← Chapters

ဟောပြောပို့ချခြင်း

Vol. 64 Ch. 886

ဟောပြောပို့ချခြင်း

Vol. 64 Ch. 886

“ကျွန်တော်တို့ဆီမှာ အချိန်အများကြီး ရှိပါသေးတယ်။” လီကျွင်းက ပြောလိုက်သည်။ သူက နာရီပိုင်းမျှ သေဆုံးသွားခဲ့သော်လည်း ထာဝရကြာရှည်နေသလို ခံစားနေရသည်။ သို့သော်လည်း ယခုကား ကိစ္စရပ်များကို ပြောဆိုဖို့ အချိန် မဟုတ်ကြောင်း သိသည်။

ဝမ်ဝေ့က ခေါင်းညိတ်ပြီးသည့်နောက်တွင် တိုက်ပွဲကွင်းပြင်မှ ထွက်လာလိုက်သည်။ သူက အလယ်ပိုင်းကုန်းမြေအထက် ဝေဟင်ထဲတွင် တစ်ယောက်ထဲ ပေါ်ထွက်လာလေ၏။ လီကျွင်းက ဝမ်ဝေ့နောက်တွင် ပေါ်ထွက်လာရမည့် အချိန်အခါ မဟုတ်ကြောင်း သိလေသည်။

ယနေ့ကား သူ့အစ်ကိုကြီး၏ နေ့ထူးနေ့မြတ် ဖြစ်ကာ သက်ရှိအားလုံးနှင့် အသင်္ချေကမ္ဘာအားလုံး၏ ကိုးကွယ်မှုကို ခံရမည်။

ဝမ်ဝေ့ ပေါ်ထွက်လာသည်နှင့် အားလုံး၏ အာရုံက သူ့အပေါ် ကျရောက်လာသည်။ တစ်ကမ္ဘာလုံးက တိတ်ဆိတ်သွားကာ သေမျိုးများပင် ဆူညံသံပြုလုပ်ဖို့ မသင့်တော်ကြောင်း ခံစားမိလိုက်သည်။ အများစုက သူတို့လုပ်လက်စကို ရပ်တန့်ပြီး တစ်စုံတစ်ခု ရောက်ရှိလာမည်ကို သိ၍ စောင့်ဆိုင်းနေကြ၏။

ဝမ်ဝေ့ဝန်းကျင်တွင် အမြင်ရုပ်လွှာများ စတင်ပေါ်ထွက်လာပြီး ကောင်းကင်က ခရမ်းရောင် ပြောင်းလဲသွားလေ၏။ မိုးမြေကြားရှိ တာအို၏ အနှစ်သာရများ ပါဝင်နေသည့် အသံများ ထွက်ပေါ်လာကာ နဂါးနှင့် ဇာမဏီလို ကောင်းချီးမင်္ဂလာသားရဲများလည်း ပေါ်ထွက်လာသည်။

ဝိဇ္ဇာများနှင့် အသင်္ချေမျိုးနွယ်၏ ပုံရိပ်များစွာက ထွက်ပေါ်လာကာ သူ့ကို ဦးညွှတ်လိုက်ကြသည်။ ထို့နောက် ပြန်လည်ပျောက်ကွယ်သွား၏။ ထိုအမြင်ရုပ်လွှာက တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့သွားလေသည်။ သို့သော်လည်း ထိုအရာက အစမျှသာ ဖြစ်၏။

အမြင်ရုပ်လွှာက ကမ္ဘာ့အသိုက်အဝန်းရှိ မဟာကမ္ဘာ၊ အလယ်အလတ်ကမ္ဘာနှင့် ကမ္ဘာငယ်များအထိ ပျံ့နှံ့သွားလေသည်။ ထိုသူများက ထိုအမြင်ရုပ်လွှာကို မြင်တွေ့လိုက်သည်နှင့် ဧကရာဇ်အသစ် ပေါ်ထွက်လာကြောင်း သိလိုက်ကြသည်။

မဟာဧကရာဇ်အကြောင်း သိသူရှားပါးလှသည့် ကမ္ဘာငယ်များတွင်ပင် သူတို့၏ စိတ်ထဲ ထိုသတင်းအချက်အလက်က အလိုလိုပေါ်ထွက်လာသည့်အတွက် ချက်ချင်း သိလိုက်ကြသည်။

အမြင်ရုပ်လွှာက ရပ်တန့်မသွားသေးပေ။ ထိုအရာက သိုင်းပညာအုပ်စိုးသူကမ္ဘာ့အသိုက်အဝန်းထိ ပျံ့နှံ့သွားပြီးသည့်နောက်တွင် ဆက်လက် ပျံ့နှံ့နေဆဲသာ ဖြစ်၏။ အချိန်တိုအတွင်း ဒိုင်မေးရှင်းအနိမ့်တစ်ခုလုံးက အမြင်ရုပ်လွှာဖြင့် ဖုံးလွှမ်းခြင်းခံလိုက်ရသည်။

ပုံမှန်အားဖြင့် ဝမ်ဝေ့၏ အမြင်ရုပ်လွှာက သူ့သေမျိုးဧကရာဇ် ဂုဏ်ပုဒ်ဖြင့်ပင် ထိုမျှဝေးဝေးအထိ ပျံ့နှံ့မည် မဟုတ်ပေ။ အလွန်ဆုံး သူက ဒိုင်မေးရှင်းအနိမ့်၏ ဆယ်ရာခိုင်နှုန်းအထိသာ ရောက်ရှိနိုင်လိမ့်မည်။

သို့သော်လည်း သူက ပထမဦးဆုံး အတိုင်းအတာမဲ့ ဧကရာဇ်ကို ဖြစ်လာသည့် အောင်မြင်မှုက အဆုံးမဲ့တက်လှမ်းခြင်း ကမ္ဘာတစ်ခုလုံးမှ ဂုဏ်ပြုသင့်သည့် လုပ်ရပ်တစ်ခု ဖြစ်ပေသည်။ အကယ်၍ ကောင်းကင်တာအို၏ ပိတ်ဆို့မှုကြောင့်သာ မဟုတ်ပါက အမြင်ရုပ်လွှာက ဒိုင်မေးရှင်းအမြင့်အထိ ပျံ့နှံ့သွားလိမ့်မည်။

ဝမ်ဝေ့က ဂုဏ်ကျက်သရေဖြင့် လွှမ်းမိုးခံထားရသည်။ သူက သူ့အမြင်ရုပ်လွှာ မည်မျှအထိ ပျံ့နှံ့သွားသည်ကို ခံစားမိလိုက်သော်လည်း ဧကရာဇ်တချို့က ထိုအမြင်ရုပ်လွှာ၏ အကြောင်းအရင်းကို အာရုံခံမိပြီး သူ ဖန်တီးမည့် ရောက်ရှိလာမည့်ဖရိုဖရဲများကို ကောက်ချက်ချနိုင်ကြလိမ့်မည်။ သို့သော် ဤကိစ္စကို အာရုံစိုက်ထားရမည့်အချိန် မဟုတ်ကြောင်း သိလေသည်။

အမြင်ရုပ်လွှာက ကန့်သတ်ချက်အထိရောက်အောင် ပျံ့နှံ့သွားပြီးသည့်နောက်တွင် ကြည်လင်နေသည့် ဧရာမနဂါးတစ်ကောင်က ကောင်းကင်အထက် ထွက်ပေါ်လာခဲ့သည်။ ထိုနဂါးက ကြီးကျယ်မြင့်မြတ်ကာ လှပလှ၏။ ထိုအရာက ဝမ်ဝေ့ကို ဦးညွှတ်ပြီးသည့်နောက်တွင် ကမ္ဘာအနှံ့ လှည့်ပတ်သွားသည်။

ထိုအရာ ဖြတ်သန်းသွားသည့်နေရာတိုင်း မိုးမြေကြားရှိ ဝိညာဉ်ချီက သိသိသာသာ တိုးပွားလာပြီး အရင်းအမြစ်များလည်း သိသိသာသာ များပြားလာခဲ့သည်။ ကုန်းမြေငါးခုရှိ နယ်မြေအသီးသီး၌ သတ္တုရိုင်းများလည်း ပေါ်ထွက်လာကာ ဝိညာဉ်ဆေးပင်၊ လျှို့ဝှက်ဒိုင်မေးရှင်းနှင့် တခြားသော ကျင့်ကြံရေးအရင်းအမြစ်များစွာလည်း ထွက်ပေါ်လာသည်။

ကျင့်ကြံသူအားလုံးက မိုးမြေ၏ စည်းမျဉ်းကို နားလည်ဖို့ရာ ပိုမိုလွယ်ကူလာကြောင်း ရုတ်ချည်းခံစားမိလိုက်သည်။

ဒါက အတိုင်းအတာမဲ့ ဧကရာဇ်တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့တဲ့ ကမ္ဘာအတွက် ဆုလာဘ်လား…

ဝမ်ဝေ့က ထိုနဂါး ပေါ်ထွက်လာရသည့် အကြောင်းအရင်းကို နားလည်လိုက်၏။ သူက ထိုအရာသည် ကောင်းကင်တာအိုက ဤကမ္ဘာအပေါ် သူ့လိုမျိုး လူတစ်ယောက်ကို မွေးဖွားပေးခဲ့သည့်အတွက် ဆုလာဘ် ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

သူက အသင်္ချေအင်ပါယာကမ္ဘာ၏ ကြမ္မာသည် သိသိသာသာ တိုးပွားလာပြီး ကမ္ဘာ၏ အရင်းအမြစ်လည်း ထပ်မံ မြင့်မားလာကြောင်း တွေ့လိုက်ရသည်။

နောက်ဆုံးတွင် နဂါးက ကမ္ဘာအနှံ့ သွားလာပြီးသည့်နောက်တွင် ခန္ဓာကိုယ်က သုံးပုံပုံတစ်ပုံခန့် ကျုံ့သွားလေသည်။ ထို့နောက် တာအိုအခွင့်အလမ်းဂိုဏ်းဆီ ကူးခတ်သွားလေသည်။ ဂိုဏ်း၏ ကံကောင်းမှုက ရောင်စုံနဂါးအသွင်ဖြင့် ပေါ်ထွက်လာပြီး နဂါးနှစ်ကောင်က ပေါင်းစပ်သွားလေ၏။

ရောင်စုံနဂါးက ပိုမိုအသက်ဝင်လာကာ ဝိညာဉ်စွမ်းအား ပိုမိုကြွယ်ဝလာသည်။ ထို့အပြင် ထိုအရာက မြင့်မြတ်ကာ ကြီးကျယ်မှုကို ပြသနေသည့် ထူးကဲအငွေ့အသက် တစ်ခုကို ထုတ်လွှတ်နေသည်။

ကမ္ဘာရှိ ဧကရာဇ်မျိုးနွယ် အားလုံးက တာအိုအခွင့်အလမ်းဂိုဏ်းသည် ဧကရာဇ်၉ပါး ကျိန်စာကို အတင်းအကြပ် ချိုးဖောက်နိုင်ခဲ့ကြောင်း နားလည်သွား၍ သက်ပြင်းချလိုက်ကြသည်။ ထို့အပြင် သူတို့က သမိုင်းကြောင်းတစ်လျှောက်တွင် မပေါ်ထွက်ခဲ့ဖူးသည့် ဧကရာဇ်တစ်ပါးကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။

သူတို့ဂိုဏ်း၏ ကြွယ်ဝမှုက နောက်မျိုးဆက်ထောင်ချီအထိပင် အာမခံနိုင်လိမ့်မည်။ လူများစွာက သူတို့သည် ထိုအခွင့်အရေးကိုယူကာ ကမ္ဘာကို အပြည့်အဝလွမ်းမိုးပြီး ချင်တိုင်းပြည်နောက်တွင် ဒုတိယအင်အားစု ဖြစ်လာမည်ကို စိုးထိတ်လာကြ၏။

ဧကရာဇ်အသစ် ပြသထားသည့် အလားအလာဖြင့် သူက အောင်မြင်နိုင်ချေမြင့်မားလေသည်။

ဝမ်ဝေ့က ထိုပေါင်းစည်းမှုကို မြင်ကာ ပြုံးလိုက်၏။ ထိုကံကောင်းမှုအသစ်ဖြင့် သူ့ဂိုဏ်းသည် နောင်အနာဂတ်တွင် ကပ်ဘေးများစွာ ရှင်သန်မည်ဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် ဤသို့သော ကံကောင်းမှုမျိုးက ဂိုဏ်းသည် နောင်အနာဂတ်တွင် တစ်စုံတစ်ခု မှားယွင်းသည့် ကိစ္စပြုမူခဲ့လျှင်ပင် ကာကွယ်သည့် ပုံစံအဖြစ် ရှိနေလိမ့်မည်။

သူက ပလ္လင် သို့မဟုတ် တခြားအရာတစ်ခုကို သုံးရမည်လားဟု စဉ်းစားရင်း နောက်အဆင့်ကို လုပ်ဆောင်လိုက်သည်။ သူ့ဘိုးဘေးအများစုက သူတို့၏ အဆင့်အတန်းအနေဖြင့် ညွှန်ပြသည့် ပုံစံအဖြစ် ပလ္လင်ကို သုံးဖို့ သဘောကျခဲ့ကြသော်လည်း လူတချို့ကမူ ကွဲပြားသည့် ချဉ်းကပ်မှုကို ရွေးချယ်ခဲ့ကြသည်။

ပလ္လင်က မျက်စိကန့်လန့်လွန်းတယ်။ ငါက အဲ့လိုလုပ်ချင်တဲ့ အနေအထား မဟုတ်ဘူး…

ထိုင်ခင်းတစ်ခု ပေါ်ထွက်လာပြီးသည့်နောက်တွင် သူက တင်ပျဉ်ခွေကာ ထိုင်လိုက်သည်။ သူက မျက်လုံးမှိတ်လိုက်ပြီးသည့်နောက် မဟာတာအိုအရင်းအမြစ်ဆီ ဝင်ရောက်ကာ သူ့ဧကရာဇ်နာမည် သို့မဟုတ် ဂုဏ်ပုဒ်ကို ရွေးချယ်လိုက်၏။ နာမည်က စွမ်းအား ရှိသည့်အတွက် သူ့အနေနှင့် သတိထားဖို့ လိုအပ်သည်။

သူက သူ့နာမည်ကို ပေးအပ်လိုက်ပြီးသည့်နောက်တွင် စက္ကန့်ပိုင်းကြာ စောင့်ဆိုင်းနေလိုက်၏။ ဝမ်ဝေ့က ထိုအရာသည် ဘယ်သူမှ မယူရသေးကြောင်း တုံ့ပြန်ချက်ရသည့်အခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အကယ်၍ ရှိနေပြီးသားဖြစ်ပါက ထိုနာမည်ကို ကိုင်ဆောင်သူ၏ အမှတ်အသားနှင့် ထိပ်တိုက်ရင်ဆိုင်ရလိမ့်မည်။

အကယ်၍ သူသာ ထိပ်တိုက် ရင်ဆိုင်မှုကျရှုံသွားပါက တခြားနာမည်တစ်ခုကို ရွေးချယ်ရလိမ့်မည်။ ဝမ်ဝေ့က ကျင့်ကြံဆင့်မြင့်မားသည့် တစ်စုံတစ်ယောက်သည် ထိုနာမည် ယူထားမည်ကို စိုးထိတ်နေခဲ့၏။ ဤသို့ဖြစ်လာခဲ့လျှင် သူက အရံနာမည်ကို ရွေးချယ်ရလိမ့်မည်။

သူက မျက်လုံးဖွင့်ကာ အလေးအနက်ဖြင့် ကြေညာလိုက်သည်။

“ငါက ကံကြမ္မာရဲ့ ရွေးချယ်ခံသားတော်၊ ကြမ္မာရဲ့ ထိန်းချုပ်သူ၊ ကံကြွေးရဲ့ လှုပ်ကိုင်သူ၊ အကျိုးအကြောင်း လှုံ့ဆော်သူ၊ ကုသိုလ်နဲ့ အကုသိုလ်တို့ရဲ့ ယူဆောင်သူ၊ အချိန်စောင့်ကြပ်သူ၊ အစီအစဉ် ကျမှု - မကျမှုကို ထိန်းသိမ်းသူ၊ သေခြင်းရှင်ခြင်းကို စောင့်ကြပ်သူ၊ ယင်ယန်ကို တိတ်တဆိတ် စောင့်ရှောက်သူနဲ့ ဂုဏ်ကျက်သရေ ကြီးမားဖွယ် ခေတ်ကာလရဲ့ တမန်တော်။ ငါ့နာမည်အရင်းက ဝမ်ဝေ့။ ဒါပေမဲ့ မင်းတို့တွေက ငါ့ကို ကံကြမ္မာလွှမ်းမိုးရေးဧကရာဇ်လို့ ခေါ်နိုင်တယ်။”

သူ့အသံက ကမ္ဘာရှိ သက်ရှိအားလုံးထံ ပျံ့နှံ့သွားပြီး အနိမ့်ဆုံးကျွန်နှင့် အသိဉာဏ်မရှိသည့် တိရစ္ဆာန်များမှ မသေမျိုးအဆင့် ကျင့်ကြံသူများအထိ အားလုံးက သူ့ကြေညာချက်ကို ကြားလိုက်ရသည်။

ဝမ်ဝေ့က သူ့ကြေညာချက်ကို နားလည်စေဖို့ အချိန်တိုမျှသာ ပေးခဲ့သည်။ သူက သူ့ဂုဏ်ပုဒ်ကို ကြေညာပြီးသည့်နောက်တွင် မိုးမြေကြားရှိ မှော်ဆန်ဆန် အပြောင်းအလဲတစ်ခုကို ခံစားမိလိုက်၏။ ထိုအပြောင်းအလဲက သူ့တည်ရှိမှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယခုမှစ၍ ကံကြမ္မာလွှမ်းမိုးခြင်း ဧကရာဇ်ဟူသော စာလုံးက သူနှင့် တိုက်ရိုက် ဆက်နွယ်နေလိမ့်မည်။ စကြဝဠာအတွင်းရှိ စာရွက်တစ်ရွက်တွင် ထိုနာမည်ကို ရေးသားထားသရွေ့ သူက မသေဆုံးနိုင်တော့ပေ။

နောက်ဆုံးတွင် သူက ဟောပြောပို့ချလိုက်သည်။

“တာအိုက တစ်ကို မွေးဖွားပြီးတော့ တစ်ကနေ နှစ်ကို မွေးဖွားခဲ့တယ်။ နှစ်ကနေ သုံးကို ဖြစ်လာပြီး သုံးကနေ ဟွင်သွမ်းစကြဝဠာကို အစပြုတဲ့ အရာများစွာကို မွေးဖွားပေးခဲ့တယ်”

သူ့အသံက သေမျိုးများအပါအဝင် အားလုံးဆီ ကျရောက်သွားလေသည်။ ထို့အပြင် ထိုအသံတွင် သူ ပြောလိုက်သည့်အမှန်တရားကို ပိုမိုနားလည်စေပြီး နားထောင်သူတို့ကို ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်စေနိုင်မည့် တာအိုစည်းချက်များ ပါဝင်နေသည်။

“ကမ္ဘာဦးဟွင်သွမ်းကို မွေးဖွားပြီးတဲ့နောက်မှာ ကံကြမ္မာက ဘယ်အချိန်မှာ စတင်ဖြစ်ပေါ်လာခဲ့တာလဲ။ ဘာလို့ ဖြစ်ပေါ်လာခဲ့တာလဲ။

ကမ္ဘာဦးဟွင်သွမ်းရဲ့ ကံကြမ္မာက အဆုံးမဲ့အခြေအနေကနေပြီးတော့ သီးသန့်ပတ်ဝန်းကျင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ဖရိုဖရဲအခြေအနေကနေ အစီအစဉ်တကျ အခြေအနေကို ပြောင်းလဲသွားခဲ့တယ်။ သေခြင်းကနေ ရှင်ခြင်းကို ပြောင်းလဲသွားခဲ့တယ်။

ကမ္ဘာဦးဟွင်သွမ်းက ဒီလိုတိုးတက်မှုမျိုးကို ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် ကန့်သတ်ချက်တွေကို လိုလိုလားလား ကျော်လွန်ခဲ့ပြီး ရွေးချယ်ခဲ့တာလား။ ဒါမှမဟုတ်ဘူးဆိုရင် တာအိုက တစ်ကို ဖန်တီးစဉ်အခါက ကမ္ဘာဦးဟွင်သွမ်းရဲ့ ကမ္ဘာက အစကတည်းက ဆုံးဖြတ်ပြီးသားလား”

ဝမ်ဝေ့၏ ဟောပြောပို့ချချက်က စွဲမက်ဖို့ ကောင်းလှသည်။ သူ ပထမဦးစွာ သူက ကမ္ဘာဦးဟွင်သွမ်းမှ စကြဝဠာ၏ ဆင့်ကဲပြောင်းလဲပုံကို လက်ရှိအခြေအနေထိရောက်အောင် ရှင်းပြခဲ့သည်။

ကံကြမ္မာအပေါ် အလေးထားပြီး ဟောပြောခဲ့၏။

ဤသို့သော ကံကြမ္မာမျိုးက ကျယ်ပြန့်ကာ နားလည်ရခက်သည့် ကဏ္ဍတစ်ခု ဖြစ်သောကြောင့် သူ့စကားများက ကျင့်ကြံသူအားလုံးထံ သူတို့မည်သည့်တာအိုကို ကျင့်ကြံစေကာမူ သူ့ဆီမှ တစ်စုံတစ်ခု သင်ယူနိုင်လိမ့်မည်။

သူက အားလုံး နားလည်စေနိုင်မည့် ရိုးရှင်းသည့် ကိစ္စရပ်များဖြင့် အစပြုခဲ့ပြီး သေသေချာချာ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့သည်။ ထို့နောက် ထိုမှတဆင့် တာအိုဘိုးဘေးနှင့် ဆန့်ကျင်ကျင့်ကြံသူများစွာသာ လိုက်နာနိုင်သည့် အခြေအနေသို့ ပြောင်းလဲခဲ့၏။ သူ ပြီးဆုံးသွားသည့်အချိန်တွင် မည်သူကမှ သူ့ပါးစပ်မှ ထွက်လာသည့်စကားများကို နားမလည်နိုင်ကြသော်လည်း ထိုကျင့်ကြံသူများက သူ့စကားများကို မှတ်သားထားပြီး နောက်ပိုင်းမှ နားလည်ဖို့ရာ လုပ်ဆောင်ဖို့ တွေးခဲ့ကြသည်။

ထိုဖြစ်စဉ်က နှစ်နှစ်တာ ကြာမြင့်ခဲ့၏။ ထို့နောက် ဝမ်ဝေ့က သေမျိုးတစ်ယောက်မှ အစပြုခဲ့သည့် ကျင့်ကြံရေးနားလည်မှုအကြောင်းကို စတင် ဟောပြောခဲ့သည်။ ပထမဦးစွာ သူသည် သေမျိုးများက သူတို့၏ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပြီး ရောဂါများကို ကာကွယ်ထားနိုင်မည့် နည်းလမ်းများကို ပြောပြခဲ့၏။

သူက ဤအခွင့်အရေးကို အသုံးပြုကာ သေမျိုးများအား ကျန်းမာကာ ရောဂါကင်းစင်စေနိုင်ပြီး သူတို့သာ ဤနည်းစနစ်ကို မစွန့်ပယ်ပါက သက်တမ်း၏ ကန့်သတ်ချက်အထိ နေထိုင်နိုင်စေမည့် ထူးကဲသော အသက်ရှူနည်းစနစ်အကြောင်းကိုလည်း ဖြန့်ဝေခဲ့သည်။

ဆက်တိုက်ဆိုသလို သူက ခန္ဓာကိုယ်လေ့ကျင့်ရေးအဆင့်မှ ဧကရာဇ်တစ်ပိုင်းအဆင့်အထိ ကျင့်ကြံရေး နားလည်မှုများအကြောင်းကိုပါ ပြောပြခဲ့သည်။ သူက ထာဝရအရှင်များနှင့် တာအိုဘိုးဘေးများ အကျိုးအမြတ်ရရှိနိုင်စေနိုင်သည့် အစွမ်းနှင့် တာအိုကို ထိန်းချုပ်ရေး တစ်စိတ်တစ်ပိုင်းကိုပါ ပြောပြခဲ့သည်။

ဤဟောပြောရေးကဏ္ဍက တစ်နှစ်မျှ ကြာမြင့်ခဲ့သည့်အတွက် စုစုပေါင်း သုံးနှစ်ကြာမြင့်ခဲ့သည်။

သူ ရပ်တန့်လိုက်သည့်အခါ လူများက မလုံလောက်သေးဘဲ နှစ်ရာချီ ဆက်လက်နားထောင်လိုကြသည်။ သေမျိုးများကပင် အတူတူခံစားနေရ၏။ ထို့နောက် သူတို့သည် အစားအစာနှင့် ရေမရှိဘဲ နှစ်နှစ်တာ အဆင်ပြေပြေ ကုန်ဆုံးခဲ့ကြောင်း သဘောပေါက်သွားပြီးသည့်နောက်တွင် အံ့အားသင့်သွားကြ၏။

ပို၍ကောင်းမွန်သည်က သူတို့၏ ခန္ဓာကိုယ်သည် ယခင်ထက်ပင် အခြေအနေကောင်းတွင် ရှိနေလေ၏။

ဝမ်ဝေ့က ထိုလူများ၏ လိုအင်ဆန္ဒကို ဂရုမစိုက်ပေ။ ဧကရာဇ်အများစု၏ တာအိုဟောပြောပို့ချခြင်းက ဤမျှ မကြာမြင့်ပဲ သုံးလလောက်ဖြင့်သာ အဆုံးသတ်သွားလေ့ရှိသည်။

သူက ကောင်းကင်အထက် အမြင်ရုပ်လွှာအသစ် ပေါ်ထွက်လာသည်ကို ကြည့်နေရင်း မိုးမြေကြားရှိ ဝိညာဉ်ချီက နောက်ထပ် ၇၀ ရာခိုင်နှုန်း တိုးမြင့်သွားခဲ့သည်။

ငါက အသင်္ချေအင်ပါယာကမ္ဘာဆီ ကံကြွေးကို ပြန်လည်ပေးဆပ်ခဲ့ပြီးပြီ။ အဲဒီထက်တောင် ကျော်လွန်နေသေးတယ်…

နောက်ဆုံးတွင် ဝမ်ဝေ့က သူ့ကံကြမ္မာအနှောင်အဖွဲ့ကင်း ရုပ်ခန္ဓာကို ချုပ်နှောင်ထားသည့် ကံကြိုးအနည်းငယ်ထဲမှ တစ်ခုကို ဖယ်ရှားနိုင်ခဲ့သည်။ အတိအကျပြောရလျှင် ချောင်နဉ်၏ နောက်တွင် တည်ရှိနေသည့် ဒုတိယမြောက်အရာကို ဖြစ်၏။

All Chapters