တော်ဝင်မျိုးနွယ်
Vol. 15 Ch. 202
“တော်ဝင် မျိုးနွယ်လား”
ထိုစကားလုံး နှစ်လုံးက မြူထုထဲတွင် ပဲ့တင်ထပ်သွားကာ လေဟာနယ်ပင် အနည်းငယ် ဂယက်ထ သွားသည်။ သူတို့၏ ပတ်ဝန်းကျင်တွင် မည့်သည့် အသံမျှ မကြားရလောက်အောင်ပင် ထိုစကားလုံး နှစ်ခုက အရာ အားလုံးကို ဖိနှိပ်သွားခဲ့သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ အမူအရာမှာ မည်းမှောင်နေပြီး ဇူယွမ်မှာလည်း ထိုစကားလုံး နှစ်လုံးကြောင့် မွန်းကျပ်သလို ခံစားလိုက်ရသည်။ ရုတ်တရက်ပင် တိုက်ပွဲဝင် ရုပ်သေးကလန်၏ အနက်ရောင်ရေကန် အောက်ခြေမှ မြင်ကွင်းများကို ပြန်အမှတ်ရလာသည်။
တစ်ချိန်တုန်းက အရှေ့ဘက်ဒေသ အနက်ရောင် နယ်မြေတွင် စွမ်းအားပြည့်ဝသော ကလန်များစွာ ရှိခဲ့သည်။ သို့သော်လည်း တော်ဝင်မျိုးနွယ်ဟု ခေါ်သော မျိုးနွယ် တစ်ခု၏ ပါရမီရှင်များ ထိုနေရာတွင် သေဆုံးသွားသည် ဟူသော အကြောင်းပြချက်ဖြင့် သူတို့က လာရောက် အပြစ်ပေးခဲ့ပြီး အနက်ရောင်ဒေသ၏ နောက်ဆုံးနေ့ရက်များကို ရောက်ရှိစေခဲ့သည်။
အကြင်နာမဲ့ပြီး စွမ်းအားကြီးသော။
ထိုအရာက ဇူယွမ်အနေဖြင့် တော်ဝင်မျိုးနွယ် အပေါ် ခံစားမိသော ခံစားချက်ဖြစ်သည်။
သူအနေဖြင့် လွန်ခဲ့သော အချိန်တုန်းက ထိုမြင်ကွင်းနှင့် မမျှော်လင်ဘဲ ကြုံတွေ့ခဲ့ရသည် သို့သော်လည်း သူ့အနေဖြင့် နောက်တစ်ကြိမ် သည်နေရာတွင် ထိုမျိုးနွယ် အကြောင်း ထပ်ကြားရမည်ဟု မည်သူက မျှော်လင့်မည်နည်း။
ဇူယွမ်အနေဖြင့် အကူအညီ မပေးနိုင်သော်လည်း မေးမြန်းလိုက်သည်။
“တော်ဝင်မျိုးနွယ် ဆိုတာ ဘယ်လိုလဲ”
ယောင်ယောင်၏ မျက်လုံးများကလည်း တောက်ပလာပြီး မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကို ကြည့်လိုက်သည်။ သူမအနေဖြင့် ရှေးဟောင်းစာပေ အမြောက်အများကို ဖတ်ရှုခဲ့သော်လည်း တော်ဝင်မျိုးနွယ်နှင့် ပတ်သက်သည့် အချက်အလက်များ မပါဝင်ခဲ့ပေ။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ရှုပ်ထွေးနေသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုအမူအရာတွင် ဝမ်းနည်းပူဆွေးခြင်း မုန်းတီးခြင်း ကြောက်ရွံ့ခြင်းများ ရောယှက် ပါဝင်နေသည်။
“မူလအစပိုင်း မည်သည့်သက်ရှိမှ မတည်ရှိသေးတဲ့ချိန်မှာ ပထမဆုံး မျိုးနွယ်စုက တော်ဝင်မျိုးနွယ်စုရဲ့ ဖန်တီးမှုမှာ မွေးဖွားလာခဲ့တယ်”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ဆက်ပြောခဲ့သည်။
“တော်ဝင်မျိုးနွယ်စုမှာ စွမ်းအားမြင့်တဲ့ စွမ်းရည်တွေများစွာ ရှိပြီးတော့ သူတို့ကို စွမ်းအား ကြီးမားစေတယ်။ ရှေးဟောင်း အချိန်တုန်းက သူတို့က ကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေပဲ။ တခြား မျိုးနွယ်တွေဖြစ်စေ တစ်ကိုယ်တည်း နေထိုင်သူတွေနဲ့ သားရဲတွေ ဒါမှမဟုတ် အရာအားလုံးက သူတို့ရဲ့ ကျွန်ပြုခြင်းကို ခံခဲ့ရပြီး သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာ အသက်ရှင် နေထိုင်ခဲ့ရတယ်”
“နောက်တော့ အမျိုးမျိုးသော မျိုးနွယ်စုတွေက ပုန်ကန်ခဲ့ကြပြီး ကြီးမြတ်သော စစ်ပွဲကြီးတွေ ဖြစ်ပေါ် လာခဲ့တယ်။ သူတို့ရဲ့ ကျွန်ပြုခြင်းကနေ လွပ်လပ်ခွင့်တွေကို ကိုယ်တိုင် တိုက်ယူခဲ့ကြတယ်”
‘သို့သော်လည်းပဲ တော်ဝင်မျိုးနွယ်စုက လူတိုင်းထက် သာလွန်ပြီးတော့ သူတို့ကို စိန်ခေါ်ခြင်း ဒါမှမဟုတ် စော်ကားခြင်းကို တားမြစ်ခဲ့တယ်။ တော်ဝင် မျိုးနွယ်စုဝင်တွေက အလွန်အမင်း မြင့်မားတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ပြီးတော့ အခြားသော မျိုးနွယ်တွေက သူတို့နဲ့ ရန်သူ မဖြစ်ဝံ့ကြဘူး’
“လူသားမျိုးနွယ်များက စဖြစ်လာ ကတည်းက သူတို့ကိုယ်သူတို့ သန်မာအောင် ပြုလုပ်ကြပြီး ကမ္ဘာကြီးမှာ သူတို့အတွက် နေရာတစ်ခု ရအောင် ပြုလုပ်ခဲ့ကြတယ်။ ငါတို့က အစကတည်းက ကြိုးစား ရုန်းကန်ပြီး ကြီးပြင်း လာခဲ့ရတယ်။ မရေမတွက်နိုင်တဲ့ ဂုဏ်ယူဖွယ် ဘိုးဘေးတွေက သူတို့ရဲ့ မျိုးဆက်တွေကို ကာကွယ် ပေးခဲ့ကြတယ် …”
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက တည်ငြိမ်စွာဖြင့် …
“ငါတို့ ဘယ်ကုန်းမြေပေါ်မှာ နေထိုင်လဲ မင်းတို့သိလား”
“ကန်ရွှမ်း ကောင်းကင်ဒေသ” ဇူယွမ်က အဖြေပေးလိုက်သည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ထပ်မေးသည်။
“ကန်ရွှမ်း ကောင်းကင်ဒေသရဲ့ အပြင်ဘက်မှာကော ဘာရှိလဲ”
ဇူယွမ်က ပြန်လည် မဖြေနိုင်တော့ပေ။ ကန်ရွှမ်းကောင်းကင် ဒေသသည်ပင်လျှင် သူ၏ မြင်ကွင်းမှ ကျော်လွန်နေပြီ ဖြစ်သည်။ ကန်ရွှမ်းကောင်းကင် ဒေသ၏ အပြင်ဘက်ကို သူမည်သို့ သိနိုင်မည်နည်း။ သူ၏ ရောက်ရှိနေသည့် အဆင့်က လွန်စွာ နိမ့်ကျပေသည်။
“အသေးစိတ် ပြောရမယ်ဆို ငါတို့အားလုံးက တန်းယွမ်ကမ္ဘာလို့ ခေါ်တဲ့ ကမ္ဘာပေါ်မှာ နေထိုင်တယ်။ သည်ကမ္ဘာကို ကောင်းကင်ဒေသ ကိုးခုအဖြစ် ပိုင်းခြားထားပြီး ကန်ရွှမ်းကောင်းကင် ဒေသက အဲဒီထဲက တစ်ခုပဲဖြစ်တယ်”
ဇူယွမ်၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး သူ၏ မေးရိုးများပင် ပြုတ်ထုတ် ထွက်သွားသည့် အလား သူ၏ ပါးစပ်မှာ ပွင့်ဟနေသည်။ အခု သူ၏ တည်ရှိမှုက မည်မျှ သေးငယ်ကြောင်း သူသဘောပေါက်ခဲ့သည်။ သူ၏ မျက်လုံးထဲတွင် အဆုံးမဲ့သည့် ကန်ရွှမ်းကောင်းကင် ဒေသက ကိုးခုထဲက တစ်ခုမျှသာ …
တန်းယွမ်ကမ္ဘာကြီးက မည်မျှကျယ်ပြော လိုက်မည်နည်း။
“ကောင်းကင်ဒေသ ကိုးခုမှာ လေးခုကို တော်ဝင်မျိုးနွယ်က ပိုင်ဆိုင်ပြီး ကျန်တဲ့ ငါးခုကို ကျန်တဲ့ မျိုးနွယ်တွေက ခွဲဝေယူ ထားကြတယ်”
ယခုချိန်တွင် ဇူယွမ်က တော်ဝင်မျိုးနွယ်မည်မျှ အာဏာရှိသည်ကို သိရှိသွားပြီ ဖြစ်သည်။ မျိုးနွယ် တစ်ခုတည်းနှင့်ပင် တန်းယွမ်ကမ္ဘာကြီး၏ တစ်ဝက်နီးပါးကို ပိုင်ဆိုင်သည်။
”ဘာလို့ တော်ဝင်င်မျိုးနွယ်က ကျွန်မနောက် လိုက်နေတာလဲ” ယောင်ယောင်က မျက်မှောင်ကြုတ် နေသည်။
သည်အရာက ကြီးမားသော လျှို့ဝှက်ချက်များ ရှိပေသည်။ တော်ဝင်မျိုးနွယ်က သူမအား အမဲလိုက်သလို လိုက်နေခဲ့ပြီး သူတော်စင်အဆင့်ရှိ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းလို လူမျိုးပင် သူမအား ကာကွယ်ရင်း သေဆုံးရသည်။
အဘိုးဟေးကလည်း မည်သည့်စကားမှ မပြောဆိုဘဲ သူမအား တစ်ချိန်လုံး ကာကွယ် နေခဲ့သည်။
ထိုမေးခွန်းကို ကြားရချိန်တွင် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက အချိန်အတော် ကြာအောင် တိတ်ဆိတ်နေပြီး ပြောခဲ့သည်။
“ငါအဖြေ မပေးနိုင်ဘူး ဘာလို့လဲဆို အဖြေပေးလိုက်ရင် ဂယက်ရိုက်မှုက ကြီးမားလိမ့်မယ်။ မင်းတို့ နှစ်ယောက်လုံးက အခုအလွန် အားနည်းလွန်းတယ်။ မင်းတို့ အများကြီး သိနေတာက တော်ဝင်မျိုးနွယ်စုရဲ့ ကြီးမားတဲ့ အင်အားနဲ့ဆိုရင် မင်းတို့ကို ရှာရလွယ်ကူ သွားလိမ့်မယ်”
သူက ယောင်ယောင်နှင့် ဇူယွမ်ကို ကြည့်လိုက်ပြီး ဆက်ပြောခဲ့သည်။
“အနာဂတ်မှာ မင်းတို့ သန်မာ လာခဲ့ရင် မင်းတို့ ရှာတွေ့ပါလိမ့်မယ်”
ယောင်ယောင်က တိတ်ဆိတ်စွာ သူမ၏ နှုတ်ခမ်းပါးလေးကို သွားဖြင့် ဖိကိုက်ထားသည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ရယ်မောလိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့လည်း ငါ့ကို တော်ဝင်မျိုးနွယ်က လာတိုက်ခိုက်တဲ့ အကြောင်းက မင်းတစ်ယောက်တည်းကြောင့် မဟုတ်ဘူး”
“ငါက ကန်ရွှမ်း ကောင်းကင်ဒေသမှ နံပါတ်တစ် ကျွမ်းကျင်သူပဲ။ ပြီးတော့ ကန်ရွှမ်းကလန်ကို တည်ထောင်သူလည်း ဖြစ်တယ်။ အဲဒါပြီးတော့ ငါ့ရဲ့ ကလန်ကလည်း ကန်ရွှမ်းကောင်းကင် ဒေသမှာ နံပါတ်တစ် ကလန်”
“ကန်ရွှမ်း ကလန်လား” ဇူယွမ်၏ နှလုံးသားမှာ တုန်ခါသွားသည်။ သူတော်စင် အကြွင်းအကျန်မြို့မှ တွေ့ခဲ့ရသည့် ခြေဗလာနှင့် လူကြီးမှာလဲ ကန်ရွှမ်းကလန်မှ ဖြစ်သည်။
သူ့အနေနှင့် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းမှာ ကန်ရွှမ်းကလန်၏ တည်ထောင်သူ ဖြစ်လိမ့်မည်ဟု မမျှော်လင့်မိပေ။
ဇူယွမ်က ရုတ်တရက် မေးလိုက်သည်။
“မြင့်မြတ်သော နန်းတော်နဲ့ တော်ဝင် မျိုးနွယ်စုက ဘယ်လို ဆက်သွယ်နေလဲ”
မြင့်မြတ်တော် နန်းတော်ကလန် ကိုလည်း တော်ဝင်နန်းတော် ကလန်ဟု ထပ်ခေါ်ဆို ကြသေးသည်။
တမန်တော် တစ်ယောက်သည် မြင့်မြတ်သော နန်းတော်မှ လာခဲ့သည်။
ကန်ရွှမ်းကောင်းကင် ဒေသတွင် မြင့်မြတ်သော နန်းတော်မှာ စွမ်းအား အကြီးဆုံး ဖြစ်သည်။
မြင့်မြတ်သော နန်းတော်ဟု ကြားလိုက်ရချိန်တွင် ကန်ရွှမ်း၏ မျက်လုံးထဲတွင် အထင်အမြင် သေးဟန်များ ပေါ်လာပြီး နှခေါင်းရှုံ့လိုက်သည်။
“သူတို့က ဘာမှမဟုတ်ဘူး ဒါပေမဲ့ သူတို့က တော်ဝင်မျိုးနွယ်စုရဲ့ ခွေးတွေပဲ။ ကြီးမြတ်သော စစ်ပွဲကြီးအပြီးမှာ များပြားလှတဲ့ မျိုးနွယ်စုတွေက တော်ဝင်မျိုးနွယ်ရဲ့ လက်အောက်ကနေ လွတ်လပ်ခဲ့ကြပေမဲ့ မူလအစ သူတော်စင် သတ်ဖြတ်ခြင်း အစီအစဉ်မှာ တော်ဝင်မျိုးနွယ်တွေက လူသားမျိုးနွယ်တွေရဲ့ အဓိက အဖွဲ့အဝင်တေွကို သတ်ဖြတ်ခဲ့ပြီး သူတို့ရဲ့ အစေခံတွေကို ပြုစုပျိုးထောင်ကာ သူတို့ကို သူတို့ နတ်ဘုရားအလား အမိန့်တွေကို ပေးခဲ့ကြတယ်”
”မြင့်မြတ်နန်းတော်သာ ဝင်မစွက်ခဲ့ဘူး ဆိုရင် မူလအစ သူတော်စင် သတ်ဖြတ်ခြင်း အစီအစဉ်က ပြောင်းလဲသွားပြီး တော်ဝင်မျိုးနွယ်ရဲ့ အစွမ်းတွေက လျော့ကျ သွားပြီးတော့ ကမ္ဘာကြီးကနေ တော်ဝင်မျိုးနွယ်စုကို ဖယ်ထုတ်နိုင်ခဲ့မှာပဲ”
ထိုစကားပြော နေချိန်တွင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့သည်။
“တော်ဝင်မျိုးနွယ်စု ငါ့ကို လာရောက် တိုက်ခိုက်တဲ့ အကြောင်းတစ်ခုက သူတို့က ငါမှာရှိတဲ့ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကြောင့်ပဲ”
“ကန်ရွှမ်းသူတော်စင် တံဆိပ်တော်” ဇူယွမ်က မျက်တောင်ခတ် လိုက်သည်။ ထိုအရာက ဘာများလဲ။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ အမူအရာမှာ တည်ကြည်သွားပြီး သူက ဖြေးညှင်းစွာ ရှင်းပြလိုက်သည်။
“ကမ္ဘာကြီးမှာ ကောင်းကင် ဒေသကိုးခု ဖြစ်ပေါ်လာတဲ့ အချိန်မှာ ကိုးခုသော အရာဝတ္ထုတွေက ကောင်းကင်ဒေသရဲ့ အရင်းအမြစ်တွေကနေ မွေးဖွား လာခဲ့တယ်။ သူတို့အားလုံးကို ကိုးခုသော ကမ္ဘာတံဆိပ်တော်များလို့ သိကြတယ်။ ကန်ရွှမ်း သူတော်စင် တံဆိပ်တော်က သူတို့ထဲက တစ်ခုပဲ”
“သည်သူတော်စင် တံဆိပ်တော်တွေရဲ့ ပိုင်ရှင်တွေက ကောင်းကင်ဒေသ တစ်ခုစီရဲ့ အုပ်ချုပ်သူတွေပဲ။ သူတို့ကို ကောင်းကင်ဒေသ သခင်တွေလို့ သိကြတယ်”
“ပြီးတော့ ငါကအရင်က ကန်ရွှမ်းကောင်းကင်ဒေသရဲ့ ကောင်းကင်ဒေသသခင်ပဲ”
မျိုးနွယ်စု ခေါင်းဆောင်က အားနည်းစွာ ပြုံးလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ဖြစ်တောင့်ဖြစ်ခဲ မာနတရားများနှင့် ဂုဏ်သရေရှိသော အရှိန်အဝါများ ထွက်ပေါ်လာကာ သူ၏ ချောမောသော မျက်နှာတွင် ဂုဏ်သရေရှိသော အော်ရာများ ထွက်ပေါ်လာသည်။
“ကောင်းကင်ဒေသ သခင် …”
ဇူယွမ်၏ နှုတ်ခမ်းများကို သပ်လိုက်သည်။ ဘယ်လောက် ကြီးစိုးလှတဲ့ နာမည်လဲ။ ကောင်းကင်ဒေသရဲ့ သခင်လား။ ကြည့်ရတာ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက တကယ့်ကို အံ့အားသင့်ဖွယ်ပဲ။
“တော်ဝင် နန်းတော်က ငါ့ရဲ့ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို ရယူပြီး ကန်ရွှမ်းတိုက်ကြီးရဲ့ ကောင်းကင်ဒေသရဲ့ အရှင်သခင်အသစ် ဖြစ်လာဖို့ ကြိုးစားနေကြတယ်။ သူတို့က တော်ဝင်မျိုးနွယ်ကို ပြန်လည်ပြီး အထွတ်အထိပ် အခြေအနေသို့ မြန်ရောက်စေဖို့ ရည်ရွယ်နေတယ်” မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်း၏ မျက်လုံးများမှာ အေးစက်နေသည်။
ဇူယွမ်အနေဖြင့် ကူညီနိုင်ခြင်း မရှိသေးသော်လည်း မေးမြန်းလိုက်သည်။
“နောက်ပြီးတော့ သူတို့ အောင်မြင်သွားလား”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ရယ်မောလိုက်ပြီး …
“သူတို့က ငါ့ကို သတ်ပြီး ငါရဲ့ စိတ်ဝိညာဉ်ကို အပိုင်းအစတွေ ဖြစ်အောင် ခွဲပြီး ချိတ်ပိတ်ခဲ့ပေမဲ့ သူတို့က ငါ့ကို လျော့တွက်ခဲ့တယ်။ ငါက သူတို့ရဲ့ ရည်ရွယ်ချက်ကို သိလို့ ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကို ခွဲခြမ်းပြီး ပြန့်ကျဲစေလိုက်တယ် ဒါ့ကြောင့် သူတို့ရဲ့ရည်ရွယ်ချက်က မပြည့်မြောက်ခဲ့ဘူး”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဇူယွမ်က သက်ပြင်းချ လိုက်သည်။ သူအနေဖြင့်လည်း မြင့်မြတ်သော နန်းတော်ကလန်ပေါ်တွင် ခံစားချက် မကောင်းပေ။ သူတော်စင် အကြွင်းအကျန်ဒေသ အပြင်ဘက်တွင် ဝူဟောင်က သူ့ကို သတ်ဖို့ ကြိုးစားစဉ်က မြင့်မြတ်သော နန်းတော်ကလန်မှ တမန်တော်က နောက်ကွယ်မှ ကူညီခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့်လည်း မြင့်မြတ်သော နန်းတော်ကလန် ကြီးပွား တိုးတက်သည်ကို မမြင်လိုပေ။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ဇူယွမ်ကို ကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။
“မင်းရရှိခဲ့တဲ့ သူတော်စင်စာလုံးရဲ့ နောက်ကွယ်က ဇာစ်မြစ်ကို မင်းသိလား”
ဇူယွမ်က ခဏမျှ ကြောင်သွားပြီး တစ်စုံတစ်ခုကို နားလည်သွားသည့် အလား သူ၏ မျက်လုံးများက ဝိုင်းစက်သွားခဲ့သည်။
“ဖြစ်နိုင်တာက”
မျိုးနွယ်စု ခေါင်းဆောင်က ယောင်ယောင်လေး ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူ၏ အသံက ဇူယွမ်၏ နားထဲသို့ ရောက်သွားချိန်တွင်တော့ ဇူယွမ်က မိုးချိန်းသံ ကြားလိုက်ရသလိုမျိုး ရှော့ရကာ မှင်တက်သွားသည်။
“အမှန်ပဲ။ မင်းရခဲ့တဲ့ သူတော်စင်စာလုံးက ကန်ရွှမ်းသူတော်စင် တံဆိပ်တော်ကနေ ဖြစ်ပေါ်လာခဲ့တာ”