← Chapters

အဆုံးသတ်ခြင်းနှင့် စတင်ခြင်း

Vol. 64 Ch. 888

အဆုံးသတ်ခြင်းနှင့် စတင်ခြင်း

Vol. 64 Ch. 888

ဝမ်ဝေ့ ရောက်ရှိလာသည်နှင့် တစ်စုံတစ်ယောက်က သူ့ရင်ခွင်အတွင်း ပြေးဝင်လာသည်။

“သား အဆင်ပြေလို့ တော်ပါသေးရဲ့” ယုယန်က သူ့သားကို နောက်ဆုံးတွေ့ရသလိုမျိုး တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ သူမက ထိုတိုက်ပွဲသည် မည်မျှအန္တရာယ်များကြောင်း သိခဲ့ရကာ သူမ၏ သားသည် သေလုနီးပါးဖြစ်ခဲ့ရသည်ကို မြင်ပြီး လီကျွင်းကို ဆုံးရှုံးရပြီးသည့်နောက်တွင် သူ့မျက်ဝန်း၌ နာကျင်မှုတို့ကိုပါ မြင်တွေ့ခဲ့ရသည်။

ထိုစဉ် ယုယန်က သူမသား အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကို ဂရုမစိုက်တော့ဘဲ အိမ်ကို ဘေးကင်းကင်းဖြင့်သာ ပြန်ရောက်လာစေချင်မိသည်။

“ကျွန်တော် အဆင်ပြေပါတယ်” ဝမ်ဝေ့က သူမနောက်ကျောကို အသာပုတ်ကာ ဖျောင်းဖျလိုက်သည်။ ဝမ်ထျန်းက သူ့ရှေ့ကို ရောက်ရှိလာပြီဖြစ်သော်လည်း သူက သူ့အမေထက် ပိုမိုတည်ငြိမ်နေလေ၏။ သို့သော်လည်း ဝမ်ဝေ့က လှုပ်ခတ်နေသည့် သူ့စိတ်လှုပ်ရှားမှုများကို အာရုံခံမိပြီး ထိုသူက အဖေတစ်ယောက်အနေနှင့် ဂုဏ်သိက္ခာကို ပြသဖို့ တည်တည်ငြိမ်ငြိမ် နေဖို့ ကြိုးစားနေကြောင်း သိလေသည်။

“အဖေ ဘယ်လောက် ဂုဏ်ယူတယ်ဆိုတာကို ပြောမပြတတ်တော့ဘူး” ဝမ်ထျန်းက သူ့သား၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ သူက ဤအခိုက်အတန့်အတွက် နှစ်သန်းချီကြာ စောင့်ဆိုင်းခဲ့ရသည်။ သို့သော် နောက်ဆုံးဖြစ်ပျက်လာသည့်အခါ ဘာပြောရမှန်းပင် မသိတော့ပေ။ သူ ပြောလိုသည့် စကားများနှင့် စိတ်ခံစားချက်အားလုံးကို ထိုရိုးရှင်းလှသည့် စကားတစ်ခွန်းဖြင့်သာ ဖော်ပြနိုင်လိုက်၏။

“အဘိုးက ဘယ်မှာလဲ”

ဝမ်ဝေ့က သူ့စကားကို မဆုံးခင် ခန်းမအတွင်းမှ ကျယ်ကျယ်လောင်လောင် ရယ်မောသံတစ်ခုကို ကြားလိုက်ရသည်။ အဝေးတစ်နေရာမှ သေရည်နံ့ကိုပါ ရနေ၏။

“မင်း အနိုင်ရသွားကတည်းက သူ့မိတ်ဆွေဟောင်းတွေကို ကြွားလုံး ထုတ်နေတော့တာပဲ” ဝမ်ထျန်းက ကူကယ်ရာမဲ့စွာ ခေါင်းခါလျက် ပြောလိုက်သည်။ ဝမ်ဝေ့က သူ့မိတ်ဆွေဟောင်းအားလုံးသည် သေသွားပြီဖြစ်ကြောင်း တွေးမိသွားသော်လည်း ယခုအခိုက်အတန့်က ပြောရမည့်အချိန် မဟုတ်ကြောင်း သိလေသည်။

“သူ့ကို သွားတွေ့ရအောင်”

ဝမ်ဝေ့က သူ့အမေကို တွဲလျက် ခန်းမအတွင်း ဝင်ရောက်သွားသည်။

“ငါ့မြေးလေး … လာ ငါနဲ့အတူတူလာသောက်လှည့်” ဝမ်ချန်က ဝမ်ဝေ့ကို သူ့ဘေးတွင် ထိုင်ဖို့ ခေါ်လိုက်သည်။

“ငါ့မြေးက ဧကရာဇ် မဟုတ်သေးဘူး … ထာဝရဧကရာဇ်ပဲ။ ခဏလေးနေပါဦး အဲ့ထက်တောင် ပိုနေနိုင်တယ်”

သူက ဝမ်ဝေ့ကို ကြည့်ကာ ခေါင်းယမ်းလိုက်သည်။

“အခု အဲဒါက အရေးမကြီးသေးဘူး။ အခု ငါတော့ အေးအေးချမ်းချမ်း သေနိုင်ပြီ။ နောင်ဘဝမှာ ဝမ်မျိုးနွယ်ရဲ့ ဘိုးဘေးတွေနဲ့ တွေ့ရင် ကြွားလုံးထုတ်နိုင်ပြီ”

ဝမ်ထျန်းက ရှုံ့မဲ့သွားလေသည်။ ဝမ်မျိုးနွယ်၏ ဘိုးဘေးအများစုက အသက်ရှင်လျက် ရှိနေသေးလေရာ သူ့အဖေက သူတို့ကို သေဖို့ရာ ကျိန်ဆဲနေသည် မဟုတ်ပါလော။

ဝမ်ဝေ့က သူ့အဖေလို များများစားစား ဂရုမစိုက်သည့်အတွက် လူအိုကြီးနှင့်အတူ သေရည်သောက်သုံးလိုက်သည်။

“မင်းဆီမှာ သေရည်ကောင်းကောင်းရှိသေးလား။ မင်းက အခုဧကရာဇ် ဖြစ်နေပြီဆိုတော့ ပိုကောင်းတဲ့ သေရည်ရှိမှာပဲ”

“အဖေ ဝေ့အာက အခုလေးမှ တာအိုသက်သေပြလာတာလေ။ သူ့ဆီမှာ သေရည်ကျိုချက်ဖို့ ဘယ်လိုလုပ်အချိန်ရှိဦးမှာလဲ”

“ဟုတ်သားပဲ” ဝမ်ချန်က နှမြောတသစွာ ရေရွတ်လိုက်သည်။ လက်ရှိ သေရည်က ဤအခိုက်အတန့်အတွက် မသင့်တော်ကြောင်း ခံစားမိနေ၏။

ဝမ်ဝေ့က ခေါင်းအသာယမ်းပြီးသည့်နောက်တွင် သေရည်တစ်အိုးကို ထုတ်ယူလိုက်သည်။

အဖုံးကို ဖွင့်လိုက်သည့်အခါ ဝမ်ချန်က အကြည့်များ တောက်ပသွားကာ

“ဒီသေရည်ပဲ”

“ဒါကို မဟာတာအိုအရင်းအမြစ်နဲ့ နှစ် ၃၃ နှစ်ကြာ အားဖြည့်လာခဲ့တာ။ အခု ဒီအခိုက်အတန့်အတွက် လုံလောက်မှာပါ”

ဝမ်ဝေ့က သူ့အဆီအနှစ် ပန်းပွင့်စွမ်းရည်အတွက် အဆင့်မြင့် သေရည်နှင့် ဟင်းပွဲများကို လိုအပ်ပေသည်။ ထို့ကြောင့် သူ တာအိုကို သက်သေပြပြီးသည့်အချိန် ပထမဦးဆုံးလုပ်ခဲ့သည့် ကိစ္စထဲမှတစ်ခုကား သူ့မဟာတာအိုအရင်းအမြစ်ကို သုံးကာ သေရည်ကို ကျိုချက်ပြီး အစားအစာကို အာဟာရဖြည့်ပေးခြင်း ဖြစ်သည်။

ယခုသူက အစီအရင် မဟာတာအိုအရင်းအမြစ်ကို ရယူထားပြီဖြစ်သည့်အတွက် သူ့အစားအစာ၊ သေရည်နှင့် တခြားသော ပစ္စည်းများအတွက် ပိုမိုကောင်းမွန်စွာ အာဟာရဖြစ်ဖို့ရာ အစီအရင်များ ခင်းကျင်းပေးနိုင်သည်။

“ကောင်းတယ်ဟေ့” ဝမ်ထျန်းက ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။ မိသားစုက ကောင်းမွန်သည့် ညစာစားပွဲတစ်ခု ရှိခဲ့ကြ၏။ အားလုံးက ယုယန် တစ်စုံတစ်ခုမပြောခင်အထိ အဆင်ပြေနေခဲ့သည်။

“ငါတို့မိသားစုအတွက် တကယ့်ကို နေ့ရက်ကောင်းလေးပဲ” ဝမ်ထျန်းက ပြောလိုက်သည်။

“ဟုတ်တယ်။ နောက်ကျရင် ငါတို့မိသားစုက ဆက်ပြီးတော့ ကြွယ်ဝဦးမှာ” ဝမ်ချန်က ယခုဝမ်ဝေ့သည် ဧကရာဇ်ဖြစ်လာသည့်အတွက် သူတို့မိသားစုအစီအစဉ် အများစုသည် ပြဿနာ မရှိတော့ကြောင်း သိလိုက်သည်။

“သူမသာရှိရင် ပိုကောင်းမှာ” ယုယန်က သက်ပြင်းချလျက် ပြောလိုက်သည့်အတွက် အခန်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားလေ၏။ ထို့နောက် သူမက အမှားကို သတိထားမိကာ သူမသားကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။

“ကျွန်တော် အဆင်ပြေပါတယ်။” ဝမ်ဝေ့က စားပွဲမှ နေရာလွတ်ကို ကြည့်ကာ ပြောလိုက်သည်။

“ဘာဖြစ်ဖြစ် ကျွန်တော် တက်လှမ်းပြီးတဲ့နောက်မှာ သူမကို ရှာနိုင်တယ်လေ။”

အားလုံးက အရာအားလုံးအဆင်ပြေကြောင်း ကြားပြီးသည့်နောက်တွင် စိတ်အေးသွားမိသည်။

“ကဲ အဲဒီအကြောင်းကို မပြောနဲ့တော့။ အဖေက တစ်ခုခုကွဲပြားနေသလို ခံစားရတယ်” ဝမ်ဝေ့က ပြောလိုက်သည်။

“မင်း သတိထားမိတယ်လား” ဝမ်ထျန်းက ခေါင်းညိတ်လိုက်၏။

“မင်းရဲ့ ကျမ်းကို နားလည်ပြီးတဲ့နောက်မှာ နဝမအဆုံးအစွန်အုတ်မြစ်ကို ရယူဖို့ လိုအပ်ချက် ပြည့်မှီလုနီးပါးဖြစ်သွားပြီ”

“တကယ့်ကို သတင်းကောင်းပဲ” ဝမ်ဝေ့က အဖြစ်အပျက်ကို နားလည်လိုက်၏။ ထာဝရအထွတ်အထိပ်တစ်ယောက်၏ ကျမ်းက လူတစ်ယောက်ကို တည်ရှိမှုသဘောတရားကို နားလည်ဖို့ရာ နည်းပါးသည့် အခွင့်အရေး ပေးထားသည်။

သူ့အတိုင်းအတာမဲ့ ဧကရာဇ်အဆင့်ကျမ်းက ထိုဖြစ်နိုင်ချေကို အနည်းငယ် မြှင့်တင်ပေးနိုင်ခဲ့၏။ ထို့ကြောင့် သူ့အဖေ၏ ပါရမီဖြင့် ထိုနည်းပါးလှသည့် ဖြစ်နိုင်ချေအတွင်း အောင်မြင်သွားခဲ့သည်။

ဝမ်ဝေ့က လက်ကို မြှောက်ကာ သူ့ကျမ်းကို ဆင့်ခေါ်လိုက်သည်။

“ဒီမှာ”

သူက ကျမ်းကို သူ့အဖေဆီ ပေးပြီးသည့်နောက်တွင် သူ့အမေအတွက်လည်း တစ်ခုပေးလိုက်သည်။

“ဒီကျမ်းထဲမှာ တည်ရှိမှုအကြောင်း ကျွန်တော် ပြောထားတာတွေ ပါတယ်”

ဝမ်ဝေ့က သူ့အမေအတွက် မျှော်လင့်ချက် သိပ်မမြင့်ပေ။ သူမက ထာဝရဧကရာဇ်ဖြစ်လာဖို့ ပါရမီ ရှိသော်လည်း ဧကရာဇ်ခုံလိုမျိုး အခွင့်အရေး နည်းပါးလှသည်။ ထို့ကြောင့် သူမသာ ထာဝရဧကရာဇ်ဖြစ်လိုပါက သူ့အနေဖြင့် သူမကို အကူအညီတချို့ ပေးဖို့လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ သူက ကြိုးစားကြည့်လို၏။ အကယ်၍ သူမက ကျရှုံးသွားလျှင်ပင် ထိုကျမ်းက သူမ၏အုတ်မြစ်ကို နက်နဲသွားစေမည်ဖြစ်ကာ နောင်အနာဂတ်အတွက် အကူအညီကောင်း ဖြစ်လာစေလိမ့်မည်။

ယုယန်နှင့် ဝမ်ထျန်းတို့က ကျမ်းများကို သိမ်းဆည်းလိုက်သည်။ ယခုအခိုက်အတန့်က ကျင့်ကြံဖို့အတွက် အချိန် မဟုတ်ကြောင်း သိကြ၏။

“အဘိုးရဲ့ အခြေအနေအတွက်တော့ ကျွန်တော် အသက်ရှည်ချီတစ်ခုကို ရှာပေးမယ်” ဝမ်ဝေ့က သူ့အဘိုးကို ပြောလိုက်၏။

“ စိုးရိမ်ဖို့ မလိုပါဘူးကွာ။ မဟာတာအိုဆေးကြောမှုက ငါ့ရဲ့အခြေအနေကို အတော်လေး ကောင်းမွန်လာစေတယ်”

“ကောင်းပါပြီ။ ဒါနဲ့ နေမင်းကိုးစင်းဧကရာဇ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးသွားပြီလား”

“ပြဿနာ မရှိဘူး”

“မြန်မြန်ဆန်ဆန် လုပ်ချင်လား”

“မဟုတ်သေးဘူး။ မင်းဖန်တီးမဲ့ ခေတ်သစ်ကို မြင်ချင်သေးတယ်”

ဝမ်ဝေ့က သူ့မိသားစုနှင့် တစ်ရက်လုံး အချိန်ကုန်ဆုံးခဲ့သည်။ နောက်တစ်ရက်တွင် သူ့အဘိုးက ဆက်လက်သောက်သုံးစဉ် သူ့အဖေက သီးသန့်ကျင့်ကြံရေး ဝင်ရောက်သွားခဲ့ပြီး သူနှင့်အတူ အချိန်ကုန်ဆုံးလိုသည့် သူ့အမေသာ ကျန်ရစ်ခဲ့သည်။

ဝမ်ဝေ့က ဘိုးဘေးများကို သွားရောက်တွေ့ဆုံခဲ့၏။ သူက ထိုင်ခုံတစ်ခုရှိ ထားပြီး လူများစွာ မတ်တပ်ရပ်လျက်ရှိနေသည့် အခန်းတစ်ခုကို မြင်လိုက်ရသည်။ ရှေ့ဆုံးတွင်ရှိနေသည့် သူများက မူလအရှင်၊ ဓားအရှင်အစရှိသည့် ဆန့်ကျင်ကျင့်ကြံသူများ ဖြစ်၏။

ထိုအင်မော်တယ်အဆင့် ကျင့်ကြံသူအားလုံးကို ကြည့်ကာ ထိုအရာက ဂိုဏ်း၏ အစစ်အမှန်အုတ်မြစ် ဖြစ်ကြောင်း သိလိုက်သည်။ သူ့တာဝန်က ထိုအုတ်မြစ်ကို ပိုမိုနက်ရှိုင်းသွားစေဖို့ ဖြစ်၏။

သူက အားလုံးကို ကြည့်ပြီးသည့်နောက်တွင် ရှေ့ဆုံးမှ လူများကို အာရုံစိုက်ထားလိုက်သည်။ သူက သူ မမှတ်မိသည့် လူတစ်ယောက်ကိုမြင်လိုက်ရသည်။

“ဒါက အရိပ်(၁)လေ” မူလအရှင် မိတ်ဆက်ပေးလိုက်သည်။

“သူက လျှို့ဝှက်ကမ္ဘာမှာရှိတဲ့ ဝမ်မျိုးနွယ်ရဲ့ ဘေးကင်းမှုကို တာဝန်ယူထားတာ”

ဝမ်ဝေ့က အရိပ်အုပ်ချုပ်သူ ဧကရာဇ်အတွက် ဆန့်ကျင်ကျင့်ကြံသူ နှစ်ယောက်ရှိကြောင်း အမှတ်ရလိုက်သည်။ ပထမတစ်ယောက်က အုပ်ချုပ်သူ(၁)ဖြစ်ကာ သာမန်နည်းလမ်းကို ကျင့်ကြံလေသည်။ ဒုတိယလူကမူ သခင့်အရိပ်နည်းစနစ်မှ ပျိုးထောင်ထားသည့် အရိပ်(၁)ဖြစ်ပေသည်။

သူက အလျင်အမြန် ကြည့်ပြီးသည့်နောက်တွင် ထိုသူ၏ သမိုင်းကြောင်းကို သိသွားလေသည်။ ထိုသူက အရိပ်အုပ်ချုပ်သူ ဂိုဏ်းချုပ်ဖြစ်လာပြီး တာအိုကို သက်သေမပြခင် အနိုင်ပိုင်းခံလိုက်ရသည့် ဂိုဏ်းချုပ် ဖြစ်၏။

“ဂိုဏ်းချုပ်” အရိပ်(၁)က ဂါရဝပြုလိုက်သည်။

ဝမ်ဝေ့က သူ့ကို ခေါင်းညိတ်ပြလိုက်၏။

“ဂိုဏ်းချုပ် မနေ့က တစ်ယောက်က အဆောင်တစ်ခု ပို့လာခဲ့တယ်” ဓားအရှင်က ပြောလိုက်သည်။

“မိသားစုအချိန်ကို မနှောင့်ယှက်ချင်တာနဲ့ ဒီနေ့အထိ စောင့်နေလိုက်တာပါ”

ဝမ်ဝေ့က အဆောင်ကို ယူကာ အသက်သွင်းလိုက်သည်။

“ရှုရှစ်က ပြန်ရောက်လာပြီပဲ” သူက ရေရွတ်လိုက်သည်။

“ဟုတ်လား”

“ဟုတ်တယ်”

“အဲဒါဆိုတော့ ကျောင်းတော်မှာလည်း ထာဝရဧကရာဇ် ရှိလာတာပေါ့”

အားလုံးက ဝမ်ဝေ့ကို အတည်ပြုမှုအတွက် ကြည့်လိုက်စဉ် ဝမ်ဝေ့က ခေါင်းညိတ်ပြလိုက်သည်။

“အဲဒါက ကျုပ်တို့ရဲ့ အစီအစဉ်အပေါ် သက်ရောက်မှု ဖြစ်လာစေမှာလား”

“အဲ့လိုဖြစ်မှာ မဟုတ်ဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ရှင်းပြလိုက်၏။

“ဟို့ဖုန်းဟွမ်နှင့် အောင်းရှန်တို့ကလည်း ကြယ်၆လုံး ယွမ်ထီ ဖြစ်လာကြလိမ့်မယ်။ သိပ်မကြာခင် ဖုန်းဟွမ်ကလည်း ထာဝရဧကရာဇ်တစ်ယောက် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ဒီကမ္ဘာမှာ ပုန်းအောင်းနေတဲ့ ထာဝရဦးသျှောင်သုံးယောက်ကို အာရုံခံမိတယ်။ ဒါပေမဲ့ သူတို့တွေ အားလုံးတွဲပြီး လုပ်ရင်တောင် ကျုပ်ကို မတားဆီးနိုင်ဘူး”

အားလုံးက တိတ်ဆိတ်သွားကာ သူတို့မျက်နှာအထက် အံ့အားသင့်သည့်အမူအရာမျိုး ရှိနေကြသည်။ သို့သော်လည်း သိပ်မကြာခင် စိတ်လှုပ်ရှားမှုဖြင့် အစားထိုးသွားလေ၏။ ဟုတ်ပေသည်။ သူတို့၏ ဂိုဏ်းချုပ်က ကမ္ဘာတွင် မမြင်တွေ့ခဲ့ဖူးသည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်၏။ ထို့ကြောင့် သူတို့က စိုးရိမ်စရာ မလိုပေ။

“ဒီကမ္ဘာက ဧကရာဇ်၊ တာအိုဘိုးဘေးနဲ့ ထာဝရအရှင်တွေ ပေါ်ပေါ်ထင်ထင် သွားလာတာက ပုံမှန်ကိစ္စဖြစ်လာတော့မှာလား” ကျင့်ကြံသူတစ်ယောက်က ရေရွတ်လိုက်၏။ သို့သော်လည်း လက်ရှိရှိနေသည့် အားလုံး၏ ကျင့်ကြံဆင့်ဖြင့် ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“မင်းဆီမှာ အဲဒီစွမ်းအားရှိထားပြီး ယုံကြည်ချက်ရှိရင်တော့ ကောင်းတာပေါ့” မူလအရှင်ကပြောလိုက်သည်။

“ဒါပေမဲ့ သူတို့ရဲ့ တည်ရှိမှုက သက်ရောက်မှုတချို့တော့ ရှိလာလိမ့်မယ်”

“အဲဒီအကြောင်းကို ထည့်စဉ်းစားပြီးသွားပြီ” ဝမ့်ဝေ့က ခေါင်းညိတ်လိုက်သည်။ သူက ပုံမှန်အတိုင်း တည်ငြိမ်နေလေ၏။

“ဖုန်းဟွမ်က တာအိုကို သက်သေပြလိမ့်မယ်လို့ ပြောတာဆိုတော့ အခုထိ သက်သေ မပြရသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။ ကျုပ်တို့တွေ ဝင်စွက်ဖက်သင့်လား”

“အဲဒါက ဖြစ်ရော ဖြစ်နိုင်လို့လား”

“သူက သမာသမတ် မကျတဲ့ လမ်းစဉ်ကို သုံးနေတာဆိုရင်တော့ ဖြစ်နိုင်ချေရှိတယ်”

ဗုဒ္ဓဘာသာမြင့်တက်လာမှုက ကုသိုလ်အမြောက်အများ ယူဆောင်လာလိမ့်မည်။ အကယ်၍ ဂိုဏ်းကသာ မှန်မှန်ကန်ကန် ဝင်ရောက်ကစားနိုင်ပါက သူတို့သည်လည်း လက်တစ်ဆုပ်မျှ ရရှိလိမ့်မည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူ ဖုန်းဟွမ်ကို အားနည်းစေခြင်းက ထိုရည်မှန်းချက်အတွက် ခြေလှမ်းတစ်ခု ဖြစ်၏။

“မလိုဘူး” ဝမ်ဝေ့က ပြောလိုက်သည်။

“ကျုပ်က ဗုဒ္ဓဘာသာအပေါ် ကံကြွေးတင်နေတာ။ အဲဒါဆိုတော့ ဝင်ရောက်မစွက်ဖက်ပဲ နေရုံတင်မကဘူး။ သူတို့ ပြန်လည်ရှင်သန်လာမှုအတွက်လည်း ကူညီပေးရမယ်”

“ဂိုဏ်းချုပ် ဖုန်းဟွမ်ကို သတ်ပြီးတော့ ဗုဒ္ဓဘာသာ စည်ပင်ကြွယ်ဝအောင် လုပ်လို့ရပါတယ်”

“ဟုတ်တယ်။ ဂိုဏ်းချုပ်က ဗုဒ္ဓဘာသာရဲ့ ခေါင်းဆောင်အသစ် ဖြစ်လို့ရတာပဲ”

ဝမ်ဝေ့က ထိုအကြောက်အလန့် မရှိသည့် လူနှစ်ယောက်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။

“ဗုဒ္ဓဘာသာထဲမှာ ပါဝင်နေတဲ့ ကံကြမ္မာက ကျုပ်တောင် ကြောက်ရတဲ့အရာပဲ။ ဒါပေမဲ့ ခင်ဗျားတို့တွေက အဲဒီနွံထဲကို ဆင်းချင်နေတာလား”

ထိုနှစ်ယောက်က ချက်ချင်းဆိုသလို ကြောက်လန့်သွားကြကာ နှစ်သန်းထောင်ချီကြာတွင် ပထမဦးဆုံးအကြိမ်အနေဖြင့် ခန္ဓာကိုယ်မှ ချွေးထွက်လာလေသည်။

“အဲ့လောက်တောင် ကြောက်ဖို့ ကောင်းတာလား” မူလအရှင်က မေးလိုက်သည်။ သူတို့က နှစ်များစွာအတွက် ကိစ္စများစွာကို စီစဉ်လာကြလေရာ ထိုသူများနှင့်မတူဘဲ ဗုဒ္ဓဘာသာ၏ မြင့်တက်လာမှုနှင့် သူတို့ခေါင်းဆောင် ဖုန်းဟွမ်သည် တာအိုကို သက်သေပြဖို့ ကုသိုလ်ကို အသုံးပြုလိမ့်မည်ဖြစ်ကြောင်း သိထား၏။

ထို့ကြောင့် လူတချို့က ဗုဒ္ဓဘာသာ၏ ခေါင်းဆောင်ရာထူးကို မယူခင် ဝမ်ဝေ့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် ဝမ်ဝေ့က သူတို့၏ အကြံပြုချက်ကို ငြင်းပယ်ခဲ့သည့်အတွက် သူ တာအိုကို သက်သေပြပြီးသည်အထိ စောင့်ဆိုင်းဖို့ တွေးခဲ့ကြသည်။ သို့သော် ယခုတွင် ထိုကိစ္စက ရိုးရှင်းဟန်မပေါ်ပေ။

“အရှင်းဆုံးပြောရရင် လက်ရှိတည်ထောင်သူတွေရဲ့ နားလည်ရခက်တဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင်တောင် ဒီကိစ္စမှာ ဝင်ရောက်မစွက်ဖက်နိုင်ဘူး”

မူလအရှင်နှင့် ဓားအရှင်တို့က ထိုစကားများကို ကြားသည့်အခါ အလေးအနက် ဖြစ်လာကြသည်။

“နောင်အနာဂတ် ကျုပ် ထွက်သွားပြီးတဲ့နောက်မှာ ဗုဒ္ဓဘာသာ ကိစ္စရပ်တွေမှာ အလွယ်တကူ ဝင်ရောက်မစွက်ဖက်နဲ့” ဝမ်ဝေ့က သတိပေးလိုက်သည်။

“များများစားစား ဆုံးရှုံးစရာ မရှိဘူးဆိုရင် သူတို့ကို ကူညီပေးလိုက်ပြီးတော့ တကယ်လို့ မထိုက်တန်ဘူးဆိုရင် ဝင်ရောက်မစွက်ဖက်နဲ့”

ဝမ်ဝေ့က သူသည် ဤတိုက်ပွဲအတွင်း မေတ္တယျဘက်မှ ဖြစ်နေပြီဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူက သူမ၏ အဆင့်ကို နက်နက်နဲနဲနားလည်ပြီး စွမ်းအား မရရှိခင်အထိ ပါဝင်မပတ်သက်လိုပေ။

“သဘောအတိုင်းပါ”

“ကောင်းပြီ။ အခု လိုရင်းကို ပြောရအောင်။ အားလုံးအဆင်သင့်ဖြစ်ပြီလား” ဝမ်ဝေ့က ပြောလိုက်သည်။

“ဖြစ်ပါပြီ”

“ကောင်းပြီ။ လှုပ်ရှားကြစို့”

ဝမ်ဝေ့က အဆောင်သုံးခုကို ပေးလိုက်သည်။ ပထမတစ်ခုက ကုန်သွယ်ရေးဗဟိုချက်ဆီ သွားမည့် ဓားအရှင်ဆီ ဖြစ်၏။ ဒုတိယတစ်ခုကမူ တခြားကမ္ဘာ့အသိုက်အဝန်းများဆီ သူလျှိုကွန်ယက် ဖြန့်ကျက်ဖို့အတွက် တာဝန်ယူထားသည့် ကံကြမ္မာတပ်ဖွဲ့ဝင်များဆီ သွားမည့် အုပ်ချုပ်သူ(၁)ဆီ ဖြစ်သည်။

သူက ဝမ်ကျူ၏ အလုပ်ကို တာဝန်ယူထားပြီး သူမ ဆန့်ကျင်ကျင့်ကြံသူဖြစ်လာပြီးသည့်နောက်မှ သူမက လက်လွှဲယူလိမ့်မည်။

တတိယအဆောင်ကမူ အထွေထွေသောင်းပြောင်းအရှင်၏ တပည့်ဖြစ်သည့် အင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဆီ သွားလိမ့်မည်။ သူ့အလုပ်က တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာဆီသွားကာ စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းကို စောင့်ကြည့်ဖို့ ဖြစ်၏။

နောက်ဆုံးတွင် အချိန်ကုန်ဆုံးသွားပြီး သတ်မှတ်ထားသည့် နှစ်တစ်ရာ ပြည့်သွားခဲ့လေပြီ။

ဝမ်ဝေ့က ဝေဟင်အထက်တွင် ပေါ်ထွက်လာကာ အသင်္ချေမျိုးနွယ်အားလုံးက သူ့ကို စောင့်ကြည့်နေကြသည်။ သူက အလယ်ပိုင်းကုန်းမြေ၏ ကျတ်တီးနေရာတစ်ခုအထက် ပေါ်ထွက်လာ၏။ သူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ဧရာမသစ်ပင်ကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။

“လောကသစ်ပင်” အားလုံးက လောဘဖြင့် ကြည့်ကာ တွေးလိုက်ကြသည်။ သို့သော်လည်း သိပ်မကြာခင် ထိုအရာက ဘယ်သူ့အပိုင်ဖြစ်ကြောင်း အမှတ်ရသွားကြ၏။

ဆက်တိုက်ဆိုသလိုကောင်းကင်အထက် လှပသည့် နန်းဆောင်တစ်ခုလည်း ပေါ်ထွက်လာခဲ့သည်။ အားလုံးက ထိုနန်းဆောင်သည် လှပလွန်းသည့်အတွက် အံ့အားသင့်မိသွားကြ၏။ တစ်ချက်တည်းကြည့်ရုံဖြင့် သူတို့၏ စိတ်ထဲတွင် အတွေးတစ်ခုသာ တွေးမိကြသည်။

ပြိုင်ဘက်ကင်း ဧကရာဇ်ဆိုတဲ့အတိုင်းပဲ…

ထိုနန်းဆောင်က ကြီးကျယ်လှသည်။ ထိုအရာကို နန်းဆောင်ဟု ခေါ်သော်လည်း ကမ္ဘာငယ်တစ်ခုလောက်မျှ ကြီးမားပေသည်။ ထို့အပြင် ဝမ်ဝေ့က နန်းဆောင်ကို လောကသစ်ပင်နှင့် ပေါင်းစည်းလိုက်သည့်အတွက် အာကာပြင်က ပို၍ ကျယ်ပြန့်လာသည်။

ဝမ်ဝေ့က သေချာသည့်နေရာများကို လက်ညှိုးထိုးညွှန်လိုက်သည့်အချိန် ကြည့်ရှုသူများက အပြောင်းအလဲကို ချက်ချင်းခံစားလိုက်မိကြသည်။ နေရာတစ်ခုတွင် ပင်ကိုချီ အမြောက်အများ ပေါ်ထွက်လာပြီး ဒုတိယနေရာတွင် အင်မော်တယ်ချီများကို အာရုံခံလိုက်မိကြသည်။

ငါ အဲဒီအင်မော်တယ် အရင်းအမြစ်ကို လိုအပ်တယ်…

ဝမ်ဝေ့က အင်မော်တယ်ချီ၏ အဆင့်ကို မကျေနပ်သေးပဲ တွေးလိုက်မိသည်။ သူက ချီပန်းပွင့်စွမ်းရည်ကို အသုံးပြုကာ အရင်းအမြစ်ချီ နေရာလွတ်ဖြင့် ဆက်သွယ်ပြီး ပင်ကိုချီနှင့် အင်မော်တယ်ချီ ရှိသည့်နေရာတချို့ကို ရှာဖွေခဲ့သည်။

သို့သော်လည်း သူက သူ ရှာဖွေတွေ့ရှိထားသည့် အင်မော်တယ်ချီ သွေးကြောနှင့် ပတ်သက်ပြီး မကျေနပ်သေးပေ။

နောက်ဆုံးတွင် ဝမ်ဝေ့အနား တစ်စုံတစ်ယောက်ပေါ်ထွက်လာခဲ့၏။

“အဆင်သင့်ဖြစ်ပြီလား” သူက မေးလိုက်သည်။

“ဖြစ်ပြီ”

ဝမ်ဝေ့က သူတောင်းစားအိုကြီးကို ကြည့်ကာ ကျောင်းတော်၏ စစ်ဆေးမှုအတွင်း ပထမဆုံးတွေ့ဆုံခဲ့ခြင်း သို့မဟုတ် အထွတ်အထိ ပ်တားမြစ်ခံစစ်ဆေးမှုအတွင်း သူတို့၏ ဆက်ဆံရေးအကြောင်းကို ပြန်လည်စဉ်းစားမိသွား၏။

“အခု ပြန်လမ်း မရှိဘူး”

“ငါ သိတယ်။ ငါ ပြင်ဆင်ပြီးသွားပြီ”

သူတောင်းစားအိုကြီး၏ နဖူးအထက် တတိယမျက်လုံး ပေါ်ထွက်လာသည်။ ဝမ်ဝေ့က ထိုအရာသည် ထိုသူ အထွတ်အထိပ် တားမြစ်ခံစစ်ဆေးမှုကို အောင်မြင်ဖို့ အသုံးပြုခဲ့သည့် ကောင်းကင်ဘုံတာအို ပင်ကိုရတနာဖြစ်ကြောင်း သိလိုက်ပြီး ထိုအရာက သူ့ကို ကောင်းကင်ဘုံတာအိုကို ဆက်လက် အသုံးပြုခွင့်ပြုထားသည်။

“ကောင်းပြီ”

ဝမ်ဝေ့၏ အကြည့်က ကမ္ဘာ၏ ဗဟိုချက်ဆီ ထိုးဖောက်သွားကာ ကောင်းကင်တာအို၏ ရုပ်ပိုင်းဆိုင်ရာ သဏ္ဌာန်ပြမှုဖြစ်သည့် တိမ်တိုက်လိုသက်ရှိကို မြင်လိုက်ရသည်။ သူ့လက်တစ်ချက်အဝှေ့တွင် သူက ကောင်းကင်တာအိုကို ဖိနှိပ်ပြီး ကမ္ဘာ့ဗဟိုချက်မှ အတင်းအကြပ် ဆွဲထုတ်လိုက်သည်။ ထို့နောက် သူတောင်းစားအိုကြီး၏ ခန္ဓာကိုယ်အတွင်း ထည့်ပေးလိုက်သည်။

ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း ကောင်းကင်တာအိုက အကြောင်းအရင်း နှစ်ခုကြောင့် မခုခံခဲ့ပေ။ ပထမတစ်ခုက ခုခံဖို့ရာအတွက် အကျိုးမရှိပေ။ လက်ရှိ ဝမ်ဝေ့၏ စွမ်းအားက သူ ခုခံနိုင်သည့်အရာ မဟုတ်‌ပေ။

ထို့အပြင် ဧကရာဇ်တစ်ယောက်အနေဖြင့် သူက ကံကြွေးအပေါ် ခံနိုင်ရည်မြင့်မားလေ၏။ ထို့ကြောင့် သူက ကောင်းကင်တာအိုအပါအဝင် တစ်ကမ္ဘာလုံးကို သတ်ဖြတ်လျှင်ပင် ကိစ္စမရှိပေ။

နောက်ဆုံးအနေဖြင့် ဝမ်ဝေ့က သူ့အစီအစဉ်ကို ကြိုတင်ပြောပြထားပြီး ကောင်းကင်တာအိုကလည်း ညှိနှိုင်းမှုတချို့ လုပ်ဆောင်ပြီးသည့်နောက်တွင် သဘောတူခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို သူတောင်းစားအိုကြီး၏ မျက်ဝန်းက အေးစက်ကာ မထူးမခြားနားဖြစ်လာပြီး သူ့တတိယမျက်ဝန်းမှ ညင်သာသည့် အငွေ့အသက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ထိုသူတောင်းစားအိုကြီးကို သီးသန့်နန်းဆောင်နေရာအတွင်း ပို့ဆောင်လိုက်၏။

နောက်ဆုံးတွင် ဝမ်ဝေ့၏ အသံက တစ်ကမ္ဘာလုံးအနှံ့ ပဲ့တင်ထပ်လာသည်။

“ငါက ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်။ အခုကစပြီး ငါက ကောင်းကင်ဘုံဧကရာဇ်ဖြစ်လာပြီးတော့ မိုးမြေကြားက အပြောင်းအလဲ၊ အတက်အကျအားလုံးကို ထိန်းချုပ်ပေးမယ်”

ဝေဟင်အထက် ကောင်းချီးမင်္ဂလာသံစဉ်များနှင့် အမြင်ရုပ်လွှာများ ပေါ်ထွက်လာကာ ဤရာထူး ဖြစ်တည်လာခြင်းကို ဂုဏ်ပြုပေးနေသည်။

…………..

စောင့်ကြည်သူဂိုဏ်း

လူအိုကြီးက စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည့်အချိန် စာလုံးများက ပေါ်ထွက်လာလေသည်။

“တတိယလရဲ့ ၂၃ ရက်မြောက်ရက်၊ လက်ရှိခေတ်ကာလရဲ့ ၁၂၃.၄၅ ဘီလီယံသန်းမှာ ကောင်းကင်ဧကရာဇ်ခေတ်ကာလ စတင်ခဲ့ပြီ။ ကံကြမ္မာလွှမ်းမိုးရေး ဧကရာဇ်က ယခင်ခေတ်အဟောင်းကို နဂါးမြင့်တက်ရေးခေတ်ကာလအဖြစ် ကြေညာခဲ့ပြီးတော့ အဲဒီခေတ်ကာလရဲ့ ရည်ရွယ်ချက်က ဂုဏ်ယူဖွယ်စွမ်းပကားကြီးတဲ့ နဂါးတစ်ကောင်ကို ပြုစုပျိုးထောင်ဖို့ ရည်ရွယ်ချက်လို့ ညွှန်းဆိုခဲ့တယ်။”

ထို့နောက် စာအုပ်ထဲတွင် ကဏ္ဍတစ်ခုက ပြောင်းလဲသွားခဲ့ပြီး ခေတ်ကာလများ၏ နာမည်က ပြောင်းလဲသွားခဲ့သည်။

ဟွင်သွမ်းခေတ်ကာလ… ကမ္ဘာဦးခေတ်ကာလ… အစောပိုင်းဧကရာဇ်ခေတ်ကာလ… ဗလာခေတ်ကာလ… ရှေးဟောင်းဧကရာဇ်ခေတ်ကာလ… ယုံကြည်မှုခေတ်ကာလ… မိစ္ဆာခေတ်ကာလ… အလယ်ပိုင်းဧကရာဇ်ခေတ်ကာလ(ကျောင်းတော်တာအိုခေတ်ကာလ)… ဧကရာဇ်ခေတ်သစ်ကာလ(နဂါးမြင့်တက်ရေးခေတ်ကာလ)… ကောင်းကင်ဧကရာဇ်ခေတ်ကာလ

All Chapters