပြီး ရွေးချယ်စရာမရှိခဲ့လို့ပဲ

“လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက.... ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်ပြီး ကပ်ဆိုးကြီး ကျရောက်လာသည့်အချိန်မှာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရား၊ မိစ္ဆာအားလုံး ရွှင်ပျော်ပျော်ကျေးရွာဆီ သွားရင်သွား၊ မသွားရင် ကျောက်ရုပ်ပြောင်းလိုက်ဖို့ ရွေးချယ်ခဲ့ကြတယ်.... ဒီတော့ မင့်ဦးရီးတော်က သူ့ကိုယ်သူ ဘာကြောင့် ကျောက်ရုပ်မပြောင်းခဲ့တာလဲ... ဘာကြောင့် ရွှင်ပျော်ပျော်ကျေးရွာဆီ မသွားခဲ့တာလဲ... ထူးဆန်းတယ် မထင်ဘူးလား”

ကျန်းမြောင်မှာ ငိုင်တွေသွားသည်။

ချင်မူက ဆက်ပြော၏။ “ဒီနေရာမှာ ရွှင်ပျော်ပျော်ကျေးရွာဆီ သွားနေတဲ့ ပရမတ္တလှေ ချုံခိုတိုက်ခိုက်ခံခဲ့ရတယ်... ရန်သူတွေက ဝိုင်းတိုက်ခဲ့ပြီး လှေကို ဒီမှာ ပိတ်လှောင်ခဲ့ကြတယ်... ဒါပေမဲ့ ပရမတ္တလှေထဲမှာ စက်မှုလက်မှုနတ်ဘုရားမျိုးဆက်တွေ ကျန်ခဲ့သေးတယ်... သူတို့ အတားအဆီးအစီအရင်ကို ချိုးဖျက်ပြီး အပြင်ထွက်မလာနိုင်အောင် ရန်သူတွေအနေနဲ့ အဆင့်မြင့်သိုင်းသမားတစ်ဦးကို အစောင့်အဖြစ်ထားခဲ့ဖို့ လိုခဲ့တယ်.. အဲဒီအစောင့်က မင်းရဲ့ ဦးရီးတော် မဖြစ်နိုင်ဘူးလား”

ကျန်းမြောင် နတ်နဂါးမင်းအား ကြည့်လိုက်မိသည်။ သတ္တဝါကြီးက အမူအရာအနည်းငယ် ပြောင်းလဲသွားပြီး အေးစက်စွာ ပြော၏။ “မင်းက ဦးရီးတော်ကို မယုံဘဲ သူစိမ်းတစ်ယောက်ကို ယုံနေတာလား”

ချင်မူ ရှေ့သို့ လျှောက်သွားကာ နတ်နဂါးမင်းကို မော့ကြည့်၏။ “ကျန်းမြောင်၊ ငါ မင်းကို ဟိုးအရင်တုန်းက မာန်ဟုန်မြစ်နဂါးမင်းကျောင်းဆောင်မှာ မြင်ခဲ့ဖူးတယ်... မင်းအမေရဲ့ ဝိညာဉ်က မင်းကို လှည့်ပတ်ရင်း နဂါးဘာသာစကားနဲ့ ဝမ်းနည်းကြေကွဲစရာ သီချင်းတစ်ပုဒ် ဆိုနေခဲ့တယ်... မင်းကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေခဲတုံးထဲမှာပေါ့... အဲဒီအချိန်တုန်းက မင်းရင်ဘတ်ထဲ စိုက်ဝင်နေတဲ့ ဓားကျိုးတစ်လက် ရှိခဲ့တယ်... ဓားကျိုးက မင့်နှလုံးသားကို ထိုးဖောက်ခဲ့လို့ မင်းအမေက သူ့အသက်နဲ့ မင်းကို ကာကွယ်ပေးနေခဲ့တာ... တစ်နေ့ မင်းကို အသက်ပြန်သွင်းပေးနိုင်မယ့် လူတစ်ယောက် ပေါ်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့”

ကျန်းမြောင် မျက်ရည်များ ကျလာသည်။ သူ အသက်ပြန်ရှင်လာပြီးနောက် ချင်ယွီနှင့်အတူ မာန်ဟုန်မြစ်နဂါးမင်းနန်းတော်သို့ သွားခဲ့ပြီး သူ့အမေ၏ အရိုးစုကို မြင်ခဲ့ရ၏။

“မင်းအမေ ၊ မာန်ဟုန်မြစ်နဂါးမင်းက အင်မတန် သန်မာအားကောင်းတယ်... ဒါကြောင့် သူက ဘယ်လိုသေသွားတာလဲ” ချင်မူက တည်ငြိမ်အေးဆေးစွာ ဆက်ပြောနေသည်။ “မင်းကရော နှလုံးသားတည့်တည့်ကို ဓားစိုက်နေတာတောင်မှ ဘာလို့ မသေခဲ့တာလဲ... မင်းကို အန္တရာယ်ပြုခဲ့တဲ့ တစ်ယောက်က အစကတည်းက အသေမသတ်ချင်တာများ မဖြစ်နိုင်ဘူးလား... သူ့ရဲ့ရည်ရွယ်ချက်က မင်းကို အသက်ဆက်ပေးဖို့ မင်းအမေ နဂါးပုတီးစေ့ ထုတ်သုံးရအောင် မဖြစ်နိုင်ဘူးလား..... ရလဒ်အနေနဲ့ မင်းအမေရဲ့ သိုင်းအဆင့်က ကြောက်မခန်းလိလိ ကျသွားခဲ့တော့ သူ့ကို သတ်ရလွယ်သွားမှာပဲ... အဲဒီလိုဆို မင်းအမေ မင်းကို စောင့်ရှောက်နေတုန်း သူ့အနား ကပ်လာနိုင်တဲ့သူက သိပ်ရင်းနှီးနေတဲ့သူ ဖြစ်မနေဘူးလား”

ကျန်းမြောင် တုန်လှုပ်သွားသည်။

“ဒီလောက် အင်အားကြီးမားတဲ့ မင်းရဲ့ ဦးရီးတော်ကရော မင်း နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် အေးခဲနေတဲ့အချိန်မှာ ဘာလို့ လာမကယ်ခဲ့တာလဲ” ချင်မူက မေးသည်။ “မင့်နှလုံးသားမှာ စိုက်နေခဲ့တဲ့ ဓားကျိုး ဘယ်မှာလဲ”

“ကျွန်တော် အမြဲဆောင်ထားတယ်” ကျန်းမြောင်က ပါးစပ်ဟကာ ထွေးထုတ်လိုက်သည်။

ချင်မူ့အကြည့်က ကျန်းမြောင်၏နှလုံးသားကို ထိုးဖောက်ခဲ့သော ဓားကျိုးအပေါ် ရောက်သွားသည်။ ဓားတွင် နဂါးသွေးများ စွန်းထင်းနေသေးချေသည်။

“ဒီဓားရဲ့ ပိုင်ရှင်ကို သိချင်လား” သူက မေးလိုက်၏။

ကျန်းမြောင်၏မျက်နှာတွင် ကြောက်ရွံ့မှုတို့ ပြည့်နှက်နေပြီး သူက ခေါင်းယမ်းပြသည်။ “ဂိုဏ်းသခင်၊ ကျွန်တော် မသိဘူး...”

ချင်မူက နတ်နဂါးမင်းကို မော့ကြည့်သည်။ “ဒါက ခင်ဗျားဓားဆိုရင် ခင်ဗျား ဒီဓားနဲ့ ကျွန်တော်တို့ကို အလွယ်တကူ သတ်နိုင်လိမ့်မယ်... သံကြိုးတွေကိုတောင် ဖြတ်တောက်လို့ရတယ်... ခင်ဗျား ကျန်းမြောင်ရဲ့ အရှိန်အဝါကို ခံစားရလို့ ဆက်တိုက်ခေါ်နေတဲ့ အကြောင်းရင်းက ဒီဓားကြောင့်လည်း ပါတယ်မဟုတ်လား... အခု ဓား ဒီမှာ ရောက်နေပါပြီ နတ်နဂါးမင်း”

နတ်နဂါးမင်းက မျက်လုံးများ မှေးကျဉ်း၍ သူ့ကို စိုက်ကြည့်နေသည်။

ချင်မူ ပြုံးပြလိုက်သည်။

ရုတ်တရက် ထိုဓားကျိုးမှ အလင်းတန်းများ ဖြာထွက်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွား၏။

တစ်ချိန်တည်းမှာပင် သံကြိုးများအပေါ်ရှိ မိစ္ဆာအလင်းရောင်က တောက်ပလင်းထိန်လာကာ မိစ္ဆာနတ်ဆိုးမီးက နတ်နဂါးမင်းကို အရှိန်ပြင်းပြင်း လောင်မြှိုက်နေသဖြင့် နတ်နဂါးမင်းမှာ တဆတ်ဆတ် တုန်နေသည်။ သူ ယခုလေးတင် စုဝေးထားခဲ့သည့် မှော်စွမ်းအင်မှာ ပြန်လည်ပြိုကွဲသွား၏။

ချွင်

ဓားကျိုးက ကြမ်းပြင်ပေါ် ပြန်ကျလာသည်။

ချင်မူက ဓားကျိုးဆီသို့ လျှောက်သွားပြီး ကောက်ယူလိုက်ကာ သက်ပြင်းချ၏။ “ကျန်းမြောင်၊ မင်းအမေက မတရားသဖြင့် သေခဲ့ရတာပဲ”

ကျန်းမြောင်မှာ သူ့အရှေ့ရှိ နတ်နဂါးကြီးအား မော့ကြည့်လိုက်မိသည်။ သတ္တဝါကြီးက ကျယ်လောင်စွာ ရယ်ပြီး ပြော၏။ “မင်းအမေနဲ့ ငါက နဂါးသွေးကြောရဲ့ အဆီအနှစ်က‌နေ ပြောင်းလဲလာတဲ့ နဂါးသိုက်တစ်ခုတည်းမှာ မွေးဖွားခဲ့ကြတယ်... ငါတို့က အမြွှာနဂါးပဲ... ဒါကြောင့် သူက မာန်ဟုန်မြစ်နဂါးမင်း ဖြစ်နေတဲ့အချိန် ငါက ဘာကြောင့် ရေတွင်းနဂါးမင်းပဲ ဖြစ်ခဲ့ရတာလဲ... ကောင်းကင်နတ်ဘုံက ငါ့ကို နေရာပေးမယ်လို့ ကတိပေးတော့ အဲဒီအခွင့်အရေးကို ငါ ဖမ်းဆုပ်ခဲ့တယ်... ငါ့အစ်မကြောင့် ငါ သစ္စာဖောက်ခဲ့တာ... ဒါပေမဲ့ အခု မင်းကို ပြောပြတော့ရော မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ”

သူက ချင်မူ့ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်ကာ သရော်တော်တော် ပြော၏။ “မင့်ရဲ့ ဆရာတူအစ်ကိုကြီးက မင်းထက် အဆတစ်သောင်း အစွမ်းထက်တယ်... သူတောင် ငါ့ကို သတ်နိုင်ခဲ့လို့လား.... သူ သိသမျှ နည်းလမ်းပေါင်းစုံ သုံးခဲ့တာတောင် ငါ့ကို ဒီမှာပဲ ဖမ်းချုပ်ထားနိုင်ခဲ့တာလေ”

ချင်မူ့အနောက်၌ ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာပြီး တံခါးပွင့်သွားသည်။ “ဒီကမ္ဘာမှာ ကျွန်တော် မသတ်နိုင်တာ မရှိဘူး... အစ်ကိုကြီးအနေနဲ့ ခင်ဗျားကို မသတ်နိုင်ရင် မသတ်နိုင်ခဲ့လိမ့်မယ်... ကျွန်တော့်အတွက်တော့ ပြဿနာမဟုတ်ဘူး” သူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောလိုက်သည်။

All Chapters